နတ်နွယ် - အပြာအ၀ါ
အလှအပဆိုသည်က အပြာပါပဲလား..
ရှေးအတီတေက မြေအပြင်အရပ်ရပ်ဝယ် ပုံပြင်ကလေးများ ပေါ်ခဲ့သည်။ အိမ် ထောင်စုများမှ ပဒေသရာဇ်တို့၏ ရွှေမွမ်းနန်းတော်တွင်းအထိ ချစ်ဖွယ်ပုံပြင်ကလေး များသည် သက်ရင့်မှ သက်နုသို့ အဆင့်ဆင့် ရွေ့လျားနေကြသည်။ ယင်းသည့် ပုံပြင်ကလေးများထဲဝယ် အလွန်အင်မတန်မှလှပသော မင်းသမီးလေးများအကြောင်းက ပင်မမူလအစအဖြစ် ပါဝင်လေ့ရှိကြပါ၏။ မိုးချုပ်ညဦးက ကြားခဲ့ရသည်ကို ညလယ် အိပ်မက် မက်ယူရသည်အထိပဲ ချစ်စရာကောင်းလှသည့် မင်းသမီးလေးများပါပေ။
အပြာကတော့ ပုံပြင်မင်းသမီးလေးများထက် သာ၍လှလေသည်။ ညတွင် သာမက နေ့ခင်းအိပ်မက်ကိုပင် အပြာက စိုးမိုးခြင်းရှိလေသည်။ လှသည်၊ ယဉ်သည်။ နွဲ့ သည်၊ စုစည်းလိုက်တော့ အပြာပဲဖြစ်သည်။
အပြာကို ပင်တိုင်ဦး လှယဉ်ကျေးနှင့် တင်စား၍ နွဲ့နွဲ့ယဉ်ယဉ်သာ ရှိသည် မဟုတ်၊ အမျိုးသမီးပီသသည့် ကျနပြည့်ဖြိုးသော အလှကလည်း ရှိပါသည်။ စွမ်းသန် ကျန်းမာသော မိခင်လောင်းလျာဖြစ်သည်။ မို့၍မောက်၏။ ကား၍စွင့်၏၊ ပေါင်းစပ် သည်ရှိသော် လှသောအပြာပင်ဖြစ်၏။
အပြာကို လှသည်လို့သာ သမားရိုးကျပြောနိုင်သည်။ ဘယ်သို့ဘယ်မျှအထိ လှသည်ကိုတော့ ဖွဲ့နွဲ့ ရန်မစွမ်းပါ။ လှသည်သာ...
မိဖုရားများနှင့် တည်ဆောက်အပ်သော ပဒေသရာဇ်နန်းတော်သည် အလှအပ ဝယ်သာ နစ်မွန်းနေကြသည်။ အလှအပအတွက် အသက်ရှင်နေကြ၍ အလှဘွဲ့များနှင့် မြေပြင်တစ်ဝှမ်း တုန်ဟည်းလျက်ရှိလေသည်။ ရှင်ရဋ္ဌသာရ၊ နတ်သျှင်နောင်၊ နဝဒေး တို့က အလှကို သီကျူးခဲ့ကြပါသည်။ သူဇာပျို့၊ မနောဟရီ၊ နေမိဘုံခန်းက မှတ်ကျောက်တင်အလှများ ဖြစ်ကြပါ၏။ သို့တစေ ထိုဖွဲ့နွဲ့ ချက်တို့သည် အပြာ၏ ထက် ဝက်သောအလှနှင့်သော်မှ နှိုင်းယှဉ်စကောင်းသည်မဟုတ်ပါ။
သီကုံးဖွဲ့ နွဲ့နိုင်ခြင်းငှာ မစွမ်းအင်သည့်အဆုံးဝယ်တော့ အပြာသည် လှသည် ဟုသာ သမားရိုးကျပြောပြီး အလှအပဆိုသည်က အပြာပင်ဟု တန်ပြန် အနက် တော်ရုံသာ ရှိတော့သည်။
အပြာဆိုတော့လည်း အလှအပပဲနော....
(၂)
အလှအပသည် အသည်းနှလုံးမှ ယိုစီးလာသည်ဟု အနောက်တိုင်း အဘိဓမ္မာ ဆရာတစ်ယောက်ဖြစ်သည့် “ကွာရယ်” က ပြောခဲ့ဖူးသည်။ သည်
ဟုတ်သည်။ မိမိချစ်သောသူတစ်ယောက်ကို အလှဆုံးဟု ပြောကြရိုးစဉ်လာ ပင်၊ လှ၍ချစ်သည်၊ ချစ်၍လှသည်၊ မိမိကချစ်နေ၍ အလှဆုံးဟုပြောခြင်းက ထို ပြောသူအတွက်သာဖြစ်ပေမည်။ ဓမ္မစစ်အလှဆုံးဖြစ်ဖို့ရာကတော့ အများက အသိ အမှတ်ပြုမှဖြစ်မည်။ ဤနေရာတွင် အများစု၏ ထောက်ခံမှု အလိုဆုံးဖြစ်လေသည်။
အပြာကို တုပြိုင်နှိုင်းရာကင်းသောအလှဟု မြင်ဖူးသူတိုင်းက ရိုးသားစွာ ဝန်ခံ ကြလေသည်။ ဆန့်ကျင်ဘက်များကသာမက အမျိုးသမီးချင်းကပင် အပြာ၏အလှကို အသိအမှတ်ပြုရလေသည်။ သူတို့၏ နီထွေးသော နှုတ်ခမ်းလေးများကို လှုပ်ရှင်းကာ ဝန်ခံကြသည်။
သိပ်ကိုလှတာပဲကွယ်...
အထူးသဖြင့် မောင်လှမြင့်တို့လို စာရေးဆရာများက အလှကို သတိပြု၍ ချီးကျူးရသည်။ တပ်ဦးကျွံကာ ဟိမဝန္တာချီးမွမ်းခန်း မဖြစ်ဖို့လိုသည်။ ။
“ဒီစာရေးဆရာဆိုတဲ့လူတွေက အလကားဟာတွေပါ၊ အနုပညာမျက်စိနဲ့ ကြည့်သလေးဘာလေးနဲ့၊ သူတို့လှတယ်ပြောလိုက်ရင် ပိန်ကပ်ကပ်နဲ့ ရှူနာရှိုက်ကုန်း တွေချည့်ပဲ...”
သို့သော် အပြာဘွဲ့ ကိုတော့ မောင်လှမြင့်က အမွှမ်းတင်ပြောစရာမလိုပါ။ ပြဿနာကို သူက တကူးတက သယ်ဆောင်လာစရာမလိုပါ။ သူ့အိမ်ကို ရောက်ဖူးပြီး အပြာကို မြင်ဖူးသူတိုင်းက အပြာ၏အလှကို ဖွဲ့နွဲ့ ကြသည်ချည်းသာ၊ ရောက်လေ ရာရာသို့ လည်း အပြာ၏အလှသတင်းကို သယ်ဆောင်သွားကြလေသည်။
အပြာ၏လှသတင်း ကျော်ကြားလာသည်နှင့်အမျှ မောင်လှမြင့်နှင့် သူ့အိမ် သည်လည်း ကျော်ကြားလေတော့သည်။
“ကိုလှမြင့် ဒီအမျိုးသမီးက ဘယ်ကလဲဗျ”
ကိုသာနိုးက စပ်စုလိုက်လေသည်။ မောင်လှမြင့်က ဒီမေးခွန်းကို မျှော်လင့် ထားပြီးသားဖြစ်၏။ ဒီအချိန်မျိုး ကြုံကြိုက်သူတိုင်းက ဒီမေးခွန်းမျိုးကို မေးတတ် လေသည်။
“အနောက်နားကပါ...”
မရေမရာ ပြန်ဖြေလိုက်သည်။ သည့်အပြင်လည်း မဖြေနိုင်ပါ။ အမျိုးသမီးက သူ့အိမ်ရှေ့မှပင် ဖြတ်သန်းလျှောက်သွားနေသည်။
“ရက်ရက်စက်စက် လှတာပါပဲ၊ တကယ့်ကို မဒူဘာလာပါပဲ...”
အိန္ဒိယရုပ်ရှင်တွေ ခဏခဏကြည့်ပြီး အိန္ဒိယမင်းသမီးတွေကို ကြည်ညို နေသော ကိုခင်မောင်က အပြာ၏အလှကို သူခံစားရသလို တင်စားပြလိုက်သည်။ ဒီလိုပါပဲ အပြာ၏အလှကို မိမိခံစားရသလို ချီးကျူးသွားကြသည်ချည့်သာပဲ..
“သူ့နာမည်က ဘယ်သူလဲဗျ...”
အမျိုးသမီး အိမ်ရှေ့မှ လွန်သွားသောအခါ ကိုတင်ဝင်းက မေးလိုက်သည်။ မောင်လှမြင့်က ဘယ်လိုမှပြန်မဖြေ။
“ဟင်... ဘယ်သူလဲဗျ”
ကိုသာနိုးပါ ကူညီမေးမြန်းလေသည်။ မောင်လှမြင့်ကတော့ သူ့သူငယ်ချင်း သုံးယောက်ကိုသာ ငေးမောကြည့်နေလေသည်။
“မသိဘူးလား...”
သူကပြုံးရင်း ခေါင်းကိုပိတ်လိုက်လေသည်။
“ဒါပေမဲ့ ကျွန်တော်ကတော့ သူ့ကို အပြာလို့ခေါ်တယ်လေ”
“အင်း ဟုတ်တယ်၊ ကိုယ် သူ့ကိုမြင်ဖူးတာ နှစ်ခါရှိပြီ၊ နှစ်ခါစလုံး ထဘီပြာ ဝတ်ထားတာချည်းပဲ”
ကိုခင်မောင်က မောင်လှမြင့်ပေးသောနာမည်ကို သဘောကျသည့်အလား အားတက်သရောပင် ပြောလိုက်သည်။
“ကျွန်တော်မြင်သလောက်တော့ အမြဲတမ်း အပြာကို ဝတ်တာချည့်ပါပဲ”
ဟုတ်သည်၊ မောင်လှမြင့်က သူမကို ထဘီပြာက စ၍မြင်လေသည်။ အမြဲ တစေ အစဉ်တစိုက်ပင် သူမက ထဘီပြာကိုဝတ်လေသည်။
“အင်း အပြာ အပြာ လှပါတယ်၊ လူကလည်း လှတယ်၊ နာမည်ကလည်း လှတယ်၊ တော်တယ်ဒါ့ ခင်ဗျားတို့စာရေးဆရာတွေ နာမည်ပေး”
ဒဏ္ဍာရီမင်းသမီးဆန်သော အပြာတစ်ယောက် မောင်လှမြင့်တို့အိမ်ရှေ့မှ ဖြတ် သွားလေ့ရှိကြောင်းသည် ကျော်ကြားသည်ထက် ကျော်ကြားကာ မောင်လှမြင့်တို့အိမ် သည် လူစည်လျက်ရှိလေတော့သည်။ အပြာတစ်ယောက်ကတော့ သိမှ သိပါလေစ မပြောတတ်။
လှပဲ လှနိုင်လွန်းသော အပြာ။
(၃)
ရှုသာတင့်စနိုး၊ လှခေါင်မိုးလျှင်၊ ပြစ်မျိုးမှည့်မထင်၊ နတ်ရုပ်သွင်သို့ ၊ ဖြူစင် ထွန်းရောင်ဝင်း၊ လှမှန်ကင်းကို၊ ညတွင်းဆည်းဆာတွင်၊ ကျွန်ုပ်မြင်သည်၊ ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့
ပဒေသရာဇ်ခေတ်ပိုင်း ကဗျာရှင်တစ်ဦးကတော့ ဤသို့ ဖွဲ့ဆိုခဲ့ဖူးလေသည်။
တောင်စွန်းနေက ဖြည်းဖြည်းပြီး ဖြည်းဖြည်း ကျဆင်းနေသည်။ ရုပ်၏ ရင့် ရော်ခြင်းကို ခံစားနေရပြီဖြစ်သော အမယ်ကြီးတစ်ယောက်သည် ပေရေနေသော မီးခွက် ထဲသို့ ရေနံဆီအကြွင်းအကျန်ကို သွန်ချနေသည်၊ နေ့တစ်နေ့က ကုန်ဆုံးပြီးသဆဲပေပြီ။
မောင်လှမြင့်က စွန့်စားခြင်းဖြင့် ပြုံးကာ နှုတ်ဆက်မည်ဟု စိတ်ကူးမိသေး၏။ အပြာက အနည်းငယ်ပြုံးသည်ဆိုလျှင်ပင် သူကပြုံး၍ အသိဖွဲ့ နိုင်ပါ၏။ သို့သော် သူမကို ကြည့်ရသည်မှာ ပြုံးသလို မပြုံးသလိုနှင့် မပြီးသော ရင့်ကျက်ခြင်းလည်း မဟုတ်၊ ပြုံးလည်း မပြုံးပါလေ..
အပြာထက် မလှသည့်တိုင် အပြာလိုလှသော အမျိုးသမီးများ ရှိချင် ရှိကြ ပေမည်။ သို့သော် အပြာ၏အလှကို ပို၍ ထင်ပေါ်ခြင်းရှိစေသည်က သူမ၏ ယဉ်သော ဖြီးလိမ်းဆင်ယင်မှုဖြစ်လေသည်။ အပြာက လှပြီး ယဉ်ကျေးသော လှယဉ်ကျေးဖြစ်လေသည်။
အပြာ၏အလှဝယ် မဇ္ဈိမတိုင်းဆန်မှု စွက်ဝင်နေခြင်းက မြတ်နိုးဖွယ် ကောင်း လှပါဘိတောင်း၊ ပြောင်၍ အနက်ရောင်ရှိသောဆံပင်ကို ဆံကျစ်နှစ်သွယ်ကျစ်ကာ
ကျောဝယ်သို့ ချထားရာ ခါးအောက်သို့ ကျလျက်ရှိလေသည်။ ဆံကျစ်၏အရင်းဝယ် ပြာသော ဖဲကြိုးကို နှောင်စည်း၍ထားလေသည်။ ဆံကျစ်ချထားခြင်းက အပြစ်ကင်းစင်
သော ကလေးသူငယ်ဆန်သည့်အလှကို ဖော်ထုတ်ပြသလေသည်။ နားသန်သီးလေး ကို ဆွဲဆင်ယင်ထားခြင်းက နုပျိုမျစ်မှုကို ပို၍ ခိုင်မာစေလေသည်။
မျက်တောင်ကော့ညွှတ်ကွေးအောက်မှ နက်မှောင်သော မျက်လုံးအစုံသည် သူမအလှ၏ အချုပ်အခြာအာဏာပိုင်ဖြစ်လေသည်။ မျက်လုံးနှစ်လုံး၏ ဝိုင်းစက်လှ နီးနေမှုက မဇ္ဈိမဆန်ခြင်း အပြည့်အစုံရှိလေသည်။ မျက်လုံးများသည် စိုစွတ်နေကာ အရောင်ကြည်လဲ့နေပုံရှိသည်။ အပြာ၏အကြည့်က နှလုံးသားထဲသို့ နာကျင်စွာ စူးဝင်မသွားပေမဲ့ ညင်သာစွာ ချဉ်းသက်သွားတတ်ပါသည်။ ။
အလှအပစုဝေးရာသည် အပြာပဲလား မပြောတတ်၊ ဂန္ဓာလရာဇ်သူလေးများ ချစ်စရာကောင်းသည်ဟုဆိုခြင်းက သူမတို့၏ အပြုံးပဲဖြစ်လေသည်။ အပြာသည် လည်း ပြုံးလိုက်သောအခါ ဂန္ဓာလရာဇ်သူပဲလားဟု အောက်မေ့ရပါသည်။ ပါးလေး နှစ်ဖက်ကို ချိုင့်၍ ဝင်သွားသည့်တိုင် ပြုံးတတ်ပါသည်။ မျက်နှာချင်းဆိုင်ပြီး စကားပြော ကြည့်လျှင် တွေ့ရမည့်အချက်တစ်ခုက သူမသည် မပြုံးဘဲနှင့် စကားပြောလေ့မရှိပါ။ လှသောအပြုံးက ချစ်စရာကောင်းလှသည်။
မောင်လှမြင့်က သူမ၏ အသက်ကို ၁၈ နှစ်အရွယ်မျှ ခန့်မှန်းခဲ့လေသည်။ အဘယ်လူသားတစ်ယောက်သည်မျှလည်း သည့်ထက်ပို၍ ခန့်မှန်းဝံ့မည်မဟုတ်ပါ။
အပြာက ရွှေမန်းသူတစ်ယောက်ဖြစ်သည်။ သို့သော် ရွှေခြေချင်းကိုတော့ ဝတ်ဆင်ထားခြင်းမရှိပါ။ အင်မ်စီရွှေကြိုးတစ်ကုံးကိုသာ ရှင်းကြော့သောလည်တိုင်ကို ယဉ်ယဉ်လေး ရစ်ပတ်ဝိုင်းလည်လျက် ရှိစေပါသည်။ ဝါဝင်း၍ ဖြောင့်စင်းတုတ်ခိုင်သော လက်ကောက်ဝတ်ဝယ် သံမဏိကြိုးဖြူလေးက ပနံရလျက်ရှိသည်။ နာရီဖြူဖြူ ဝိုင်းလေးကို ဝတ်ထားခြင်းက အပြာ၏ မှန်ကန်သော ခေတ်မီမှုကို ဖော်ပြနေလေသည်။
ဆင်ယင်မှုရှင်းကြော့သော အပြာက လှ၍လှသောအပြာ ဖြစ်တော့သည်။