Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

နတ်နွယ် - လျှို့၀ှက်သောသင်္ကေတအာရောဂျံ

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

(၁)

          ရီမို ဘာကြောင့် သေဆုံးရမည်ကို လူတိုင်းကပင် သိရှိကြသည်။ ရီမိုသည် ပြည်သူ့ ဝန်ထမ်းတစ်ဦးအနေဖြင့် အနစ်နာခံသွားရခြင်းပင်ဖြစ်ကြောင်း ခင်မင်ရင်းနှီးသော မိတ်ဆွေ များကို နယူးအတ်မြို့ ရဲတပ်ဖွဲ့ မှူးက ပြောကြားသည်။

          “ဒုစရိုက်သမားတစ်ယောက်ကို သတ်မိခဲ့တဲ့အတွက် ရဲအမှုထမ်းတစ်ယောက်က လျှပ်စစ်ကုလားထိုင်ပေါ်တက်ရတယ်လို့ ဘယ်သူကများ ကြားဖူးသလဲ၊ မသကာ ရာထူး ကနေ ခဏချထားရုံပေါ့၊ မသကာ အလုပ်ကနေ ထုတ်ပစ်လိုက်ရုံပေါ့၊ အခုတော့ ဘယ်လို ဖြစ်ပြီး လျှပ်စစ်ကုလားထိုင်ပေါ် တက်ရသလဲ”

           ရဲတပ်ဖွဲ့မှူးက သတင်းထောက်များကို ပြောဆိုရာတွင်လည်း..

           “တော်တော့်ကို စိတ်မချမ်းသာစရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုပ်၊ ဝီလီယံဟာ တကယ့်ကိုတော်ပြီး ထူးချွန်တဲ့ အမှုထမ်းကောင်းတစ်ယောက်ပဲ”

           သို့သော် သတင်းစာဆရာများသည် အရူး အ,အများ မဟုတ်ကြပါ။ ဝီလီယံ ဘာကြောင့် သေဆုံးရမည်ကို သူတို့ ကောင်းကောင်းသိပါသည်။

           “ဒီလူက အရူးပဲ။ အရူးတစ်ယောက်ကို လမ်းပေါ်မှာ လွှတ်ထားလို့ ဘယ်လိုလုပ် ပြီး ဖြစ်နိုင်ပါ့မလဲ။ ဒီလူဟာ ဘာဖြစ်လို့ ပတ်ကြမ်းတိုက်တဲ့နည်းကို သုံးရတာလဲ။ ဒီလူဟာ လူတစ်ယောက်ကို လက်လွန်ခြေလွန်လုပ်ပြီး လမ်းကြားတစ်ခုမှာ ထားပစ်ခဲ့တယ်။ နောက် ပြီးတော့ သူ့ရဲ့ ရာထူးတံဆိပ်ကို သက်သေခံအဖြစ် ချထားခဲ့တယ်။ ပြီးတော့ သူ့ကို လူများတွေက ထောင်ချောက်ဆင်ကြတာပါလို့ပြောတယ်၊ အရူးပဲ”

တရားခံရှေ့နေကလည်း ၎င်း၏အမှုသည် ဘာကြောင့် အမှုရှုံးရသည်ကို ကောင်းစွာ နားလည်ပါသည်။

          “ပြဿနာက အဲဒီတံဆိပ်ပဲ။ ဒီလို သက်သေခံအထောက်အထားများနှင့် သူ ဘယ်လိုလုပ်ပြီး လွတ်နိုင်မှာလဲ၊ အဲဒီငနဲကို သူရိုက်တယ်ဆိုတာ သူဘာဖြစ်လို့ ဝန်မခံရတာ လဲ။ တကယ်လို့သာ သူဝန်ခံခဲ့ရင် တရားသူကြီးက သူ့ကို ဘယ်မှာ သေဒဏ်ပေးပါ့မလဲ”

          သို့သော် ယခုကဲ့သို့ အပြစ်ဒဏ်ချမှတ်လိုက်ခြင်းကို သဘောမပေါက်နိုင်သူတစ်ဦး ရှိပါသည်။ အပြစ်ဒဏ်က ကြီးမားလွန်းလှသည်။ အပြစ်ဒဏ်ပေးပုံက မြန်ဆန်လွန်းလှ သည်။ သို့သော် သူ့အနေနှင့် သဘောမပေါက်၊ နားမလည်နိုင်ဖြစ်သည်။ ယနေ့ည ၁၁၃၅ နာရီမှာပင် နိဂုံးချုပ်သွားမည်ဖြစ်သည်။ သည့်နောက်တွင်ကား ဘာမျှ ထူးခြားခြင်း ရှိတော့မည်မဟုတ်ပါ။ )

          ရီမိုဝီလီယံသည် အချုပ်ခန်းတွင်းရှိ ခုတင်ပေါ်တွင်ထိုင်ပြီး စီးကရက်တစ်လိပ်ပြီး တစ်လိပ် သောက်နေသည်။ သူ၏ အညိုရောင်ဖျော့ဖျော့ဆံပင်များကို လျှပ်စစ်ဓာတ်ခေါင်း တပ်ဆင်မည့် နားထင်နှစ်ဖက်တွင် ပြောင်နေအောင် ရိတ်ထားသည်။

           အကျဉ်းသားဝတ်စုံဖြစ်သော မီးခိုးရောင်ဘောင်းဘီရှည်သည် ဒူးဆစ်လောက် အထိ ကွဲနေသည်။ ခြေအိတ်ဖြူဖြူများသည် စီးကရက်ပြာမှုန့်များ စွန်းထင်းနေသော နေရာများမှအပ ဖြူစင်သန့်ရှင်းလျက် ရှိကြသည်။ သူက ဆေးလိပ်ပြာခွက်ကို မနေ့ကတည်း ကစပြီး မသုံးတော့ပါ။

           ဆေးလိပ်တိုများကို ကြမ်းပြင်ပေါ်သို့ လွှင့်ပစ်သည်။ တငွေ့ငွေ့ မီးလောင်ကျွမ်းနေ သည်ကို ထိုင်ပြီးကြည့်နေသည်။ ဆေးလိပ်တိုသည် နောက်ဆုံးတွင် အမှတ်အသား တစ်စုံ တစ်ရာမျှပင် မထင်ကျန်တော့ပါ။

           အစောင့်နှစ်ဦးက အချုပ်ခန်းတံခါးကိုဖွင့်ပေးပြီး ထောင်ကျတစ်ဦးက အစီခံများကို ဝင်ရောက်ရှင်းလင်းသည်။ ထိုအချိန်တွင် သူက အချုပ်ခန်းအပြင်ဘက်ရှိ အစောင့်နှစ်ဦး၏ အလယ်တွင် စောင့်ဆိုင်းနေရသည်။

           အခန်းတွင်းသို့ သူ ပြန်လည်ဝင်ရောက်သွားသောအခါ ဤအခန်းထဲတွင် သူ ဆေးလိပ်သောက်ခဲ့သည့်အကြောင်း သို့မဟုတ် ကြမ်းပြင်ပေါ်တွင် စီးကရက်တိုများ မီးလောင် ခဲ့သည့်အကြောင်း သက်သေခံအထောက်အထား တစ်ခုမျှ ကျန်ရစ်တော့မည်မဟုတ်ပါ။

           သူသည် ဤကြိုးတိုက်ခန်းတွင် သူ၏ အစအနဟူ၍ ဘာတစ်ခုမျှ ချန်ရစ်ထားခဲ့နိုင် မည်မဟုတ်ပါ။ ခုတင်မှာ သံမဏိဖြစ်ပြီး ဆေးသုတ်ထားခြင်းမရှိသဖြင့် သူ၏အမည်အတိုကောက်ကို ရေးခြစ်နိုင်မည်မဟုတ်ပါ။ မွေ့ရာတွင် ဆုတ်ဖြဲမှတ်သားခဲ့လျှင်လည်း သူတို့က မွေ့ရာအသစ်တစ်ခု လဲလှယ်လိုက်ကြမည်ဖြစ်သည်။

          တစ်နေရာရာတွင် တစ်ခုခုကို ချည်နှောင်စရာဟူ၍လည်း သူ့မှာ ဘာကြိုးတစ်မျှင်မှ မရှိပါ။ သူ့ခေါင်းပေါ်မှ လျှပ်စစ်မီးလုံးကိုပင် ထုခွဲနိုင်ခြင်း မရှိပါ။ မီးလုံးကို မှန်ပြားအထူ ဖုံးအုပ်ထားပြီး မှန်ပြားပေါ်တွင် သံမဏိကွန်ချာတစ်ထပ် ရှိနေပါသည်။

          ဆေးလိပ်ပြာခွက်ကို သူ ရိုက်ခွဲချင်လျှင် ခွဲနိုင်ပါသည်။ ထို့အပြင် မျက်နှာသစ် ကြွေဇလုံတွင်လည်း တစ်စုံတစ်ခု ရေးချင်လျှင် ရေးနိုင်ပါသည်။

          သို့သော် သူ ဘာရေးရမည်နည်း။ အကြံဉာဏ်ပေးစာ ရေးရမည်လား၊ မှတ်တမ်း စာတစ်ခု ရေးရမည်လား။ မည်သူ့ကိုရည်စူးပြီး ရေးရမည်နည်း။ မည်သည့်အတွက် ရေးရ မည်နည်း။ သူတို့ကို သူက ဘာတွေပြောခဲ့နိုင်မည်နည်း။

          လူတစ်ယောက်သည် မိမိအလုပ်ကို မိမိလုပ်သည်။ အရေးယူခံရသည်။ မိမိ တာဝန်ကျသော လမ်းကြားတစ်နေရာတွင် ဒုစရိုက်သမားတစ်ယောက် သေဆုံးနေသည်။ ၎င်း၏လက်ထဲတွင် မိမိ၏ ဂုဏ်ရာထူးတံဆိပ်ရှိနေသည်။ မိမိကို သူတို့က ဘွဲ့ထူးဂုဏ်ထူး မပေးပါ။ သူတို့အားလုံးပင် ထောင်ထားသော ထောင်ချောက်အတွင်းသို့ သက်ဆင်းသွား ကြရသည်။ ယင်းအတွက် မိမိမှာ လျှပ်စစ်ကုလားထိုင်နှင့် နဖူးစာဆုံရတော့သည်။

          လူ့အဖွဲ့အစည်းကြီးကို ဒုက္ခပေးနေသော လူဆိုးများ၊ သူခိုးများ၊ လူလိမ်လူကောက် များ၊ လူသတ်သမားများ၊ မှောင်ခိုများ၊ ဒုစရိုက်သမားများအားလုံးကို ပို့ဆောင်ရန် မိမိ ကြိုးပမ်းခဲ့သော ကြိုးတိုက်အတွင်းတွင် ယခုအခါ ၎င်းတို့၏ ကောင်းကျိုးအတွက် မိမိ အသက်ကို ပေးခဲ့ရသော လူ့အဖွဲ့ အစည်းကြီးက မိမိကို မျက်ကွယ်ပြုကြလေပြီ။

          မိမိ ဘာလုပ်ရမည်နည်း။ ဥပဒေကို ချိုးဖောက်သူများ လျှပ်စစ်ကုလားထိုင်ပေါ်သို့ မရောက်ရှိဘဲ ဥပဒေကို ကာကွယ်စောင့်ရှောက်သူတစ်ဦး လျှပ်စစ်ကုလားထိုင်ပေါ်သို့ ရောက်ရချေတော့မည်။

သည်အကြောင်းတွေကို မျက်နှာသစ်ကြွေအင်တုံတွင် ရေးထားခဲ့၍ မဖြစ်နိုင်ပါ။ သည်တော့ မိမိ ဘာလုပ်မည်နည်း။ စီးကရက်တစ်လိပ်ကို မီးညှိပြီး သောက်မည်။ မီးလောင် ကျွမ်းပြီး ချုပ်ငြိမ်းသွားသည်ကို ထိုင်ကြည့်မည်။

           ရီမိုဝီလီယံသည် ပရုပ်အေးစီးကရက်တိုကို ပါးစပ်မှဖြုတ်ယူပြီး မျက်စိရှေ့တွင် ကိုင်ထားကာ ကြည့်သည်။ ထို့နောက် ကြမ်းပြင်ပေါ်သို့ လွှင့်ပစ်လိုက်သည်။

           သူ၏နံဘေးရှိ စောင်ခေါက်ပေါ်တွင် စီးကရက်နှစ်ဘူးရှိသည်။ စီးကရက်အသစ်တစ်လိပ်ကို သူနှိုက်ယူပြီး သူ့ကို ကျောပေးရပ်နေကြသော အစောင့်နှစ်ယောက်ကို သူ ကြည့်လိုက်သည်။ သူတို့ကို စကားမပြောသည်မှာ နှစ်ရက်ရှိပြီး သေစာရင်းအသွင်းခံထားရ ကတည်းက ဖြစ်သည်။

          အသစ်ညှိလိုက်သော စီးကရက်ကို ရီမိုကြည့်သည်။ ပရုပ်အေးအရသာကို ရုတ် ခြည်းဆိုသလို မကြိုက်သလိုဖြစ်လာပြီး အစီခံကိုချိုးကာ ကြမ်းပြင်ပေါ်သို့ လွှင့်ပစ်လိုက် သည်။ ထို့နောက် ချိုးဖဲ့ထားသော စီးကရက်ကို နှုတ်ခမ်းနှစ်ခုကြားတွင် ထည့်ကာ တအား ရှိုက်ဖွာလိုက်သည်။ ဆေးလိပ်မီးခိုးများ မျက်နှာကြက်ဆီသို့ လွင့်တက်နေကြသည်။ ရုတ် ခြည်းဆိုသလိုပင် သူ့မျက်နှာတင်းမာလာပြီး စီးကရက်တိုကို ခြေထောက်ဖြင့် နင်းခြေပစ် လိုက်သည်။

          ဘာတစ်ခုမျှ အရာမထင်ပါ။ 

          ကြမ်းပြင်ပေါ်ရှိ စီးကရက်တိုများဆီသို့ သူ ဖြည်းလေးစွာ ကုန်းစို့လိုက်သည်။ 

         “ကျုပ်တို့ ရှင်းပေးမှာပေါ့”

          အစောင့်တစ်ယောက်က ပြောသည်။ သူ့နာမည်မှာ မိုက်ဖြစ်ကြောင်း ရီမို ခပ်ရေး ရေး မှတ်မိနေသည်။ မိုက်မှာ အရပ်ထောင်ထောင်မောင်းမောင်း ဖြစ်သည်။

           “ကျွန်တော့်ဘာသာ ကျွန်တော်ရှင်းမယ်” ။

           ရီမို ပြောလိုက်သည်။ သူ့ပါးစပ်မှ စကားလုံးများ ထွက်ပေါ်လာသည်မှာ နှေးကွေး လေးလံလှသည်။ သူ စကားမပြောသည်မှာ အဘယ်မျှကြာချေပြီနည်း။

           “တစ်ခုခုစားမလား၊ မိုးတော့ချုပ်နေပြီ၊ ဒါပေမဲ့ တစ်ခုခုတော့ ရနိုင်ပါလိမ့်မယ်” 

            အစောင့်က မေးသည်။ 

            ရီမို ခေါင်းခါသည်။

           “ကျွန်တော် အခုပဲ ရှင်းလို့ပြီးတော့မယ်၊ ကျွန်တော့်အတွက် အချိန်ဘယ်လောက် ကျန်သေးသလဲ”

           “နာရီဝက်လောက် ကျန်ပါသေးတယ်” ။

           ရီမို ဘာမျှပြန်မပြော။ ကြမ်းပြင်ပေါ်တွင် ပြာတွေကို သူ၏လက်ဝါးကြီးနှစ်ဖက်ဖြင့် သုတ်ပစ်နေသည်။ သူ့မှာ ဖုန်သုတ်တစ်ခုရှိခဲ့လျှင် ပို၍ အဆင်ပြေမည်။

          “ခင်ဗျားအတွက် ကျုပ်တို့ ဘာလုပ်ပေးရမလဲ” 

          မိုက်က မေးသည်။ 

          ရီမို ခေါင်းကိုယမ်းပြီး

         “ဘာမှမလိုပါဘူး၊ စီးကရက်သောက်ပါဦး” 

          “ကျုပ်တို့ ဒီမှာ ဆေးလိပ်မသောက်ရပါဘူး” 

          “ဟုတ်လား၊ ဒါဖြင့် တစ်ဘူးယူထားပါလား၊ ကျွန်တော့်မှာ နှစ်ဘူးရှိပါတယ်” “ကျေးဇူးတင်ပါတယ်၊           ယူခွင့်မရှိပါဘူး” ။ 

           “ခင်ဗျားတို့အလုပ်က အတော်တာဝန်ကြီးမှာပဲ”

           “အလုပ်တစ်ခုပဲပေါ့၊ ကျုပ်တို့အလုပ်က ကင်းလှည့်ရတာနဲ့ မတူပါဘူး။ ဒါပေမဲ့ စောင့်ကြည့်နေရတဲ့အလုပ်” ဆိုပြီး

           “အင်း... အလုပ်ဟာ အလုပ်ပဲပေါ့” 

           ရီမို ယင်းသို့ပြောဆိုကာ ပြုံးလိုက်သည်။

           “ဟုတ်တယ်”

           အစောင့်က ပြောလိုက်သည်။ ထို့နောက် တိတ်ဆိတ်သွားသည်။ 

           ရီမို တစ်ခုခုပြောရန် စဉ်းစားသည်။ သို့သော် စဉ်းစား၍မရ။ 

           “ခဏနေရင် ဒီကို ခရစ်ယာန်ဘုန်းကြီး ကြွလာလိမ့်မယ်” အစောင့်က ပြောသည်။ ရီမို မျက်မှောင်ကြုတ်သွားသည်။

          “ကျွန်တော် ဘုရားကျောင်းမရောက်တာ ကြာပြီ၊ ခရစ်ယာန်ဘုန်းကြီး ကျောင်းသား ဘဝက ထွက်လာကတည်းကပေါ့ ။ ဪ.. ဒါနဲ့ ပြောရဦးမယ်။ ကျွန်တော်ဖမ်းခဲ့တဲ့ လူဆိုးတွေအားလုံးဟာ ငယ်ငယ်တုန်းက ဘုရားရှိခိုးကျောင်းမှာ ခရစ်ယာန်ဘုန်းကြီး

ကျောင်းသားလုပ်ခဲ့ဖူးတဲ့ လူချည်းပဲ၊ ပရိုတက်စတင့်တွေရော၊ ဂျူးတွေရောပေါ့၊ ကျွန်တော် မသိတာတချို့ကို သူတို့သိမှာအမှန်ပဲ။ ဟုတ်ပြီလေ၊ ခရစ်ယာန်ဘုန်းကြီး ကြွလာရင် ကျွန်တော်တွေ့ပါမယ်”

          ရီမို ခြေထောက်များကို ဆန့်လိုက်ပြီး တံခါးပေါက်ဆီသို့ လျှောက်သွားသည်။ သံတိုင်များပေါ်တွင် သူ၏ညာလက်ကို တင်လိုက်သည်။

          “အင်း... အတော်တော့ မသက်သာတဲ့အလုပ်ပဲ”

          အစောင့် ခေါင်းညိတ်သည်။ အစောင့်နှစ်ယောက်စလုံး နောက်ဘက်သို့ တစ်လှမ်းစီ ဆုတ်လိုက်ကြသည်။

         “ကောင်းသားပဲ၊ ဒါပေမဲ့ ခဏတော့ နေပါဦး”

          “အချိန် သိပ်မရှိတော့ဘူး”

           အစောင့် မျက်လွှာချပြီး ပြောသည်။

          “အချိန်နည်းနည်းတော့ ရှိပါသေးတယ်၊ မိနစ်ပိုင်းပေါ့” 

          “ဟုတ်ပြီလေ၊ ကျုပ်တို့သွားမပင့်လည်း ခရစ်ယာန်ဘုန်းကြီးက ဒီကိုလာမှာပဲ” 

          “လုပ်နေကျအလုပ်ပဲပေါ့၊ ဟုတ်လား”

          ရာဇသတ်ကြီးဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း သူတို့က သူ၏ဝိညာဉ်ကို ကယ်တင်ကြပေလိမ့်မည်။

          “ကျုပ်မသိဘူး၊ ကျုပ် ဒီကိုရောက်တာ နှစ်နှစ်ပဲရှိသေးတယ်။ ဒီအတွင်းမှာတော့ တစ်ယောက်မှ ကုလားထိုင်ပေါ် မတက်ခဲ့ဘူး၊ နေဦး၊ ခရစ်ယာန်ဘုန်းကြီး အဆင်သင့် ဖြစ်မဖြစ် ကျုပ်သွားကြည့်ဦးမယ်”

           “မကြည့်ပါနဲ့” 

          “ကျုပ်ပြန်လာခဲ့မယ်၊ စကြံထိပ်တင်သွားမှာ” 

          “ဒါဖြင့်သွားလေ၊ ခင်ဗျားသဘောပဲပေါ့၊ ကျွန်တော်တောင်းပန်ပါတယ်” ငြင်းနေ၍ ဘာမျှအကြောင်းထူးမည်မဟုတ်သဖြင့် ရီမို ပြောလိုက်သည်။