စာအုပ်အချက်အလက်သို့ ကျော်သွားပါ။
1 3

Other Websites

နတ်နွယ် - မြန်မာပြည်မြောက်ပိုင်း

နတ်နွယ် - မြန်မာပြည်မြောက်ပိုင်း

ပုံမှန်ဈေး 0 Ks
ပုံမှန်ဈေး ရောင်းဈေး 0 Ks
ရောင်းရန် ရောင်းကုန်ပြီ

အခန်း -(၁)

တောကို ကြည့်သည်။ တောင်ကို ကြည့်သည်။ တောင်ပေါ်မှာလည်း တောရှိသည်။ တောနှင့် တောင်သည် ဤဒေသ၏ မျက်နှာပြင်။ တောသည် တောင်နှင့် စပ်နေပြီး လွင်ပြင်သည် တစ်တောင်နှင့် တစ်တောင်၏ အပိုင်းအခြား နယ်နိမိတ်မျှသာတည်း။

သူတို့သည် မကြာမီ တောစပ်သို့ ရောက်တော့မည်ဖြစ်သည်။ တော၏တစ်ဖက်တွင် တောင်ရှိသည်။ တောနှင့်တောင် အကြားတွင် ချောင်းတစ်ခုရှိသည်ဟု ဆိုသည်။ သို့ရာတွင် သူတို့ရှိရာ နေရာမှ မမြင်ရချေ။

သူတို့သည် တစ်တောင်ကျော် တစ်တောင်ဆင်း၊ တစ်တောင်ဆင်း တစ်တောင်တက်ဖြင့် တစ်နေ့လုံးလိုလို ခရီးပြင်းနှင်ခဲ့ကြသည်။ ယနေ့ သူတို့ ဖြတ်ကျော်ခဲ့ရသော လွင်များတွင် ယခုလွင်သည် အကျယ်ပြန့်ဆုံး ဖြစ်သည်။ ဤမှလွန်လျှင် လွင်ဟူ၍ မည်မည်ရရမရှိတော့။ တောင်ပေါ်ကွက်လပ်နှင့်တောင်ကြားမြေနိမ့်များလောက်သာ ရှိသည်ဟု ပြောသည်။ ကိစ္စမရှိ။ ဤကား မနက်ဖြန်ခရီးတည်း။ ယနေ့အဖို့မူ သူတို့သည် တော်အလွန် တောင်အစတွင် စခန်းချကြမည် ဖြစ်သည်။ ဤခရီးတွင် သွားလာသူများ နားနေအိပ်စက်ရန် တောင်ခြေတွင် လင့်စင်များ ရှိသည်ဟု သိရသည်။ ယင်းကြောင့်ပင် သူတို့သည် လင့်တောသို့ နေရောင်နှင့် ရောက်ရန် သုတ်ခြေနှင်နေကြခြင်း ဖြစ်သည်။

ဤဒေသ၏ ဆောင်းနေ့သည် ပို၍ တိုတောင်းသည်။ တော်တောင် ထူထပ်၍လည်း ဖြစ်သည်။ မြူနှင့် သိပ်သည်း၍လည်း ဖြစ်သည်။ နေသည် တောင်ထိပ်မှထွက်၍၊ တောင်ထိပ်မှာပင် ဝင်သည်။ မြူနှင့် တိမ်ဖြူဖြူများသည် တောင်ခါးပန်းများတွင် ခိုအောင်းနေတတ်သည်။ နှင်းကို ကြိုနေသည်နှင့် တူသည်။ မြေမှထွက်သော မြူနှင့် မိုးမှကျသောနှင်းသည် နေအတော်မြင့်သည်အထိ မခွဲခွာချင်ပဲ ရှိနေတတ်ကြသည်။ နေစောင်းပြီဆိုလျှင်လည်း တောနိမ့်နိမ့် တောင်နိမ့်နိမ့်များပေါ်တွင် မြူက အရင်ဖြစ်သည်။ ဆည်းဆာနှင့်အပြိုင် ဖြစ်သည်။ ပြီးတော့မှ နှင်းကလာသည်။ အမှောင်နှင့် ရှေ့ဆင့်နောက်ဆင့်ပင် ဖြစ်သည်။

သူတို့သည် ယခုအခါ ကုန်းအမြင့်ကို မသိမသာ တက်စပြုနေပြီ ဖြစ်သည်။ ရိုးပြတ်တောသည် နေရစ်ခဲ့ပြီ ဖြစ်သည်။ မြေသည် ပို၍ ညိုလာသည်။

"လာဟေ့ နေမကျခင် လင့်တောကို ရောက်အောင်”

ရှေ့မှသွားနေသော ကနန်းအမျိုးသားကြီးက သူ့နောက်တွင် ဝါးတစ်ရိုက်ခန့် ပြတ်၍ကျန်ရစ်ခဲ့သော လူရွယ်ကို အားမလိုအားမရ ပြောလိုက်သည်။ သို့ရာတွင် ရပ်၍ မစောင့်။ ခြေလှမ်းကို မလျှော့၊ လှည့်မကြည့်။ ထမ်းပိုးပေါ်တွင် ညာလက်တင်၍ သုတ်သုတ်သွားနေသည်။ သို့ရာတွင် သူ့နားသည် မျက်စိ၏တာဝန်ကို ထမ်းဆောင်နေသည်။ နောက်မှ လိုက်ပါသူ၏ ခြေအကျကို မှတ်သားနေသည်။ ခြေကျသံ အစိတ်အကျဲကိုလည်းကောင်း၊ အတိုးအကျယ်ကို လည်းကောင်း ထောက်ချင့်၍ နောက်မှလူသည် ဖြည်းဖြည်းသွားနေသည်၊ မြန်မြန်သွားနေသည်ကို သိရှိ၏။ ခြေသံလုံသည် မလုံသည်ကိုတွက်၍ အမှတ်တမဲ့ လျှောက်လာနေသည်၊ သို့မဟုတ် သတိထား၍ လျှောက်လာနေသည်ကို သိသည်။ မြေပြင်တွင် နေသူများသည် အလှမ်းဝေးဝေးကို ကြို၍မြင်နိုင်သဖြင့် နားကို တန်ဖိုးမထားလှ။ သို့ရာတွင် တောထဲ တောင်ထဲတွင် နေသူများကား အချိန်မရွေးဆိုသလို မိမိ အနီးအနားမှကပ်၍ ရန်သူထွက်ပေါ်လာနိုင်သဖြင့် မျက်စိထက် နားနှင့် နှာခေါင်းကို အားကိုးအားထား ပြုကြလေသည်။

“ဘယ်ဖနှောင့်က ဘာဖြစ်နေလို့ ခြေဖျားထောက်ပြီး လျှောက်နေတာလဲ မောင်ရွှေဝါရေ”

ကနန်းအမျိုးသားကြီးက နောက်သို့ လှည့်မကြည့်ဘဲ မေးခွန်းထုတ်လိုက်ပြန်သည်။ နောက်မှ လူသည် ပါးစပ်မှ အဖြေမပေးမီ ဘယ်ဖနှောင့်ကို ချလိုက်သည်။ သို့ရာတွင် နာကျင်သည့်အလား ဘယ်ခြေတစ်ခုလုံးကို ရုတ်တရက် ကြွလိုက်မိသည်။ ပြီးမှ သူသည် အံသွားကိုကြိတ်၍ ဘယ်ခြေဖဝါးကို အပြားလိုက် ခပ်ပြင်းပြင်း ဖိနင်းလိုက်သည်။ နှစ်ချက်၊ သုံးချက် နင်းမိသောအခါ အနာပျောက်သွားသည်။

“သုံးမြှောင့်ဆူး စူးလို့ပါ၊ လျှောက်လို့ရပါပြီ။ ဘကြီးမိုးသာ သွားပါ၊ ကျွန်တော် လိုက်ခဲ့ပါ့မယ်”

ဘကြီးမိုးသည် ဘာမှ မပြောတော့ဘဲ အနောက်နေကို မျက်နှာမူ၍ သွားနေသည်။ ပခုံးပေါ်မှ အလေးချိန်ကြောင့် သူ့ကိုယ်သည် လှိုင်းအိသလို ကြွချည်နိမ့်ချည် ဖြစ်နေသည်။ ခြေလှမ်းအကြွတွင် လူက မြင့်တက်သွားပြီး ခြေလှမ်းအကျတွင်မူ လူကလည်း နိမ့်ဆင်းသွားသည်။ လက်ဆီဝ၍ ပြောင်ချောနေသော ထမ်းပိုးဝါးသည် ရှေ့ တောင်းနောက်တောင်း၏ အလေးချိန်ကြောင့် ညွတ်ချည်ကြွချည် ရှိနေသည်။

ဝါးနက်ကြောများဖြင့် အတိုင်စေ့ အဖောက်စေ့ ရက်ထားသော ပန်းခိုင်းတောင်းနှစ်တောင်းကို သာမန်ကြည့်လျှင် ကျည်တောင်၊ ဘူးခြောက်၊ ဂွမ်းစောင်နှင့် အဝတ်အထည်များသာ အပေါ်ပိုင်း၌ မြင်ရမည်ဖြစ်ပြီး ဤမျှ လေးလံစရာ မရှိဟု ထင်မှတ်ရသော်လည်း တောင်းအောက်ပိုင်း၌ ဆားများ အပြည့်အသိပ်ရှိသည်ကိုသိလျှင် အတော်အတန် ခွန်အားဗလရှိသူပင်လျှင် ဤအထမ်းနှင့် ဤခရီးကို သွားဖို့ စိတ်ကူးရဲမည် မဟုတ်ချေ။

သို့ရာတွင် တောင်ပေါ်မှာမွေး၍ တောင်ပေါ်မှာ ကြီးပြင်းခဲ့သော ဤလူကြီးမှာမူကား ဆားအချိန်နှစ်ဆယ်လောက်ကို ထမ်း၍ လေးငါးညခရီးကိုသွားရန် အပန်းမကြီးပါချေ။ ယခုပင်အတွေ့လေ၊ ဆားနှစ်တောင်းကိုထမ်း၍ တစ်နေ့ကျိုးခဲ့ပြီ ဖြစ်ချေလည်း သူသည် လူငယ်လူရွယ်တစ်ဦး၏ ရှေ့တွင် ဝါးတစ်ရိုက်ခန့် ရောက်နေသည်။

သို့သော် သူသည် အလုံးအထည် ဖြိုးခိုင်လှသူတစ်ဦးကား မဟုတ်ချေ။ အသားအရေကျစ်၍ အရိုးအဆစ်ကြီးတစ်ဦးသာဖြစ်သည်။ သူ၏အင်အားများသည် ကြွက်သားတို့မှ ဖြစ်ပေါ်ခြင်းမဟုတ်ပဲ အကြောများ၊ အရိုးများမှ ဖြစ်ပေါ်ခြင်းဟုသာ ဆိုရမည်။ သူ၏ ကိုယ်လုံးမှာ သေးငယ်သည်ဟုပင် ဆိုရမည်။ အကြောင်းမူ သူ၏အရပ်သည် ငါးပေမျှလောက်သာ ရှိသော်လည်း လူပုကွတစ်ယောက်ဟု မထင်ရ။ အရပ်နှင့်အလုံးသည် လိုက်ဖက်ညီညွတ်နေသောကြောင့်ဖြစ်သည်။ သို့ရာတွင် သူ့ကိုယ်တွင်ရှိသော အကြောများသည်ကား ကြောက်မက်ဖွယ်ရာပင်ဖြစ်သည်။ အကြောပေါင်းတစ်ထောင်သည် ကိုယ်၏ အပြင်အပတွင် ထွက်၍ နေကြသကဲ့သို့ ရှိသည်။ နားထင်ကြောသည် လည်းကောင်း၊ လည်ကြောသည် လည်းကောင်း၊ လက်ကြောသည် လည်းကောင်း၊ ခြေကြောသည် လည်းကောင်း မြွေဟောက်များကဲ့သို့ကြွကြွထောင်ထောင် ရှိလှသည်။ သူ့အသက်သည် ငါးဆယ်ပြည့်လုပြီဖြစ်၍ ဦးပြည်းကတုံးသည် ဖြူနေသည်။ သို့ရာတွင် မျက်လုံးများသည် နက်မှောင်လှသည်။ သပိတ်ရောင် ထနေသည်။ ကမ္ဘာ့လောကတစ်ခုလုံးသည် သူ့မျက်လုံးတွင် လာ၍ အရိပ်ထင်မည်လောဟု အောက်မေ့ရသည်။ သူ့ကိုယ်တွင် မှဲ့နီမဲ့နက်များ ပြည့်နေသည်။ အသားအရေ နည်းပါးသော်လည်း စိုသည်။ စိုပြည်သော်လည်း နုနယ်ခြင်းမရှိ။ ကြမ်းတမ်းကွဲအက်သည်။ သို့ရာတွင် မျက်နှာသည် အပူအပန် အကြောင့်အကြမရှိသကဲ့သို့ ငြိမ်နေသည်။ အကောင်းအဆိုးနှင့် ထိတွေ့ရိုက်ခတ်ခြင်း မရှိဖူးဘူးသကဲ့သို့ ကြည်လင်နေသည်။ “

တကယ်မူ သူသည် ကြမ်းတမ်းပြင်းထန်သော ဘဝခရီးကို လျှောက်ခဲ့သူ ဖြစ်သည်။ အရပ်ဒေသပေါင်းစုံကို သွား၍ အလုပ်အကိုင်မျိုးစုံကို လုပ်ကာ အဖြစ်အပျက် အရေးအခင်းပေါင်းစုံတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။ ယခုပင် သူသည် အောက်ပြည်အောက်ရွာသို့ တစ်နွေတစ်မိုး သွားနေခဲ့ပြီးမှ ရွာသို့ ပြန်လာနေခြင်းဖြစ်သည်။ ဤသို့ ပြန်လာနေခြင်းသည်ပင်လျှင် ဗန်းမောက်တွင် မောင်ရွှေဝါနှင့် တွေ့၍ဖြစ်သည်။ သူ၏အကြံအစည်က ဝန်းသိုသို့ လှည့်လိုက်ဦးမည်ဟု ရှိထားသည်။ သို့ရာတွင် မောင်ရွှေဝါက ရွာသို့ လိုက်လိုသည်ဟု ဆိုသဖြင့် ခရီးစဉ်ကို ပြောင်းလိုက်ရခြင်းဖြစ်သည်။

သူသည် မောင်ရွှေဝါကို အထူးပင် ခင်မင်ခြင်း ရှိသည်။ မောင်ရွှေဝါ၏ အမိနှင့် အဖေသည် သူ၏ ညီနှင့် ညီမများသဖွယ် ဖြစ်သည်။ ဗန်းမောက်မြို့ရှိ မောင်ရွှေဝါ၏ ဦးကြီးသည် သူနှင့် ရောင်းရောင်းဘက် ဖြစ်သည်။ မောင်ရွှေဝါ၏ အဘိုးသည် ပုဂံမင်းလက်ထက် အင်္ဂလိပ်များနှင့် တိုက်စဉ်က သူ၏တပ်မှူးဖြစ်သည်။ ထိုအချိန်က သူသည် ဆယ့်ခုနှစ်နှစ်ကျော်ကျော် ဆယ့်ရှစ်နှစ်အရွယ်မျှသာ ရှိသေးသည်။ ရန်သူ ကင်းစခန်းတစ်ခုကို ညအချိန်တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ရင်း တပ်မှူးကျဆုံးခဲ့ရသည့် အကြောင်းကို စစ်ပြီးသည်နှင့် တစ်ပြိုင်နက် မိုးကောင်းနယ် ကြိုးကြာရွာသို့ သွားရောက် သတင်းပါးစဉ်ကဆိုလျှင် မောင်ရွှေဝါ၏ ဖခင်သည် ဆယ်နှစ်သားအရွယ် လူမမည်သာ ရှိချေသေးသည်။ သို့ရာတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်က အာသံမှအပြန် ကြိုးကြာရွာသို့ ဝင်ခဲ့သည်တွင် တပ်မှူးကတော် မရှိတော့ပြီကို တွေ့ရသည်။ တပ်မှူး၏သားသည် ကလေး လေးယောက်ဖခင်ဖြစ်နေပြီကို တွေ့ရသည်။ တပ်မှူး၏သားနှင့် အကြောင်းပါသူသည် မိမိသူငယ်ချင်း၏ နှမ ဖြစ်နေသည်ကိုလည်း အံ့သြစွာ သိရှိရသည်။ သို့ဖြင့် သူသည် ဦးနွဲ့မွန်နှင့် ဒေါ်စောရုံတို့အိမ်တွင် တစ်လနီးပါးမျှ ကြာခဲ့သည်။ သို့ရာတွင်သူက စိတ်တွင် မကျေမနပ်ရှိနေခဲ့သည်။ ဦးနွဲ့မွန်သည် သူ့တပ်မှူး၏သား ဖြစ်သော်လည်း တပ်မှူး၏သွေး မပါသောကြောင့်ဖြစ်သည်။ ဇာတိသွေး ဇာတိမာန်လည်း နည်းပါးလှသည်။ သို့သော် မောင်ရွှေဝါသည် အဖေနှင့်မတူနှင့်မတူပဲ အဘိုးနှင့် တူလေသည်။ မောင်ရွှေဝါသည် ဘကြီးမိုးထံတွင် အဘိုးအကြောင်းကို မေးမြန်းခြင်း ပြုသည်။ ဤကတည်းကပင် ဤသူငယ်ကို သူက မျက်စိကျခဲ့ခြင်းဖြစ်သည်။ ယခုမူ တပ်မှူး၏မြေးကို မိုးကောင်းနယ်သား ယောက်ျားသားတစ်ဦးအဖြစ်ဖြင့် သူ တွေ့မြင်နေရချေပြီ။ ဤ သူငယ်သည် ရဲရင့်သည်။ ဤသူငယ်သည် ဇာတိမာန်ရှိသည်။ မောင်ရွှေဝါသည် သွက်သွက်လှမ်းသည်။ မြန်မြန်လျှောက်သည်။ သို့နှင့်တိုင် ရှေ့မှ အဘိုးကြီးကို လိုက်မမီသေးပဲ ရှိသည်။ အဘိုးကြီး လမ်းလျှောက်သည်မှာ အပန်းတကြီး မရှိ။ အေးအေးမှန်မှန်ပင်ဖြစ်သည်။ သို့ရာတွင် ခြေကျညီပြီး ခြေနုတ်မြန်သဖြင့် ခရီးပေါက်ခြင်းဖြစ်သည်။ သည်အဘိုးကြီးကို သူ လေးစားသည်။ သည် အဘိုးကြီးသည် အရပ်စုံသည်။ အလုပ်စုံသည်။ အတတ်စုံသည်။ တကယ့် စစ်သားကြီး တစ်ဦးဖြစ်သည်။ သူ့အဘိုး၏ တပ်သားတစ်ဦးဖြစ်သည်။ အောက်ပြည်အောက်ရွာတွင် မျက်နှာဖြူများနှင့် တိုက်သည်။

အာသံသို့ရောက်စဉ်ကလည်း တိုင်းရင်းသားသူပုန်များဘက်မှ ပါဝင်၍ အင်္ဂလိပ်ကို တိုက်ခဲ့သည်။ တရုတ်ပြည်ထဲသို့လည်း အတော်ဝေးဝေးလံလံ ရောက်ဖူးသည်။ အံ့သြစရာ ကောင်းသည်မှာသည်အဘိုးကြီးသည် ဘုရင့်တပ်မတော်တွင် ပါဝင်၍ တိုက်ပွဲပေါင်း မြောက်မြားစွာ ဆင်နွှဲခဲ့သော်လည်း မင်းမှုထမ်းတစ်ဦးအဖြစ် လုပ်ဆောင်လိုစိတ် မရှိခြင်းပင်ဖြစ်သည်။ အရှင်သခင်ကြီးငယ်တို့

မြှောက်စားချီးမြှင့်ခြင်းတွင် မသာယာခြင်း၊ မနှစ်သိမ့်ခြင်းပင် ဖြစ်သည်။ သည်မျှသာမက သည်အဘိုးကြီးသည် သူ၏ ဘဝလမ်းကြောင်းကိုလည်း ပြောင်းလဲပေးခဲ့ပြီ ဖြစ်သည်။

သူက စွန့်စားချင်သည်။ မာန်မာနရှိသည်။ မခံချင်စိတ်ရှိသည်။ သူ့အဘိုးကဲ့သို့ တပ်မှူးကြီးတစ်ဦး ဖြစ်ရန် ငယ်ငယ်ကတည်းက စိတ်သန်ခဲ့သည်။ ယင်းသို့ ရှိနေသည့်အချိန်တွင် သူ တွေ့မြင်နေရသော အရေးအခင်းများက သူ့ဘဝကို လှုံ့ဆော်ပေးနေသည်။ နယ်သူနယ်သားများသည် မိမိတို့ တစ်ဝမ်းတစ်ခါးအတွက် ပင်ပန်းကြီးစွာ လုပ်ကြရသည်။ သည်မျှနှင့် မပြီးသေးဘဲ အကြီးအကဲများ၊ သူဌေးသူကြွယ်များနှင့် လက်စွဲတော်များက ညှင်းပန်းနှိပ်စက်ခြင်း ပြုကြသေးသည်။ သို့ဖြင့် သူက ရွှေမြို့တော်သို့ သွားရောက်ပြီး ဘုရင့်အမှုတော်ကို ထွန်းထွန်းပေါက်ပေါက် တာဝန်ထမ်းဆောင်ရန် ထွက်ခဲ့သည်။ သို့ရာတွင် အဘိုးကြီးက သူ့ကို တားခဲ့သည်။ ရွှေမြို့တော်၏ စိတ်ပျက်ဖွယ်ရာ အရေးအခင်းများ၊ မင်းခစားတို့၏ စိတ်ပျက်ဖွယ်ရာ ဘဝများကို ပြောပြခဲ့သည်။ သူတို့ ရွာသူရွာသားများ၏ စိတ်ထားဖြူစင်မှုကို သည် အဘိုးကြီးက ပြောပြခဲ့သည်။ ရွာတွင် အခိုက်အတန့်နေပြီးနောက် ချင်းတွင်းဘက်သို့သွားရန်၊ ထိုမှတစ်ဆင့် နာဂနှင့် မဏိပူရနယ်များသို့ သွားရန် စိတ်ကူးရှိသည်ဟု အဘိုးကြီးက ဆိုသည်။ သို့ဖြင့် သူသည် ရွှေမြို့တော်သို့ သွား၍ ဘုရင့်အမှုတော်ထမ်းရွက်ရန် အကြံအစည်ကို စွန့်လွှတ်လိုက်ပြီး သည်အဘိုးကြီးနှင့်အတူ လိုက်ပါရန် ဆုံးဖြတ်လိုက်သည်။

သူ့အနေနှင့် သည်အဘိုးကြီးထံတွင် လေ့လာဆည်းပူးစရာ အများအပြား ရှိသည်။ သူသည် လက်ရည်တူ တစ်ယောက်ချင်း တိုက်ခိုက်သည့်အမှုတွင် မည်သူ့ကိုမျှ မမှုသော်လည်း လူအများ စုပေါင်း၍ စစ်ဆင်စစ်တိုက်သည့် နေရာတွင်ကား အတွေ့အကြုံမရှိသေးပဲ ဖြစ်နေသည်။ မျက်နှာဖြူတို့၏ လက်နက်ကောင်း၊ လက်နက်ဆန်းများ အကြောင်းလည်း သိုးသိုးသန့်သန့် ကြားဖူးရုံသာ ရှိသည်။ ယခုမှ သည်အဘိုးကြီး ကျေးဇူးကြောင့် အင်းဖီးရိုင်ဖယ်ကို ပခုံးပေါ် တင်ဖူးခြင်းဖြစ်သည်။ အဘိုးကြီးထံတွင် အပစ်အခတ် အတိုက်အခိုက် ပညာများ ဆည်းပူးရန် ဖြစ်သည်။

လူတစ်ယောက်ကို သည်သို့ ဆရာတင်ထားပြီး ဖြစ်သော်လည်း၊ သူ့ထက် သာလွန်တတ်ကျွမ်းသည်ဟု လက်ခံထားပြီး ဖြစ်သော်လည်း ယခုလို နှစ်ယောက်ချင်း လမ်းလျှောက်သည့်နေရာတွင် သူ့ထက် ကျောသည်ကို မကျေနပ်နိုင်ဘဲ ရှိနေသည်။ ခြေထောက်ချင်း အတူတူ လမ်းလျှောက်ကြသည့်နေရာတွင် သူက အခြားသူ တစ်ယောက်ကို မမှီဟု ဆိုသည်မှာ မဟုတ်နိုင်ပေ။ သာချင်းသာလျှင် သူကသာ သာရမည်။

မောင်ရွှေဝါ၏ မျက်နှာသည် တင်းမာလာသည်။ ဒေါသငွေ့ သန်းလာသည်။ သူက မည့်သူ့ကိုမျှ စိတ်ဆိုးခြင်း မဟုတ်လျှင် သူ့ကိုယ်သူ စိတ်ဆိုးခြင်း ဖြစ်ရမည်။

ရှေ့မှ သွားနေသူသည် သူ့ထက် အသက်ထက်ဝက်မက ကြီးသည်။ အဘိုးကြီးအရွယ် ဖြစ်သည်။ သူက လူငယ် ဖြစ်သည်။ ကိုယ်လုံးကိုယ်ထည်တွင် သူ့ထက် ထက်ဝက်နီးပါးမျှ ငယ်သည်။ အရပ်အမောင်းတွင်လည်း သူက ခေါင်းတစ်လုံး ပို၍ မြင့်သည်။ သူ၏ ခြေတစ်လှမ်းသည် အဘိုးကြီး၏ ခြေတစ်လှမ်းခွဲမှုနှင့် ညီသည်။ ထိုမျှသာမက အဘိုးကြီးသည် အလေးချိန် နှစ်ဆယ်ကျော်ကို ထမ်း၍

သွားနေသည်။ သူ့ ပုခုံးပေါ်တွက်ကား ရိုင်ဖယ်တစ်လက်နှင့် အဝတ်ထုပ် တစ်ထုပ်သာ ပါရှိသည်။ စုစုပေါင်း ငါးပိဿာပျော့ပျော့သာ ရှိသည်။ သို့နှင့်တိုင် သူက အဘိုးကြီးကို မမှီပဲ ရှိနေသည်။

မောင်ရွှေဝါသည် အံကို တင်းတင်းကြိတ်လိုက်ပြီး ရိုင်ဖယ်ရိုးတွင် ချိတ်ထားသော အဝတ်ထုပ်ကို ဘယ်ဘက်ပခုံးပေါ်သို့ တင်လိုက်သည်။ ရှည်လျားသော ရိုင်ဖယ်ကို ညာလက်အောက်ချ၍ ကိုင်သည်။ အားယူသည့်အနေဖြင့် သေနတ်ကိုင်ထားသော လက်ကို ရှေ့နောက်လွှဲယမ်းရင်း ပြင်းပြင်းလျှောက်သည်။

ယင်းသို့လျှောက်နေရင်း သူ၏ စိတ်အာရုံသည် လက်ထဲမှ သေနတ်ဆီသို့ ရောက်သွားသည်။ ရွှေမြို့တော်မှ ဘကြီးမိုး ရလာသော သေနတ်ဖြစ်သည်။ ဝယ်လာခြင်း မဟုတ်။ မိန်းမငယ်တစ်ဦးအား ညှင်းပန်းနှိပ်စက်ခြင်း ပြုနေသော မင်းစစ်သည် တစ်ဦးအား တိုက်ခိုက်၍ ရယူလာခြင်းဖြစ်သည်။ မိုးကောင်းတွင် သူကိုင်ကြည့်ခဲ့ဖူးသော သေနတ်သည် သည်သေနတ်ထက် လေးသည်။ အချိုးအစားလည်း မကျမနရှိသည်။ သည်သေနတ်သည် ရှည်လျားသည်မှအပ ကိုင်ရတွယ်ရ ပေါ့ပါးလွယ်ကူသည်။ ကျည်ကျပ်သည်မှာ အရေးမကြီးချေ။ သူတို့နယ်မှထွက်သော သေနတ်များသည် ကျည်ကျပ်ကျပ်ဖြင့် အသုံးပြုရသည်များပင် ဖြစ်သည်။ မိုးကောင်းတွင် သူတွေ့ခဲ့ရသော သေနတ်သည် ဘကြီးတော်လက်ထက်က သေနတ်များ ဖြစ်သည်ဟု ဘကြီးမိုးက ပြောသည်။ ယခု သေနတ်မှာ ပုဂံမင်းများလက်ထက်တွင်မှ စ၍ ပေါ်သည်ဟု ဆိုသည်။ ဤသေနတ်နှင့် ပတ်သက်၍ ကုလားမည်းများနှင့် ကုလားဖြူများ အချင်းဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ ပြောင်းနှင့် ကျည်သည် ကျပ်နေသဖြင့် နှစ်တောင်နှင့် လက်တစ်ဝါးခန့်ရှည်သော ပြောင်းတွင် ကျည်ချောချောမွတ်မွတ် သွားစေရန် ကျည်တွင် ဆီသုတ်ထားရသည်။ ကျည်ကို ပြောင်းသို့ ထည့်မည့်အချိန်တွင် ကျည်ထိပ်မှ စက္ကူပါးကို ပါးစပ်ဖြင့် ကိုက်ဖြတ်ရသည်။ ဤတွင် ပြဿနာပေါ်ခြင်းဖြစ်သည်။ ကုလားမည်းများသည် ဝက်သား မစားကြ။ ကျည်တွင် သုတ်ထားသည်က ဝက်ဆီဖြစ်နေသည်။ ဤသို့သော စိတ်ဝင်စားဖွယ်ရာ အကြောင်းများကို သူက ဘကြီးမိုးထံမှ ကြားသိရခြင်းဖြစ်သည်။

ရုတ်ခန် သူ့ကိုယ်ပေါ်သို့ အရိပ်ကြီး ကျလာသည်။ သူ့တစ်ကိုယ်လုံး သိမ့်ခနဲ အေးသွားသည်။ ချက်ချင်းပင် သူ့မြင်ကွင်းသည် မှိန်သွားသည်။ မောင်ရွှေဝါသည် အတွေးတွင် ကျက်စားနေရာမှ ပတ်ဝန်းကျင်ကို အလန့်တကြား ကြည့်လိုက်မိသည်။ သို့ရာတွင် တစ်မုဟုတ်ချင်းမှာပင် ဘေးအန္တရာယ် တစ်စုံတစ်ခု ကျရောက်ခြင်းမဟုတ်ဘဲ တောအုပ်အတွင်းသို့ အမှတ်မထင် ရောက်ရှိသွားခြင်းဖြစ်ကြောင်း သိရသည်။ နေရောက် ရုတ်တရက်ပျောက်သွား၏။ တောအမှောင်နှင့် တောအရိပ်၏ ကြီးစိုးခြင်းကို ရုတ်ခြည်း ခံလိုက်ရခြင်း ဖြစ်သည်။

သူ့တစ်ဝိုက်တွင် ပင်စည်နှင့် ပင်လုံးများသာ ရှိနေသည်။ ပင်လုံးများအကြားတွင် နွယ်များ ကိုင်းများ ရှိနေသည်။ အချို့အပင်ငယ်များသည် လူတစ်ရပ်သာသာ မြင့်လေသည်။ အရပ်ရှစ်မျက်နှာတွင်

တောပိတ်နေသဖြင့် အပေါ်သို့ မော့ကြည့်သောအခါ မိုးကောင်းကင်ကို မမြင်ရ။ အင်ရွက်၊ ကျွန်းရွက်နှင့် ကညင်နီရွက်များသာ ရှိနေသည်။ ကျွန်းရွက်ကြီးများ၏ အလယ်အူကြောင်းသည် နီရော်စပြုနေသည်။ အချို့ အရွက်များသည် ကြွေပင် ကြွေချင်နေကြပြီ။

တောအုပ်အတွင်းသို့ ကျဉ်းမြောင်းသော လမ်းအတိုင်းလိုက်သွားရာ ခဏအကြာတွင် လမ်းနှစ်ခွကို တွေ့ရသည်။ ဘကြီးမိုးကို အစအနမျှ မမြင်ရ။ သူက မည်သည့်လမ်းသို့ လိုက်ရမှန်းမသိ ရှိသည်။ 

 

အသေးစိတ်အချက်အလက်အပြည့်အစုံကို ကြည့်ပါ။