Skip to product information
1 of 12

Other Websites

နတ်နွယ် - မိမိနှင့်စာရေးဆရာများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

မိမိ နှင့် မိုးဝေ

ထိုနေ့က မိုးတွေ ဝေနေသည်။ ဒီဇင်ဘာလတွင် နှင်းပွင့်ကလေးတွေ ဝေသလို၊ သြဂုတ် လတွင်လည်း မိုးပွင့်ကလေးတွေ ဝေနေသည်။ တစ်မိုးလုံး အုံ့ကာမှိုင်းနေသည်။ ရှစ်ခွင် တိုင်းသည် ဆွတ်ပျံ့လွမ်းမောဖွယ်ရာတည့်။ 

လှိုက်လှဲကြေကွဲသော ခံစားမှုများဖြင့် သံပြိုင်သီကြွေးလျက်ရှိသော ဈာပနတေးသံ သည် မိုးပွင့်များအကြားတွင် ငြိမ်သက်တိတ်ဆိတ် နေကြသူများ၏ နှလုံးသားအား ဆွဲငင် ဖမ်းစားလျက် ရှိသည်။ 

ယင်းသို့ဖြင့် ကျွန်ုပ်တို့သည် ချစ်လှစွာသော မိုးဝေကို အပြီးအပိုင် ခွဲခွာကြရ တော့သည်။

သူသည် ၁၉၆၇ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် ခရစ်တော်၌ အိပ်ပျော်ခဲ့ပြီ တည်း။ သို့သော်သူ မသေပါ။ သူ သေပြီ မဟုတ်ပါ။၁၉၆၈ ခုနှစ် ဖေဖော်ဝါရီလတွင် မိုးဝေမဂ္ဂဇင်း မွေးဖွားခဲ့သည်။ သူ၏အမည်၊ သူ ရေးသားခဲ့သော စာပေနှင့် သူ၏ ယုံကြည်ချက်တို့သည် ယနေ့တိုင် ရှင်သန်လန်းစွင့် လျက် ရှိတော့သည်။

မိုးတွေဝေနေသော နေ့တစ်နေ့ပင် ဖြစ်သည်။ ကြာတော့ ကြာပြီ။ ကြာချေပြီ။ ဟို ၁၉၅၃ ခုနှစ်က ဖြစ်သည်။ လွန်ခဲ့သည့် ၂၈ နှစ်က ဖြစ်သည်။ နှစ်ပေါင်း ၃၀ ပြည့်တော့မည်။ ဘရွတ်ကင်းလမ်း (ယခု ဘိုကလေးဈေးလမ်း) ရှိ စုံထောက်ဝတ္ထု မဂ္ဂဇင်း တိုက်သို့ မိမိ ရောက်ရှိသွားသည်။ ကွယ်လွန်သူ စာရေးဆရာတင့်ထူးနှင့်အတူ ဖြစ်သည်။

သည်မှာ မိုးဝေနှင့် တွေ့ရသည်။

သူနှင့် ပထမဆုံး တွေ့ရသည်တော့ မဟုတ်။ ထုတ်ဝေသူ ဦးဆန်နီ၊ တာဝန်ခံ အယ်ဒီတာ တင့်ဆန်းတို့နှင့် အရင်တွေ့ရသည်။ မိုးဝေက သည်အချိန် မလာသေး။

မိမိ ရောက်သွားသည့်အချိန်က နည်းနည်းစောနေသည်။ သူက ညနေ နှစ်နာရီ သုံးနာရီတွင်မှ မဂ္ဂဇင်းတိုက်သို့ လာသည်။ တိုက်သို့ရောက်လျှင် သူ စာရေးသည်။ မဂ္ဂဇင်းကိစ္စ ဆောင်ရွက်သည်။ ပြီးလျှင် ဘာလုပ်သနည်း။ ဦးဆန်နီထံမှ နေ့တွက်တောင်းသည်။ သည်တုန်းက နေ့တွက်နှင့် အလုပ်လုပ်ကြသည်။ နေ့တွက်နှင့် ရေးကြ သည်။ တစ်နေ့ရေးမှ တစ်နေ့ စားရသည်ဟု ဆိုရမည်လား။

နေ့တွက်ရလျှင် ဘာလုပ်ကြသနည်း။ အားလုံးစုပြီး ရုပ်ရှင်ကြည့်ကြသည်။ ငါးမတ်တန်းမှာ တန်းစီကြသည်။ အဲသည်တုန်းက ကြည့်စရာ ရုံတွေကလည်း များသည်။ ကြည့်စရာ ကားတွေကလည်း များသည်။ တစ်နေ့တစ်ကား ကြည့်ကြသည်။

အဆာခံနိုင်အောင် တစ်ခုခု စားကြသည်။ ဆီချက်ခေါက်ဆွဲ စားသည်က များသည်။ တစ်ပွဲမှ ငါးမူးရယ်။ တစ်ခါတစ်ရံ ဝင်းဝင်းရုံဘေးက တရုတ်ဆိုင်မှာ ထမင်းစားကြသည်။ အဲသည်တုန်းက ဘဲကင် ခြောက်ဆယ့်ငါးပြားဖိုး ဝယ်လို့ရသည်။ ဟိုအကင် သည်အကင်ကလေးတွေက တစ်ပန်းကန်မှ တစ်မတ်ရယ်။

ဒါပါပဲ။ အဲသည်တုန်းက သည်လူစု အရက်မသောက်ပါ။ မိုးဝေ အရက် မသောက်သေးပါ။ သူ ဘာလုပ်သနည်း။ စာဖတ်သည်။ စာရေးသည်။ ရုပ်ရှင်ကြည့်သည်။

သူက စာအင်မတန်ဖတ်သည်။ ဘာတွေ ဖတ်သနည်း။ ပထမဆုံး သတင်းစာ တွေ ဖတ်သည်။ သတင်းစာတွေမှာပါသည့် သတင်းတွေ၊ ဆောင်းပါးတွေ အားလုံး လောက်ကို သူ ဖတ်သည်။ အထူးသဖြင့် နေရှင်းသတင်းစာကို ကြော်ငြာကအစ ခေါင်းကြီးအထိ အစအဆုံး လျှောက်ဖတ်သည်။ နေရှင်းသတင်းစာမှ အင်္ဂလိပ်စာ အရေးအသားကို သူ သဘောကျသည်။ ထို့နောက် တိုင်းမဂ္ဂဇင်းကို သူ ဖတ်သည်။တိုင်းမဂ္ဂဇင်း အရေးအသားကို သူ နှစ်သက်သည်။ သူကိုယ်တိုင်လည်း အင်္ဂလိပ်စာအရေးကောင်းသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားရန် သူမကြာခဏ ကြုံးဝါးခဲ့သည်။ အထ မမြောက်ခဲ့ပါ။ အခြေအနေ မပေးခဲ့ပါ။

အပတ်စဉ်ထုတ် ဂျာနယ်များ၊ စာစောင်များနှင့် လစဉ်ထုတ်မဂ္ဂဇင်းများ အားလုံး လောက်ကို သူ ဖတ်သည်။ လုံးချင်းဝတ္ထုများကိုလည်း လက်လှမ်းမီသလောက် ဖတ်သည်။ ,

အင်္ဂလိပ်ဘာသာထုတ် ဝတ္ထုများကို ဖတ်ရာတွင်လည်း စုံထောက်၊ လျှို့ဝှက် သည်းဖို၊ စွန့်စားခန်း ဝတ္ထုများကိုသာမက ဂန္ထဝင်ဝတ္ထုများနှင့် ခေတ်သရုပ်ဖော်ဝတ္ထု များကိုပါ ပေါက်ပေါက်ရောက်ရောက် ဖတ်သည်။

သည်လို များများဖတ်၍လည်း များများရေးနိုင်ခြင်း ဖြစ်သည်။ သူက ကလောင်အမည် အမျိုးမျိုးနှင့် စာအမျိုးမျိုး ရေးခဲ့သည်။

သူက ၁၉၄၆ ခုနှစ်ကတည်းက စာ စရေးခဲ့ခြင်း ဖြစ်သည်။ အသက် ၂၀မပြည့်မီ ကတည်းက စာရေးခဲ့ခြင်း ဖြစ်သည်။ အသက် ၄ဝ တွင် သူ ကွယ်လွန်သည်။

စာရေးသက် ၂၀ အတွင်းတွင် မိုးဝေ၊ ခင်မောင်ကြီး၊ ဗိုလ်သိန်းတန်၊ သက်မော်၊ စံလေးမောင်၊ ပါမောက္ခ ဦးသွင် ဟူသော ကလောင်အမည်များဖြင့် ဝတ္ထု၊ ဘာသာပြန်နှင့် ပညာရပ်ဆိုင်ရာ စာအုပ်ပေါင်း သုံးရာကျော်ရေးခဲ့သူ။ စာနယ်ဇင်းများတွင် ရေးခဲ့သည်မှာပုဒ်ရေ ခြောက်ရာကျော်သူ။ သူ၏ ပထမဆုံးသော တင်မောင်ဆွေဝတ္ထုတိုမှာ သွေးသောက် မဂ္ဂဇင်းတွင် ပါရှိသော မျက်ရည်တစ်စက် ဖြစ်သည်။ သူ၏ ပထမဆုံး လုံးချင်းမှာ သိန်းလေးဆယ် ဖြစ်သည်။

သူသည် တင်မောင်ဆွေဝတ္ထုများနှင့် ထင်ရှားခြင်း ရှိသလို၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အခြေပြုသော နော်ထားမူ (၁၉၅၂)၊ ကွန်မင်တန် ကျူးကျော်မှုဆန့်ကျင်ရေးကို အခြေပြုသော သစ်ဦးသဇင် (၁၉၅၃)။ ပဒေသရာဇ် ဆန့်ကျင်ရေးနှင့် နယ်ချဲ့ဆန့်ကျင်ရေးကို အခြေပြုသော လဲ့လဲ့ရောင်နီ (၁၉၅၃) နှင့် မောင့်သစ္စာရှင် (၁၉၅၃) တို့သည်လည်း ထင်ရှားအောင်မြင်သည်။

သူ၏ထင်ရှားသော ဘာသာပြန်ဝတ္ထုများမှာ အိုလီဗာတွစ်၊ စိမ်းလဲ့မြေလွှာ၊ ချိုတမာ၊ ပါတီဝင်၊ ပင်လယ်ဝံပုလွေ စသည်တို့ ဖြစ်သည်။

ထားတော့။ သူ စာများများ ဖတ်သည်။ သူ စာများများ ရေးသည်။

အဲသည်နေ့က သူ နည်းနည်း နောက်ကျသည်။ သုံးနာရီထိုးမှ ရောက်လာသည်။ သူ့ ပခုံးတွင် လွယ်လာသော ချည်လွယ်အိတ်အနွမ်းကလေးကို စားပွဲပေါ်သို့ ချလိုက်သည်။

ဒေါက်ခနဲ အသံမြည်သည်။ လွယ်အိတ်ထဲတွင် လေးလံသော အရာဝတ္ထုတစ်ခု ပါရှိသည်။ အလွတ်စုံထောက် တင်မောင်ဆွေ ပခုံးစလွယ်သိုင်းအိတ်ဖြင့် ကိုင်ဆောင်သော ပျူဂါ သေနတ် မဟုတ်ပါ။ နှစ်တောင့်ထိုး လက်နှိပ်ဓာတ်မီးသာ ဖြစ်သည်။ သူက အိမ်အပြန် နောက်ကျမည်။ ကားဆိပ်မှနေ၍ သူ့အိမ်သို့ရောက်အောင် တော်တော်လေး လျှောက်ရ သည်။ လမ်းက ရှည်သည်။ လမ်းက မှောင်သည်။ လမ်းက ဆိုးသည်။ သို့သော် လမ်းအမည်က သုခ။

သူက ခရီးရောက်မဆိုက်ပင် လွယ်အိတ်ထဲက အင်္ဂလိပ်စာအုပ်တစ်အုပ် ထုတ် သည်။ စာအုပ်က ချိုးဖောက်လျက်သား ဖြစ်သည်။ ထို့နောက် မျဉ်းကြောင်း မပါသော ဖူးစကက်စက္ကူ အဝါတွေကို ထုတ်သည်။ စက္ကူတွေက တွန့်ကြေနေသည်။ ထို့နောက် ရှက်ဖာ ဖောင်တိန်အနက်ကိုထုတ်ပြီး စာရေးတော့သည်။

သည်တွင်မှ ဦးဆန်နီနှင့် ကိုတင့်ဆန်းတို့က မိမိကို သူနှင့် မိတ်ဆက်ပေးသည်။ သူက စာရေးနေရာက မိမိကို ကြည့်သည်။ မိမိကို နှုတ်ဆက်သည်။ လှိုက်လှဲဖော်ရွေစွာ နှင့် ဖြစ်သည်။ သို့သော် စာရေးကား မပျက်ချေ။

သည်ကား သူ့အကျင့် ဖြစ်သည်။ သူ စာရေးသည့်အကျင့် ဖြစ်သည်။ သူက စကားပြောရင်း စာရေးတတ်သည်။ စာရေးရင်း စကားပြောတတ်သည်။ ခဏကြာသောအခါ သူက ဦးဆန်နီကို ပြောသည်။

“လက်ဖက်ရည်တိုက်ဗျာ ဆာပြီဗျ။ ဒီမှာ ဧည့်သည်လည်း ရောက်နေတယ်၊ သွား သွား သွားမယ်။ လက်ဖက်ရည်ဆိုင် သွားကြမယ်”

သူ စကားပြောလျှင် ထစ်သည်။ ဦးဆန်နီက ရွှေသွားများပေါ်အောင် တဟဲဟဲရယ်ကာ

'သွားမှာပေါ့ဗျာ၊ ခင်ဗျားက ရောက်လာရင် စာမှ မရေးရသေးဘူး။ လက်ဖက် ရည်သောက်ဖို့ပဲ”

သူနှင့် ဦးဆန်နီ အင်မတန်ရင်းသည်။ ညီအစ်ကိုလို ရင်းသည်။ သူတို့နှစ်ယောက် တွဲလာကြသည်မှာလည်း ကြာပြီ၊ စီးပွားဖက်တွေ ဖြစ်ကြသည်။ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ကြသည်။ ခေတ်ပြင်စာပေတိုက်ကို တည်ထောင်ခဲ့ကြသူများလည်း ဖြစ်သည်။

လက်ဖက်ရည်ဆိုင်သို့ သွားကြသည်။ သူက ရေးလက်စ စာရွက်များနှင့် မှီငြမ်းပြု သော စာအုပ်ကို ယူခဲ့သည်။ လက်ဖက်ရည်ဆိုင်တွင် စကားပြောကြသည်။ သူက စကားပြောရင်း၊ လက်ဖက်ရည်သောက်ရင်း၊ မုန့်စားရင်း စာကို ဆက်ရေးသည်။

“ဒီမှာ ဒီမှာ၊ ခင်ဗျား သူ့ကို ထမင်းမကျွေးဘူးလား။ သူက နယ်ကလာတဲ့ စာရေးဆရာဗျ”

ခဏကြာသောအခါ သူက ပြောသည်။ ဦးဆန်နီ သွားကြီး၆လျက်“ဟဲ ဟဲ ဟဲ ကျွေးမှာပေါ့ဗျာ၊ ခင်ဗျား စာကိုသာ ပြီးအောင်ရေးပါ” ထိုညက ဦးဆန်နီ ထမင်းကျွေးသည်။ ထိုမျှမက ရုပ်ရှင်ပြသည်။ ထိုမျှမကသေး။ “ခင်ဗျား....ခင်ဗျား သူ့ကို စာမူခ ပေး... ပေး” အယ်ဒီတာချုပ်က စာမူခပေးရန်ပြောသည်။ ထုတ်ဝေသူက ပေးရသည်။ မိမိအဖို့ ပထမဆုံး ရသော စာမူခ။

ထိုအချိန်က မိမိသည် စုံထောက်မဂ္ဂဇင်းတွင် စာမူသုံးလေးပုဒ် ပါပြီးပြီ ဖြစ်သည်။ ရန်ကုန်သို့ ရောက်တော့မှ ပထမဆုံးအကြိမ် စာမူခ ရရှိခြင်း ဖြစ်သည်။

သို့သော် သူတို့အားလုံးသည် မိမိအပေါ်တွင် စေတနာ ရှိကြသည်။ အားပေးကြ သည်။ ကူညီကြသည်။

မိမိကို ရန်ကုန်တွင် နေထိုင်ရန် အကြံပေးကြသည်။ စုံထောက်မဂ္ဂဇင်းတွင်လုပ် ကိုင်ရန် ပြောကြသည်။ သူတို့နှင့်အတူ လုပ်ကိုင်နေထိုင်ရန် ဖိတ်ခေါ်ကြသည်။ဘာ စဉ်းစားစရာ လိုသေးသနည်း။

မိမိ မန္တလေးသို့ ပြန်သည်။ ရက်ပိုင်းအတွင်းမှာပင် ရန်ကုန်သို့ ပြန်လာသည်။ တစ်ဖက်က ရန်ကုန်တက္ကသိုလ်တွင် ကျောင်းတက်သည်။ တစ်ဖက်က စုံထောက်မဂ္ဂဇင်း တွင် စာရေးသည်။ စုံထောက်မဂ္ဂဇင်းတိုက်တွင် အလုပ်လုပ်သည်။ တစ်နေ့လျှင် နှစ်ကျပ်။

ယင်းသို့ဖြင့် သူနှင့် လက်တွဲခဲ့ရသည်။ သူနှင့် ရင်းနှီးခဲ့ရသည်။

၁၉၅၆ ခုနှစ်တွင် သူနှင့် ခေတ္တ ခွဲခွာရသည်။ မိမိ အိမ်ထောင်ကျသည်။ မန္တလေးသို့ ပြန်လာသည်။ ရန်ကုန် ပြန်ရောက်သည်။ ငြိမ်းစာပေတွင် လုပ်သည်။ ပြည်တော်သစ် ဂျာနယ်တွင် လုပ်သည်။ အမျိုးသားသတင်းစာတွင် လုပ်သည်။ ကိုတင်အောင် မစန်း စာပေတွင် လုပ်သည်။ လျှို့ဝှက်သည်းဖို မဂ္ဂဇင်းတွင် လုပ်သည်။

သည်အတွင်းဝယ် သူနှင့် တွေ့သည့်အခါလည်း ရှိ၊ မတွေ့သည့် အခါလည်းရှိ။

၁၉၆၂ ခုနှစ်တွင် သူနှင့် ပြန်လည်ပေါင်းဆုံရသည်။ စုံထောက်မဂ္ဂဇင်းကို မြစာပေ က တာဝန်ခံ ထုတ်ဝေသောအခါ မိမိ ပါဝင်ရသည်။

ထိုမှစ၍ သူနှင့် တောက်လျှောက်တွဲရသည်။ စုံထောက်မဂ္ဂဇင်းကို သူနှင့်မိမိတို့ တာဝန်ခံ ထုတ်လုပ်ရသည်။ သူက အယ်ဒီတာချုပ်။ မိမိက တာဝန်ခံအယ်ဒီတာ။

သို့သော် သူက မဂ္ဂဇင်းလုပ်ငန်းများကို မိမိအား လွှဲထားသည်။ သူက စာရေး သည်။ စာဖတ်သည်။ သို့သော် ရုပ်ရှင်အကြည့်သွားသည်။ မိတ်ဆွေများနှင့် အနေများ သည်။

သူက လူတွေကို ခင်သည်။ လူတွေကလည်း သူ့ကို ခင်သည်။ သူက မည်သူ့ကိုမျှ မုန်းသည် မရှိ။ သည်တော့ သူနှင့် လူတွေနှင့် လုံးထွေးလျက် ရှိသည်။ သူက ပျော်ကတ်သည်။ သူတစ်ပါးအတွက်လည်း ပျော်တတ်သည်။

အထူးသဖြင့် သူ ခင်မင်သူများအတွက် ပိုပြီး ပျော်တတ်သည်။ ပိုပြီး ဝမ်းသာ တတ်သည်။ သည်တော့လည်း သူနှင့်အတူ ပျော်ရွှင်ကြည်နူးရပါသည်။

သည်အကြောင်းကို ပြောရမည်ဆိုလျှင် တစ်ခုသော သြဂုတ်လ။

ထိုနေ့ကလည်း မိုးတွေ ရွာနေသည်။

သြဂုတ်လ ၁ ရက်နေ့ ဖြစ်သည်။ ပုဂံစာအုပ်တိုက် နှစ်လည်နေ့ ဖြစ်သည်။

နှစ်စဉ်နှစ်တိုင်း ပုဂံနှစ်လည်နေ့ ကျင်းပသည်။ ပုဂံနှစ်လည်စာအုပ် ထုတ်ဝေ သည်။ စာရေးသူများနှင့် မိတ်ဆွေများကို ဖိတ်ကြားပြီး ကျွေးမွေးဧည့်ခံသည်။ ခြိမ့်ခြိမ့်သဲ ပင် ဖြစ်သည်။

ပုဂံနှစ်လည်နေ့တွင် စာရေးဆရာများ၊ စာပေမိတ်ဆွေများ ဆုံကြသည်။ စကား ပြောကြသည်။ ဆွေးနွေးကြသည်။ ပျော်ပျော်ပါးပါး စားသောက်ကြသည်။

ထိုနှစ်က ပုဂံနှစ်လည် စာအုပ်မှာ မိမိ၏ မြန်မာပြည်မြောက်ပိုင်း ဖြစ်သည်။ ထိုနေ့တွင် လာရောက်သူများကို စာအုပ်လက်ဆောင်ပေးသည်။

သို့သော် မိုးဝေသည် စာအုပ်ကို ကြိုတင် ရရှိခဲ့ပြီး ဖြစ်သည်။ ထိုမျှမက ကြိုတင် ဖတ်ရှုပြီးလည်း ဖြစ်သည်။

သူက မြန်မာပြည်မြောက်ပိုင်းကို ဝေဖန်သည်။ မိမိကို ဝေဖန်သည်။ ထို့နောက် မိမိကို အားပေးချီးကျူးသည်။ ထုတ်ဝေသူကို အားပေးချီးကျူးသည်။

သူ ပျော်ရွှင်သည်။

သူက ပုဂံစာအုပ်တိုက်နှင့် မြန်မာပြန်မြောက်ပိုင်းအတွက်ပျော်ရွှင်စွာ စားသောက် ကြပါရန် ဆန္ဒပြုသည်။

ထို့နောက် ပျော်ရွှင်စွာ သီချင်းဆိုကြရန် ပြောသည်။ ပျော်ရွှင်စွာ ကခုန်ကြရန် ပြောသည်။ သည်တော့ မည်သူမျှ မငြင်းသာ။ အားလုံးပင် ပျော်ရွှင်ရင်းနှီးစွာ သီဆို ကခုန်ကြရသည်။

သည်တွင် အားလုံး ပျော်ကြရသည်။ ဝမ်းသာကြရသည်။ အမှတ်တရ ဖြစ်ကြရသည်။

နောက်နှစ် သြဂုတ်လတွင် သူ ကွယ်လွန်သည်။

ယခု သူ မရှိတော့။ သို့သော် သူ့ကို အထိမ်းအမှတ်ပြုသော မိုးဝေမဂ္ဂဇင်း ရှိနေ၍သာသည်။ မဖြေသာသည့် အကြောင်းတစ်ခုကတော့ ပုဂံစာအုပ်တိုက်နှင့် ပုဂံစာအုပ် ထုတ်ဝေသူ။ 

ဂံစာအုပ်တိုက်ကို တည်ထောင်ထုတ်ဝေခဲ့သူ မောင်ကိုဦးလည်. ကွယ်လွန်ခဲ့ ၊ မိုးတွေ ဝေနေသော သြဂုတ်လများတွင် ပုဂနှစ်လည်ပွဲ မကျင်းပခဲ့သည်မှာ လည်း ကြာပြီ။ ထို့အတူ ပုဂံစာအုပ်များ ထွက်ပေါ်မလာသည်မှာလည်း ကြာတောင့် ကြာချေပြီ။ သြဂုတ်လသည် လွမ်းမောဖွယ်ရာပင် ဖြစ်တော့သည်။

( မူရင်းအမည် “သြဂုတ်လ အလွမ်းပြေ” )

( မိုးဝေ၊ ဩဂုတ်၊ ၁၉၈၁)

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)