Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

နတ်နွယ် - မင်းမှာသစ္စာလူမှာကတိ

Regular price 3,300 MMK
Regular price Sale price 3,300 MMK
Sale Sold out

[၁]

          ညနေဆည်းဆာချိန်တွင် ဟယ်ရီကာတာကို သယ်ဆောင်လာသော ဂျစ်ကားကလေးသည် အယ်လ်ဂျီးယားမြို့ အပြင်ဘက်ရှိ မူအား ဗိသုကာ လက်ရာကျော် ဒါအယ်ကွက် စံအိမ်တော် မုခ်တံတားကို ဖြတ်သန်းကာ လှပစွာ မွမ်းမံခြယ်လှယ်ထားသော ကုန်းတံခါးပေါက်ကြီး ရှေ့တွင် တုံ့ခနဲ ရပ်လိုက်သည်။

         “ဒီမှာစောင့်နေ”

          ကာတာသည် ယာဉ်မောင်းကို မှာကြားပြီးနောက် အစောင့်စစ်သား များကို ကျော်လွန်ကာ လှေကားထစ်များကို တက်သွားသည်။ အတွင်းဘက် ရှိ မှုန်ရီအေးမြသော ခန်းမဆောင်ကြီးထဲတွင်ကား လူငယ် ဗိုလ်ကြီးတစ်ယောက်သည် နွေရာသီဝတ်စုံဖြင့် စားပွဲတစ်လုံးတွင် အလုပ်လုပ်လျက် ရှိသည်။ သူ၏ရှေ့မှ အမည်ဆိုင်းဘုတ်ကလေးက “ဗိုလ်ကြီးဂျော့ကူးဆတ်” ဟု ဖော်ပြလျက်ရှိသည်။ ကာတာကို သူမော့ကြည့်သည်။ ကာတာ၏ စစ်ဝတ်စုံ၊ ပခုံးပေါ်မှ သရဖူများနှင့် သူရဲကောင်းဘွဲ့ တံဆိပ် ဒုတိယဆင့် တို့ကို တွေ့မြင်သောအခါ မတ်တတ်ထရပ်လိုက်သည်။

          “ကျွန်တော် ဘာလုပ်ပေးရမလဲ ဗိုလ်မှူး” 

          ကာတာက သူ၏ခွင့်ပြုလက်မှတ်ကို ထုတ်ပြရင်း …

          “ဗိုလ်ချုပ်ကြီး အိုက်ဆင်ဟောင်ဝါနဲ့ ချိန်းထားတယ် ...” 

          ဗိုလ်ကြီးကူးဆတ်သည် ခွင့်ပြုလက်မှတ်ကို ခေတ္တမျှကြည့်ပြီးနောက်ခေါင်းညိတ်လိုက်သည်။

          “ဆယ်မိနစ်လောက် ကြာလိမ့်မယ် ဗိုလ်မှူး၊ ခဏကလေးထိုင်ပါဦး၊ ဗိုလ်မှူးရောက်နေတဲ့အကြောင်း ကျွန်တော်သွားပြောလိုက်မယ်”

           ဟယ်ရီကာတာသည် မှန်တံခါးတစ်ခုမှနေ၍ အပြင်ဘက် ရင်ပြင်သို့ ထွက်သွားပြီး ကုလားထိုင်တစ်လုံးတွင် ထိုင်လိုက်သည်။ သူသည် ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် အင်္ကျီအိတ်အတွင်းမှ ငွေစီးကရက်ဘူး အဟောင်း လေးတစ်ခုကို ထုတ်ယူပြီး စီးကရက်တစ်လိပ် ရွေးယူသည်။ ။

            သူသည် အသက် လေးဆယ့်နှစ်နှစ်အရွယ်ရှိပြီး အရပ်အမောင်းမှာ မနိမ့်မမြင့် ဖြစ်သည်။ လူချောလူခုံတစ်ယောက် ဖြစ်သည်။ သူ့မျက်နှာက တည်ငြိမ်ချိုသာသည်။ အမြဲတမ်းလိုပင် ပြုံးတော့မယောင်ရှိသည်။ သူသည် စစ်ဝတ်စုံနှင့် ကြည့်၍ကောင်းလှသည်။ သို့သော် အံ့သြဖွယ်ရာ ကောင်းသည် ကတော့ သူသည် စစ်မျိုးစစ်နွယ်မဟုတ်ဘဲ ယောက်ရှိုင်းယားမှ ချမ်းသာ ကြွယ်ဝသော ဂျုံစက်ပိုင်ရှင်တစ်ဦး၏ ဒုတိယသားဖြစ်ပြီး ဗီဇအားဖြင့် အသိ ပညာရှင်တစ်ဦးသာ ဖြစ်သည်။ သူသည် လိဒ်အထက်တန်းကျောင်းတွင် အသက် ၁၃ နှစ်ရွယ်အထိ ပညာသင်ကြားခဲ့ပြီး ဝင်ချက်စတာကျောင်းသို့

ပြောင်းရွှေ့သင်ကြားသည်။ ၁၉၁၇ ခုနှစ်တွင် ထိုကျောင်းမှ သူထွက်ပြီး စစ်ထဲသို့ အသက်လိမ်ပြီး ဝင်ရောက်သည်။ ပထမကမ္ဘာစစ်ကြီး၏ နောက် ဆုံး ဆယ့်ရှစ်လကာလတွင် အနောက်ဘက်စစ်မျက်နှာ ခြေလျင်တပ်သား ကလေးအဖြစ် ထမ်းဆောင်ခဲ့သည်။

             ထို့နောက်တွင်ကား ကိန်းဗရစ်တက္ကသိုလ်သို့ သူရောက်ရှိသည်။ ထက်မြက်သော ပညာရှင်တစ်ဦး ဖြစ်လာသည်။ ဖလောရင့်တက္ကသိုလ် ဂရိတ် ရှေးဟောင်းသုတေသနပညာ ဧည့်သည်ပါမောက္ခအဖြစ် ထမ်းရွက်သည်။ ထို့နောက် ကိန်းဗရစ်တက္ကသိုလ်သို့ ပြန်လည်ရောက်ရှိသည်။ အသက်သုံး ဆယ့်ငါးနှစ်အရွယ်တွင် ရှေးဟောင်းသမိုင်းပါမောက္ခ ဖြစ်လာသည်။

            မြူးနစ်စာချုပ်အပြီးတွင် ဗြိတိသျှထောက်လှမ်းရေးအဖွဲ့ က သူ့ကို စည်းရုံးသည်။ အင်္ဂလန်နိုင်ငံရှိ ဂျာမန်သူလျှိုလုပ်ငန်းကို ဖြိုဖျက်ရာတွင် သူပါဝင်သည်။ ထို့နောက် အကူစစ်ဆင်ရေးအဖွဲ့သို့ သူ ပြောင်းရွှေ့ရသည်။ နောက်ဆုံးတွင် သူသည် ကိုင်ရိုမြို့သို့ ပြောင်းရွှေ့ရပြီး အီတလီဌာနစိတ်ကို

တာဝန်ခံရသည်။ ထို့နောက် စစ္စလီကျွန်းကိစ္စ ပါဝင်လာသည်။

          သူ၏ နောက်ဘက်တွင် လှုပ်ရှားမှုတစ်ခု တွေ့ရသဖြင့် ကြည့်လိုက် သောအခါ ဗိုလ်ကြီးကူးဆတ်ကို တွေ့ရှိရသည်။

          “ဗိုလ်မှူးကာတာခင်ဗျား၊ ဗိုလ်ချုပ်ကြီး အိုက်ဆင်ဟောင်ဝါက ဗိုလ်မှူးကို အခုပဲ လက်ခံတွေ့ဆုံပါလိမ့်မယ်”

 

           အိုက်ဆင်ဟောင်ဝါ၏ ရုံးခန်းသည် စံအိမ်တော်ကြီး တစ်ခုလုံး၏ နည်းတူပင် မူအား ဗိသုကာလက်ရာများဖြင့် လှပစွာ ဆင်ယင်မွမ်းမံထား သည်။ အာဖရိကမြောက်ပိုင်း စစ်ဒေသဦးစီးမှူးကြီး၏ ဌာနချုပ် ပင်မရုံးခန်း ဖြစ်ကြောင်းကို နံရံပေါ်ရှိ မြေပုံများကသာ ညွှန်ပြလျက်ရှိသည်။

           အခန်းတွင်းသို့ သူတို့ ဝင်ရောက်သွားချိန်တွင် အိုက်ဆင်ဟောင်ဝါ သည် အပြင်ဘက်ရင်ပြင်ပေါ်တွင် မတ်တတ်ရပ်လျက် ရှိသည်။ စီးကရက်

သောက်နေသည်။ မြင်းစီးဘောင်းဘီနှင့် ဖိနပ်များကို စီးထားသည်။ သူက ညနေတိုင်းလိုပင် မြင်းစီးထွက်လေ့ရှိသည်။ သူတို့ရှိရာဘက်သို့ သူလှည့်ပြီး ဖျတ်လတ်သွက်လက်စွာ လျှောက်လာသည်။ သူ၏မျက်နှာပေါ်တွင်ကား ထင်ရှားကျော်ကြားသော အပြုံးက တောက်ပလျက်ရှိသည်။ မည်သူမျှ မတုပ နိုင်သော အပြုံးမျိုးဖြစ်သည်။

            “ကော်ဖီယူခဲ့ပါ ဂျော့၊ ... နေဦး၊ ဗိုလ်မှူးက လက်ဖက်ရည် များသောက်မလား”

             သူက ကူးဆတ်ကိုပြောသည်။ 

            “ကော်ဖီပဲ ကောင်းပါတယ်ခင်ဗျာ”

             ကာတာက ဖြေသည်။ ကူးဆတ် ထွက်သွားသည်။ အိုက်ဆင် ဟောင်ဝါက ကာတာကို ကုလားထိုင်တစ်လုံး ညွှန်ပြပြီးနောက် ဖိုင်တစ်ခုကို စားပွဲပေါ်တွင် ဖွင့်လိုက်သည်။

            “ဗိုလ်မှူးလို တက္ကသိုလ်ကလူတစ်ယောက်က ဘယ်လိုလုပ်ပြီး စစ္စလီ ကျွန်းက ကျေးတောသားတစ်ယောက် ဖြစ်နိုင်မလဲ”

            “ဒီအတွက်ကတော့ တက္ကသိုလ်အနုပညာအသင်းကို ဗိုလ်ချုပ်ကြီးစဉ်းစားစေချင်ပါတယ်၊ ကျွန်တော်က ဇာတ်သဘင်လောကကို ဝင်ဖို့တောင် စိတ်ကူးမိခဲ့တယ်”

          “ဗိုလ်မှူးက ဒါလောက်ပဲတော်သလား”

          “ကျွန်တော်ဟာ အဲဒီလောက်မတော်ရင်လည်း ဒီနေရာကို ရောက် မလာပါဘူး ဗိုလ်ချုပ်ကြီး”

          ကာတာက တည်ငြိမ်စွာ ပြန်ပြောသည်။

          “အထူးစစ်ဆင်ရေးအဖွဲ့ က ဗိုလ်မှူးကို အီတလီဌာနစိတ် တာဝန်ယူဖို့ ကိုင်ရိုကို လွှတ်လိုက်တုန်းက စစ္စလီကျွန်းကို ကိုယ်ရေးကိုယ်တာကိစ္စနဲ့ ဗိုလ်မှူး သုံးခေါက်တိတိ သွားခဲ့တဲ့ကိစ္စကို သူတို့ ထည့်တွက်ပုံမရဘူး”

           ဗိုလ်ချုပ်ကြီးက ဖိုင်ကိုကြည့်ရင်း ပြောသည်။

          “မှန်ပါတယ် ဗိုလ်ချုပ်ကြီး၊ ဒါပေမဲ့ ကျွန်တော်တို့မှာ တခြား ရွေးစရာ လည်း မရှိပါဘူး၊ စစ္စလီကျွန်းကိစ္စ ပေါ်လာတဲ့အခါမှာ အဲဒီကျွန်းက လူတွေ အကြောင်းနဲ့ အဲဒီကျွန်းက ဘာသာစကားတွေကို သိတဲ့လူဆိုလို့ ကျွန်တော် ကလွဲလို့ တခြားဘယ်သူမှမရှိပါဘူး၊ ကျွန်တော်က အဲဒီမှာ ၁၉၃၀ တစ်ဝိုက် က ရှေးဟောင်းသုတေသန တူးဖော်မှုတွေ အတော်ကလေးလုပ်ခဲ့ပါတယ်”

           “အဲဒီတော့ အခုလည်း ဗိုလ်မှူး တစ်ခေါက်သွားဦးမယ် ဆိုပါတော့၊ ဒီကိစ္စမျိုးအတွက် ဗိုလ်မှူးအနေနဲ့ အသက်နည်းနည်း ကြီးသွားပြီလို့များ မတွက်မိဘူးလား”

           ထို့နောက် အိုက်ဆင်ဟောင်ဝါသည် စာရွက်တစ်ရွက်ကို စားပွဲပေါ် တွင် တွန်းပြီး ပို့လိုက်သည်။ ကာတာက ယင်းစာရွက်ကို ကောက်ယူလိုက် သည်။ အထူးစစ်ဆင်ရေးအဖွဲ့ ၏ ညွှန်ကြားချက်တစ်ခုပင် ဖြစ်သည်။

            စစ်ဆင်ရေး ညွှန်ကြားချက် အမှတ် ၅၉၂ 

            ဗိုလ်မှူး ဟယ်ရီကာတာအတွက်၊ 

            စစ်ဆင်ရေး၊ ညာလက်ရုံး 

            စစ်ဒေသအမည်၊ ဖော်ကျူနေတို 

            မှတ်ပုံတင်အမည်၊ ဂျီယိုဗန်နီစီစီယို

အကြောင်းအရာ

          ယခုနှစ် ဖေဖော်ဝါရီလအတွင်းက စစ္စလီကျွန်းသို့ ရဲဘော် သွားရောက်စဉ်က ဆောင်ရွက်ခဲ့သော လုပ်ငန်းတာဝန် များကို အပြီးသတ် ဆောင်ရွက်ရေးအတွက် အဆိုပါကျွန်းသို့ ရဲဘော် နောက်တစ်ခေါက် ကောင်း သွားရမည့် အကြောင်းကို ရဲဘော်နှင့် ကျွန်ုပ်တို့ ဆွေးနွေးပြီးဖြစ်လေ သည်။ ရဲဘော်၏တာဝန်ကို ထပ်မံဖော်ပြရလျှင် မဟာမိတ် တပ်ဖွဲ့များ ထိုးစစ်ကြီး ဆင်နွှဲသောအခါတွင် အစွမ်းကုန် ပူးပေါင်းဆောင်ရွက်မှု ရရှိရေးအတွက် ကမ္မရာတာဒေသရှိ တော်လှန်ရေးအုပ်စုများနှင့် ဆက်သွယ်ရန်ဖြစ်သည်။

ဤတာဝန်ကို ထမ်းဆောင်ရန်အတွက် အထက်ပါ ဒေသသို့ ရဲဘော် ပြန်လည်သွားရောက်ရေး ကိစ္စတွင် မည် သည့်အကြောင်းကမျှ တားဆီးခြင်း မရှိကြောင်း ရဲဘော်၏ စိတ်ထဲတွင် ပြတ်သားစွာ သဘောပေါက်ထားရမည် ဖြစ် သည်။

အစီအစဉ်

         မေဆင်ဘလင်ချီ လေတပ်စခန်းမှတစ်ဆင့် စစ္စလီ ကျွန်းသို့ ၁၃၈ (အထူးတာဝန်) လေယာဉ်အုပ်စုမှ ဟယ်လီ ဖက်လေယာဉ်ဖြင့် သွားရောက်ရမည်။ ဗယ်လိုနာရှာ၏ အနောက်ဘက် ၁ဝ ကီလိုမီတာတွင် လေထီးဖြင့် ဆင်းသက်ရ မည်။ ဒေသဆိုင်ရာ တော်လှန်ရေးအုပ်စုမှ လက်ခံကြိုဆို မည်။ ရဲဘော်သည် အဆိုပါဒေသတွင် ဂျီယိုဗန်နီစီစီယို အမည်ဖြင့် ရုပ်ဖျက်နေထိုင်ရမည်။

အတွင်းဆက်သွယ်ရေး

         ပါမိုလာဒေသရှိ တော်လှန်ရေးအင်အားစုများနှင့် ဆက် သွယ်ရေးမှာ ယင်းမြို့၏ အပြင်ဘက်တွင်ရှိသော စံရိပ်သာ၌နတ်နွယ် နေထိုင်လျက်ရှိသော ဗယ်လိုနာ ထိပ်ထားမှတစ်ဆင့် ဖြစ် သည်။ ဌာနချုပ်နှင့် ဆက်သွယ်ရေးမှာ ဗယ်လိုနာဒေသရှိ ဆက်သွယ်ရေးမှူး ဗစ်တိုဗာဗီရာမှတစ်ဆင့် ရေဒီယိုဖြင့် ဆက် သွယ်ရန် ဖြစ်သည်။

လက်နက်များ

           မိမိနှစ်သက်ရာ သုံးနိုင်သည်။ သို့သော် လက်နက်မဲ့ တိုက်ခိုက်ခြင်းကို ဦးစားပေးရမည်။

နိဂုံးချုပ်

           ဤလုပ်ငန်းတာဝန် အရေးကြီးကြောင်း ရဲဘော် သတိပြုရမည်။ ဤလုပ်ငန်းမှတစ်ပါး အခြားမည်သည့် အကြောင်းကိစ္စကိုမျှ ဦးစားမပြုရ။ နှစ်ပတ်အတွင်း ပြီးပြတ်

အောင် ဆောင်ရွက်ရမည်။ အပြန်ခရီးတွင် ရေငုပ်သင်္ဘောဖြင့် ခေါ်ဆောင်မည်။ အသေးစိတ်အစီအစဉ်များကို သင့်လျော်သောအချိန်တွင် ရေဒီယိုမှ လျှို့ဝှက်ညွှန်ကြားမည်။ ယခု ဖျောက်ဖျက်ရန် ... ယခု ဖျောက်ဖျက်ရန် ... ယခု ဖျောက်ဖျက်ရန်။

           ကာတာသည် အိတ်ထဲမှ မီးခြစ်ထုတ်ပြီး လက်မဖြင့် ခြစ်လိုက်သည်။ မီးတောက်ကလေးကို ညွှန်ကြားလွှာ၏ အောက်ဘက်ထောင့်တွင် တို့ထိ လိုက်သည်။ ညွှန်ကြားလွှာကို မီးစွဲလောင်သောအခါ သူသည် မီးမရှိသော မီးလင်းဖိုဆီသို့ လျှောက်သွားပြီး အတွင်းသို့ ပစ်ထည့်လိုက်သည်။

           “ဗိုလ်ချုပ်ကြီးရဲ့ လက်ထဲမှာလည်း ဒီညွှန်ကြားလွှာ မရှိသင့်ဘူးပေါ့”

           တံခါးပွင့်သွားသည်။ ကြေးလင်ပန်းတစ်ခုပေါ်တွင် ကော်ဖီအိုးနှင့် ပန်းကန်များတင်ပြီး ကူးဆတ် ဝင်ရောက်လာသည်။

           “ကျေးဇူးပဲ ဂျော့၊ ငါ့ဘာသာထည့်မယ်” 

           အိုက်ဆင်ဟောင်ဝါက ပြောလိုက်သည်။ ကော်ဖီကို သူကိုယ်တိုင်ငဲ့ပြီးနောက် စီးကရက်တစ်လိပ်ကို မီးညှိသည်။

          “စစ္စလီကျွန်းမှာ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေကို မြောက် အာဖရိကမှာရှိနေတဲ့ လူတွေအားလုံးထက် ဗိုလ်မှူးက ပိုပြီးသိလိမ့်မယ်လို့ ကျုပ် ယူဆတယ်၊ အဲဒီတော့ စစ္စလီကျွန်းအကြောင်း ပြောကြရအောင်”

           “ဗိုလ်ချုပ်ကြီး ဘာပိုသိချင်ပါသလဲ”

           “မာဖီးယားအကြောင်း ကျုပ်ကို ရှင်းပြစမ်းပါ”

           “ဗိုလ်ချုပ်ကြီးမှာ မာဖီးယားနဲ့ ပတ်သက်တဲ့ ဖိုင်တွဲရှိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်”

           “ရှိတယ်” 

           ကာတာ စီးကရက်တစ်လိပ် မီးညှိသည်။

           “မာဖီးယားက အပြင်းအထန် ဖိနှိပ်ညှဉ်းပန်းခံရတဲ့ ခေတ်ကာလမှာ လျှို့ဝှက်အဖွဲ့ အစည်း တစ်ခုအနေနဲ့ စတင်ပေါ်ပေါက်ခဲ့တယ်။ အဲဒီခေတ် ကာလမှာ မာဖီးယားဟာ တောင်သူလယ်သမားတွေရဲ့ တစ်ခုတည်းသော လက်နက်ပဲ၊ တစ်ခုတည်းသော အမှန်တရားပဲ”

           “ဆက်ပြောပါ”

           “သူတို့ဆီက နယ်မြေအခြေအနေကို ဗိုလ်ချုပ်ကြီး သဘောပေါက်ဖို့ လိုပါတယ်၊ သူတို့ရဲ့ ရေမြေက ကျွန်တော်တို့နဲ့မတူတဲ့ ကမ္ဘာတစ်ခုပဲ။ ရာသီဥတု မကောင်းဘူး၊ မြေသြဇာ မကောင်းဘူး၊ အဲဒီမှာတိုက်ပွဲဆိုတာ အသက်ရှင်ရေးအတွက် လှုပ်ရှားမှုပဲ၊ အဲဒီကမ္ဘာရဲ့ လက်စွဲစကားကတော့ အိုမာတာပဲ၊ အိုမာတာရဲ့ အဓိပ္ပာယ်ကတော့ ယောက်ျားပီသရမယ်၊ ဂုဏ် သိက္ခာရှိရမယ်၊ အာဏာပိုင် ပုဂ္ဂိုလ်တွေဆီက အကူအညီမယူရဘူး၊ ပြဿနာ ပေါ်လို့ရှိရင် ကာပိုဆီကို သွားရမယ်”

          “ကာပို ဟုတ်လား ..” 

          အိုက်ဆင်ဟောင်ဝါက မျက်မှောင်ကုတ်လိုက်သည်။

         “ကာပိုဆိုတာက အကြီးအကဲခေါင်းဆောင် .. ဘာပဲပြောပြောရ တယ်၊ စစ္စလီကျွန်း ဘယ်နေရာ ဘယ်ဒေသကိုပဲသွားသွား အဲဒီနေရာ အဲဒီ ဒေသမှာ အုပ်ချုပ်နေတဲ့ မာဖီးယား ကာပိုတစ်ယောက်ကို တွေ့ရမယ်”

          “အခုထိ ရှိနေတုန်းပဲလား”