Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

နတ်နွယ် - ဘ၀ဟူသည်

Regular price 5,500 MMK
Regular price Sale price 5,500 MMK
Sale Sold out

(၁)

          ညွှန်ကြားရေးမှူးက ပြောသည်။ “မင်းအဖေကို လေးစားလို့သာ မင်းကို တားနေတာပဲ။ နို့မဟုတ်ရင်တော့ မင်း ဒီကနေ ပျံထွက်သွား ရတာ ကြာလှပြီ” ကျွန်တော်က ပြန်ပြောသည်။ “ဆရာက ကျွန်တော် တကယ်ပဲ ပျံတတ်သလို မြှောက်ပြောနေတာပဲ” ထိုအခါ သူက ပြန်ပြော လိုက်သည့်စကားကို ကျွန်တော် ကြားရသည်။

 “သူ့ကို ခေါ်သွားကြစမ်း၊ ငါ ဒေါသ ဖြစ်လာပြီ”

          နောက်နှစ်ရက်အကြာတွင် ကျွန်တော် အလုပ်ထုတ်ခံရသည်။ ယင်းသို့ဖြင့် ကျွန်တော် အရွယ်ရောက်ပြီး နောက်ပိုင်းတွင် အလုပ်ကိုးကြိမ် တိုင်တိုင် ပြောင်းခဲ့ရသည်။ ကျွန်တော်တို့မြို့၏ ဗိသုကာကြီးဖြစ်သော ကျွန်တော်၏ဖခင် အကြီးအကျယ် စိတ်မကောင်း ဖြစ်ရသည်။

          အစိုးရဌာန အသီးသီးတွင် ကျွန်တော် လုပ်ကိုင်ခဲ့ရသည်။ သို့သော် ယင်းအလုပ် ကိုးခုစလုံးသည်ပင် သဲထဲရေသွန် ဖြစ်ကြသည်။ ကျွန်တော် စားပွဲမှာ ထိုင်ရသည်။ ရေးရ ချွတ်ရသည်။ ပေါက်တတ်ကရ ပြောသည် များ၊ သို့မဟုတ် ရင့်ရင့်သီးသီး ပြောသည်များကို နားထောင်ရသည်။ ထို့နောက် အလုပ်မှ အထုတ်ခံရမည်ကို စောင့်စားနေရသည်။

           အဖေ့ အနီးသို့ ကျွန်တော် ရောက်ရှိသွားသောအခါ သူသည် ကုလားထိုင်ပေါ်တွင် ခြေပစ်လက်ပစ်ထိုင်ပြီး မျက်လုံးစုံကို မှိတ်ထားသည်။

ပိန်ခြောက်သော၊ ဟက်ဟက်ပက်ပက်မရှိသော၊ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး ရိတ်ထားသော နေရာများတွင် နက်ပြာပြာဖြစ်နေသော သူ၏မျက်နှာသည် မိမိ၏စိတ်ကို နှိမ့်ချထားပြီး အောင့်အည်းသည်းခံနေရသော အမူအရာမျိုးကို ဖော်ပြလျက် ရှိသည်။ (သူ၏ မျက်နှာအမူအရာက ဘုရားရှိခိုးကျောင်းက စန္ဒရားဆရာနှင့် တူသည်။) ကျွန်တော် နှုတ်ဆက်သည်ကိုလည်း တုံ့ပြန် ခြင်းမပြု။ သူ၏မျက်လုံးများကိုလည်း ဖွင့်ကြည့်ခြင်းမရှိပါ။

          “ငါ အင်မတန်ချစ်တဲ့ မင်းအမေသာ အခုအထိအသက်ရှင်နေရင် မင်းဟာ သူ့ကို အမြဲတမ်း စိတ်ဒုက္ခပေးနေမှာပဲ။ အဲဒီတော့ ငါ့ကိုပြောစမ်း၊ ဘာမှ အသုံးမကျတဲ့ကောင်” သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး “မင်းကို ငါ ဘာလုပ်ရမှာလဲ”

          ဟိုတုန်းက ကျွန်တော် ငယ်စဉ်ကမူ ကျွန်တော်၏ သူငယ်ချင်း များနှင့် ဆွေမျိုးများက ကျွန်တော့်ကို ဘာလုပ်ရမည်ကို သိကြသည်။ တချို့က ကျွန်တော့်ကို စစ်ထဲဝင်ဖို့ အကြံပေးကြသည်။ တချို့က ဆေးဝါး လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်ရန် အကြံပေးကြသည်။ တချို့က ကြေးနန်း ဌာနသို့ဝင်ရန် ပြောကြသည်။ သို့သော် ယခုအခါ ကျွန်တော်၏ အသက် ၂၅ နှစ်ရှိပြီ။ နားထင်နှစ်ဖက်တွင် ဆံပင်များ ဖြူကြသောအခါ ကျွန်တော် သည် စစ်တပ်ထဲသို့ လည်း ဝင်ခဲ့ပြီ၊ ဆေးဝါးလုပ်ငန်းသို့လည်း ဝင်ခဲ့ပြီ။ ကြေးနန်းဌာနသို့လည်း ဝင်ခဲ့ပြီ။ ဒီလောကကြီးတွင် တခြားလုပ်စရာလည်း မရှိတော့ပြီ ဖြစ်သောအခါ သူတို့က ဘာအကြံမျှ မပေးကြတော့ပါ။ ခေါင်းများကို ယမ်းခါကာ ပင့်သက်များကိုသာ ဖြာကြပါတော့သည်။

          “မင်းကိုယ်မင်း ဘာလုပ်မယ် စိတ်ကူးထားသလဲ။ မင်းနှင့် သက်တူရွယ်တူ တခြားလူငယ်တွေဟာ ရာထူးရာခံတွေနှင့် ဣန္ဒြေရနေ ကြပြီ၊ ဒါပေမဲ့ မင်းကတော့ ဘာဖြစ်နေသလဲ။ ပစ္စည်းမဲ့တစ်ယောက်၊ သူတောင်းစားတစ်ယောက်။ အဖေရဲ့ ကုပ်ပေါ်မှာ ခွစားနေတဲ့ လူတစ် ယောက်”

           အဖေက ဆက်ပြီး ပြောသည်။

           ထို့နောက် အဖေက ထုံးစံအတိုင်း ယနေ့ လူငယ်တွေ ပျက်စီး နေကြသည့်အကြောင်း၊ ဘာသာတရားကို နားမလည်၍ ပျက်စီးကြသည့် အကြောင်း၊ ရုပ်ဝါဒကြောင့် ပျက်စီးကြရသည့်အကြောင်း၊ အခြောက်တိုက် ဘဝင်မြင့်နေကြသဖြင့် ပျက်စီးရသည့်အကြောင်း၊ အပျော်တမ်းပြဇာတ် ကပြမှုများကို တားမြစ်သင့်သည့်အကြောင်း၊ ယင်းပြဇာတ် ကပြမှုများက လူငယ်များကို ဘာသာတရားနှင့် တာဝန်ဝတ္တရားမှ လမ်းမှားသို့ ရောက်ရှိ စေကြောင်းတို့ကို ပြောနေတော့သည်။

           “မနက်ဖြန်ကျရင် ငါတို့နှစ်ယောက် အတူသွားကြမယ်။ ညွှန်ကြား ရေးမှူးကို မင်း တောင်းပန်ရမယ်၊ အလုပ် ကောင်းကောင်းလုပ်ပါမယ်လို့ မင်း သူ့ကို ကတိပေးရမယ်။ မင်းဟာ လူ့လောကကြီးထဲမှာ ရာထူး တာဝန် တစ်ခုမရှိဘဲနှင့် တစ်ရက်မှ အလကားမနေရဘူး”

           အဖေက သူ့စကားကို နိဂုံးချုပ်လိုက်သည်။

           “အဖေ့ကို ကျွန်တော် တစ်ခုပြောပါရစေ။ အဖေပြောတဲ့ လူ့ လောကကြီးထဲက ရာထူး၊ အဆင့် တစ်ခုဆိုတာက အရင်းအနှီး၊ ပိုက်ဆံနှင့် ပညာ အရည်အချင်းအရ ဖြစ်လာတဲ့ အလုပ်မျိုးတွေပဲ။ ဒါပေမဲ့ ပိုက်ဆံ မရှိတဲ့ လူတွေ၊ ပညာမတတ်တဲ့ လူတွေဟာ ထမင်းတစ်နပ်ကို သူတို့ရဲ့ ကာယလုပ်အားနှင့် ရှာစားနေကြတာပဲ။ ကျွန်တော်လည်း ဘာဖြစ်လို့ ကာယလုပ်အားနှင့် ရှာမစားနိုင်ရမှာလဲ”

           အဖေနှင့် စကားပြောရာမှ ဘာအကျိုးတစ်ခုမျှ ဖြစ်မလာမည်ကို သိလျက်နှင့် ကျွန်တော် ပြောလိုက်သည်။

           “ဘာပြောတယ်၊ ကာယလုပ်အား ဟုတ်လား။ အတော့်ကို မျက်လုံး ကြီး၊ အတော့်ကို အောက်တန်းကျတာပဲ” အဖေက ဒေါသတကြီး ပြောလိုက်သည်။ “ဒီမယ် ဟေ့ကောင်၊ နလပိန်းတုံး အကောင်၊ အကြံတုံး ဉာဏ်တုံး အကောင်၊ မင်း နားလည်ထားရမှာက၊ မင်း သဘောပေါက် ထားရမှာက ငါတို့မှာ ဟောဒီ ကိုယ်ခန္ဓာ ရုပ်ကြမ်းကြီးအပြင် တန်ခိုး ထက်မြက်တဲ့ စိတ်ဝိညာဉ်ဆိုတာရှိသေးတယ်။ ဘုရားသခင်ပေးထားတဲ့ မီးပဲ။ ငါတို့ကို အဟိတ်တိရစ္ဆာန်တွေနှင့်ကွဲပြားအောင် ခွဲခြားပေးထားတာပဲ။

ကောင်းကင်ဘုံနှင့် နီးစပ်အောင် ဖန်တီးပေးထားတာပဲ။ ဒီမီးဟာ ဒီလောက ကြီးရဲ့ အကောင်းဆုံးသီးနှံပဲ။ နှစ်ပေါင်း တစ်ထောင်၊ တစ်သောင်းကတည်းက ရှိခဲ့တာပဲ။ မင်းရဲ့ အဘေးဟာ ဗော်ရော်ဒီနိုတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်ပဲ။ မင်းရဲ့ အဘိုးက ကဗျာဆရာကြီးတစ်ယောက်ပဲ။ စကားအပြောအဟော ကောင်းတဲ့ပုဂ္ဂိုလ်ကြီးတစ်ယောက်ပဲ။ မင်းရဲ့ ဘကြီးက

ကျောင်းဆရာကြီးတစ်ယောက်ပဲ။ နောက်ပြီးတော့ ငါ မင်းရဲ့ အဖေက ဗိသုကာကြီးတစ်ယောက်ပဲ။ ငါတို့ ပိုလိုတော့တွေ အားလုံးဟာ ဘုရား သခင်ရဲ့ မီးကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြတယ်။ မင်းကျတော့မှ ပါးစပ်နှင့် မှုတ်ပြီး ငြိမ်းပစ်တယ်”

          “ကျွန်တော်တို့ အမှန်တရားကို ကြည့်ရမယ်။ ဒီလောကကြီးမှာ ကာယလုပ်ငန်းကို လုပ်နေကြတဲ့လူတွေ အများကြီးပဲ”

           “လုပ်ကြပေစေပေါ့၊ သူတို့ တခြား ဘာမှ မလုပ်တတ်ကြလို့ လုပ်ကြတာပဲ။ အသုံးမကျတဲ့ လူတွေနှင့် ထောင်ကျနေတဲ့ အကျဉ်းသားတွေ အလုပ်ကြမ်း လုပ်ကြရတာပဲ။ အလုပ်ကြမ်းဆိုတာ အရိုင်းအစိုင်းတွေနှင့် ကျေးတော်မျိုး၊ ကျွန်တော်မျိုးတွေ လုပ်ကြတဲ့ အလုပ်ပဲ။ ဘုရားသခင် ပေးတဲ့မီးကို ရတဲ့လူတွေက နည်းနည်းကလေးပဲ ရှိတယ်။ ကံကြမ္မာက ဖန်တီးပေးလိုက်တာပဲ”

            သည်အကြောင်းကို ဆက်ပြီး ပြောဆိုနေခြင်းဖြင့် ဘာမျှအကြောင်း မထူးနိုင်ပါ။ အဖေက သူ့ကိုယ်သူ ကိုးကွယ်သူဖြစ်သည်။ သူပြောသည့် စကားကိုသာ သူ လက်ခံသည်။

            ထို့အပြင် ကာယလုပ်ငန်းအကြောင်းကို သူ ဤမျှပစ်ပစ်ခါခါ ပြောနေခြင်းမှာ ကျွန်တော့်အနေနှင့် အလုပ်ကြမ်းသမားတစ်ယောက် ဖြစ်သွား ပြီး တစ်မြို့လုံးက လက်ညှိုးထိုး ပြောဆိုကြမည်ကို စိုးရိမ်သောကြောင့် မဟုတ်ပါ။ အမှန်မှာ ကျွန်တော်နှင့် သက်တူရွယ်တူများ အားလုံးပင် ကာလအတန်ကြာကြာ ကတည်းကပင် တက္ကသိုလ်မှ ဘွဲ့များရရှိကြပြီး အခြေအနေ ကောင်းနေကြပြီဖြစ်၍ ဖြစ်ပါသည်။ နိုင်ငံတော် ဘဏ်မန်နေဂျာ၏သားက ဘွဲ့ရ ရာပြတ်အရာရှိဖြစ်နေပြီ။ သူ၏ တစ်ဦးတည်းသော သားက အလကားအကောင် ဖြစ်နေသည်။

          သည်စကားကို ဆက်ပြီး ပြောနေခြင်းဖြင့် ဘာမျှ အကျိုးမထူး နိုင်သလို စိတ်ချမ်းမြေ့စရာလည်း မရှိသော်လည်း ကျွန်တော်သည် အဖေ့ အနီးမှာပင်ထိုင်ပြီး နောက်ဆုံးတွင် အဖေက ကျွန်တော့်ကို နားလည် သဘောပေါက်သွားလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် ဆက်ပြီး စောဒက တက်နေမိပါသည်။ ။

          သည်ပြဿနာက ရိုးရိုးကလေးနှင့် ရှင်းရှင်းကလေးပင်ဖြစ်သည်။ ကျွန်တော့်အတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခု ရရှိရန်ပင် ဖြစ်သည်။ သို့ သော် သူတို့က သည်ကိစ္စကို ရိုးရိုးရှင်းရှင်းမပြောဘဲ ဗော်ရော်ဒီနိုတိုက်ပွဲ၊ ဘုရားသခင်ရဲ့ မီး၊ ပုံစံခွက် ကဗျာ အညံ့စားများကို ရေးသားခဲ့ပြီး ယခုအခါ လူတွေ မသိတော့သော အဘိုးတို့၏ အကြောင်း များကို အော့နှလုံးနာဖွယ်ရာပြောဆိုပြီး ကျွန်တော့်ကိုကား အကြံတုံး၊ ဉာဏ်တုံး၊ နလပိန်းတုံးဟု ရက်ရက်စက်စက် ပြောဆိုကြပါသည်။

          သို့သော် ဘာတွေပဲဖြစ်ဖြစ် ကျွန်တော်ကမူ ကျွန်တော့်ကို သူတို့ နားလည်စေချင်လှပါသည်။ အဖေ့ကိုရော၊ အစ်မကိုရော ကျွန်တော် ချစ်သည်။ ကျွန်တော် ဘာပဲလုပ်လုပ် သူတို့ကို တိုင်ပင်ပြီး လုပ်တတ် သည်မှာ ငယ်ငယ်ကလေးကတည်းက ဖြစ်သဖြင့် အမြစ်တွယ်နေပါပြီ။ သည်အစဉ်အလာမှ ကျွန်တော် ရုန်းမထွက်နိုင်ပါ။ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ သူတို့မကျေနပ်မည်ကို ကျွန်တော်မလိုလားပါ။ အဖေ ဒေါသဖြစ်ပြီး သူ့မျက်နှာကြီး နီရဲသွားမည်ကို ကျွန်တော် စိုးရိမ်လှသည်။ သူ စိတ်ထိခိုက်ပြီး လေဖြတ်သွားမည်ကို ကျွန်တော် စိုးရိမ်လှသည်။

          “မွန်းကျပ်ပြီး ပိတ်လှောင်နေတဲ့ အခန်းတစ်ခုထဲမှာထိုင်ပြီး လက် နှိပ်စက်တစ်ခုနှင့်အပြိုင် စာတွေကို ကူးနေရတဲ့အလုပ်ဟာ ဘယ်လောက် ရှက်စရာကောင်းမလဲ။ ကျွန်တော့် အသက်အရွယ် လူငယ်တစ်ယောက်ကို စော်ကားတာပဲ။ ဒီလို အလုပ်မျိုးကို ဘယ်လိုလုပ်ပြီး ဘုရားသခင်ရဲ့ မီးလို့ ပြောနိုင်သလဲ”