Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

နတ်နွယ် - နှစ်ကြီးသမား

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out

၁။ ရှေ့ရေး

          မကြာခင်ပဲ မိုးလင်းတော့မည်။

          ကျွန်တော်က တဖျတ်ဖျတ် နိုးနေသော အိပ်ခြင်းကို စိတ်မရှည်တော့။ စောင်ကို ခွာ၍ အိပ်ရာမှ ထလိုက်သည်။ 

          “လူလေး...ထမလို့လား”

          တစ်စောင်တည်းခြုံ၍ အိပ်ရသော အမေကြီးက မေးလိုက်သည်။ အမေကြီးလည်း တစ်ညလုံး ကောင်းကောင်းအိပ်ပျော်ဟန်မတူ။ ချောင်း ခဏခဏ ဆိုးနေသည်။ ကျွန်တော် မနိုးခင်ကတည်းက အမေကြီး နိုးနှင့်နေ တာလည်း ဖြစ်ချင်ဖြစ်မည်။ ကျွန်တော်ထလိုက်လို့ အမေကြီးနိုးသွားတာ လည်း ဖြစ်ပေမည်။ မည်သို့ပင်ဖြစ်စေ အမေကြီးက အိပ်ရေးဆတ်၏။

          လူကြီးမို့ အအိပ်အနေ နည်းသည်လည်း ဖြစ်၏။ ပြီးတော့ ပစ္စည်း တွေကို စိတ်မချ၍လည်း ဖြစ်ပေမည်။

          “ဟုတ်ကဲ့....အပြင်ထွက်မလို့” 

          “သတိထားသွားနော်၊ မြွေပါးကင်းပါး”

          “လသာနေပါတယ်၊ မိုးလည်း လင်းတော့မှာပါ”

 ကျွန်တော်က ကွပ်ပျစ်ပေါ်မှဆင်းလိုက်သည်။ တော်တော် ချမ်းအေး၍ ပြုတ်နေသော လည်ပင်းကြယ်သီးကို တပ်လိုက်သည်။ ဖိနပ် နှစ်ဖက်က ကျွန်တော် ညကချွတ်ထားသောနေရာတွင် ယှဉ်လျက်သား မရှိတော့။ တစ်ဖက်က မှောက်နေပြီး တစ်ဖက်ကို သုံးလှမ်းကွာလောက်တွင် ရှာဖွေယူရ သည်။ ခွေးချီသွားခြင်း မဟုတ်သည့်အတွက် စိတ်အေးသွားသည်။ တစ် ယောက်ယောက် တိုက်သွားခြင်း ဖြစ်ပေမည်။ ။

          ကျွန်တော်က ရေအိုးစင်သို့ အရင်သွား၍ ရေတစ်ခွက်ခပ်သောက် လိုက်သည်။ နှီးရေခွက်အသစ်ဖြစ်၍ ရေက အနံ့ထွက်နေသည်။

          “ဝါးပုံတွေဘက် မထွက်နဲ့၊ ကမ်းပါးဘက်သွား၊ ကြားလား လူလေး”

          အဖေက ပြောလိုက်ပြန်ရာ ကျွန်တော်တစ်ယောက်တည်း နိုးနေ သည်မဟုတ်ကြောင်း ထင်ရှားပြန်၏။ ကျွန်တော်တို့ မိသားစုလေးယောက်က ကွပ်ပျစ်ကြီးတွင် တောင်မြောက်တန်း၍ အိပ်ကြခြင်း ဖြစ်သည်။

         “ဟုတ်ကဲ့”

          အမေလည်း နိုးချင်နိုးနေပေမည်။ သို့သော် ကျွန်တော့်အား ဘာမှ လှမ်းမပြောချေ။

          အိမ်ပေါ်မှလည်း ကြမ်းသံကြားရသည်။ အိမ်ရှင်များလည်း နိုးကုန် ကြပြီနှင့်တူ၏။ ကျွန်တော်လည်း အိမ်ရှေ့ထွက်မိရော အိမ်ပေါ်မှလည်း မီးခွက်ထွန်းလိုက်ရော ဖြစ်၏။

          အိမ်ရှေ့ကွက်လပ်တွင်ကား ကျွန်တော်တို့၏ ပစ္စည်းပုံကြီး ရှိလေ သည်။ ပစ္စည်း လှည်းနှစ်စီးတိုက်ကို အားလုံးစုပုံထပ်ပြီး ဖျာကြမ်းများ အုပ်မိုး ကာ အပေါ်မှ လေမလှန်နိုင်အောင် သစ်တုံးများ ဖုံးဖိထား၏။

          အမှန်ကား ဤကွက်လပ်သည် ပဲနယ်ရာ တလင်းဖြစ်သည်။ ပစ္စည်းပုံ ၏ အနောက်ဘက်တွင် ဦးလှန်ထားသော လှည်းအိမ်ရှိပြီး နှစ်ကောင်က မန်ကျည်းပင်အောက်တွင် ရှိလေသည်။

          ကျွန်တော်က လှည်းနှင့် ပစ္စည်းပုံကြားမှ ထွက်လာရာ ဝင်းဝအနီး သရက်ပင်ကို မှီထောင်ထားသော ဝါးတိုက်အတွင်းမှ ရှဲရှဲဟူသော အသံကို ကြားရ၏။ ဘာမှတော့ မမြင်လိုက်ရ။ ကင်းလိပ်လား၊ မြွေလား မပြောတတ်။ ဝါးစည်းများတွင် မြွေများပါလာတတ်သည်။ ထို့ကြောင့် အမေကြီးကကျွန်တော့်အား သတိပေးခြင်း ဖြစ်၏။

          ဤအရပ်တွင် မြွေကို “ကောင်ရှည်”ဟု ခေါ်ကြသည်။ ကျွန်တော်တို့ ကတော့ တစ်ပါးအရပ်မှဖြစ်၍ နှုတ်ကျိုးနေသည့်အတိုင်း မြွေဟုပဲ ခေါ်ပြော မိတတ်၏။ ပြင်ခေါ်၍မရ၊ သူတို့က မြွေဟုခေါ်သည့်အတွက်တော့ ဒါ

လောက် မျက်နှာမပျက်တတ်ကြ။ ထိုဒေသတွင် နာမည်ထုတ်မခေါ်ရသော တိရစ္ဆာန်တစ်မျိုး ရှိသေးသည်။ ထိုသည်က ကျားပဲဖြစ်၏။ တပယ်တောင် တန်းကို စိုးစံသော “တပယ်ရှင်မက မကြိုက်ဟု ဆို၏။ ရုပ်သေးကလျှင်ပင် ကျားမထွက်ရ။ ကျွန်တော်တို့က ရွာသားများကို အားနာ၍ ကျားဟုမသုံးပါ။ အဖေကလည်း ကြပ်ကြပ်တည်းတည်း လိုက်နာစေပါသည်။

          သို့သော် အဖေသည် ကျွန်တော်နှင့် နှစ်ယောက်တည်း တပယ် တောင်ရိုးဘက်သို့ ရောက်တိုင်း ကျွန်တော့်အား...

          “လူလေးရ၊ ဒါမျိုးတွေ မယုံနဲ့ဟေ့၊ ကျားဟာ ကျားပဲပေါ့ကွ၊ ဘယ်သူ့ ဘာကြောက်ရမလဲ။ ဒီနတ်ဆိုတာတွေဟာ အလကားပါကွာ။ ဒါပေမဲ့ ခက်တာက ရွာခံမိတ်ဆွေတွေကို အားနာရမယ် မဟုတ်လား၊ အဲ့တော့ သူတို့ စိတ်မကောင်းအောင်တော့ မလုပ်နဲ့ပေါ့ကွာ”ဟု ပြောလေ့ပြောထ ရှိပါသည်။

          ကျွန်တော်က ရှင်းလင်းသည့်နေရာမှလျှောက်ကာ ဝင်းတံခါးဟု ဆိုရမည်ဖြစ်သော ဝါးသုံးတန်းအနက် အထက်နှစ်တန်းကို ဖြုတ်ပြီး အောက် တန်းကိုကျော်၍ ဝင်းပြင်သို့ ထွက်ခဲ့ပါသည်။

          ထိုဒေသများတွင် တချို့အိမ်များသာ ခြံစည်းရိုးကို ဆီးခက်များဖြင့် ကာလေ့ရှိပြီး အများအားဖြင့် ဝါးလုံးရှည်များ သုံးလေးတန်း ကာထားတတ် သည် များပါ၏။ ရွာစည်းရိုးကိုတော့ အကျအန လုပ်ထားကြပါ၏။ သူခိုး မကြောက်ရ၊ ဓားပြတော့ သတိထားရသည်။ တိုက်ပြီဆိုမှဖြင့် ရွာလုံးကျွတ်ပဲ ဖြစ်၏။

          ကျွန်တော်က ဝင်းပြင်သို့ထွက်မိသည်ဆိုလျှင်ပင် ကမ်းနဖူးသို့ ရောက်ရှိနေပါတော့၏။ တကယ်တော့ ပုဏ္ဏားခြံရွာသည် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်း ရိုးတွင်တည်ထားသော ရွာတန်းရှည်လေး ဖြစ်ပါ၏။ အိမ်ခြေတစ်ရာလောက် ရှိ၏။

          ကမ်းနဖူးတွင် ကျွန်တော်က ထိုင်လိုက်သည်။ ကမ်းပါးစောက်ကဝါးတစ်ရိုက်လောက် ရှိလေသည်။ ကျွန်တော်ရောက်ရှိနေသော နေရာက ရွာအလယ်ဖြစ်ပြီး လှည်းဆင်းနိုင်ရန် ကမ်းပါးကို တူးဖြိုထားလေသည်။ အခြားနေရာများတွင်တော့ မြေကြီးကို လှေကားထစ်များ ပြုလုပ်ထားပြီး ရေချိုးရေခပ်ဆင်းကြလေသည်။

          ရေကြီးချိန်မဟုတ်၊ အောက်ကမ်းပါးက ပွဲတစ်ခင်းစာလောက် ကျယ်လေသည်။ အောက်ကမ်းပါးပေါ်တွင် ဝါးစည်းများရှိသည်ဟု ကျွန်တော်က မိုးသောက်ရောင်တွင် မှုန်ဝါးဝါးမြင်ရ၏။ ရေစပ်တွင် ဆိုက် ထားကြသော လှေများ၊ ငှက်များကို လှိုင်းများ ပုတ်ခတ်နေသောအသံက ည၏ တစ်ခုတည်းသော ဂီတသံ ဖြစ်လေသည်။

          ပုဏ္ဏားခြံရွာ၏ အဓိကအသက်မွေးဝမ်းကျောင်းမှု လုပ်ငန်း သုံးရပ်မှာ ယာလုပ်ငန်း၊ တောင်းရက်လုပ်ငန်းနှင့် လှေငှက်ပို့ခြင်းလုပ်ငန်းတို့ ဖြစ်ပါ သည်။

          မြစ်ပြင်ကို ဖြတ်၍လာသော လေတဟူးဟူးတွင် ကျွန်တော်၏ ဦးနှောက်နှင့် နှလုံးသားတို့က လန်းဆန်းကြည်နူးလျက် ရှိပါသည်။ တစ် ဖက်ကမ်းကား စစ်ကိုင်းပဲ ဖြစ်လေသည်။ သို့သော် မမြင်ရ၊ ခွေးဟောင်သံ များနှင့် သောင်ပြင်ထဲမှ တဲကလေးများမှ မီးတလက်လက်ကိုသ. ကြားရ၊ တွေ့ ရပါသည်။ နေ့ခင်းဆိုလျှင်တော့ ကောင်းမှုတော် ဘုရားကြီးကို အထင်း သားတွေ့ရ၏။ သို့သော် ကျွန်တော့်အဖို့တော့ နေ့ဖြစ်စေ၊ ညဖြစ်စေ စစ်ကိုင်း သည် စစ်ကိုင်းပဲ ဖြစ်ပါ၏။ ဘယ်ဆီတွင် ဘာရှိသည်ကို ခန့်မှန်းကြည့်နိုင် ပါ၏။ ကျွန်တော်က ဤမြို့တွင် တစ်နှစ်ကျော် နေထိုင်ခဲ့သူ ဖြစ်ပါ၏။ တစ်ဖန် အိမ်ထဲတွင် ကုပ်နေခဲ့သူမဟုတ်ပါ၊ ဂျပန်စကားပြန်လုပ်ရင်း အရှေ့ ဘက် စစ်ကိုင်းတောင်ရိုး ဝါးချက်ထန်းတစ်ပင်မှ အနောက်ဘက် သဗြူး ဒေါင်းလှထိအောင် ပြဲပြဲစင်ခဲ့သူတစ်ဦး ဖြစ်ပါသည်။ စစ်ကိုင်းမြို့ကို မဟာ မိတ်တို့က အကြမ်းပတမ်း ဗုံးကြဲမှ၊ ကျွန်တော်တို့နေထိုင်ရာ လင်းဇင်းရပ်အနီး ငါးထပ်ကြီးဘုရား ပတ်ဝန်းကျင်မှ ဂျပန်တပ်များကို ဗုံးကြဲမှ ကျွန်တော်တို့က ဤအနောက်ဘက်ကမ်းသို့ ပြောင်းပြေးခဲ့ကြခြင်း ဖြစ်လေသည်။

          “လာ...ကိုရင်လေး၊ မီးလှုံလှည့်ပါလား” 

          ကျွန်တော်က လှည့်ကြည့်လိုက်ရာ ပစ္စည်းပုံအရှေ့ဘက်တွင် မီးထည့်နေသော အိမ်ရှင်ဘကြီးထွေးအား တွေ့ရပါသည်။ ဝါးစများကို မီးထည့် သည်ဖြစ်၍ တဖြိုက်ဖြိုက်နှင့် မီးတောက်ကာ တစ်တောင်ခန့် မြင့်နေပါ သည်။ ဘကြီးထွေးက အုတ်ခဲနှစ်ခဲဖြင့် ဖိုခနောက်ပြုနေပြီး မြေရေနွေးအိုး ကိုတည်ရန် ဖြစ်ပါသည်။

           “ဟုတ်ကဲ့...ဘကြီးထွေး၊ ကျွန်တော်က လှေလာတော့မလားလို့ စောင့် နေတာ”

          “အသံမကြားသေးပါဘူးကွာ၊ လာပါ”

          ဘကြီးထွေးက ကျွန်တော့်အား ကောင်းကောင်း သိလေသည်။ ကျွန်တော်တို့က ပုဏ္ဏားခြံရွာတွင် နေသည်မဟုတ်သော်လည်း ကျွန်တော်တို့ ခိုလှုံနေထိုင်သော မြေငူရွာကြီးက ပုဏ္ဏားခြံရွာ၏ အနောက်ဘက် မိုင်ဝက်လောက်တွင် ရှိလေသည်။ မြေငူက ရွာကြီးတစ်ရွာဖြစ်ပြီး အိမ်ခြေထောင့် သုံးရာကျော် ရှိလေသည်။ ကျွန်တော်က မြေငူရွာတွင် စစ်ပြီးသည့်အထိ တစ်နှစ်ကျော်နေထိုင်ရသည့် ကာလအတွင်းတွင် မြေငူရွာသာမက အနီး ပတ်ဝန်းကျင် ရွာများကိုပါ ဒိုးလိုမွှေခဲ့ပေသည်။

          ရွာသားများလုပ်သည့် အလုပ်ကို အကုန်လုပ်ခဲ့ပါသည်။ နွားကျောင်း သည်၊ ရေထမ်းသည်၊ ထယ်ထိုးသည်၊ ပဲရိတ်သည်၊ ကြက်သွန်နုတ်သည်၊ ငရုတ်ဆွတ်သည်၊ ကန်စွန်းဥ ကောက်သင်းကောက်သည်။ မန်ကျည်း၊ ခွေးတောက်ရွက် တက်သည်။ တပယ်တောင်ခြေသို့ ထင်းလိုက်ခုတ်သည်၊ ပြီးတော့ ပျားဖွပ်သည်၊ ချောင်းထဲတွင် ငါးမြွေထိုး တွင်းနှိုက်သည်၊ ပုစွန်လုံး ဖမ်းသည်။ ကစားသည့်ဘက်တွင်လည်း ပေသီးပစ်၊ ခုံညင်းပစ်သာမက “လှေလည်း ထိုးပေးသည်။

            ဤပုဏ္ဏားခြံရွာသို့မူ အဖေနှင့် နေ့တိုင်းလောက် ရေချိုးရောက်ခဲ့ပါ သည်။ မြေငူက ကုန်းပိုင်းကျလေသည်။ ပုဏ္ဏားခြံက မြေငူ၏ မြစ်ဆိပ်ဟု ခေါ်ဆိုနိုင်ပါသည်။ ကျွန်တော်တို့က မြစ်ရေချိုးနေကျဖြစ်၍တစ်ကြောင်း၊ ရေငန်တွင်းများဖြစ်ပြီး ငင်ရသည်ကလည်းနက်၊ ချိုးရသည်ကလည်း ငန် ကျိကျိနှင့်မို့ အညောင်းပြေလျှောက်ရင်း မြစ်ဆိပ်သို့ ရေချိုးဆင်းလေ့ ရှိပါ သည်။ ရေချိုးပြီးတိုင်း ဘကြီးထွေး တောင်းရက်သည့်နံဘေးတွင် ထိုင်ရင်း ရေနွေး တစ်ခွက်နှစ်ခွက် သောက်လေ့ရှိပေသည်။ အဖေက စကားပြော