Skip to product information
1 of 5

Other Websites

နတ်နွယ် - တောအကြောင်းတောင်အကြောင်း(၃)

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
ဟိုတုန်းက မျက်နှာဖုံးများ
( ၁ )

          သည်ကနေ့မျက်နှာဖုံးတွေကို မြင်တွေ့နေရာမှ ဟိုတုန်းက မျက်နှာဖုံးတွေကို ဖြုန်းခနဲ တစုတဝေးကြီး မြင်တွေ့လိုက်ရသောအခါ အတော်ကြီးကို ပြောင်းလဲသွားပါပကော လားဟု ပြက်ပြက်ထင်ထင် သိမြင်ခံစားလိုက်ရသည်။

          အမှန်တော့ သည်မျက်နှာဖုံးတွေကို အကုန်လုံး မတွေ့ရှိဖူးသည့်တိုင် အတော် များများလောက်ကိုကား မိမိတို့ မြင်တွေ့သိရှိဖူးကြသည်။ သို့သော် ယခုလို စနစ်တကျ စီစီစဉ်စဉ် စုစုစည်းစည်းကား မဟုတ်ချေ။

          စာနယ်ဇင်း မျက်နှာဖုံးပန်းချီ ဓာတ်ပုံများကို ပြပွဲအဖြစ် ခင်းကျင်းပြသသည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ပင်ဖြစ်တော့သည်။ 'စာနယ်ဇင်းစုံ ခေတ်ကြေးမုံ” ဟူသော ဆောင်ပုဒ်ဖြင့် မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်က ထုတ်ဝေခဲ့သော သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများနှင့် စာအုပ်များ၊ ပြက္ခဒိန်များမှသည် ပိုစတာများအထိ ရနိုင်သမျှ ရှာဖွေစုဆောင်းလျက် ပြန်ကြားရေးဝန်ကြီးဌာနမှ စာနယ်ဇင်း မျက်နှာဖုံး ပန်းချီ ဓာတ်ပုံပြပွဲ”တစ်ရပ် ခင်းကျင်း တင်ဆက်လိုက်ခြင်းပင်ဖြစ်သည်။ ကဏ္ဍကြီး ၁၁ ခု ခွဲခြားပြီး ပြကွက်ပေါင်း ၁ဝဝဝ မျှရှိပေသည်။

( ၂ )

          ပြပွဲကျင်းပရာ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမအတွင်းသို့ ဝင်လိုက်သည်နှင့် ခန်းမ ကြီး၏ အလယ်ဗဟိုရှိ မျက်နှာစာပြကွက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်ကြီးနေဝင်းတို့၏ ဗမာ့တပ်မတော်စစ်ဝတ်စုံဖြင့် ကိုယ်တစ်ပိုင်းပုံကြီးများ ချိတ်ဆွဲထားသည်ကို တွေ့ရသည်။

          ဗိုလ်ချုပ်အောင်ဆန်းနှင့်ကပ်လျက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်စပ်လျဉ်းသော စာအုပ် ၇ အုပ်၏ မျက်နှာဖုံးများကိုလည်းကောင်း၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ပုံနှင့် ကပ်လျက် နေရာတွင် ဗိုလ်ချုပ်ကြီးနေဝင်းနှင့် စပ်လျဉ်းသော စာအုပ် ၇ အုပ်၏ မျက်နှာဖုံးများကို ပုံကြီးချဲ့ပြီး တင်ပြထားသည်။

          သတင်းစာကဏ္ဍတွင် သတင်းစာခေတ်ဦးပိုင်းကာလ၊ လွတ်လပ်ရေးအကြိုနှင့် လွတ်လပ်ရေးရပြီးစကာလ၊ ခေတ်ပြောင်းတော်လှန်ရေးကာလဟူ၍ ကဏ္ဍသုံးရပ် ခွဲခြားပြီး သတင်းစာပေါင်း ၁၁၂ စောင်ကို တင်ပြထားသည်။ မြန်မာနိုင်ငံတွင် ပထမဆုံး ထုတ်ဝေသော The Maulmain Chronicle မှသည် ယနေ့ ထုတ်ဝေလျက်ရှိသော ပြည်သူပိုင်သတင်းစာများအထိ ဖြစ်သည်။

          The Maulomain Chronick မှာ မြန်မာနိုင်ငံ၏ ပထမဦးဆုံးသောသတင်းစာဟု ဆိုရသော်လည်း မြန်မာဘာသာဖြင့် ထုတ်ဝေခြင်းကား မဟုတ်ချေ။ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခြင်း ဖြစ်သည်။ ၁၈၃၆ ခု မတ်လ ၃ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့သည်။ အယ်ဒီတာမှာ ဂျော့ဟောက်ဖြစ်သည်။

          ဒုတိယထုတ်ဝေသော ဆဉ်တူဂီသတင်းစာမှာလည်း မြန်မာဘာသာနှင့်မဟုတ်ဘဲ တိုင်းရင်းသား စကောကရင်ဘာသာဖြင့် ဖြစ်သည်။ မြန်မာလို မိုးသောက်ကြယ်ဟု အဓိပ္ပာယ်ရပြီး ၁၈၄၃ ခုနှစ်တွင် ထားဝယ်မြို့မှ ထုတ်ဝေသည်။

          မြန်မာဘာသာဖြင့် ပထမဆုံးထုတ်ဝေသော သတင်းစာမှာ ဓမ္မသတင်းစာ ဖြစ်သည်။ ၁၈၄၃ ခုနှစ်တွင် မော်လမြိုင်မြို့ ခရစ်ယာန်သာသနာပြုအဖွဲ့မှ ထုတ်ဝေသည်။

          မြန်မာအစိုးရ၏ ပထမဆုံးသတင်းစာဖြစ်သော မန္တလေးနေပြည်တော် ရတနာပုံ သတင်းစာကို ၁၈၇၄ ခုနှစ် (၁၂၃၆ ခုနှစ် တပေါင်းလဆန်း ၁၄ ရက်) တွင် မင်းတုန်း . မင်းကြီးက ထုတ်ဝေခဲ့သည်။ အယ်ဒီတာများမှာ ဦးအဟီးနှင့် ဘိုးဝဇီရတို့ ဖြစ်သည်။

          လယ်သမားတော်လှန်ရေး ခေါင်းဆောင်ကြီး ဆရာစံအား ဗြိတိသျှ နယ်ချဲ့ သမားများက ရုံးတင်၍ တရားစွဲဆို စစ်ဆေးသည်ကို ဖော်ပြသော ၁၉၃၁ ခုနှစ် သြဂုတ် ၁၇ ရက်နေ့ထုတ် သူရိယ သတင်းစာ၊ အမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် ၁၉၃၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ထုတ် သူရိယ သတင်းစာ အထူးအချပ်ပို၌ ဖော်ပြထားပုံ၊ မန္တလေး အာဇာနည် ၁၆ ဦးကျဆုံးခဲ့ရသည့် လူထုဆန္ဒပြပွဲကြီးသတင်းကို ၁၉၃၉ ခုဖေဖော်ဝါရီ ၁၈ ရက်နေ့က မန္တလေးသူရိယ ၌ ဖော်ပြထားပုံ၊ ရေနံမြေမှ ရန်ကုန်သို့ ချီတက်ဆန္ဒပြခဲ့သည့် ရေနံမြေသပိတ်မှောက်အလုပ်သမားများနှင့် သထုံမြို့နယ်မှ ဆန္ဒပြ လယ်သမားကြီးများ ရန်ကုန်မြို့တွင် ဆုံကြပုံ သတင်းကို ၁၃၀၀ ပြည့်နှစ် ပြာသို လပြည့်ကျော် ၆ ရက်နေ့ထုတ် သူရိယ သတင်းစာ၌ ဖော်ပြထားပုံ၊ နယ်ချဲ့လက်ပါးစေ ပုလိပ်များ၏လက်ချက်ဖြင့် သွေးမြေကျဆုံးခဲ့ရသော ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်၏ အသုဘအခမ်းအနားကို ၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ထုတ် ဆယ်သန်း သတင်းစာတွင် တခမ်းတနား ဖော်ပြထားပုံတို့ကို တွေ့ရှိရသောအခါ သတင်းစာတို့သည် မြန်မာနိုင်ငံ၏ နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲများကို သမိုင်းမှတ်တမ်းတင်လျှက် ရှိကြောင်းသိမြင်ရသည်။

          ၁၉၆၃ - ၁၉၆၄ ပုပ္ပား တောင်သူလယ်သမား အထူးထုတ်၊ ၁၉၆၄ ခုနှစ် မတ်လ ပေါင်းတောင်သူလယ်သမား နှီးနှောဖလှယ်ပွဲ အထူးထုတ်။ ၁၉၆၄ ခုနှစ် ဧပြီလနှင့် မေလရေနံမြေ (ချောက်) အလုပ်သမားနှီးနှောဖလှယ်ပွဲ အထူးထုတ် လုပ်သား ပြည်သူ့ နေ့စဉ်သတင်းစာများ၊ အုန်းတော တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲ သတင်းကို ဖော်ပြထားသော ၂၊ ၁၊ ၆၃ နေ့ထုတ် ကြေးမုံသတင်းစာနှင့် ၃၈ယားတောင်သူလယ်သမားနှီးနှောဖလှယ်ပွဲသတင်းကို ဖော်ပြထားသော ၃၁၊ ၁၊ ၆၃ နေ့ထုတ် ဗိုလ်တစ်ထောင်သတင်းစာတို့ကို တွေ့ရှိရသောအခါ သတင်းစာများသည် မျက်မှောက် ခေတ် ကြေးမုံကိုလည်း ထင်ဟပ်လျက်ရှိကြောင်း သိရှိရသည်။

          မြန်မာနိုင်ငံတွင် ပထမဆုံးထုတ်ဝေခဲ့သော သတင်းစာမှသည် မျက်မှောက် ခေတ်တွင် ထုတ်ဝေနေသော သတင်းစာများ၏မျက်နှာဖုံးတို့ကို အစီအစဉ်အလိုက် ကြည့်ရှုရသောအခါ မြန်မာသတင်းစာတို့၏ မျက်နှာဖုံး အပြင်အဆင် အထားအသိုနှင့် မြန်မာသတင်းစာ အတတ်ပညာတို့ကို အကဲခတ် သိရှိနိုင်ပါသည်။

( ၃ )

          ဂျာနယ်၊ မဂ္ဂဇင်းနှင့် စာစောင်ကဏ္ဍတွင် မြန်မာ့ဗျူဟာ၊ နှစ်ပါးကြည်၊ လွဟ်ငြိမ်းဖွယ် စသော ၁၉၂၀ ခုနှစ်ခန့်က ထုတ်ဝေခဲ့သည့် ရှေးဦးပိုင်းဂျာနယ်အချို့၏ မျက်နှာဖုံး များကို အထူးပြကွက်အဖြစ် ဓာတ်ပုံရိုက် ပုံကြီးချဲ့ကာ ပြသထားသည်။ ထို့အတူ မြန်မာ မဂ္ဂဇိန်၊ မြန်မာ့အလင်း၊ သူရိယ၊ ဒဂုန် စသော မြန်မာမဂ္ဂဇင်းလောက၏ အစောပိုင်း မဂ္ဂဇင်းများ၏ မျက်နှာဖုံးများကိုလည်း အထူးပြကွက်အဖြစ် ဓာတ်ပုံရိုက်ပုံကြီးချဲ့ကာ ခင်းကျင်းပြသထားသည်။

_           အထူးပြကွက်နှစ်ခုမှအပဖြစ်သော ဂျာနယ်၊ မဂ္ဂဇင်းနှင့် စာစောင် ၁၀၀ ခန့်ကိုမူ စစ်ကြိုခေတ်၊ လွတ်လပ်ရေးခေတ်နှင့် ခေတ်ပြောင်းတော်လှန်ရေးခေတ်ဟူ၍ ခေတ် သုံးမျိုးပိုင်းကာ ကဏ္ဍသုံးခုဖြင့် ခင်းကျင်းပြသထားသည်။ ဤမျက်နှာဖုံးများက နှစ်ပေါင်း ၈၀ နီးပါး ကြာခဲ့ပြီဖြစ်သော မြန်မာဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင်တို့၏ ဖွံ့ဖြိုးမှု လမ်းကြောင်းကို အကြမ်းအားဖြင့် ညွှန်ပြလျက်ရှိသည်။

          မြန်မာပြည်၏ ပထမဆုံး မဂ္ဂဇင်းဖြစ်သော မြန်မာမဂ္ဂဇိန်နှင့် ပထမဆုံး ဂျာနယ် ဖြစ်သော မြန်မာ့ဟာ မျက်နှာဖုံးများကို တွေ့မြင်ရသည်။ မြန်မာမဂ္ဂဇိန်ကို ၁၉၀၅ ခုနှစ်တွင် ထုတ်ဝေပြီး အယ်ဒီတာမှာ ဆရာ မောင်မောင်ဖြစ်သည်။ မြန်မာ့ဟာကို ၁၉၁၈ ခုနှစ်တွင် ထုတ်ဝေပြီး အယ်ဒီတာမှာ ဆရာကြီး ရွှေဥဒေါင်းဖြစ်သည်။

          စစ်ကြိုခေတ်နှင့် လွတ်လပ်ရေးခေတ်က ထုတ်ဝေခဲ့သော ဂျာနယ်၊ မဂ္ဂဇင်း မျက်နှာဖုံးများကို ပြန်လည်ကြည့်ရှုသောအခါ သရုပ်ဖော်ပုံများ မပါရှိဘဲ ခေါင်းစီး၊ ဒီဇိုင်း၊ မာတိကာစာသား၊ ကြော်ငြာစာသားတို့ဖြင့်သာ ဖွဲ့စည်းထားသော မျက်နှာဖုံးများ။ ပန်းချီဆရာကြီးများ၏ သရုပ်ဖော်ပုံများ၊ ရုပ်ရှင်မင်းသား မင်းသမီးပုံများ၊ မျက်နှာဖုံး သရုပ်ဖော် အမျိုးသမီးဓာတ်ပုံများဖြင့် မွမ်းမံတင်ဆက်ထားသည်တို့ကိုလည်း တွေ့ရသည်။

          အထူးသဖြင့် ဆရာကြီး ဦးငွေကိုင်၊ ဦးဘလုံ၊ ဦးအုန်းလွင်၊ ဦးဘကြည်၊ ဦးကိုလေး၊ ဦးစန်းလွင် စသော ပန်းချီဆရာကြီးများ၏ သရုပ်ဖော်ပန်းချီ မျက်နှာဖုံး များကို တွေ့ရှိရသည်။ ယနေ့ မျက်နှာဖုံးပန်းချီများနှင့် နှိုင်းယှဉ်ကြည့်ဖွယ်ဖြစ်သည်။

          မဂ္ဂဇင်းဂျာနယ် မျက်နှာဖုံးများကို ခေတ်အလိုက် နှစ်အလိုက်စဉ်၍ ကြည့်ရှုသော အခါ ဆင်ယင်ထုံးဖွဲ့မှုနှင့် ဝတ်စားဆင်ယင်မှုများ ပြောင်းလဲလာသည်ကို တွေ့ရှိရသည်။ မျက်နှာဖုံး ဖွဲ့စည်းပုံအယူအဆနှင့် အတတ်ပညာများလည်း ပြောင်းလဲလာသည်။ ပုံနှိပ်လုပ်ငန်း အတတ်ပညာလည်း ပြောင်းလဲတိုးတက်လာသည်။ လက်ခွဲဘလောက် ခေတ်မှသည် ကွန်ပျူတာခေတ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

          ယနေ့ခေတ် မဂ္ဂဇင်းမျက်နှာဖုံးကို ပြသရာတွင် ပြန်ကြားရေးဌာနမှ ထုတ်ဝေသော မဂ္ဂဇင်းများ၊ လူထုအဖွဲ့အစည်းများမှ ထုတ်ဝေသော မဂ္ဂဇင်းများ၊ ပုဂ္ဂလိကမဂ္ဂဇင်းများကို တွေ့ရှိရသည်။ မြို့နယ်အသင်းအဖွဲ့များမှ ထုတ်ဝေသော မဂ္ဂဇင်းဟူ၍ စစ်ကိုင်း၊ ကျောင်းသားဟောင်းများ အသင်းမှ ထုတ်ဝေသော ဇေယျာမဂ္ဂဇင်း (၁၉၈၃) နှင့် သထုံစာပေ လုပ်သားအဖွဲ့မှ ထုတ်ဝေသော ပုရစ်ဖူးမဂ္ဂဇင်း (၁၉၈၃) တို့ကိုသာ တွေ့ရှိရသည်။

          ယခုအခါတွင် မြို့နယ်မဂ္ဂဇင်း အတော်များများ ထွက်ရှိနေသည်။ မြို့နယ် စာတတ်မြောက်ရေး လှုပ်ရှားမှု အထိမ်းအမှတ်၊ စာဆိုတော်နေ့ အထိမ်းအမှတ်နှင့် မြို့နယ်မှတ်တမ်းများအဖြစ် ထုတ်ဝေကြသည်။ မြို့နယ်မဂ္ဂဇင်း အတော်များများသည် မျက်နှာဖုံးပုံအဖြစ် မိမိမြို့နယ် မိမိဒေသကို အမှတ်အသားပြုသော နေရာဌာန၊ အဆောက်အအုံ၊ လုပ်ငန်းကိုင်ငန်း၊ ဓလေ့ထုံးတမ်းနှင့် ဝတ်စားဆင်ယင်မှုတို့ကို ဖော်ထုတ်တင်ပြကြသည်။

          ထို့ အတူ တက္ကသိုလ်များ၊ ကောလိပ်များ၊ ကျောင်းများမှ ထုတ်ဝေသော ကျောင်းမဂ္ဂဇင်းများနှင့် အစိုးရဌာနများမှ ထုတ်ဝေသော ဌာနဆိုင်ရာ မဂ္ဂဇင်းများ သည်လည်း မျက်နှာဖုံးတွင် မိမိတို့ကျောင်း၊ မိမိတို့ဌာန အဆောက်အအုံနှင့် လုပ်ငန်း သဘာဝများကို ဖော်ပြတတ်ကြသည်။

          သို့ဖြင့် မဂ္ဂဇင်းကဏ္ဍတွင် ပြည်နယ်မဂ္ဂဇင်းများ၊ မြို့နယ်မဂ္ဂဇင်းများ၊ ကျောင်း မဂ္ဂဇင်းများ၊ ဌာနဆိုင်ရာ မဂ္ဂဇင်းများကို ထည့်သွင်းဖော်ပြနိုင်လျှင် 'စာနယ်ဇင်းစုံ ခေတ် ကြေးမုံ” ဟူသော ဆောင်ပုဒ်ကို အထောက်အကူပြုဖွယ်ရာ ရှိပါသည်။

( ၄ )

          ပြက္ခဒိန်ကဏ္ဍတွင် ၁၉၅၁ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိ ထုတ်ဝေခဲ့သော ပြက္ခဒိန်များအနက်မှ စုဆောင်းရရှိသရွေ့ကို ပြသထားသည်။ ယနေ့ခေတ် ဝတ်စားဆင်ယင်ထုံးဖွဲ့မှုနှင့် ဆိုင်သော မျက်နှာဖုံးပုံများ၊ ရှေးခေတ် ဝတ်စားဆင်ယင်မှုနှင့်ဆိုင်သော မျက်နှာဖုံးပုံများ၊ မြန်မာ့ရှုခင်းနှင့်ဆိုင်သော မျက်နှာဖုံးပုံများ၊ စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာ မျက်နှာဖုံးပုံများ စုစုပေါင်း ၁၀၈ ပုံ ပြသထားသည်။

          မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ ထုတ်ဝေသော စာအုပ်များကဏ္ဍတွင် သဘော တရားရေးရာ စည်းရုံးရေးရာ၊ နိုင်ငံရေးရာ၊ စီးပွားရေးရာ၊ သမိုင်းရေးရာ၊ လူထု လူတန်းစားရေးရာ နိုင်ငံတကာရေးရာနှင့် အထွေထွေဆိုင်ရာ စာအုပ်များ၊ ပါတီရေးရာ စာစောင်၊ နိုင်ငံတကာရေးရာ သတင်းစဉ်နှင့် လမ်းစဉ်သတင်းဂျာနယ်တို့ကို ခင်းကျင်း ပြသထားသည်။

          ပြည်သူ့တပ်မတော်မှ ထုတ်ဝေသော စာအုပ်များကဏ္ဍတွင် စစ်ပညာဂျာနယ်မှ ထုတ်ဝေသော ပြက္ခဒိန်မျက်နှာဖုံးများ၊ စစ်နှလုံးဂျာနယ်၊ ပြည်သူ့တပ်မတော်စာစဉ်များ၊

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)