Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

နတ်နွယ် - တုံးတိုက်တိုက်ကျားကိုက်ကိုက်

Regular price 3,700 MMK
Regular price Sale price 3,700 MMK
Sale Sold out
ပဏာမ
ဗီယက်နမ် ၁၉၆၈

ဗက်ဒီဗက် ရဟတ်ယာဉ်သည် မြစ်ဝကျွန်းပေါ်ဒေသကို ပေတစ်ထောင်အမြင့်မှ နေ၍ ဖြတ်ကျော်လျက်ရှိသည်။ အစောင့်အရှောက်အဖြစ် လိုက်ပါလာသော ဟေးကော်ဗရာ လက်နက်တင် ရဟတ်ယာဉ်ကြီးသည်ကား ဗက်ဒီဗက် ရဟတ်ယာဉ်၏ လက်ဝဲဘက်မှ ထက်ကြပ် လိုက်ပါလျက်ရှိသည်။ မိုးကြီး ရွာတော့မည်ရှိသည်။ တောတန်းများပေါ်တွင် တိမ်တိုက်များ အုံ့ဆိုင်းလျက် ရှိသည်။ မိုးကုပ်စက်ဝိုင်းဆီတွင်ကား မိုးထစ်ချုန်းနေသည်။

          ဗက်ဒီဗက် ရဟတ်ယာဉ်အတွင်း တစ်နေရာတွင်ကား အန်းမာရီ အော်ဒင်သည် မျက်လုံးများကိုမှိတ်ပြီး ဆေးသေတ္တာကို ကျောမှီကာ ထိုင်နေ သည်။ သူမက ကိုယ်လုံးကိုယ်ထည် သေးသေးသွယ်သွယ်လေး ဖြစ်သည်။ အသားရောင်က ညိုပါသည်။ ပိတုန်းရောင်ဆံပင်ကို ဗီယက်နမ်စစ်မြေပြင်နှင့် လိုက်လျောညီအောင် တိုတိုကလေး ညှပ်ထားသည်။ လေထီးဂျက်ကက်ကို ဝတ်ဆင်ထားသည်။ အထက်ပိုင်း ဇစ်ကို ဖွင့်ထားသဖြင့် အောက်ဘက်မှ ကာကီရှပ်အင်္ကျီကို မြင်နေရသည်။ ဘောင်းဘီရှည် အောက်နားလေးများကို လေထီးဆင်းဖိနပ်အတွင်းသို့ ထိုးသွင်းထားသည်။ စိတ်ဝင်စားဖွယ်ရာ အကောင်းဆုံးကတော့ ကင်မရာများပင် ဖြစ်သည်။ နီကွန် ကင်မရာနှစ်လုံးကိုလည်ပင်းတွင် သိုင်းလွယ်ထားသည်။ လေထီးအကျီအိတ်များ အတွင်းတွင်

ကား ကျည်ဆန်များ ထည့်ထားခြင်းမရှိဘဲ မှန်ဘီလူးအမျိုးမျိုးနှင့် (၃၅) မီလီမီတာ ဖလင်လိပ်များ ထည့်ထားသည်။

          ရဟတ်ယာဉ်အရာရှိ ကပ္ပလီကြီး၏ ဘေးတွင်ထိုင်နေသော ဆေးမှူး လူရွယ်ကလေးသည် အန်းမာရီကို တအံ့တသြ ငေးမောလျက်ရှိသည်။ ကာကီရှပ်အင်္ကျီ၏ အပေါ်ကြယ်သီးနှစ်လုံး ပြုတ်နေသဖြင့် သူမ၏ ရင်အစုံ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်ကို မြင်တွေ့နေရသည်။

          “ဒီလိုမျိုး ကျွန်တော် မမြင်တွေ့ရတာ ကြာလှပြီ၊ တကယ့်ကို ဂုဏ် သိက္ခာရှိတဲ့ အမျိုးသမီးတစ်ယောက်ပဲ”

          ဆေးမှူးကလေးက ပြောလိုက်သည်။ ရဟတ်ယာဉ်အရာရှိက သူ့ကို စီးကရက်တစ်လိပ် ကမ်းပေးရင်း

          “ဒီလိုဆို ပြောရဦးမယ် မောင်ရင်။ ဒီမိန်းကလေးက မရောက်ဖူးတဲ့ နေရာဆိုလို့ ဘယ်မှာမှမရှိဘူး။ မနှစ်က လေထီးတပ်ရင်း ၅၀၃ နဲ့အတူ ခါတွန်မြို့မှာလည်း ခုန်ဆင်းခဲ့ဖူးတယ်။ မယုံမရှိနဲ့၊ သူ တကယ်လုပ်ခဲ့တာပဲ။ လွန်ခဲ့တဲ့ ခြောက်လ၊ ခုနစ်လလောက်တုန်းက လိုက်ဖ်မဂ္ဂဇင်းမှာ သူ့ အကြောင်း ဆောင်းပါးပါခဲ့တယ်။ မောင်ရင် ယုံနိုင်ပါ့မလား။ သူဟာ ပါရီမြို့သူကလေးပဲ။ ပြင်သစ်နိုင်ငံက ဘဏ်တိုက်တွေ တစ်ထွေးကြီးကို ပိုင်ဆိုင်တဲ့ မိသားစုက ပေါက်ဖွားလာတဲ့ မိန်းကလေးတစ်ယောက်ပဲ”

          လူရွယ်ကလေး ပါးစပ်အဟောင်းသားရှိသည်။

          “နေပါဦး၊ အဲဒါဆိုရင် သူ ဒီမှာ ဘာလာလုပ်တာလဲ”

           ရဟတ်ယာဉ်အရာရှိ ပြုံးလိုက်ပြီး

          “အဲဒါတော့မမေးနဲ့ မောင်ရင်၊ ကိုယ်လည်း ဒီမှာဘာကိစ္စရောက်နေမှန်း မသိဘူး”

          “စီးကရက်တစ်လိပ်လောက် ရှိလား၊ ကျွန်မမှာ ကုန်သွားပြီနဲ့တူတယ်” ထိုအချိန်တွင် အန်းမာရီက ပြောလိုက်သည်။

          သူမ၏ မျက်လုံးကလေးများက စိမ်းလဲ့လှသည်။ ရဟတ်ယာဉ်အရာရှိ သည် သူမထံသို့ စီးကရက်ဘူးကို ပစ်ပေးလိုက်ရင်း

          “ယူထားပါ”

အမျိုးသမီးသည် စီးကရက်တစ်လိပ်ကို ခါထုတ်လိုက်ပြီးနောက် သေနတ်ကျည်ဆန်ဖြင့် ပြုလုပ်ထားသော ကြေးဝါ မီးခြစ်ဟောင်းကလေးကို ခြစ်ကာ မီးညှိသည်။ ထို့နောက် သူမ၏ မျက်လုံးများကို ပြန်ပြီး မှေးမှိတ် ထားလိုက်သည်။ ဆေးမှူးကလေး မေးသည်မှာ မှန်သည်။ သူမ သည်မှာ ဘာကိစ္စရောက်နေသနည်း။ သူမလို အစစအရာရာ ပြည့်စုံသော မိန်းကလေး တစ်ယောက် သည်အရပ်မှာ ဘာကိစ္စရှိချေသနည်း။ သူမ၏ အဘိုးက ပြင်သစ်နိုင်ငံတွင် အချမ်းသာဆုံးနှင့် သြဇာအာဏာအရှိဆုံး စက်မှုလုပ်ငန်း ရှင်ကြီးတစ်ဦး ဖြစ်သည်။ 

          သူမ၏ ဖခင်က အင်ဒိုချိုင်းနား စစ်မြေပြင်တွင် ထင်ရှားကျော်ကြားခဲ့သော ကြည်းတပ် ဗိုလ်မှူးကြီးတစ်ဦး ဖြစ်သည်။ ဘွဲ့ထူး၊ ဂုဏ်ထူးငါးကြိမ်တိုင်တိုင် ရရှိခဲ့သည်။ နောက်ဆုံးတွင်မှ အယ်ဂျီးရီး ယားနိုင်ငံတွင် ကွယ်လွန်ခဲ့သည်။ တကယ့်သူရဲကောင်းကြီး တစ်ယောက် ပင် ဖြစ်သည်။

          သူမ၏မိခင်သည် ခင်ပွန်းသည် ကွယ်လွန်သွားသည့် အတွက် တုန်လှုပ်ချောက်ချား၍မဆုံး ရှိသည်။ ခင်ပွန်းသည် ကွယ်လွန်ပြီး နှစ်နှစ် အကြာတွင် နိုက်စ်မြို့အနီးတွင် ကားမှောက်၍ သေဆုံးခဲ့သည်။ သူမ၏ မိခင်သည် ထိုညက တမင်ပင် ကားမှောက်အောင် ပြုလုပ်ခဲ့လေသလောဟု အန်းမာရီ၏ စိတ်ထဲတွင် မကြာခဏဆိုသလိုပင် တွေးထင်မိသည်။

          သနားစရာကောင်းသော မိန်းကလေးရယ်။

          သူ၏ နှုတ်ခမ်းစုံတွင် အပြုံးရိပ်ကလေး သန်းနေသည်။ သူမ၏ မျက်လုံးများက မှေးမှိတ်ထားဆဲပင် ရှိသည်။ လှပသော တိုက်တာအိမ်ရာများ၊ မြောက်မြားလှစွာသော အခိုင်းအစေများ၊ အထက်တန်းကျသော စာသင်ကျောင်း၊ ထို့နောက်တွင်ကား ထင်ရှားကျော်ကြားသော ဆာဘုံတက္ကသိုလ်၊ ပြီးတော့ မမေ့နိုင်သော အတွေ့အကြုံ ကလေးများ၊ နောက်ပြီးတော့ တဒင်္ဂ ကမ္ဘာဖြစ်သော မူးယစ်ဆေးဝါး။ 

          သူမ၏ဘဝကို ကယ်တင်ခဲ့သည်က ကင်မရာဖြစ်တော့သည်။ သူမ သည် ရှစ်နှစ်သမီးအရွယ်ကပင် ကိုဒက်ကင်မရာကလေးဖြင့် ဓာတ်ပုံရိုက်ကူး ခဲ့သည်။ သူမတွင် ဓာတ်ပုံပညာနှင့် ပတ်သက်သည့် ပါရမီရှိသည်။ သူမ၏ စွမ်းရည် တစ်စထက်တစ်စ တိုးတက်ခဲ့သည်။ သူမ၏ အဘိုးက သူမ၏ဝါသနာကို အသိအမှတ်ပြုခဲ့သည်။

          ဆာဘုံတက္ကသိုလ်မှ ထွက်ပြီး နောက်ပိုင်းတွင် သူမသည် ဓာတ်ပုံ လုပ်ငန်းတွင် ပိုမိုစူးစိုက်သည်။ ပါရီမြို့ရှိ အတော်ဆုံး ဓာတ်ပုံပညာရှင်ကြီး တစ်ဦးထံတွင် ခြောက်လမျှ ပညာသင်ကြားသည်။ ထို့နောက် “ပါရီမက် ́ မဂ္ဂဇင်းတွင် ဓာတ်ပုံသတင်းထောက်အဖြစ် ဝင်ရောက်လုပ်ကိုင်သည်။ တစ်နှစ်အတွင်းမှာပင် သူမ၏ ထင်ရှားကျော်ကြားမှုက အံ့သြဖွယ်ရာဖြစ်ခဲ့ သည်။ သို့သော် သူမက သည်မျှနှင့် ကျေနပ်ရောင့်ရဲခြင်း မရှိပါ။ သူမကို ဗီယက်နမ်စစ်မြေပြင်တွင် တာဝန်ပေးရန် တောင်းဆိုခဲ့သည်။ သည်တော့ သူတို့က ရယ်မောခဲ့ကြသည်။

          ယင်းသို့ဖြင့် သူမ အလုပ်မှ ထွက်လိုက်သည်။ တိုက်ပိုင်မထားဘဲ အလွတ်သတင်းထောက်အဖြစ် လုပ်ကိုင်သည်။ နောက်ဆုံးအနေဖြင့် အဘိုး ဖြစ်သူကို အပူကပ်သည်။ သူမအတွက် လိုအပ်သော ထောက်ခံချက်များကို ကာကွယ်ရေးဌာနမှ ရရှိစေရန် သူ၏ ဩဇာအာဏာများကို သုံးခိုင်းသည်။ အဘိုးဖြစ်သူမှာ ဇွတ်တရွတ်နိုင်လှသော မြေးမလေးအတွက် အံ့ဩရသည်။ စိတ်ထဲမှလည်း ကျေနပ်ချီးကျူးရသည်။ သို့သော် ခြောက်လပဲဟု ဈေးဆစ် သည်။ အန်းမာရီ ကတိပြုသည်။ သို့သော် သည်ကတိကို ချိုးဖောက်ရန် အန်းမာရီ နည်းနည်းကလေးမျှ ဝန်မလေးပါ။

          တကယ်လည်း ချိုးဖောက်ခဲ့သည်။ ခြောက်လပြည့်သောအခါ သူမ ၏ အခြေအနေကလည်း နောက်ဆုတ်ရန် မည်သို့မျှ မဖြစ်နိုင်တော့ပါ။ သူမက ထင်ရှားကျော်ကြားလျက် ရှိချေပြီ။ သူမ၏ သတင်းဓာတ်ပုံများကို ဥရောပတိုက်နှင့် အမေရိကတိုက်ရှိ မဂ္ဂဇင်းကြီးများ အားလုံးလောက်ကပင်

အားလုံးကပင် သူမ၏ သတင်းဓာတ်ပုံများကို တစ်တိုက်တည်းပိုင်အဖြစ် သုံးစွဲလိုနေကြပြီ ဖြစ်သည်။ခါတွန်မြို့တွင်းသို့ လေထီးတပ်သားများနှင့်အတူ ခုန်ဆင်းခဲ့သော ပြင်သစ်မကလေးအဖို့ မည်သည့်တာဝန်သည်မှ ကြမ်းတမ်း ခက်တရော်သည်ဟူ၍ မရှိတော့။

          သည်ကနေ့ သည်ကမ္ဘာကြီးတွင် ဖြစ်ပွားနေသော စစ်ပွဲကြီး၏ အသွင်သဏ္ဌာန်ကို သူမ တွေ့မြင်ရသည်။ ဗီယက်နမ်တွင် ဖြစ်ပွားသောစစ်ကို ကောင်းစွာ ကြုံတွေ့ရသည်။ သည်စစ်ပွဲက ယခင် သူမ ကြားခဲ့သိခဲ့ ဖူးသော စစ်ပွဲမျိုးမဟုတ်။ တပ်တွေကို စနစ်တကျ ခင်းကျင်းပြီး တိုက်သော တိုက်ပွဲမျိုးမဟုတ်။ လေထဲတွင် လွင့်ပျံလာသော စစ်ခရာသံကိုလည်း မကြားရပါ။ ရင်ထဲမှာ လှုပ်ခတ်သော အဝေးဆီမှ ဗုံးသံများကိုလည်း မကြားရပါ။ ဆိုင်ဂုံမြို့တွင်းမှာ ဖြစ်ပွားသော လမ်းပေါ်က တိုက်ပွဲများက ရက်စက်ကြမ်းတမ်းလှသည်။ သည်စစ်ပွဲက မဲခေါင်မြစ်ဝှမ်းက နွံတောကြီး များဖြစ်သည်။ အလယ်ပိုင်းကုန်းမြင့်ဒေသမှ တောနက်ကြီးများ ဖြစ်သည်။ ခြေထောက်မှာ ကြောက်မက်ဖွယ်ရာ အနာများ ဖြစ်ရသည်။ အရိုးထိအောင် အစားခံရသည်။ အမာရွတ်က သေသည်အထိ ပါတော့သည်။

          သည်ကနေ့လည်း သူမသည် ဒင်တိုက်သွားရန် လေယာဉ်ပျံမရသဖြင့် ပလေကစ်တွင် တစ်မနက်လုံး မိုးရေထဲတွင် သောင်တင်နေခဲ့ရသည်။

နောက်ဆုံးတွင်မှ ဗက်ဒီဗက် ရဟတ်ယာဉ်ဖြင့် လိုက်ပါခွင့်ရသည်။ သူမက အတော်ကြီးပင် မောပန်းနွမ်းနယ်လျက် ရှိတော့သည်။ သူမ၏ တစ်သက်တာ တွင် ဤတစ်ခါ ကြုံရသည်မှာ အပင်ပန်းဆုံး၊ အနွမ်းနယ်ဆုံး ဖြစ်တော့ သည်။ သူမအနေနှင့် အဆုံးစွန်သော အခြေအနေတစ်ခုသို့ပင် ရောက်ရှိသွား ပြီဟု အောက်မေ့ရသည်။ သူမက မသိမသာကလေး မျက်မှောင်ကြုတ်လိုက် မိသည်။ သည်အချိန်မှာပင် ရဟတ်ယာဉ်အရာရှိ၏ စူးရှစွာ အော်ဟစ်လိုက်သံ ကို ကြားရသည်။

          ရဟတ်ယာဉ်အရာရှိသည် ဖွင့်ထားသော တံခါးပေါက်အနီးတွင် ရပ်နေသည်။ အရှေ့ဘက် ခပ်လှမ်းလှမ်းဆီမှ ထွက်ပေါ်လာနေသော မီးတောက်ကို လက်ညှိုးထိုးပြလျက်ရှိသည်။ ရဟတ်ယာဉ်သည် မီးတောက် ထွက်ပေါ်ရာသို့ ဝဲကွေ့ သွားနေသည်။ အောက်ဘက်သို့လည်း တဖြည်းဖြည်း ချင်း နိမ့်ဆင်းသွားနေသည်။ ဟေးကော်ဗရာလက်နက်တင် ရဟတ်ယာဉ်ကြီး သည်လည်း နောက်မှ ထက်ကြပ် လိုက်ပါလာသည်။

          အန်းမာရီ ထိုင်ရာမှထပြီး ရဟတ်ယာဉ်အရာရှိအနီးသို့ သွားကာ အပြင်သို့ လှမ်းမျှော်ကာ ကြည့်သည်။ လယ်ကွင်းတစ်ခုထဲတွင် မီးလောင် နေသော ရဟတ်ယာဉ်တစ်စီးကို တွေ့မြင်ရသည်။ ရဟတ်ယာဉ်အနီးတွင် အလောင်းတွေ တုံးလုံးပက်လက် ရှိနေသည်။ တာရိုးအနီးမှနေ၍ သူတို့ကိုအရူးအမူး လက်ဝှေ့ယမ်းပြနေသူမှာ အမေရိကန်စစ်ဝတ်စုံနှင့် ဖြစ်သည်။

          သူတို့၏ ရဟတ်ယာဉ် အောက်သို့ နိမ့်ဆင်းသွားသည်။ လက်နက် တင် ရဟတ်ယာဉ်က အပေါ်တွင် ဝဲကျန်ရစ်သည်။ အန်းမာရီသည် ကင်မရာ တစ်လုံးတွင် မှန်ဘီလူးတပ်လိုက်ပြီးနောက် ရဟတ်ယာဉ်အရာရှိ၏ ပခုံးကို ထောက်မှီကာ တစ်ပုံပြီးတစ်ပုံ ရိုက်ယူလျက်ရှိတော့သည်။

          ရဟတ်ယာဉ်အရာရှိ သူမကို လှည့်ကြည့်ပြီး ပြုံးပြသည်။ သူတို့၏ ရဟတ်ယာဉ်သည် မြေပြင်မှ ပေ၃၀ မျှသာ ဝေးမြင့်တော့သည်။ ထိုအချိန်မှာပင် အန်းမာရီ လက်ပြလိုက်မိသည်။ မိမိ ဓာတ်ပုံရိုက်ရန် ချိန်ရွယ်လိုက်သော အောက်ဘက်မှလူသည် အမေရိကန်တစ်ယောက် မဟုတ်ပါ၊ ဗီယက်နမ် တစ်ယောက် ဖြစ်ချေသည်။ ထိုစဉ်မှာပင် ကိုက်ငါးဆယ်ခန့် ဝေးကွာသော

တောအုပ်အတွင်းမှနေ၍ စက်ကြီးနှစ်လက်ဖြင့် ပစ်ခတ်ကြလေသည်။ သည် အကွာအဝေးသည် မည်သို့မျှ မလွဲနိုင်သော အကွာအဝေးပင် ဖြစ်တော့သည်။

          တံခါးဝတွင်ရပ်နေသော ရဟတ်ယာဉ်အရာရှိသည် မည်သို့မျှ ကံမကောင်းနိုင်ပါ။သူ့ ကိုယ်တွင်းသို့ ကျည်ဆန်များ တရစပ်ဝင်ရောက်သည်။ နောက်သို့ လန်ထွက်သွားပြီး အန်းမာရီကို ပြင်းထန်စွာ တိုက်ဆောင့်သည်။ ဆေးသေတ္တာများပေါ်သို့ အန်းမာရီ လဲကျသွားသည်။ မိမိကိုယ်ပေါ်တွင် ကျရောက်နေသော ရဟတ်ယာဉ်အရာရှိကို တွန်းဖယ်လိုက်ပြီး အန်းမာရီ ဒူးတစ်ဖက်ထောက်ကာ ထိုင်လိုက်သည်။ ဆေးမှူးကလေးသည် ရဟတ်ယာဉ်တစ်နေရာတွင် ခွေနေသည်။ သွေးချင်းချင်းနီနေသော လက်မောင်းကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသည်။ နောက်ထပ် စက်သေနတ်သံများ ထွက်ပေါ်လာပြန်သည်။ စက်ခန်းကို ထိမှန်သည်။ ရဟတ်ယာဉ်မှူး၏ အော်ဟစ်သံကို အန်းမာရီ ကြားရသည်။

           အန်းမာရီ ရှေ့သို့ ယိမ်းထိုးသွားသည်။ ဒေါက်တိုင်တစ်ခုကို ဖမ်းကိုင်ထားလိုက်ရသည်။ ထိုစဉ်မှာပင် ရဟတ်ယာဉ်သည် အပေါ်သို့ ဝုန်းခနဲ မြင့်တက်သွားပြီး အန်းမာရီ တံခါးပေါက်မှ လွင့်ထွက်သွားသည်။

အောက်ဘက်ရှိ လယ်ကွက်ထဲသို့ ကျသွားသည်။ ရွှံ့တွေ၊ ရေတွေထဲသို့ ကျရောက်သွားသည်။ ဗက်ဒီဗက်ရဟတ်ယာဉ် လေထဲသို့ ပေနှစ်ဆယ်၊ သုံးဆယ်ခန့် တက်သွားပြီးနောက် လက်ဝဲဘက်သို့ ရုတ်တရက် ထိုးစောင်းကာ ဝုန်းခနဲ ပေါက်ကွဲသည်။ မီးတောက်ကြီး ပေါ်ထွက်သွားပြီး အားလုံး တစ်စစီ လွင့်ထွက်ကုန်တော့သည်။

          အန်းမာရီ မတ်တတ်ထရပ်သည်။ တစ်ကိုယ်လုံး ရွှံ့တွေ ပေရေနေ သည်။ တာရိုးပေါ်တွင် အမေရိကန်စစ်ဝတ်စုံနှင့်လူ မားမားကြီးရပ်နေသည် ကို တွေ့ရသည်။ သူ့မျက်နှာက အရှေ့တိုင်းသားစစ်စစ်ကြီး ဖြစ်သည်။ သူ့ လက်ထဲတွင် အေကေ ၄၇ မောင်းပြန်သေနတ်ကို ကိုင်ထားသည်။ သူမ ကို တည့်တည့်မတ်မတ်ကြီး ချိန်ရွယ်ထားသည်။ ထိုမျှမကပါ၊ တာရိုးပေါ် တွင် နောက်ထပ် ရန်သူ လေးငါးယောက်မျှ ရှိနေသည်ကိုလည်း တွေ့ရသည်။ မြက်ဦးထုပ်များ ဆောင်းထားကြသည်။ အင်္ကျီရှည် အနက်ကြီးများနှင့် ဖြစ်ကြသည်။ သူတို့က မြောင်းထဲမှ တက်လာကြခြင်း ဖြစ်သည်။ သူမထံသို့ တန်းတန်းမတ်မတ်ကြီး လာနေကြသည်။

          သည်စဉ်မှာပင် လက်နက်တင် ရဟတ်ယာဉ် ဝဲပျံလာသည်။ စက် သေနတ်များဖြင့် ပစ်ခတ်သည်။တာရိုးတစ်လျှောက်တွင် ကျည်ဆန်ထိမှန် သဖြင့် ဖုန်တထောင်းထောင်း ထသွားသည်။ ရန်သူများအားလုံး မြောင်းထဲ သို့ ပြန်လည် ရောက်ရှိသွားကြသည်။

          အန်းမာရီ မော်ကြည့်လိုက်သည်။ လက်နက်တင် ရဟတ်ယာဉ် ဝဲပျံ လျက်ရှိသည်။ သို့ရာတွင် ထိုအချိန်မှာပင် လယ်ကွင်း၏ တစ်ဖက်ဆီမှ ရန်သူတပ်သားများ ထွက်ပေါ်လာကြသည်။ ကာကီယူနီဖောင်းများနှင့် ဖြစ်သည်။ အင်အား လေးငါးဆယ်ခန့် ရှိသည်။ တောအုပ်ထဲမှ ထွက်လာကြ ခြင်းဖြစ်သည်။ ၎င်းတို့က ရှိသမျှ လက်နက်များဖြင့် ရဟတ်ယာဉ်ကို ပစ်ခတ် ကြသည်။ ရဟတ်ယာဉ်ကလည်း ၎င်းတို့ရှိရာဘက်သို့ ပျံသန်းသွားပြီး ဒုံးကျည်များဖြင့် ပြန်လည်ပစ်ခတ်သည်။ ရန်သူတပ်သားများ တောအုပ် တွင်းသို့ ပြန်လည် ရောက်ရှိသွားကြသည်။ ရဟတ်ယာဉ်သည် ဝဲကွေ့ပြီး

တောင်ဘက်သို့ နှစ်ဖာလုံခန့် ပျံသန်းသွားသည်။ ထို့နောက် တိုက်ပွဲဖြစ် ပွားရာဒေသကို မှန်မှန်ကြီး ဝဲပတ်လျက် ရှိတော့သည်။

          အန်းမာရီသည် တာရိုးကို အကာအကွယ်ပြုကာ ဝပ်နေသည်။ အမော ဖြေနေသည်။ အတန်ငယ်ကြာမှ ဖြည်းလေးစွာ ထရပ်သည်။ ပတ်ဝန်းကျင် တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်လျက် ရှိသည်။ မိမိပတ်ဝန်းကျင်ရှိ အနိဋ္ဌာရုံ