Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

နတ်နွယ် - တဖန်ပြန်၍မနိုးသော၀ေဒနာ

Regular price 9,000 MMK
Regular price Sale price 9,000 MMK
Sale Sold out

ပဏာမ၊ ၁၄၊ ဖေဖော်ဝါရီလ - ၁၉၇၆

          နန်စီဂရင်းလေးသည် ခွဲစိတ်ခန်း အမှတ် ၈ ရှိ ခွဲစိတ်စားပွဲပေါ်တွင် ကျောခင်းလျက်ရှိသည်။ မျက်နှာကြက် မီးစလောင်းကြီးကို စိုက်ကြည့် ရင်း စိတ်တည်ငြိမ်ရန် ကြိုးစားနေသည်။ သူမကို ခွဲစိတ်ကုသခြင်းမပြုမီ လိုအပ်သော ထိုးဆေးများအားလုံးကို ထိုးပေးထားသည်။ အိပ်ပျော်စေရန် နှင့် စိတ်ပျော်ရွှင်စေရန်ဟုဆိုသည်။ သို့သော် တစ်ခုမျှ ဖြစ်မလာပါ။ နန်စီ သည် ဆေးမထိုးမီကထက်ပင် ပိုပြီးချောက်ချားခြင်း၊ စိုးရိမ်ခြင်းဖြစ်နေသည်။ သူမ၏ နှစ်ဆယ့်သုံးနှစ်သော သက်တမ်းအတွင်းတွင် တစ်ခါ ဖူးမျှ ဤမျှလောက် စိတ်အနှောင့်အယှက်ဖြစ်ခြင်း၊ စိတ်လှုပ်ရှားခြင်း မဖြစ်ခဲ့ပါ။

          သူမကို ပိတ်ဖြူခင်းတစ်ထည် လွှမ်းထားသည်။ အနားတွေ ဖွာနေ သည်။ ထောင့်စွန်းတစ်နေရာတွင် အပြေးကလေးတစ်ခုရှိသည်။ ယင်းကို သူမ သဘောမကျပါ။ ဘာကြောင့်မှန်း မသိပါ။ ပိတ်ဖြူခင်း၏ အောက်တွင်ကား ဆေးရုံအင်္ကျီရှည်ကြီးတစ်ထပ်တည်းသာရှိသည်။ လည်ကုပ်တွင် ကြိုးချည် ထားပြီး အောက်နားစသည် ပေါင်လယ်လောက်အထိသာရောက်သည်။ နောက်ကျောတစ်ခုလုံး ပွင့်နေသည်။ သည်အချိန်တွင် ဆေးရုံကို သူမ မုန်း လာသည်။ ကြောက်လာသည်။ တစ်အားကုန် ဟစ်အော်လိုက်ချင်သည်။ အခန်းထဲမှထွက်ပြေးချင်သည်။ သို့သော် မပြေးပါ။ ဆေးရုံကိုကြောက်သည်ထက် မိမိကိုယ်မှ သွေးတွေဆင်းနေသည်ကို ပို၍ကြောက်ပါသည်။ ဤဖိစီးမှုနှစ်ခုစလုံးကြောင့် မိမိသေနိုင်သည်။ သို့သော် မိမိရင်ဆိုင်လိုသည်။

          ၁၉၇၆ ခု ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၇ နာရီ ၁၁ မိနစ်အချိန် တွင် ဘော်စတန်မြို့၏အရှေ့ဘက် ကောင်းကင်ပြင်သည် မြေဖြူရောင်ဖွေး လျက်ရှိသည်။ မြို့အတွင်း၌ တစ်စီးနှင့်တစ်စီး ဆက်နေသောကားများ ရှေ့မီးများဖွင့်ပြီး မောင်းနှင်နေကြသည်။ ပြဒါးချိန်က သုံးဆယ့်ရှစ်ဒီဂရီဖြစ် သည်။ လမ်းသွားလမ်းလာများ ကိုယ့်လမ်းကိုယ် ခပ်သုတ်သုတ်လျှောက် သွားနေကြသည်။ စကားပြောသံများ မကြားရပါ။ စက်သံနှင့် လေသံတို့သာ ထွက်ပေါ်လျက်ရှိသည်။

          ဘော်စတန်အထိမ်းအမှတ် ဆေးရုံတွင်ကား အခြေအနေတွေက တစ် မျိုးတခြားဖြစ်ပါသည်။ ခွဲစိတ်ဒေသတစ်ခုလုံး မီးများလင်းထိန်လျက်ရှိ သည်။ ပျားပန်းခပ်လှုပ်ရှားမှုများနှင့် စိတ်အားတက်ကြွသော ပြောဆိုမှုများ သည် ၇ နာရီခွဲတိတိတွင် ခွဲစိတ်ရမည်ဟူသော သတ်မှတ်ချက်ကို ယုံကြည် စိတ်ချစေပါသည်။ ၇ နာရီခွဲတိတိတွင် ခွဲစိတ်ရမည်ဟူသည့်အချက်မှာ ၇ နာရီခွဲတိတိတွင် အသားပေါ်တွင် တင်ရမည်ဟုဖြစ်ပါသည်။ လူနာ ကို ခေါ်ဆောင်လာခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ သန့်ရှင်းခြင်းနှင့် ထုံဆေး၊ မေ့ဆေးပေးခြင်းလုပ်ငန်းများအားလုံး ၇ နာရီမခွဲမီ ပြီးစီးကြရမည်ဖြစ် သည်။

          ယင်းကြောင့်ပင် ၇ နာရီ ၁၁ မိနစ်အချိန်တွင် ခွဲစိတ်ဒေသတစ်ခုလုံး အရှိန်အဟုန်ကြီးမားစွာ လှုပ်ရှားလျက်ရှိသည်။ အခန်းအမှတ် ၈ အပါအဝင် ဖြစ်သည်။ အခန်းအမှတ် ၈ သည် ဘာမှထူးခြားခြင်းမရှိပါ။ ဤဆေးရုံ ရှိ ပုံမှန်ခွဲစိတ်ခန်းတစ်ခုပင်ဖြစ်သည်။ ၇ နာရီခွဲအချိန်တွင် အခန်းအမှတ် ၈ တွင် သားအိမ်ခြစ်ရန် ကိစ္စရှိသည်။ မီးယပ်ရောဂါဆိုင်ရာ လုပ်ရိုးလုပ် စဉ်တစ်ခုပင်ဖြစ်သည်။ လူနာက နန်စီဂရင်းလေး၊ မေ့ဆေးဆရာဝန်က ဒေါက်တာ ရောဘတ်ဘီးလင်း၊ အကူအညီဆရာမ နှစ်ယောက်က ရုသ်ဂျန် ကင်နှင့် ဂလိုရီယာဒီမေတို၊ သားဖွားနှင့် မီးယပ်ဆရာဝန်က ဂျော့မေဂျာ။

          နန်စီဂရင်းလေး သွေးလွန်နေသည်မှာ ဆယ့်တစ်ရက်ရှိသွားပြီဖြစ်သည်။ ပထမတွင်မူ ရက်အနည်းငယ်စောနေသော်လည်း လာရိုးလာစဉ်ပင်ဟု သူမမှတ်ထင်ခဲ့သည်။ ဓမ္မတာမလာမီ မအီမသာဖြစ်ခြင်း လုံးဝမရှိ။ သွေးစဆင်း သည့် မနက်က အနည်းငယ်တင်းကျုံ့သလိုရှိသည်။ သည့်နောက်တွင်ကား နာကျင်ခြင်းမရှိသော အမှုကိစ္စတစ်ခုသာဖြစ်တော့သည်။ ညတိုင်းလိုပင် ဒီည

တော့ ပြီးပြီဟု မှတ်ထင်ခဲ့သည်။ သို့သော် မပြီးပါ။ ထိုအခါ ဒေါက်တာ မေဂျာ၏ဆရာမထံ ဖုန်းဆက်ရသည်။ ထို့နောက် ဒေါက်တာနှင့် စကားပြော ရသည်။ သည်အခါ ထိတ်လန့်မှုများ တစ်စတစ်စကြီးထွားလာရတော့သည်။

          သည်ကိစ္စက တကယ့်အချိန်ကြီးတွင်မှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ တကယ့်အနှောင့်အယှက် အဟန့်အတားကြီးပင်ဖြစ်တော့သည်။ ကင်းဒီ ဗာရူးကို မျှော်နေသည့်အချိန်ဖြစ်သည်။ သူမ၏ ချစ်သူ ကင်းက ဥပဒေကျောင်းသားတစ်ဦးဖြစ်သည်။ ကျောင်းပိတ်ချိန်တွင် သူမထံသို့ လာရောက် မည်ဖြစ်သည်။ သည်အချိန်တွင် သူမနှင့်အတူနေ အခန်းဖော် ကီလင်တန်မှာ ရေခဲလျှာသွားစီးနေမည်ဖြစ်သည်။ ကဲ .. အခြေအနေက ဘယ်လောက် ကောင်းသလဲ။ အစစအရာရာ ဘယ်လောက်အဆင်ပြေထားသလဲ။ သွေးတွေ ဆင်းနေတာ တစ်ခုကလွဲလို့ပေါ့။ သည်ကိစ္စကို နန်စီ အမှတ်မထင် မနေနိုင် ပါ။ သူမက လှပကြော့ရှင်းသော မိန်းကလေးတစ်ယောက်ဖြစ်သည်။ အနေအထိုင် သပ်ရပ်သန့်ရှင်းသည်။ ဇီဇာကြောင်သည်ဟုပင် ပြောနိုင်သည်။ ခေါင်းမှာ ဖုန်နည်းနည်းတင်ပြီဆိုလျှင်ပင် မနေတတ်။ ယင်းကြောင့်ပင် အဆက်မပြတ်လာသလို ဓမ္မတာလာနေခြင်းကို သူမ သည်းမခံနိုင်ဘဲဖြစ်နေ သည်။ နောက်ဆုံးတွင်တော့ စိုးရွံ့ကြောက်လန့်ခြင်း ဖြစ်လာတော့သည်။

          ထိုနေ့က အဖြစ်ကို နန်စီ မှတ်မိသည်။ ခုတင်ပေါ်တွင် လဲလျောင်းပြီး ဂလုတ်နေ့စဉ်သတင်းစာ ခေါင်းကြီးပိုင်းကို ဖတ်နေသည်။ ကင်းက မီးဖိုထဲ တွင် သောက်စရာဖန်တီးနေသည်။ သည်အချိန်မှာပင် သူမ၏ မိန်းမကိုယ် တွင် ထူးခြားသော ခံစားမှုတစ်ခုဖြစ်ပေါ်သည်။ ယခင်က သည်လိုမျိုး မခံစား ခဲ့ဖူးဘူး။ နာကျင်ခြင်းလည်းမဟုတ်။ မအီမသာဖြစ်ခြင်းလည်းမဟုတ်။ နုအိနွေးရှိန်းခြင်းမျိုးသာဖြစ်သည်။ သူမ၏စိတ်ထဲတွင် ဇဝေဇဝါ ဖြစ်သွား သည်။ ပြီးမှ အရည်တစ်ခု စီးကျသွားသည်ကို သတိပြုမိသည်။ သွေးဆင်း ခြင်းပင်ဖြစ်သည်။ သွေးများစွာ သွန်ကျလာခြင်းဖြစ်သည်။ သို့သော် သူမက ကိုယ်ကို မလှုပ်ရှားဘဲ မီးဖိုဘက်သို့ စောင်းငဲ့ကာ ...

“ကင်းရေ ကိုယ့်ကို တစ်ခုလုပ်ပေးစမ်းပါကွယ်။ ဆေးရုံကား ခေါ်ပေး စမ်းပါ” 

           “ဘာဖြစ်လို့လဲ” 

           ကင်းက ကမန်းကတန်းရောက်လာပြီးမေးသည်။ 

          “သွေးတွေဆင်းနေတယ်။ ဒါပေမဲ့ ဘာမှစိုးရိမ်စရာမရှိပါဘူး၊ တစ်ခါ တလေ သွေးအဆင်းများတတ်တာမျိုးပဲ ဖြစ်မှာပါ။ ဆေးရုံတော့ ချက်ချင်း သွားမှဖြစ်မယ်။ ဆေးရုံကားခေါ်ပါ” 

          နန်စီ တည်ငြိမ်စွာ ပြောသည်။

          ဆေးရုံကား ရောက်လာပုံက ချောက်ချောက်ချားချားကြီးမဟုတ်။ အချက်ပေးဥသြဆွဲမြည်ခြင်းမရှိ။ ဆေးရုံအရေးပေါ်အခန်းတွင် စောင့်နေရ သည်ကတော့ နည်းနည်းကြာသည်ဟုထင်သည်။ ဒေါက်တာမေဂျာကို တွေ့ရသောအခါ နန်စီ ဝမ်းသာသွားသည်။ မျက်ရည်များပင်လည်လာသည်။

          အရေးပေါ်အခန်းတွင် ဓမ္မတာနှင့်ပတ်သက်ပြီး အစမ်းသပ်ခံရသည် ကတော့ အဆိုးဆုံးဟု နန်စီထင်မိသည်။ ကန့်လန့်ကာက ပါးပါးကလေး ဖြစ်သည်။ ခဏခဏ ပိတ်လိုက်ဖွင့်လိုက်ဖြစ်သည်။ သွေးတိုးနှုန်း မကြာ ခဏတိုင်းသည်။ သွေးထုတ်ယူသည်။ ဆေးရုံအဝတ်ကြီး လဲဝတ်ရသည်။ တစ်ခုခုလုပ်တိုင်း ကန့်လန့်ကာပွင့်သွားသည်။ မျက်နှာတွေ အများကြီးကို နန်စီ မြင်တွေ့ရသည်။ ဆီးအိုးကလည်း လူမြင်ကွင်းတွင် အထင်းသားရှိနေ သည်။ အိုးထဲမှာက နီညိုသောသွေးခဲများ။ ထိုအချိန်မှာပင် ဒေါက်တာ မေဂျာက သူမကို စမ်းသပ်စစ်ဆေးသည်။ နန်စီက မျက်လုံးများကို တင်းကျပ် စွာ ပိတ်ထားလိုက်ပါသည်။

          သို့သော် ကိစ္စများအားလုံး ခဏကလေးအတွင်း ပြီးစီးသွားမည်ဖြစ် သည်။ “ခဏကလေးပါ”ဟု ဒေါက်တာမေဂျာက ပြောသည်။ သားအိမ် အတွင်းသားများအကြောင်းလည်း သူက အသေးစိတ်ပြောပြသည်။ ပုံမှန် ဓမ္မတာအချိန်တွင် အတွင်းသားများမည်သို့ပြောင်းလဲပုံ၊ အကယ်၍ မပြောင်း လဲပါကမည်သို့ ဖြစ်နိုင်ပုံ၊ ထို့နောက် သွေးပြန်ကြောများအကြောင်းနှင့် သားဥအိမ်အတွင်းမှ သားဥကြွေရန် အရေးကြီးပုံအကြောင်းတို့ကို ရှင်းပြ သည်။ ယင်းတို့အတွက် လိုအပ်သောကုသမှုမှာ သားအိမ်ခြစ်ခြင်းပင်ဖြစ်သည်။ ထိုအခါ နန်စီက ဘာတစ်ခုမှ မေးမြန်းမနေတော့ဘဲ သားအိမ်ခြစ် ရန် သဘောတူလိုက်သည်။ တစ်ခုပဲ တောင်းပန်သည်။ သူမ၏မိဘများထံ အကြောင်းမကြားရန်ဖြစ်သည်။ ယင်းသို့မဟုတ်လျှင် မိခင်ဖြစ်သူက မိမိ ကလေးပျက်ကျသည်ဟု ယူဆပေလိမ့်မည်။

          ယခုအခါတွင် မိမိမျက်နှာပေါ်မှ ခွဲစိတ်ခန်းမီးကြီးကို ငေးကြည့်ရင်း နန်စီ တွေးတော ဝမ်းသာနေသည်မှာ နာရီပိုင်းအတွင်း အိပ်မက်ဆိုးကြီး ပျက်ပြယ်သွားတော့မည့်အကြောင်းပင် ဖြစ်သည်။ မိမိ၏ဘဝသည် ပုံမှန် အနေအထားအတိုင်း ပြန်လည်ရောက်ရှိပေတော့မည်။ ခွဲစိတ်ခန်းအတွင်းရှိ လှုပ်ရှားမှုများအားလုံးသည် မိမိအဖို့စိမ်းနေသဖြင့် နန်စီသည် မီးစလောင်း ကြီးမှတစ်ပါး အခြားဘယ်သူ့ကိုမှ၊ ဘာကိုမှ မကြည့်ပါချေ။

          “ဘယ့်နှယ်လဲ နေသာရဲ့လား”

          နန်စီသည်လက်ယာဘက်သို့ ကြည့်သည်။ ခွဲစိတ်ခန်းခေါင်းစွပ်အကြား မှ မျက်လုံးညိုညိုများက မိမိကိုကြည့်နေသည်။ ဆရာမ ဂလိုရီယာက မိမိ၏ လက်ယာဘက် လက်မောင်းပေါ်မှ ပိတ်စကိုလိပ်နေသည်။ ထို့နောက် လက် မောင်းကိုသူ့ဘက်သို့ ဆွဲထားသည်။

           “ဟုတ်ကဲ့”

          နန်စီဖြေလိုက်သည်။ သို့သော် အနည်းငယ်မျှပင် နေသာထိုင်သာခြင်း မရှိပါ။ ခွဲစိတ်ခန်းစားပွဲသည် မိမိ၏အခန်းမှ ထမင်းစား စားပွဲကဲ့သို့ပင် မာကျောလှသည်။ သို့သော် မေ့ဆေး၊ထုံဆေးများ အစွမ်းပြစပြုချေပြီ။ နန်စီ နိုးသိနေဆဲဖြစ်သည်။ သို့သော် ပတ်ဝန်းကျင်နှင့်တစ်စတစ်စ ကင်းကွာခြင်း လည်းရှိနေပြီ။ ပါးစပ်နှင့်လည်ချောင်းတို့ ခြောက်လာသည်။ လျှာလေးလာ သည်။

          ဒေါက်တာရောဘတ်ဘီးလင်းသည် သူ၏မေ့ဆေးပေးစက်တွင် အလုပ် ရှုပ်နေသည်။ သူ၏စက်သည် သံမဏိရောင် တောက်ပြောင်သည်။ ဒိုင်ခွက် များတွင် အိမ်မြှောင်များ လှုပ်ရှားပြေးလွှားနေသည်။ ဓာတ်ငွေ့ပေါင်းချောင် များပါရှိသည်။ အရောင်အမျိုးမျိုးဖြစ်သည်။ ထိပ်ဆုံးတွင်ကား အညိုရောင် ဟယ်လိုသိန်းပုလင်းရှိသည်။ ပုလင်းတံဆိပ်ပေါ်တွင် ကား ၂ - ဘရိုပို၊ ၂- ခရို (၁,၁,၁)-ထရိုင်- ဖလိုရိုသိန်းဟု ရေးထားသည်။ ပြည့်စုံလုနီးပါးသော မေ့ဆေးပင်ဖြစ်သည်။ “ပြည့်စုံလုနီးပါးသော”ဟု ဆိုရခြင်းမှာ ရံခါတွင် လူနာ၏ အဆုတ်ကိုပင် ဖျက်ဆီးပစ်နိုင်သောကြောင့် ဖြစ်သည်။ သို့သော် ဤကဲ့သို့ ဖြစ်ခဲပါသည်။ ဟယ်လိုသိန်း၏ အခြားသတ္တိများက အဆုတ်ထိခိုက်စေနိုင်မှုကို ပြန်လည်ထိန်းချုပ်ထားသောကြောင့် ဖြစ်သည်။ ဒေါက်တာဘီးလင်းသည် ဟယ်လိုသိန်းအပေါ်တွင် အထူးအားထားလျက် ရှိသည်။ ဟယ်လိုသိန်းကို မွမ်းမံပြုလုပ်ခြင်းဖြင့် တစ်နေ့တွင် သူသည် နိုဘယ်လ်ဆု ရရှိလိမ့်မည်ဟု မျှော်လင့်နေသည်။ ။

           ဒေါက်တာဘီးလင်းသည် အထူးကျွမ်းကျင်သော မေ့ဆေးဆရာဝန်ကြီး တစ်ဦးဖြစ်သည်။ ဒါကို သူ့ဘာသာသူလည်း သိသည်။ လူတိုင်းကလည်း သိသည်ဟု သူ ယူဆထားသည်။ သူသည် မေ့ဆေးပညာနှင့်ပတ်သက်ပြီး အခြားသူများ နားလည်သည်ထက် ပိုမိုနားလည်သည်။ နောက်ပြီးတော့ သူက စေ့စပ်သေချာသည်။ အထူးပင် စေ့စပ်သေချာသည်။

          သူလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်ကို အဆင့်ဆင့်ပိုင်းခြားသတ်မှတ်ထား သည်။ တစ်ဆင့်ပြီးတစ်ဆင့် အသေအချာစစ်ဆေးပြီးမှလုပ်သည်။ သုံးနာရီ ဆယ့်ငါးမိနစ်တွင် အဆင့်အမှတ် ၁၂ ကို လုပ်ဆောင်သည်။ ယင်းမှာ ရာဘာပိုက်ခေါင်းကို စက်တွင်ထိုးတပ်လိုက်ခြင်းဖြစ်သည်။ ပိုက်၏ တစ် ဖက်သည် လေသွင်းအိတ်သို့ရောက်ရှိသည်။ လေသွင်းအိတ်က အောက်ဆီ ဂျင် လေးငါးလီတာခန့် ဆံ့ဝင်ပြီး ခွဲစိတ်ကုသနေစဉ် လူနာ၏အဆုတ်ကို လုံလောက်အောင် အလုပ်လုပ်နိုင်စေသည်။ ပိုက်၏ အခြားတစ်ဖက်က လူနာမှ ထုတ်လွှတ်လိုက်သော ကာဗွန်ဒိုင်အောက်ဆိုဒ်များကို စုပ်ယူသည့် ဆိုဒါလိုင်းသေတ္တာကလေးသို့ ဆက်သွယ်သည်။ အဆင့်အမှတ် ၁၃ က အသက်ရှူလိုင်းများ မှန်၊ မမှန်ကို စစ်ဆေးရန်ဖြစ်သည်။ အဆင့်အမှတ် ၁၄ က မေ့ဆေးပေးစက်ကို ခွဲစိတ်နံရံရှိ အောက်ဆီဂျင်ပေးသည့်ပိုက်နှင့် ဆက်သွယ်ရန်ဖြစ်သည်။ မေ့ဆေးစက်တွင် အရေးပေါ်အသုံးပြုရန် တပ်ဆင် ထားသော အောက်ဆီဂျင်ဘူး နှစ်ဘူးရှိသည်။ ယင်းဘူးနှစ်ဘူးကို ဒေါက်တာ ဘီးလင်းစစ်ဆေးသည်။ အောက်ဆီဂျင်အပြည့်ရှိသည်။ ဒေါက်တာဘီးလင်း ကျေနပ်မှုရှိသွားသည်။

           “ရှင့်ရင်ဘတ်ပေါ်မှာ အီလက်ထရုတ် သုံးလေးခု တပ်ထားမယ်။ ရှင့်ရင်ခုန်သံကြားရအောင်ပဲ”

          ဆရာမ ဂလိုရီယာက ပိတ်ဖြူစကို အောက်သို့ဆွဲချရင်းပြောသည်။ ထို့နောက် သူမ၏ ဆေးရုံအင်္ကျီရှည်ကြီးကို အပေါ်သို့ဆွဲလှန်သည်။ သူမ၏ ရင်ကို လေသလပ်သည်။ ဆရာမက သူ၏ ရင်ဘတ် သုံးနေရာပေါ်တွင် ကော်ရည်များ ညှစ်ချရင်းပြောသည်။ 

          “ခဏတော့ အေးလိမ့်မယ်” ။

          နန်စီ တစ်ခုခု ပြန်ပြောချင်သည်။ သို့သော် ဘာပြောရမှန်းမသိပါ။ သူမကို ကူညီဖေးမနေကြသည့်အတွက် ကျေးဇူးတင်သည်။

          ဒေါက်တာဘီးလင်းက နန်စီ၏ လက်ဝဲဘက်လက်မှ အကြောများ ထကြွလာစေရန် လက်ဖြင့် ခပ်ဆတ်ဆတ် ရိုက်လိုက်သည်။ သူမ၏လက်

ကောက်ဝတ်ကို ရော်ဘာပိုက်တစ်ခုဖြင့် ခပ်တင်းတင်းပတ်လိုက်သည်။ သူမ ၏သွေးတိုးသံကို လက်ထိပ်ကလေးများမှ ကြားရသည်။

          ဒေါက်တာမေဂျာ အခန်းတွင်းသို့ဝင်လာသည်။ 

          “မင်္ဂလာနံနက်ခင်းပါ မစ္စဂရင်းလေး။ ညက အိပ်လို့ကောင်းတယ် မဟုတ်လား။ ကျုပ်တို့အလုပ်က ခဏကလေးဆို ပြီးသွားမှာပဲ။ ပြီးတယ် ဆိုရင် ကိုယ့်ခုတင် ကိုယ်ပြန်ပြီး အားရပါးရအိပ်ပြီးနားလိုက်ရုံပဲ” 

           ဒေါက်တာဘီးလင်းက “ဂလိုရီယာရေ အမှတ် ၈ ပိုက်၊ ဟုတ်ပြီ ဒေါက်တာ အဆင်သင့်လုပ်ပေတော့။ ခုနစ်နာရီခွဲတိတိမှာ ကျုပ်တို့အားလုံး အဆင်သင့် ဖြစ်မယ်” 

          “ကောင်းပြီ”

          ဒေါက်တာမေဂျာ တံခါးဆီသို့ လျှောက်သွားသည်။ ရပ်လိုက်သည်။ ဆရာမ ရုသ်ဂျန်ကင်ဘက်သို့ လှည့်ပြီး 

          “ဆရာမရေ၊ ခွဲစိတ်ကိရိယာတွေကတော့ ကျုပ်ပစ္စည်းတွေပဲ ဖြစ်ပါစေ။ အရင်တစ်ခါကလို ဆေးရုံက ပစ္စည်းအဟောင်းအမြင်းတွေ မပေးပါနဲ့”

          ဆရာမက တစ်စုံတစ်ရာ ပြန်မပြောရမီမှာပင် သူ ထွက်သွားသည်။ မိမိ၏ နောက်ဘက်ရှိ နှလုံးခုန်စက်မှ အသံတစ်ခုကို နန်စီကြားနေရသည်။ မိမိ၏ နှလုံးခုန်သံပင်ဖြစ်တော့သည်။

          “ကဲ .. နန်စီရေ နည်းနည်းကလေး ခေါင်းစိုက်ပြီး ခြေထောက်နှစ်ဖက်