Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

နတ်နွယ် - တက္ကသိုလ်နှင့်ပြင်ပကမ္ဘာ

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out

၁။ ။ မှောင်မည်းသော လှေကားကျဉ်းကလေး

           ငွေနှင်းဖွေးဖွေး လေပြေအေးသည့် နတ်တော်လဆန်းရက် ဖြစ်ပါ သည်။

           ၃၈ လမ်းရှိ ဟောင်းမြင်းသော လေးထပ်တိုက်တစ်လုံးပေါ်မှ လူရွယ် တစ်ယောက်သည် ကသုတ်ကရုတ် ဆင်းလာသည်။ လမ်းမပေါ်သို့ရောက်သောအခါတွင် ဇဝေဇဝါအမူအရာနှင့် ခေတ္တမျှရပ်နေပြီးနောက် အောက် ဘက်သို့ ဆုတ်ဆိုင်းဆိုင်း လျှောက်သွားလေသည်။

          သူသည် လှေကားမှအဆင်းတွင်တော့ တိုက်ရှင်မိန်းမကြီးနှင့် မတွေ့ အောင် ရှောင်တိမ်းနိုင်ခဲ့ပြီးဖြစ်၏။ သူနေရသည့်အခန်းမှာ ခေါင်မိုးနှင့် ကပ်နေသော အပေါ်ဆုံးထပ်တွင် ဖြစ်ပါသည်။ အခြားသုံးထပ်တိုက်များ

လောက်သာရှိသော အမြင့်ကို လေးထပ်ဖြစ်အောင် ပိုင်းခြားထားသဖြင့် အပေါ်ဆုံးထပ်သည် စံချိန်မီတိုက်ခန်းတစ်ခုမဟုတ်ဘဲ အထပ်ခိုးနိမ့်နိမ့် သာ ဖြစ်ချေတော့၏။

           သို့ရာတွင် သူသည် ဤအခန်းကျဉ်းကျဉ်း နိမ့်နိမ့်ကလေးမှာပင် မနည်းကြီးတွယ်ကပ်၍ နေနေရခြင်း ဖြစ်ပါသည်။ တိုက်ရှင်မိန်းမကြီး သည် သူ့အခန်းအောက်တည့်တည့်ရှိ တတိယထပ်တွင် နေထိုင်သည်ဖြစ် ၍ သူအပြင်ထွက်လိုတိုင်း တိုက်ရှင်၏ မီးဖိုခန်းကို ဖြတ်ဆင်းသွားရပါ သည်။ ဤအခါတိုင်းမှာပင် သူသည် ကြောက်ဒူးများတုန်၍ စိတ်မလုံမလဲ မျက်နှာမရဲ ဖြစ်ခဲ့ရပါသည်။ အကြောင်းမူ သူသည် တိုက်ရှင်မိန်းမကြီး

အား ပေးဆပ်ရန် အခန်းလခနှင့် ထမင်းလခများ ခေါင်ခိုက်နေပြီဖြစ် သောကြောင့်တည်း။

          တကယ်တော့မူ ကြွေးရှင်မိန်းမကြီးကိုသာ တိမ်းရှောင်နေသည် မဟုတ် သူ၏အပေါင်းအဖော်များနှင့် မတွေ့အောင် ကြိုးစားနေသည့် ကာလလည်း ဖြစ်ပေသည်။ ယခုတလောတွင် သူက မည်သူနှင့်မျှ မတွေ့ လို။ လောကကြီးကို တူတူပုန်းနေသည့်အချိန် ဖြစ်ပေသည်။ စီးပွားရေး ကျပ်တည်းလာ သည်နှင့်အမျှ သူ၏အနေအထားမှာလည်း အလိုလို သိမ်ငယ်၍ လာနေတော့၏။ ကြံ့၍နှံ့နေတော့၏။

          တစ်ခါတစ်ခါတွင် သူသည် သန်းခေါင်ထက် ညဉ့်မနက်နိုင်တော့ဟု အားတင်း၍ လောကကြီးအား ဖြစ်သည့်နည်းနှင့် ရင်ဆိုင်ရန် ဆုံးဖြတ် ချက်ချသော်လည်း လှေကားပေါ်တွင် တဖျစ်တောက်တောက်မြည်တွန်

တောက်တီး၍ ကြွေးတောင်းခံရမည့်အရေးကိုတော့ မုန်းတီးရွံရှာလျက်ပဲ ရှိ၏။ သူက တောင်းပန်နှစ်သိမ့်ရခြင်း၊ လိမ်ညာဖြတ်သန်းရခြင်းများကို ငြီးငွေ့ နံစော်နေပါပြီ။

           ထို့ကြောင့် သူလည်း သူခိုးသူဝှက်ပမာ တိုက်ပေါ်မှဆင်းခဲ့ရသည် ချည်းသာ။

          “ငါဒီလောက်ပဲ သွေးကြောင်သလား။ ဒါလောက်ပဲ သတ္တိနည်း သလား။ ငါဟာ ဘာကိုမှ ရင်မဆိုင်ရဲဘူးလား။ ဟုတ်တယ်။ ငါဟာ ဘာကိုမှ လက်တွေ့လုပ်ရဲတဲ့လူ မဟုတ်ဘူး။ အခုတလောမှာ ငါဟာ အိပ်ရာပေါ်လှဲပြီး စိတ်ကူးတွေသာ ထုတ်နေတယ်။ အဲဒီစိတ်ကူးတွေကို အကောင်အထည် ဖော်ဖို့ကျတော့ ကြောက်နေတယ်။ ငါဟာ သူရဲဘော နည်းတဲ့ကောင်ပဲ။ ဒီတိုက်ရှင်မိန်းမကြီးကိုတောင်မှ ကြောက်နေရင် တခြား ငါစိတ်ကူးကြံစည်ထားတာတွေဟာ ဘယ်မှာလက်တွေ့ဖြစ်နိုင် တော့မှာလဲ”

           လူရွယ်သည် သူ့ကိုယ်သူ စကားပြောလျက် လမ်းလျှောက်သွားနေ သည်။ သူ့ပတ်ဝန်းကျင်တွင် အခြားသူတွေလည်း စားသောက်နေထိုင်မှု အတွက် အသီးသီးလုပ်ကိုင်နေကြရသည်ကို သူက ဂရုမပြုမိ။ ဤကမ္ဘာ လောကကြီးတွင် သူတစ်ယောက်တည်းသာ အဆင်မပြေသူရှိသကဲ့သို့မျက်နှာကြီးကို သုန်မှုန်၍ထားပါသည်။ သူ့မျက်နှာသည် အဘယ်မျှ ကုတ်

မှောင်၍ထားစေကာမူ သူသည် လူချောလူခန့်တစ်ယောက်ဖြစ်သည် ကတော့ အဘက်ဘက်မှ မြင်သာထင်ရှားလှပါ၏။

          မျက်လုံးမျက်ခုံးကောင်း၍ ယောက်ျားကောင်းပီသသော အရပ် အမောင်းရှိ၏။ တစ်ယောက်တည်း စကားပြောတတ်သောအကျင့်ကသာ သူ၏ ပျော့ကွက်ကို ဖော်ပြနေသည်။ ရံဖန်ရံခါတွင် သူ၏ အထက်

အောက်နှုတ်ခမ်းများသည် တရွရွလှုပ်ရှား၍ အတွင်းစိတ်ဂနာမငြိမ်မှုကို ဖွင့်လှစ်ပြနေပေသည်။

          ယင်းအပြင် လူရွယ်အား ကြည့်ရသည်မှာ မျက်တွင်းချိုင့်၍ အနည်း ငယ် ပန်းလျနွမ်းနယ်ပုံ ရပါသည်။ အမှန်တော့ သူသည် အိပ်မပျော်သော ညများဆင့်၍ ထမင်းနှင့်လည်း နှစ်ရက်လုံးလုံး ဝေးနေရသူ ဖြစ်ပါသည်။

           သူ၏ အဝတ်အစားများမှာလည်း အထူးပင် ပေရေဟောင်းနွမ်းလှ ပါသည်။ ပင်နီတိုက်ပုံအင်္ကျီတွင် ကြေးကြောင်းများ ထင်နေသည်ကို တွေ့ရ၏။ အောက်မှ ရှပ်အင်္ကျီသည်လည်း ဝါကျင်ကျင် နီသွေ့သွေ့ ဖြစ်၏။ ကော်လံနှင့် အင်္ကျီအိတ်သည် ဖာလံကျဲလျက်ရှိ၏။ လက်ဖျား သည်လည်း ခေါက်ရိုးပျက်လျက်ရှိပြီး လုံချည်မှာလည်း ရေလဲသာသာ ဖြစ်ပါ၏။ ယင်းကြောင့်လည်း သူသည် ကျောင်းနေဘက် သူငယ်ချင်းများ နှင့် မတွေ့မြင်လို မတွေ့ကြုံလိုခြင်း ဖြစ်သည်။

          သူက ဘယ်မျှပင် ပတ်ဝန်းကျင်ကို မေ့လျော့၍ လာစေကာမူ သူသွားရှိမည့်နေရာကိုတော့ ကောင်းစွာအမှတ်ရနေပါ၏။ အကြောင်းမူ သူနေထိုင် ရာတိုက်နှင့် သူသွားရမည့်နေရာ မည်မျှကွာလှမ်း၍ မည်မျှ ကြာကြာသွားရမည်ကို အတိအကျ သိနေသောကြောင့် ဖြစ်ပါသည်။ တစ်ခါက သူသည် ဤခရီးကိုလျှောက်ရင်းနှင့် ခြေလှမ်းပေါင်းမည်မျှရှိ သည်ကို ရေတွက်ခဲ့ပါ၏။ အလှမ်းပေါင်း ခုနစ်ရာသုံးဆယ်တိတိ ရှိပါ သည်။ ယခုလည်း သူက ဤခရီးကို ရည်ရွယ်ချက်တစ်ခုနှင့် လျှောက်နေ ခြင်းဖြစ်ပါသည်။ သူ၏ ညစိတ်ကူးများကို ဇာတ်တိုက်နေခြင်းပင် ဖြစ်သည်။

          လူရွယ်သည် ကျဉ်းမြောင်းရှုပ်ထွေး၍ ပေရေညစ်ပတ်သောလမ်းအတိုင်း လျှောက်လာရာ မကြာမီတွင် တိုက်အိုကြီးတစ်လုံးရှေ့သို့ ဆိုက် ရောက်လာတော့၏။ ထိုတိုက်ဟောင်းကြီးတွင် ငှားရမ်းနေထိုင်ကြသူများ မှာ တရုတ်၊ ကုလား၊ မြန်မာ၊ ကပြား စသည်ဖြင့် လူမျိုးစုံဖြစ်လေသည်။ ထိုသူတို့သည် ပျော်ရာမှာနေကြသူများ မဟုတ်ဘဲ တော်ရာမှာ နေကြရ သူများ ဖြစ်ပါသည်။ သူတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများမှာ လည်း တစ်ဦးနှင့်တစ်ဦး မတူကြပါချေ။ လူရွယ်သည် တိုက်နှင့် ပတ်ဝန်းကျင်အခြေအနေကို အတော်ကြာအောင် ဂဃနဏ လေ့လာပြီးမှ မည်းမှောင်ကျဉ်းမြောင်းသော လှေကားလေးအတိုင်း တက်သွားပါသည်။ လှေကားမှာ လူတစ်ယောက် ခဲခဲယဉ်းယဉ်းတက်သာရုံသာ ကျယ်ဝန်း ၍ အလင်းရောင်မှာ မရှိသလောက် နည်းပါးလှချေသည်။ သို့ရာတွင် သူက တက်နေကျလှေကားဖြစ်၍ ဘယ်နှထပ်ရှိသည်ကိုပင် သိနေပါ သည်။ ဤပတ်ဝန်းကျင်ကို သူက ကောင်းစွာ ကျက်မှတ်မိနေပြီး သဘော လည်းကျနေပါ၏။ အထူးသဖြင့် မှောင်နှင့်မည်းမည်းဖြစ်နေသည်ကို ပို၍ နှစ်ခြိုက်နေပါသည်။ “အခုကတည်းက ငါ ဒါလောက်ကြောက်နေရင် တကယ်လုပ်တဲ့အခါကျတော့ ဘယ့်နှယ်နေပါ့ မလဲ ...” လူရွယ်သည် စတုတ္ထထပ်သို့ရောက်ရှိသောအခါတွင် သူ့ကိုယ်သူ မကျေမနပ်နှင့် မေးမိပြန်၏။ ယင်းအခိုက်တွင် သူသည် အတန်ကြာ ရှေ့မတိုးသာဘဲ ဖြစ်နေ၏။ အကြောင်းမူ ကုလားသုံးလေးယောက်သည် အိမ်ထောင် ပရိဘောဂများကို သယ်ရွှေ့နေကြသောကြောင့် ဖြစ်ပါသည်။ ထိုအခန်း တွင် အသက်အာမခံ ကိုယ်စားလှယ်ကုလားတစ်ယောက် နေထိုင်

ကြောင်းကို သူသိရှိပါသည်။ ယခုအခါတွင် အဆိုပါကုလားသည် တခြား သို့ ပြောင်းရွှေ့သွားပြီဖြစ်၍ နောက်ထပ်လူငှားမရောက်မချင်း စတုတ္ထ ထပ်၏ မြောက်ဘက်လှေကားထိပ်၌ အဘွားကြီးတစ်ဦးသာ ရှိနေတော့ မည်ဖြစ်ကြောင်းကို ညွှန်ဖော်ပြနေတော့၏။ ဤတိုက်အပေါ်ထပ်သို့တက် ရန် တောင်ဘက်ထိပ်၌ လှေကားတစ်ခု ရှိပါသေးသည်။ လေးခန်းလေး ထပ်တိုက်ဖြစ်၍ နှစ်ခန်းလျှင် လှေကားတစ်ခုကျ တပ်ဆင်ထားခြင်း ဖြစ်ပါသည်။

          သူသည် လှေကားထိပ်၌ ကုလားများနှင့်လွတ်အောင် ကပ်၍ရပ်နေပြီး နောက် အဘွားကြီး၏အခန်းဝတွင် တပ်ဆင်ထားသော လျှပ်စစ် ခလုတ်ဖြူလေးကို နှိပ်လိုက်သည်။ အတွင်းခန်းမှ လူခေါ်ခေါင်းလောင်းသံ ခပ်အက်အက် ပေါ်ထွက်လာသည်။ ကွမ်းတစ်ညက်ခန့်ကြာမှအတွင်းမှ ကန့်လန့်ဖြုတ်သံကြားရပြီး တံခါးဟဟ ပွင့်လာသည်။ အဘွားကြီးသည် မဟတဟကြားမှနေ၍ ဧည့်သည်ကို စူးစမ်းသည့်အနေမျိုး ကြည့်နေ သည်။ မှောင်ဝါးဝါးတွင် အဘွားကြီး၏ သေးငယ်မာကျောသော မျက်လုံး များသည် ဝင်းလက်၍ နေပါသည်။ လှေကားထိပ်တွင် ကူလီကုလားများ ကို တွေ့ရှိရသောအခါတွင်မှ အဘွားကြီးသည် အခြေအနေကို စိတ်ချ သွားသည့်အလား တံခါးကို ကျယ်ကျယ်ဖွင့်လိုက်လေသည်။ လူတစ်ကိုယ် စာပွင့်သွားသည်နှင့်တစ်ပြိုင်နက် လူရွယ်သည် အတွင်းသို့တိုးဝင်လိုက် ၏။ အဘွားကြီးကတော့ လူရွယ်နှင့် မျက်နှာချင်းဆိုင်ရပ်လျက် စပ်စပ်စုစု ကြည့်နေဆဲဖြစ်ပါသည်။

          အဘွားကြီးမှာ အသက် ၆၀ ခန့်ရှိ၍ အရေများ တွန့်လိမ်နေပြီ ဖြစ်၏။ မျက်လုံးစူးစူးနှင့် နှာခေါင်းချွန်ချွန်တို့ကလွဲ၍ အခြားကိုယ် ထည်ပစ္စည်းများသည် အားနည်းမွဲတေလျက်ရှိပေပြီ။ ကြက်ခြေထောက် နှင့်တူသော သူမ၏ လည်တံရှည်ရှည်တွင် တဘက်ဖြူတစ်ထည် ပတ်ထား ပါသည်။ အဘွားကြီးသည် မကြာခနဆိုသလို ချောင်းတဟွတ်ဟွတ်ဆိုး လျက် ရှိပါသည်။ ခေါင်းဖြူဖြူကို အုန်းဆီအလွန်အကျွံလိမ်းထားသဖြင့် အနံ့စူးစူးကြီး ပေါ်ထွက်လာပါသည်။ အဘွားကြီးသည် တစ်စထက်တစ်စ လူရွယ်ကို သင်္ကာမကင်းလာပုံပေါ်လာ၏။

          “ကျွန်တော့်နာမည် မောင်ရန်ကင်းပါ။ ကျောင်းသားပါ။ လွန်ခဲ့တဲ့ တစ်လတုန်းက ဒီကိုတစ်ခေါက် ရောက်ဖူးပါတယ်”

          သူက အဆောတလျင် ပြောလိုက်သော်လည်း ရိုသေကိုင်းရှိုင်းမှု တော့ အပြည့်အဝပါရှိပါ၏။ 

          “အင်း ... အင်း ... ဟုတ်ပြီ ... မှတ်မိပြီ”

          သို့ရာတွင် အဘွားကြီး၏မျက်လုံးများကတော့ ကျီးကန်းတောင်း မှောက်ပဲ ဖြစ်နေသေး၏။ “ဟုတ်ကဲ့ ... အခုလည်း ကိစ္စရှိလို့လာတာပါ”