Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

နတ်နွယ် - စာပေလောကနောက်ခံကိုဘုမ္မာဝထ္ထုတိုစုစည်းမှု

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out
ကမ်းနားလမ်း ဟိုတယ်မှာ

ဖိတ်စာကို မြင်ကတည်းက မင်္ဂလာဆောင်၏ အတိမ်အနက်ကို မှန်းမိသည်။ ဖိတ်စာ၏ တန်ဖိုးကပင် ရေခဲမုန့် တစ်ပွဲနဲ့ ကိတ်မုန့် နှစ်ခုစာ ဖြစ်သည်။ အင်းလျားကန် ဟိုတယ်လား။ ကမ်းနားလမ်း ဟိုတယ်လား။ သမ္မတ ဟိုတယ်လားပဲ။

          လှပသော ပန်းခင်းတစ်ခု၊ ဆင်စွယ်ရောင် ကတ်ထူပြားတွင် အရောင် ခုနစ်မျိုးဖြင့် ရိုက်နှိပ်ထားသည်။ မြင်ရသည်နှင့်ပင် ထုံသင်းသော ရနံ့ကို ခံစားရသည်။ သတို့သားနှင့် သတို့သမီး အမည်များသည် ဝင်းဝါ ဖောင်း ကြွနေသည်။ ကျောက်မျက်ရတနာများဖြင့် တောက်လက်နေသည်။ သို့ သော် သူတို့ကို သူ မသိ။ သည်အမည်များကို မကြားစဖူး။

          ကိုဘုမ္မာသည် အဟန့်အထည်ကြီးသော ဖိတ်စာကို ခေတ္တမျှ စူးစိုက် ကြည့်နေပြီးနောက် ကောက်ယူလိုက်သည်။ သတို့သားနှင့် သတို့သမီး သည် မည်သူမည်ဝါတွေ၏ သားသမီးတွေများ ဖြစ်ချေမည်နည်း။ မိမိကို ယောက်ျားလေးဘက်က ဖိတ်ကြားသည်လား၊ မိန်းကလေးဘက်က ဖိတ် ကြားသည်လား။

          သတို့သား၏ မိဘများကို သူ မသိ။ သို့သော် ကြားဖူးသည်။ ထင်ရှား သော အရာရှိကြီးတစ်ဦး ဖြစ်သည်။ သူ၏ နာမည်ကို သတင်းစာများ တွင် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းကပင် အဆက်မပြတ် မြင်တွေ့ ခဲ့ရသည်။ သတို့သားမှာလည်း အရာရှိတစ်ဦးပင်ဖြစ်သည်။ သူသည်အငယ်ဆုံးသောသားဖြစ်၏။ အစ်ကို အစ်မတို့၏အမည်နာမများကိုလည်း ရိုက်နှိပ်ဖော်ပြထားသည်။ သူတို့လည်း အရာရှိများပင်ဖြစ်ကြသည်။ တစ် ဦးနှစ်ဦး၏ အမည်ကို ကြားဖူးသည်။ ဆွေကြီးမျိုးကြီးများဖြစ်သည်။

          မိမိကို ဖိတ်ကြားသည်မှာ သတို့သမီးဘက်က ဖြစ်ရမည်ဟု ကိုဘုမ္မာ တွက်ဆမိသည်။ ဖိတ်စာကို ဆက်မဖတ်သေးဘဲ မည်သူများဖြစ်ချေမည် နည်းဟု မှန်းဆရင်း အဝေးသို့နေသည်။ မိတ်ဆွေနှစ်ယောက်၊ သုံး

ယောက်၏အမည်ခေါင်းထဲတွင် ပေါ်လာသည်။ သူတို့တွင် သားကြီး၊ သမီး ကြီးများရှိသည်။ တစ်ဦးက ဆရာဝန်၊ မိမိတို့၏မိသားစုဆရာဝန်။ တစ် ဦးက အရာရှိ၊ လုပ်ငန်းသဘောဖြင့် ထိတွေ့ နေရသူ။ နောက်တစ်ဦးက ရုပ်ရှင်ကုမ္ပဏီပိုင်ရှင်။

          ဖိတ်စာကို ဆက်ဖတ်သည်။ ဪ ဟု ပါးစပ်မှ အသံထွက်သွား သည်။ သူတွေးထင်ထားသူများ မဟုတ်ပါ။ သူနှင့် မတွေ့တာကြာပြီ ဖြစ်သော ကျောင်းနေဖက်သူငယ်ချင်းတစ်ယောက် ဖြစ်သည်။

          ကိုကျော်ဖေသည် ငယ်သူငယ်ချင်းတော့ မဟုတ်။ တက္ကသိုလ်ရောက် မှ တွေ့ရှိကြခြင်းဖြစ်သည်။ ပင်းယဆောင်တွင် တစ်ခန်းတည်းနေခဲ့ကြသည်။ သဟာယအသင်းတွင် သူက ဥက္ကဋ္ဌဖြစ်ခဲ့သည်။ ကိုဘုမ္မာက အတွင်းရေးမှူး ဖြစ်ခဲ့သည်။

          သူတို့နှစ်ဦး နောက်ဆုံးတွေ့ကြသည်မှာ လွန်ခဲ့သည့်နှစ်နှစ်ကျော် လောက်က ဖြစ်သည်။ ဗိုလ်ချုပ်ဈေးရှေ့တွင် ကိုဘုမ္မာ သုံးဘီးကားစောင့် နေခိုက် သူ့ရှေ့တွင် ဖယ်မလီယာကားတစ်စီး ထိုးဆိုက်သည်။ ကျော်ဖေ ၏ပြုံးချိုသော မျက်နှာကိုမြင်ရသည်။ ။

          သူ့ကို ကုက္ကိုင်းရေကူးကန်သို့ ခေါ်သွားသည်။ ကျော်ဖေသည် ကျောင်း မှာတုန်းကလိုပင် စကားကို အမျှင်မပြတ် ပြောသည်။ စားပွဲပေါ်တွင် ဘီယာ မြှုပ်ဖြူဖြူများ ဝေကျနေသည်။ ငါးသုံးလုံးစီးကရက်မှ ပြာလဲ့သော မီးခိုး ငွေ့ငွေ့ လေးထွက်နေသည်။

           ရေကူးဝတ်စုံအနက်နှင့် မိန်းကလေးတစ်ဦး ပြာလဲ့သော ရေကန်ထဲ သို့ နောက်ပြန် ကျွမ်းထိုးချသည်။ ကိုယ်လုံး ညွှတ်ကွေးသည်။ ပေါင်တံ ဝါညက်သည်။

ကမ်းနားလမ်းဟိုတယ်သည် သူ၏အစဉ်အလာကို ထိန်းသိမ်းထားသည်။ အမျိုးသားဝတ်စုံ၊ ထောပတ်နံ့သင်းသော သီဟိုဠ်သရက်စေ့၊ သေးငယ်သော ဘီယာပုလင်းများ၊ ခြင်္သေ့တံဆိပ်ပါသော ကိုင်းဖန်ခွက်၊ အသားနီ စပ်သော နိုင်ငံခြားသားများ။

          ကိုဘုမ္မာ ယခင်က တက်ရောက်ဖူးသည်။ ရုပ်ရှင်သူဌေးနှင့်ဖြစ်သည်။ သူ့ဝတ္ထုကို ရုပ်ရှင်ရိုက်ဖို့ ဆွေးနွေးကြသည်။ မြင်ကွင်းကျယ်၊ အကယ်ဒမီ မင်းသား၊ အကယ်ဒမီမင်းသမီး၊ အကယ်ဒမီဒါရိုက်တာ။ ငွေသုံးသိန်း အကုန် ခံမည်။ သို့သော် မရိုက်ဖြစ်။ သူ့ကို ငွေသုံးထောင် သုံးရစ် ခွဲပေးမည်ဆိုပဲ။ ( ယခု       ကမ်းနားလမ်းဟိုတယ်နှင့် ဒုတိယမ္ပိ တွေ့ရခြင်း။

           သူ ရောက်ရှိသွားချိန်တွင် ကမ်းနားလမ်းဟိုတယ်ရှေ့တွင် ကားတွေ ပြည့်နေသည်။

           ကမ်းနားလမ်းခန်းမသည် မြို့တော်ခန်းမနှင့်စာလျှင်၊ သမ္မတနှင့်စာ လျှင်၊ အင်းလျားနှင့်စာလျှင် အတန်ပင် ကျဉ်းမြောင်းသည်ဟု ဆိုရမည်။ သို့သော် နံရံလေးဖက် အဆင်အယင်ကြောင့် အနုပညာပြပွဲတစ်ခုနှင့် တူသည်။

ကျောက်မျက်ရတနာပြပွဲဆိုလျှင်လည်း မှန်နိုင်သည်။ ဟိုနေရာ သည်နေရာမှ စိန်ရောင်၊ မြရောင်၊ ပတ္တမြားရောင် ဖြိုးပြက်သည်မှာ ဆလိုက်မီးများ ထိုး သည့်နှယ်။

           ခန်းမအလယ်တွင်လက်ဖွဲ့လက်ခံသူများရှိသည်။စားပွဲသုံးလုံးပေါ်တွင်သေသေသပ်သပ်စည်းနှောင်ထားသော လက်ဖွဲ့ ထုပ်များ စီရရီ ဆင့်ရရင့်။

          ကိုဘုမ္မာသည် သူ့အိတ်ထဲမှ စာအိတ်ငယ်ကလေးကို ကမန်းကတန်း ထုတ်ပေးပြီး ခန်းမတွင်းသို့ ဝင်ခဲ့သည်။ ကျယ်လောင်သော ဂီတသံက ဆီးကြိုသည်။ လျှပ်စစ်တူရိယာများ၊ အောက်အစ်သော အသံများ။

          တီးဝိုင်းသည် တစ်ဖက်ထိပ်တွင်ဖြစ်သည်။ အင်္ကျီဖြူဖြူ၊ ဘောင်းဘီ ဖြူဖြူ၊ လည်စည်းနက်နက်များ။ နောက်ဆုံးပေါ် အသံချဲ့ ခွက်များ။

သူ ရပ်နေသည်။ ဘယ်စားပွဲသွားရမည်မသိ။ ရုတ်ခြည်းအကြည့်တွင် မည်သူမည်ဝါမသဲကွဲ။ အသိမတွေ့။

“ဟကောင်ကြီး နောက်ကျလှချည့်လား။ မင်း တစ်ယောက်တည်းလား။ မင်းအမျိုးသမီးမပါဘူးလား”

          သူလှည့်ကြည့်လိုက်သောအခါ ကျော်ဖေကိုတွေ့ရသည်။ သူဝမ်းသာ သွားသည်။ ပြီးတော့ ရယ်ချင်သည်။ သတို့သမီးဖခင်သည် ခေါင်းပေါင်း ကြီးနှင့်၊ အချိတ်ပုဆိုးနှင့်၊ ပိုးရင်ဖုံးနှင့်။

          “လာ လာ မင်းကို စောင့်နေကြတာ။ စောစောကပဲ မင်းအကြောင်း ပြောနေကြသေးတယ်”

          ကျော်ဖေက သူ့ကိုဆွဲခေါ်သွားသည်။ သူ့ကို မည်သူတွေက စောင့် နေကြပါလိမ့်။ သူ့အကြောင်း ဘာတွေပြောကြပါလိမ့်။

          “ဟောဒီမှာ မင်းတို့ မျှော်လင့်နေတဲ့ ပျက်စီးမယ့်စာရေးဆရာကြီး လာပါပြီ”

          ကျော်ဖေက သူ့ပခုံးနှစ်ဖက်ကိုကိုင်ပြီး စားပွဲတစ်ခုမှ လူများကိုပြော လိုက်သည်။ သူက စားပွဲဝိုင်းမှ လူများကို ကြည့်လိုက်သည်။

          အို... ကိုကျော်မောင်ပါလား။ ဒီလူကြီးလည်း ဒီရောက်နေတာကိုး။ သူ အားတက်သွားသည်။ ကိုကျော်မောင်သည် သူတို့ထက် အသက်ကြီး သည်။ အတန်းကြီးသည်။ ကျောင်းမှာတုန်းက သူတို့အစ်ကိုကြီးဖြစ်သည်။ သူတို့ကို စကားပြောလျှင် ပါးစပ်ကလေးဖြဲပြီး ပြောတတ်သည်။ သို့သော် သူ့ကို မည်သူမျှစိတ်မဆိုးကြ။ သူသဘောကောင်းသည်။ ဖြောင့်မှန်သည်။ သူ အခုထက်ထိ တက္ကသိုလ်မှာ။ ဆရာပေါ့ ။

          ကိုကျော်မောင်၏ဘေးတွင် ထိုင်နေသူကို သူရုတ်တရက် မမှတ်မိ။ နှစ်ခါပြန်ကြည့်မှ ငယ်ရုပ်ကိုဖမ်းမိသည်။ နာမည်ကို သတိရသည်။ သိန်း ဇော်၊ စစ်ကိုင်းဆောင်က ဖြစ်သည်။ သူ့အကြောင်း ဝတ္ထုတစ်ပုဒ်ရေး လောက်သည်။ ထားတော့ ငယ်ငယ်တုန်းက အကြောင်းတွေ။ သူ အခုဘာလုပ်နေသလဲမသိ။ ဟိုတုန်းကတော့ စစ်ထဲဝင်သွားသည်။ သူ့ အကြောင်း စကားမစပ်မိ။ မေ့တောင်မေ့နေသည်။

          သိန်းဇော်က ဘေးက လူကိုသူမသိ။ နောက်တစ်ယောက်ကိုလည်း သူ မသိ။ သူတို့က သူ့ကို စူးစမ်းသည့်မျက်လုံးများဖြင့် ပြန်ကြည့်နေသည်။

          ဟော . . . ကိုလှဘူးလည်း ပါသကိုး။ သူက ပြုံးပြီးပြီး ပြောင်စပ် စပ်။ သူနှင့်တော့ ခဏခဏ တွေ့သည်။ သူက သတင်းစာဆရာ။ တစ်လောက နိုင်ငံခြားသွားသည်။ သူ့ ဆောင်းပါးတွေ ဖတ်ရသည်။

          “ထိုင်လေကွာ ကုလားထိုင်က ရန်သူမဟုတ်ပါဘူး” 

          ကိုလှဘူးက သူ့တင်ပါးကို ပုတ်ပြီးပြောသည်။ “

          ရန်သူလား မိတ်ဆွေလား ခွဲခြားနေတာ မဟုတ်ပါဘူး။ အထီးလား၊ အမလားကို စဉ်းစားနေတာပါ”            

          ကိုဘုမ္မာက ကုလားထိုင်တွင် ထိုင်ရင်း ပြုံးမဲ့မဲ့ပြောသည်။ လူစိမ်း နှစ်ယောက်ကိုကြည့်သည်။ ထိုအခြင်းအရာကိုရိပ်မိသဖြင့် ကျော်ဖေက မိတ်ဆက်ပေးသည်။ တစ်ယောက်က သတ္တုတွင်းဌာနမှ အရာရှိ၊ တစ်

ယောက်က ဆောက်လုပ်ရေးမှ အင်ဂျင်နီယာ။ 

           “မင်းလည်း ပြင်သစ် သင်ဖူးသားပဲ။ ကုလားထိုင်ဟာ အထီးလား၊ အမလားမသိဘူးလား”

          ကိုကျော်မောင် စကားစသည်။ ကိုဘုမ္မာက သိန်းဇော်ကို ငေးနေ သည်။ သိန်းဇော် မနေတတ် မထိုင်တတ်ဖြစ်လာပြီး “ကိုဘုမ္မာ ကျွန်တော့်ကို မမှတ်မိဘူးလား”

          “ကိုဘုမ္မာရေးတဲ့ ဝတ္ထုတွေတွေ့ပါတယ်။ ဖတ်တော့ မဖတ်ဖြစ်ဘူး။ အချိန်မရဘူး”

          “ဪ ...သော် ကိုသိန်းဇော်က အခု တပ်ထဲမှာပဲလား” 

          “မဟုတ်ပါဘူး။ ကုန်သွယ်ရေးပါ” 

          “ ဪ ... ဪ”

          ကျော်ဖေ တခြားဝိုင်းသို့ ကူးသွားသည်။ သူတို့ငါးယောက်ကျန်ရစ် သည်။ ကျောင်းနေဖက် သုံးယောက်၊ သူစိမ်းနှစ်ယောက်။

လူတွေလာနေဆဲဖြစ်သည်။ တချို့ တစ်ဦးချင်း၊ တချို့နှစ်ယောက်သုံး ယောက်စုဝေးလျက်။ တချို့မိသားစုနှင့် မိန်းမရော ကလေးတွေရော။ 

          “ဟေ့ ဟေ့ ဟိုဥစ္စာ ဖိုးသန်းတင်မဟုတ်လား” 

          သတင်းစာဆရာက လက်ညှိုးထိုးပြီးပြောသည်။ အရပ်ထောင်ထောင် မောင်းမောင်း ရွှေကိုင်းမျက်မှန်နှင့် လူတစ်ယောက်ဝင်လာသည်ကို မြင် ကြရသည်။ 

          “ဟုတ်တာပေါ့ ဒီကောင်ပေါ့”

          ကျောင်းဆရာက ထောက်ခံသည်။ 

          “သူ့နောက်က ဟာလေးက သူ့ဥစ္စာလေးပဲလား”

          ဆိုဖီယာဆံထုံး၊ ခင်သန်းနုကိုယ်လုံးနှင့် အမျိုးသမီးကိုကြည့်ပြီး သိန်းဇော်က မေးသည်။ အမျိုးသမီးက သူတို့ဘက်တစ်ချက်လှည့်သည်။ အထက်မျက်ခွံစိမ်းပြာသည်။ မျက်တောင်ရှည်တပ်ထားသည်။ 

          “ဟုတ်တာပေါ့ အဲဒါ နံပါတ်လေးပေါ့ ”

          ကိုလှဘူးက အတည်ပြု ပြောဆိုသည်။ သူ့ခေါင်းထဲတွင် စွယ်စုံကျမ်း ရှိသည်။

“ဒီကောင် ချမ်းသာတာကတော့ တကယ်အံ့သြစရာ ကောင်းတယ်။ ယုံနိုင်စရာတောင်မရှိဘူး။ တစ်နေ့ကပဲ ငါတို့ လမ်းထိပ်က တိုက်ဝယ် သွားတယ်။ မနှစ်က ငါတောင်ကြီးကို ရောက်တော့ သူ့တိုက်ကို တွေ့ခဲ့ တယ်။ အတွင်းရော အပြင်ရော ဟောလီးဝုဒ်ပုံစံပဲ။ အမ်ဂျီအမ်က ဆက် တင်ဆောက်ထားသလား အောက်မေ့ရတယ်။     

          “အခု ဘာလုပ်နေသလဲ”

          ကိုဘုမ္မာက မေးလိုက်သည်။ သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကြသည်။

          “ ဒါတော့ ဘုရားသခင်မှ သိမှာပဲ”

          သတင်းစာဆရာက အိုက်တင်ကားတစ်စီးတိုက်ဖြင့် ခပ်လေးလေး ပြောလိုက်သည်။