Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

နတ်နွယ် - ကျောက်ဘီလူး

Regular price 4,000 MMK
Regular price Sale price 4,000 MMK
Sale Sold out

          ညသည် အတွင်းတွင် အေးမြ၍ အပြင်တွင် ပူနွေးသည်။ ယင်းအဖြစ်ကို သူသည် အသက်အရွယ်အမျိုးမျိုး၊ အလုံးအထည် အသွယ်သွယ်၊ အနိမ့်အမြင့် အဆင့် ဆင့်၊ အသားအရေအထွေထွေ၊ စိတ်နေစိတ်ထား အပြားပြားရှိကြသော လူအုပ်ကြီး နှင့်အတူ အချိုးအစားပမာဏချင်း မမျှသော တံခါးပေါက်မှနေ၍ တင်းတင်းကပ်ကပ်၊ ညပ်ညပ်ရပ်ရပ်၊ တစ်ဦးအပေါ်တစ်ဦး ထပ်မတတ် တိုးတိုး× × ၊ လုလုယက်ယက် နှင့် ဖရိုဖရဲ အပြိုပြိုအကွဲကွဲ၊ အတွန့်တွန့် အကြေကြေ လုံးခြေ၍ ပစ်လိုက်သည့်နှယ်၊ အဟုန်ပြင်းစွာသော ရေအလျဉ်ကြီးသဖွယ် ဝေါခနဲ အန်ထွက်လာသည်နှင့် တစ်ပြိုင် နက် အပူလှိုင်းဒဏ်ကို ရုတ်တရက် ခံစားသိရှိမိလိုက်ရပါသည်။

          မိုးအကုန် ဆောင်းအကူး၏ နွေဦးနှင့် ပမာတူသော ကြားကာလရက်များ ဖြစ်သည်မို့ နေ့ရောညပါ ပူနွေးခြောက်သွေ့သော ကာလများပေတည်း။ တအံ့အံ့ တဆိုင်းဆိုင်း၊ တမှိုင်းမှိုင်း တညိုညို၊ တစိုစို တစွတ်စွတ်သော မိုးကာလသည် ကုန်ဆုံး ခဲ့ချေပြီ။ တမြည့်မြည့် တစိမ့်စိမ့်၊ တသိမ့်သိမ့် တတုန်တုန်၊ ထွေးမလုံ ကွေးမလုံသောဆောင်းကာလသည် မကြာမီဆိုက်ရောက်၍ လာပေတော့မည်။ ယခုမူ ဒုတိယ နွေဦး ကာလဟု ဆိုနိုင်သော ခြောက်သွေ့၍ ပူနွေးသော နေ့ရက်များပေတည်း။ ရန်ကုန်သူ၊ရန်ကုန်သားများသည် သွေ့ခြောက်၍ အပြင်သို့ ထွက်ကြသည်။ ပူနွေး၍ အေးမြရာကို ရှာကြသည်။ ယင်းအဖြစ် သဘောနှစ်ခု၏ ပူးတွဲတည်ရှိသောနေရာသည် ခေတ်မီ လေအေးစက်များ တပ်ဆင်ထားသော ရုပ်ရှင်ရုံအဆောက်အအုံများသာ ဖြစ်ပေ သတည်း။

          ခင်မောင်ရင်သည် မန်းရွှေမြို့သားတစ်ဦး ဖြစ်သည်နှင့်အညီ၊ ရွှေမြို့တော်နှင့် မိုင် ၄ဝ ကျော်မျှသာ ဝေးကွာသော ပြင်ဦးလွင်သို့ မကြာခဏ သွားရောက်လည်ပတ် ခဲ့ဖူးသည်နှင့်အညီ ပင်လယ်ရေမျက်နှာပြင်အထက် ပေထောင်ပေါင်းများစွာ မြင့်တက် နေသော တောင်ကမ်းပါးယံများကို ကွေ့၍၊ ပတ်၍၊ ကျော်၍ သာယာရှုမောဖွယ်ရာသော မြင်ကွင်းများတွင် အတွင်းမနောကို စိတ်ချလက်ချ အပ်နှံ၍ လိုက်ပါလာစဉ် မန္တလေးမြေပြန့်သို့ အဝင်၊ ဆယ့်လေးမိုင်စခန်း ထုံးဘိုရွာသို့အရောက်၌ တစ်လမ်းလုံး သာယာအေးမြ၍ လာသမျှ ရုတ်တရက်ဖြုန်းစားကြီးဆိုသလို တစ်ကိုယ်လုံး သွက်သွက် ခါသွားအောင် ပူပြင်းခြင်း၏ အလစ်ဝင်စီးမှုကို ခံလိုက်ရသလို ယခုလည်း ရုပ်ရှင်ရုံမှ အထွက်တွင် ငရဲမီးနှင့် အပက်ခံလိုက်ရသလို ရှိသွားပါသည်။ အငိုက်တွင်မို့ သွေး အသွားအလာများပင် ကပြောင်းကပြန် ဖြစ်သွားသည်ဟု ထင်ရသည်။

          သို့ရာတွင် သူနှင့်အတူ ထာဝစဉ်အေးမြသော မိန်းမငယ်ကလေး လှမိုးညိုက လက်ချင်းဆက်၍ လိုက်ပါလာသဖြင့် အရာရာကို ခံနိုင်ရည်များ အပြည့်အဝရှိနေပါ သည်။ ယခုနှစ်အတွင်း ရိုက်ကူးပြသသော မြန်မာရုပ်ရှင်ကားများအနက် ထူးထူးခြား ခြား ကောင်းမွန်သော ကားတစ်ကားဖြစ်ခြင်းကြောင့်တစ်ကြောင်း၊ ငွေကြေးရွှင်သော လဆန်းရက်၏ တနင်္ဂနွေနေ့ည ခြောက်နာရီခွဲပွဲဖြစ်ခြင်းကြောင့်တစ်ကြောင်း ဤမျှ ဤရွေ့ ရုံပြည့်အောင် လူကျပ်ခြင်းဖြစ်ပေသည်။ တစ်ခါတစ်ခါတော့လည်း လူတွေ သည် အစုအဝေးနှင့် တိုးဝှေ့ရသည်ကိုပင် နှစ်ခြိုက်ပျော်ရွှင်ကြလေသောကြောင့်လား မသိ။ မြန်မာ့ရိုးရာ ပွဲသဘင်များဖြစ်ကြသော သီတင်းကျွတ်၊ တန်ဆောင်တိုင် မီးထွန်းပွဲ များနှင့် ဘုရားပွဲများတွင် အတိုးအဝှေ့ အကျင့်ပါလာကြသောကြောင့်လားမသိ။ ယခု လည်း ရုပ်ရှင်ရုံထဲမှ အန်ထွက်လာသော လူအုပ်ကြီးသည် တစ်ဦးကိုတစ်ဦး လမ်းမပေး ဘဲ သူ့ထက်ငါ အလုအယက်သာ ကိုယ်လိုရာခရီးသို့ရောက်ရန် ပခုံးချင်းတိုက်၊ ကျော ချင်းကပ်၊ ရင်ချင်းအပ်၍ တိုးဝှေ့သွားနေကြသည်။

          ယင်းသို့ရှိလေသောအခါတွင် ခင်မောင်ရင်နှင့် လှမိုးညိုတို့မှာလည်း ခေတ္တခဏ မျှ စောင့်စားရှောင်ဖယ်နေရန်လည်း မြေအလွတ်မရှိ၊ လူအုပ်ကြီးသည် အဘက်ဘက်မှနေ၍ တအိအိပြိုဆင်းလာနေသဖြင့် ရှိရင်းစွဲနေရာတွင် မရွေ့မရှား တပ်စွဲနေရန်လည်း မဖြစ်သဖြင့် အခြားသူများကဲ့သို့ပင် အတင်းပူး အတင်းကပ်၊ အတင်းဝင် အတင်းထွက် ၍ သွားနေကြရတော့သည်။ အသက် ၂၀ အရွယ်သို့ပင် မချင်းနင်းသေးသော နုပျို ထွန်းသစ်စ လှမိုးညိုသည် ခင်မောင်ရင်၏ လက်ကြမ်းကြီးများကို ဆုပ်ကိုင်၍ လည်းကောင်း၊ သူ၏ ထန်းလုံးပမာသော ခါးကြီးကို ဖက်တွယ်၍လည်းကောင်း၊ သူ၏ အပြောကျယ်လှသော ပခုံးနှစ်ဖက်ပေါ်တွင် လက်ဖဝါးနုနုကလေးများ တင်၍ လည်းကောင်း၊ သူ၏ ရင်ခွင်တွင်းဝယ် ကျပ်ကျပ်ရပ်ရပ်ပင် ပုဝင်ခိုကပ်၍လည်းကောင်း မနုဿလှိုင်းလုံးကြီးများအကြားတွင် မျောပါသွားနေရသည်။ သူတို့နှစ်ဦး၏ အသား ချင်းထိကပ်မှုသည် တစ်မျိုးတစ်ဖုံသော ပူနွေးခြင်းဖြစ်၏။ ရာသီဥတု၏ အပြင်ပန်း ပူနွေးခြင်းမျိုးမဟုတ်ဘဲ အတွင်းပိုင်း ယောက်ယက်ခတ်ပူနွေးခြင်းမျိုးသာ ဖြစ်၏။ ယင်းကြောင့်ပင် သူတို့နှစ်ယောက်သည်လည်း အသက်ရှူမှားလောက်အောင် တိုးဝှေ့ နေရခြင်းအတွက် စိတ်ပျက်ခြင်း၊ နောင်တရခြင်း အလျှင်းမရှိဘဲ သူတို့နှစ်ဦးတည်း မေတ္တာရေစီးကြောင်းတွင် မျောပါနေရသည်ဟု ထင်နေကြသည်။

          အထူးသဖြင့် ခင်မောင်ရင်အဖို့ကား သူ၏ချစ်လှစွာသော သူငယ်ချင်းများ ဖြစ်ကြသည့် ကိုစိန်မြင့်၊ ကိုဘိုကြီးနှင့် ကိုယ်နှောင်းတို့ကို တစ်မျိုးတစ်မည် လီဆယ်၍ စွန့်ပစ်ခဲ့ရကျိုးနပ်ပြီဟု အကျေနပ်ကြီး ကျေနပ်နေတော့သည်။ ကိုစိန်မြင့်နှင့် ကိုဘိုကြီး သည် ရန်ကုန်မြို့မှ လုပ်ဖော်ကိုင်ဖက် ဗိသုကာကလေးများ ဖြစ်ကြသော်လည်း ကိုပေါ် နှောင်းကား သူတို့ထံ တကူးတကန့်လာ၍လည်သော မန္တလေးမှ ပန်းချီဆရာကလေး တစ်ဦး ဖြစ်ပေသည်။ သူတို့သည် လူငယ်များဖြစ်ကြသလို ရည်မှန်းချက် ကြီးမား လှပေသည်။ တစ်နေ့တွင် ဗိသုကာအကျော်အမော်၊ ပန်းချီဆရာအကျော်အမော်များ ဖြစ်ရမည်ဟု အားခဲထားကြသူများဖြစ်သည်။ ကြိုးစားနေကြသူများဖြစ်သည်။ ဥပမာကိုစိန်မြင့်ဆိုလျှင် သူ အပတ်တကုတ် ပုံစံထုတ်ထားသော ပေ ၁၅ဝ ကျော်မြင့်သည့် သခင်ကိုယ်တော်မှိုင်း အထိမ်းအမှတ် ဗိမာန်ကြီးတစ်ခု ရန်ကုန်မြို့ အဝင် သန်လျက်စွန်း တွင် တည်ရှိနေပြီဆိုလျှင် သေပျော်ပါပြီဟု ဆို၏။ ကိုဘိုကြီးမှာမူ စကားနည်းပြီး စာအဖတ်များသူဖြစ်၏။ သူဖတ်သော စာအုပ်များသည် ဗိသုကာပညာရပ်နှင့် မဆိုင်သော စာအုပ်များဖြစ်၏။ ကိုပေါ်နှောင်းမှာမူကား ယခုအခါ မြန်မာပြည် နယ်နိမိတ် ကိုပင် ဖြတ်ကျော်ထင်ရှားစပြုနေပြီဖြစ်သော အရှေ့တောင်အာရှ၏ လူငယ်ပန်းချီ ဆရာတစ်ဦးပေတည်း။

မည်သို့ပင်ဖြစ်စေ... သူတို့လေးဦးသည် အမျိုးသမီးတစ်ယောက်တည်းကို ဝိုင်း၍ ချစ်နေမိကြသည့်တိုင် အချစ်အခင် မပျက်ကြသည့် သူငယ်ချင်းများ ဖြစ်ကြ၏။ မခွဲမခွာ ရှိနေကြမည့်သူများ ဖြစ်၏။ သို့ရာတွင် အလုပ်အကိုင်အားဖြင့် ရန်ကုန်တွင် နေထိုင်ရန် သင့်လျော်သော်လည်း ပန်းချီဆရာ ကိုပေါ်နှောင်းသည် မန္တလေးမြေနှင့် တစ်လလောက် ဝေးကွာနေလျှင် အနုပညာဈာန်ဝင်စားမှုများ ကျဆင်းလျော့ပါးသွား သည်ဆို၍ သူငယ်ချင်းလေးယောက်အနက် သုံးယောက်က ရန်ကုန်တွင်ရှိနေပြီး တစ်ယောက်ကမူ မန္တလေးကို ဖက်တွယ်လျက်ရှိလေသည်။ သူတို့လေးယောက် ဆုံစည်းခွင့်သည် ကိုယ်နှောင်း ရန်ကုန်သို့ဆင်းလာမှသာလျှင် ရရှိကြပေသည်။ ဤနေရာတွင်တော့ ကိုယ်နှောင်းသည် တစ်လတစ်ခါလောက် ရန်ကုန်ဆင်းလာပြီး တစ်ခေါက်လျှင် တစ်ပတ်ခန့် နေထိုင်သွားတတ်သည်။ သို့ရာတွင် သူသည် မန္တလေးမြို့ ၌ အနုပညာဈာန် အဝင်လွန်နေပြီး သမိုင်းဝင် ပန်းချီကားကြီးတစ်ချပ်ကို ရေးဆွဲနေ သဖြင့် ရန်ကုန်သို့ သုံးလလောက် ရောက်မလာဘဲ ကနေ့တွင်မှ ဗြုန်းစားကြီး ပြန်ရောက် လာပြီး မနက်ဖြန် မှာပင် ပြန်ရမည်ဟု ဆိုလေသည်။ သို့ဖြင့် သူတို့လေးယောက်သည် အတူတကွ တွေ့ဆုံ၍ အကြောင်းအရာမျိုးစုံကို ဆွေးနွေး ငြင်းခုံကြရန် အင်းလျားကန် စောင်းရှိ “ရေဇလာ”ဟိုတယ်၌ ချိန်းဆိုလိုက်ကြသည်။ ညနေ ၆ နာရီတွင်ဖြစ်သည်။ တစ်မိနစ် မလို၊ တစ်မိနစ်မစွန်း ဖြစ်သည်။

          သူတို့လေးယောက်တွင် ခင်မောင်ရင်သည် အတိအကျဆုံးနှင့် အစေ့စပ် အသေချာဆုံးဖြစ်သလို အချိန်အမှန်ဆုံးလည်းဖြစ်လေသည်။ သို့ရာတွင် ယခုအကြိမ် တွင်တော့ သူသည် တစ်မိနစ်၊ နှစ်မိနစ်မျှ စွန်းရုံတွင်မကဘဲ နာရီနှင့်ချီ၍ နောက်ကျ ရပေတော့မည်။ ခင်မောင်ရင်သည် ညနေ ၄ နာရီခွဲလောက်တွင် သူ၏ရုံးခန်း၌ အလုပ် များကို လက်စသတ်၍ “ရေဇလာ” သို့ သွားရန် ဟန်ပြင်နေစဉ်တွင် လှမိုးညိုထံမှ တယ်လီဖုန်းလာလေသည်။ ယနေ့ည ၆ နာရီခွဲပွဲ ရုပ်ရှင်ကြည့်ချင်သည်ဟု ဆိုလေ သည်။ ခင်မောင်ရင်သည် ရုတ်တရက် ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားသည်။ တယ်လီဖုန်းခွက်ကိုကိုင်၍ အတန်ကြာ ငေးငိုင်နေမိသည်။ ၆ နာရီတိတိတွင် ‘ရေဇလာ” ၌ ကိုစိန်မြင့်တို့နှင့် ချိန်းထားသည် မဟုတ်ပါလား။ မန္တလေးမြို့မှနေ၍ သူတို့အား တကူးတကန့်လာတွေ့ သော ကိုပေါ်နှောင်းသည် နက်ဖြန်မနက်တွင် အနုပညာထွန်း ကားရာဒေသသို့ ပြန်ချေတော့မည်မဟုတ်ပါလား။ ထို့အတူ အင်မတန်ချစ်စရာကောင်း သော မအူပင်သူကလေး လှမိုးညိုနှင့် ရုပ်ရှင်ကြည့်ရမည့် အခွင့်အရေးကလည်းတော့သည်။

          ယင်းသို့အားဖြင့် သူသည် မူလအစီအစဉ်ဖြစ်သော သူငယ်ချင်းသုံးယောက်နှင့် ချိန်းထားသည်ကိုဖျက်၍ ဒေါ၊ မော၊ ပျူ၊ ကြူ၊ ချို၊ ပြုံးသော လှမိုးညိုထံသို့ သုံးဘီးကား ဖြင့် သွားမိလေသောကြောင့်၊ ည ၆ နာရီခွဲပွဲကို ထိတွေ့မှု၊ မွှေးပျံ့မှုတို့ဖြင့် ကြည့်မိလေ သောကြောင့် သူ၏ဘဝကို အကြီးအကျယ်ပြောင်းလဲစေမည့်၊ သူ၏အသက်အန္တရာယ် ကို ဖက်နှင့်ထုပ်ထားစေရမည့် အဖြစ်အပျက်များသည် ထိုညမှစ၍ တစ်ခုပြီးတစ်ခု မမျှော်လင့်ဘဲ အစဉ်တစိုက် ပေါ်ပေါက်လာကြရလေတော့သည်။

          သို့ရာတွင် အနာဂတ်ကို ကြိုတင်၍ မသိမြင်နိုင်သော ခင်မောင်ရင်သည် နောက်တစ်နာရီအတွင်း ကြုံတွေ့ရမည့် တုန်လှုပ်ချောက်ချားဖွယ်ရာ အမှုကိစ္စအတွက် ဘယ်လိုမှ ပူပန်ခြင်းမရှိဘဲ လှမိုးညို၏စက်ဝန်းတွင် နစ်မွန်းရင်း အခြားရုပ်ရှင်ကြည့် ပရိသတ်များနှင့်အတူ အကျပ်အညပ် တိုးဝှေ့လျက်ရှိလေတော့၏။

          တကယ်တော့ မလှုပ်သာလောက်အောင် ကျပ်လေ၊ မတိုးသာ မဆုတ်သာ လောက်အောင် ကပ်လေ သူက သဘောကျလေဖြစ်၏။ အမှန်မှာတော့ ကြီးမားသော လူအုပ်ကြီးက သူနှင့် လှမိုးညိုကို ထပ်ထပ်ရပ်ရပ်ရှိအောင် ကူညီစောင်မနေကြခြင်း ဖြစ်၏။ ရှေ့မှ လူအုပ်ကြီး ဖြုန်းခနဲတန့်သွားသောအခါတွင် သူမ၏ရင်သားများက သူ့ကျောကို အိခနဲ လာထိ၏။ နောက်မှ လူအုပ်ကြီးက ဇောင်းလွှတ်မြင်းများ ဖြစ်သော အခါတွင် သူမ၏တင်သားများက သူ့ကို နွေးခနဲလာထိ၏။ မြောက်ဘက်မှ လူအုပ်ကြီး အိလာသောအခါတွင်လည်းကောင်း၊ တောင်ဘက်မှ လူအုပ်ကြီးက ပိလာသောအခါ တွင်လည်းကောင်း လှမိုးညိုသည် သူ၏ အုပ်မိုးနေသော ရင်ခွင်တွင်းသို့လာ၍ ခိုလှုံ၏။ ယင်းအခါများတွင် မျက်လုံးချင်းဆိုင်မိတော့ကာ နှစ်ယောက်စလုံး တဖိတ်ဖိတ်လက်၍ အပြုံးချင်းချိတ်မိ ကြသည်။

          လူ့ဘဝတွင် ပြင်းထန်သော ဘဝတိုက်ပွဲများ ရှိသလို ကြည်နူးနှစ်သိမ့်စရာ ကလေးများလည်းရှိ၏။ ခင်မောင်ရင်အဖို့ မလှုပ်ချင် မရှားချင်၊ မသယ်ချင် မပိုးချင်

အောင် အလုပ်တွင် ပင်ပန်းခဲ့ရသည်များသည် လှမိုးညိုနှင့် တွေ့လိုက်ရသည်နှင့် တစ်ပြိုင်နက် လေအဟုန်တွင် မိုးတိမ်မည်းမည်းများ လွင့်ပါသွားသလို ကင်းစင်၍ သွားချေတော့၏။ သူ၏ ပြင်ပ ကိုယ်ခန္ဓာအစိတ်အပိုင်းများနှင့် အတွင်းသွေးသား ဦးနှောက်စိတ်ဇောအာရုံတို့သည် တစ်ခါတည်း လန်းဆန်းရှင်သန်၍ လာကြ၏။ သို့ဖြင့် သူသည် လှမိုးညိုကို တပ်မက်၍ စွဲလမ်းနေပြီဟု ဆိုနိုင်၏။ ယင်းသို့ပင်လျှင် ချစ်နေပြီ