Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ဒေါ်ရီကြိန် - အိမ်ထောင်ရေးပြဿနာ

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out

မယ်တို့တာဝန်

           မြန်မာနိုင်ငံကြီးမှာ အမျိုးသမီးဦးရေဟာ အမျိုးသားဦးရေထက် များပြားနေတာ တစ်ကြောင်း၊ ကျွန်မတို့ ပြည်ထောင်စုအမျိုးသမီးတွေဟာ အရှေ့တောင်အာရှမှာဖြင့် လွတ်လပ်တဲ့အခွင့်အရေး အများဆုံးရနေတာတစ်ကြောင်း၊ ကျွန်မတို့အခြေအနေကို ခဏ ခဏ တွေးမိပါတယ်။ ဒီလိုတွေးမိတိုင်း ကျွန်မတို့အခွင့်အရေးရသလောက် ကျွန်မတို့တာဝန်တွေဟာဖြင့် တော်တော်ကြီးပါသလားလို့ တွေးမိတာနှင့် ဒီကနေ့တော့ ကျွန်မတို့ တစ်တွေ ထမ်းဆောင်ရမယ့်တာဝန်တွေကို မယ်တို့တာဝန်ဆိုတဲ့ အမည်တပ်ပြီး ပြောခဲ့ချင်ပါ တယ်။

          အိမ်ထောင်တစ်ခုမှာ ကြွေးတင်ပြီး စားရမဲ့သောက်ရမဲ့ ကသီလင်တဖြစ်နေရင် “မွဲမှာပေါ့၊ သူ့မိန်းမကိုက အသုံးမကျဘဲ ဘာမှမသုံးမစွဲတတ် ခက်ပါတယ်” လို့ တစ်မျိုး၊ တချို့ လင်ယောက်ျားများ ရာထူးကျသွားတဲ့အခါမှာဆိုရင် ကြားတဲ့လူတွေက “ကျမှာပေါ့ အေ.. သူ့မိန်းမကိုက နောက်ပိုင်းက အဂတိလိုက်စားအောင် အားပေးနေတာကို၊ သူ့ စိန်နားကပ်ပန်ဖို့လောက် စိတ်ကူးနေတော့ လင်က တွေ့တာတွေလုပ်၊ ကြာတော့ လူသိကုန် တာပေါ့” လို့တစ်ဖုံ၊ ကဲ့ရဲ့တာတွေ ကျွန်မနှင့်တကွ သောတရှင် အမျိုးသမီးတွေအားလုံး ကြားဖူးကြ တွေ့ဖူးကြမှာပဲ၊ သားသမီးတွေ မိုက်မဲနေပြန်လည်း ဒီလိုပဲ မိခင်လုပ်တဲ့ အမျိုး သမီးကိုပဲ အပြစ်ဆိုကြပြန်တာပါပဲ။

          ဒီလိုပါပဲ။ အမေရိကန်သမ္မတကြီး လင်ကွန်းလို ဗြိတိန်က နန်းရင်းဝန်ကြီး ချာချီ တို့လို ကမ္ဘာမှာ ထူးချွန်လာပြန်ရင် သူတို့ ချစ်ခင်မြတ်နိုးတဲ့ဇနီးတွေဟာ ဘယ်လိုမိန်းမစားလဲ။

          သူတို့မွေးမြူခဲ့တဲ့ မိခင်ကြီးတွေဟာ ဘယ်လိုအမျိုးသမီးတွေလဲဆိုတာ သုတေသနလုပ် ကြည့်တဲ့အခါမှာ အလွန်တဲ့ အမျိုးသမီးတွေဖြစ်တာကို တွေ့ ရပါတယ်ရှင်။ အလွန်တော်တယ်လို့ ကျွန်မက သာမန်ဖော်ပြတော့ ဘယ်လိုတော်တာတုံးလို့ စောဒကတက်စရာ ရှိပါတယ်။ မိန်းမများတော်ရင် လင်ယောက်ျား သားသမီးအဖို့ လှေကား၊ အကွပ်၊ ငြမ်း သဖွယ် ဖြစ်ပါတယ်။ ယောက်ျားတိမ်းစောင်းရင် ကိုယ်က တည့်မတ်ပေးရပါမယ်။ ယောက်ျားက စိတ်အားငယ်နေရင် ကိုယ်က စိတ်အားတက်အောင် ဖေးမပေးရပါမယ်။ ကိုယ့်ယောက်ျားဟာ မပြုသင့် မပြုအပ်တာ ပြုလုပ်မယ်ကြံရင် ကိုယ်က သတိပြန်ပေးသင့် ပါတယ်။ မိန်းမ မကောင်းပြန်ရင် မိန်းမဟာ အမှိုက်နှင့်တူပါတယ်။ အမှိုက်ကစ ပြာသာဒ် မီးလောင်တတ်လို့ ကျွန်မတို့တစ်တွေဟာ ပြာသာဒ်ကို မီးရှို့မည့်မီးစာမဖြစ်ဖို့လိုပါတယ်ရှင်။

           ဟိုရှေးတုန်းက မိန်းမဖျက်လို့ ပြည်ပျက်ဆိုတဲ့ ပုံပြင်ဒဏ္ဍာရီတွေကို ကျွန်မက ခေတ်မမီတော့လို့ သာဓကမပြတော့ပါဘူး။ ယခုခေတ်မှာ မကြာသေးခင်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို ပြောပြပါမယ်။ အမေရိကန်နိုင်ငံက အမျိုးသားတစ်ဦးဟာ တော်တော် ပညာထက်မြက်ပြီး တော်တော်လေးမြင့်တဲ့ အဆင့်အတန်းကို ရောက်နေပါပြီ။ ဒီလူဟာ သူ့စီမံကိန်းနှင့်သူ ဖြည်းဖြည်းမှန်မှန် ကြိုးစားနေရင် တစ်နေ့ကျရင် ဝန်ကြီးချုပ်တစ်ဦး ဖြစ်လာနိုင်တဲ့အခြေ ရှိပါတယ်။ ဒီလိုလူတစ်ယောက်ကို သူ့မိန်းမဟာ ညံ့ရမလား၊ ဖျင်းရ မလား နေ့စဉ်နှင့်အမျှ နားပူပူဆူဆူလုပ်၊ ပိုက်ဆံမချမ်းသာကောင်းလားလို့ အပြစ်ပြော လုပ်တော့ တစ်နေ့မှာ လင်ဖြစ်တဲ့လူက သူ့အသက်ကို ဒေါ်လာအမြောက်အမြားနှင့် အသက်ပေါင်လုပ်ပြီး အသက်ပေါင်စာချုပ်ကို သူ့မိန်းမနာမည်နှင့် ပြုလုပ်ပြီး သူဟာ ပေါက်ကွဲစေတတ်တဲ့လက်နက်ကို သားရေအိတ်ထဲမှာထည့်ပြီး လေယာဉ်ပျံစီး ခရီးထွက် လိုက်ပါတယ်။ လမ်းခရီးအကြားမှာ သူ့ဗုံးလက်နက်ပေါက်ကွဲပြီး လေယာဉ်ပျံကြီးပျက်ပြီး လေယာဉ်ပျံပေါ်မှာပါတဲ့ ခရီးသည်အားလုံးနှင့် မယားညှဉ်းခံရရှာတဲ့ လင်ယောက်ျားဟာ အသက်ဆုံးရှုံးသွားရပါတယ်။ ဒီကိစ္စဟာ မိန်းမ နားပူလွန်းလို့ စိတ်ညစ်ညစ်နှင့် ကြံမိကြံရာ ကြံလိုက်ရာမှာ သူပါမက ကံဆိုးသူ ခရီးသည်အားလုံးပါ ဒီမိန်းမမိုက်ကြောင့် အသက်ဆုံး သွားကြရရှာပါတယ်။ လေယာဉ်ပျံကို ကုမ္ပဏီကစုံစမ်းမှ ဒီကိစ္စပေါ်ပေါက်လာရပါတယ်။ ကျွန်မတို့ မြန်မာအမျိုးသမီးတွေဟာ ဘယ်သူမှ ကိုယ်ချစ်ခင်မြတ်နိုးလို့ လက်ထပ်ယူထားတဲ့ လင်ယောက်ျားကို ဒီလိုအဖြစ်ဆိုးမျိုးနှင့် တွေ့တာ ကြုံတာ ကြိုက်နှစ်သက်မယ်လို့ မထင်ပါ ဘူးရှင်။

          နိုင်ငံတစ်နိုင်ငံမှာဆိုရင် ယောက်ျားတွေဟာ အိမ်ထောင်ဝန်ကအစ တိုင်းပြည်ရဲ့ တာဝန်တွေကို ထမ်းဆောင်နေတဲ့ပုဂ္ဂိုလ်ကြီးတွေဖြစ်ပါတယ်။ ဇနီးမယားဖြစ်တဲ့ အမျိုးသမီးတွေဟာ ဒီလိုတာဝန်အမျိုးမျိုးကို ထမ်းဆောင်နေတဲ့ ပါရမီဖြည့်ဖက်တွေ ဖြစ်ပါတယ်။ ယောက်ျားက လေးစားခြင်းခံရတဲ့ ကျွန်မတို့ မြန်မာအမျိုးသမီးတွေဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကလည်း မိန်းမအခွင့်အရေး၊ ယောက်ျားအခွင့်အရေး မခွဲခြားခဲ့ပါဘူး။ ဒီတော့ ကျွန်မတို့တစ်တွေဟာ ယောက်ျားတွေနှင့်တူတူ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးကို အရယူနိုင် တယ်။ လွတ်လပ်ရေးကို ထိန်းသိမ်းပြီး ပြည်ထောင်စုကြီး တည်မြဲရေးကို ဆောင်ရွက်နိုင် တယ်ဆိုတဲ့ အခွင့်အရေးရရှိပါတယ်။ ဒီလိုအခွင့်အရေးတွေနှင့်အမျှ ကျွန်မတို့တစ်တွေဟာ တာဝန်ထမ်းဆောင်ရပါတယ်။

          ကျွန်မတို့ မြန်မာအမျိုးသမီးတွေရဲ့ တာဝန် ဇနီးမိန်းမအနေနှင့် ဘယ်လိုကျင့်ရမယ် ဆိုတာ ကျွန်မ ၃၈ ဖြာမင်္ဂလာတရားထဲက မင်္ဂလာတရားတစ်ပါးတည်းကျင့်ဖို့ ယခု သတိပေးခဲ့ချင်ပါတယ်။ ခေတ်ကြီးဟာ ဘယ်လောက်ပဲ တိုးတက်နေလို့ အနောက်နိုင်ငံ ဗဟုသုတတွေ ဘယ်လိုပဲ ဆည်းပူးနေကြ နေကြ၊ ဒီမင်္ဂလာတရားကလေးတော့ အိမ်ရှင်မ တိုင်း လက်မလွှတ်စေချင်ပါဘူးရှင်။ ဒါကတော့ ဘာလဲဆိုတော့ ဂါရဝမင်္ဂလာကလေးပါပဲ။ ဂါရဝဆိုတာ မြန်မာလိုပြန်တော့ ရိုသေလေးစားခြင်းပါပဲ။ ကျွန်မတို့ ရိုသေလေးစားရမှာ အားလုံး ဆယ်မျိုးတိတိ မှတ်ထားစေချင်ပါတယ်။ ဘာတွေလဲဆိုတော့ ဘုရား၊ တရား၊ သံဃာ၊ သိက္ခာ၊ သမာဓိ၊ သတိ၊ ပဋိသန္ဓာရ၊ ဟိရိဩတ္တပ္ပနှင့် ကိုယ့်အချင်းချင်းပါပဲ။ ဘုရား တရား သံဃာဆိုတဲ့ ရတနာသုံးပါး ရိုသေရမယ်ဆိုတာတော့ အထူးတလည် ရှင်းပြဖို့ မလိုလို့ မရှင်းတော့ပါဘူး။ ဗုဒ္ဓဘာသာပဲဖြစ်ဖြစ် အခြားဘာသာဝင်တွေပဲဖြစ်ဖြစ် ဒါကတော့ အခါမရွေး လေးစားရိုသေစမြဲပါပဲ။

           သိက္ခာကို ရိုသေခြင်းဆိုတာကတော့ လူတိုင်းဟာ ကိုယ့်ဂုဏ်သိက္ခာ ကိုယ့်ဘဝ အခြေအနေအလိုက် လူတိုင်းဟာ ကျင့်ကြံနေထိုင်ဖို့ ကိုယ့်အဆင့်အတန်းကို လေးစားဖို့ ပါပဲ။ တခြားကို ဥပမာ မပြပါရစေနှင့်။ ကျွန်မဟာ ခုလို အိမ်ရှင်မတွက်တာ ခန်းကနေပြီး အမျိုးသမီးတွေကို ဘယ်လိုနေ ဘယ်လိုစား ဘယ်လိုလုပ်လို့ ညွှန်ကြားနေပြီး ကျွန်မဟာ ကိုယ်လုပ်နေရတဲ့တာဝန်ကို ပြောနေတဲ့စကားကို မရိုသေဘဲ ကျင့်ကြံနေမယ်ဆိုရင် ကျွန်မ ဟာ ကိုယ့်သိက္ခာ ကိုယ်မလေးစား မရိုသေတဲ့လူတစ်ယောက်လို့ ဆိုရပါလိမ့်မယ်။ ဒီလို ပါပဲ။ ကျောင်းဆရာမလုပ်တဲ့ အမျိုးသမီးက အတန်းထဲမှာ စာမသင်ဘဲ ဝတ္ထုဖတ်နေမယ် ဆိုရင် ဒါဟာ ကိုယ့်သိက္ခာမရိုသေတဲ့ အမျိုးသမီးပါပဲ။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ လူရဲ့ ဇနီးတစ်ယောက်ဟာ လိုချင်ရမ္မက်နှင့် လက်အောက်ငယ်သားဆီက တံစိုးလက် ဆောင်ယူနေမယ်ဆိုရင် ဒါဟာလည်း သိက္ခာကို မရိုသေတဲ့ကိစ္စပါပဲရှင်။

          သမာဓိကို ရိုသေရမယ်ဆိုတာက သမာဓိဆိုတာ တည်ကြည်မှုခေါ်ပါတယ်။ဒါကတော့ အနေအထိုင် အပြောအဆိုကို ဆိုလိုပါတယ်။ တည်တည်ကြည်ကြည် ပြောရ မည့် ဆိုရမည့်နေရာမှာ ပေါ့ပေါ့ဆဆပြော ခံ့ခံ့ညားညား နေရမည့်ကိစ္စမှာ ကိုယ်နှင့်မဆိုင်ဘဲ ဝင်စွက်တဲ့ကိစ္စမျိုး မပြုအပ်ဘူးလို့ ဆိုလိုပါတယ်ရှင်။

          နောက်တစ်ချက်ကတော့ ပဋိသန္ဓာရကို ရိုသေရပါမယ်။ ပဋိသန္ဓာရဆိုတာ လက် အား နှုတ်အားနှင့် ပေးကမ်းဖော်ရွေမှုကို ဂရုစိုက်ရပါမယ်။ ဒါဟာ အမျိုးသမီးတွေနှင့် အထူး ဆက်စပ်နေပါတယ်။ တစ်ခါတလေကျ ဇနီး မိန်းမတွေ တာဝန်မကျေလို့ ယောက်ျား အကျိုးပျက်စီးရတာတွေ၊ ဇနီးတွေ ကြိုးကိုင်လို့ ယောက်ျား လူမုန်းခံရတာတွေဟာ ဒီပဋိ သန္ဓာရဂါရဝ လက်လွတ်ကုန်ကြလို့ပါပဲ။ ကိုယ်နှင့် ဂုဏ်ချင်းတူသည်ဖြစ်စေ မတူသည် ဖြစ်စေ ဘယ်လိုလူပဲဖြစ်ဖြစ် ကိုယ့်ကို လေးစားလို့ ခင်မင်လို့ အိမ်ကို ဝင်ထွက်တဲ့အခါဖြစ်စေ တွေ့တဲ့ ကြုံတဲ့အခါ ဖြစ်စေ၊ ပျူပျူငှာငှာ မိတ်ဆွေဝတ်တွေ မချွတ်ယွင်းစေဘဲ ပေါင်းသင်း အပ်ပါတယ်ရှင်။ သဘောနုတဲ့ ကျွန်မတို့မိန်းမတွေဟာ တစ်ခါ တစ်ခါ မာနထားပြီး ပဋိသန္ဓာရဂါရဝတရား လက်လွတ်တတ်ကြလို့ ဒါလည်း တော်တော်ကလေး သတိထား ရမယ့်အချက် မဟုတ်ပါလားရှင်။

          ဒီထက်အရေးကြီးတဲ့ တရားနှစ်ပါးကတော့ ဟီရိနှင့် သြတ္တပ္ပဆိုတဲ့ မကောင်းမှုကို ရှက်ခြင်း၊ ကြောက်ခြင်းတရားပါပဲ။ ဟိရိဩတ္တပ္ပတရားနှစ်ပါးဟာ တိရစ္ဆာန်နှင့် လူကို ပိုင်းခြားထားတဲ့ စည်းဝိုင်းပါပဲ။ ဟိရိဩတ္တပ္ပတရား စည်းဝိုင်းအပြင်ဘက် ထွက်ဝံ့ရင် ကျွန်မတို့ဟာ တိရစ္ဆာန်နှင့် ဘာမှမခြားတော့ဘူးဆိုတာ သတိပြုရပါမယ်။

          နောက်ဆုံး ဂါရဝတရားကတော့ ကိုယ့်အချင်းချင်းထားရမည့် ဂါရဝတရားပါပဲ။ ကိုယ့်အချင်းချင်းဆိုတာ လင်နှင့်မယား၊ သားနှင့်အမိ၊ ဆရာနှင့်တပည့် အိမ်နီးချင်း အချင်း ချင်း လေးစားရပါမယ်။ ယခုခေတ်ကြီးမှာ ဒီဂါရဝတွေ ပျက်ပြားနေလို့ ကမောက်ကမ ဖြစ်ကုန်ရပါတယ်။

          မယားဟာ လင်ကို ရိုသေလေးစားရင် လင်ရဲ့ ရာထူး၊ တာဝန်အလုပ်ကို လေးစားရ မယ်။ အစဉ်ပဲ အကျိုးတရားကိုပြုပြီး အပြစ်တွေကို ဖယ်ရှားရပါမယ်။ မိဘကျေးဇူး၊ ဆရာသမား ကျေးဇူးလည်း အထူးလေးစားရပါမယ်။ လူအချင်းချင်းလည်း မလေးမစား မပြုအပ်ပါဘူး။ ကူညီနိုင်ရင် ကူညီ၊ ဖေးမနိုင်ရင် ဖေးမ ပြုရပါလိမ့်မယ်ရှင်။ အဲဒီ ဂါရဝ တရားမင်္ဂလာကို အပြည့်ရွတ်ဆိုပြရရင် ဂါရဝေါစ နိဝါတောစ၊ သန္တုဌ်စ၊ ကတညုတာ၊ ကာလေန၊ ဓမ္မသာဝနံ၊ ဧတံမင်္ဂလမုတ္တမံ လို့ ဆိုရပါမယ်။

          ဗမာလိုပြန်ရင် ရိုသေလေးစားထိုက်သူကို ရိုသေလေးစားခြင်း၊ ကိုယ်ကိုနှိမ်ချခြင်း၊ တင်းတိမ်ရောင့်ရဲခြင်း၊ သူ့ကျေးဇူးသိတတ်ခြင်း၊ သင့်လျော်သောအခါ တရားနာခြင်း၊ ဤငါးပါးဟာ ကောင်းမြတ်တဲ့ မင်္ဂလာရှိတဲ့ကိစ္စပဲလို့ ဆိုလိုပါတယ်။

          ကျွန်မတို့ အမျိုးသမီး အိမ်ရှင်မတွေဟာ ဒီမင်္ဂလာတရားကလေးတစ်ခုထဲပဲ ကျင့်နိုင် ရင် ကျွန်မတို့ကြောင့် ဘယ်သူမှ ပျက်စီးဖို့မရှိဘဲ ကျွန်မတို့ကြောင့် အများကြီး အကျိုးဖြစ် ထွန်းစရာရှိပါတယ်။

          ဒီတော့ ဒီကနေ့ သောတရှင် အိမ်ရှင်မတွေဟာ တို့ဖြင့် ဒီမင်္ဂလာတရားကလေး ပြည့်စုံအောင် ကြိုးစားဖို့တာဝန်ရှိတယ်။ တို့ ဒီလိုကျင့်ခဲ့ရဲ့လားလို့ စစ်ဆေးပြီး၊ မကျင့်မိ သေးရင် ယနေ့ကစပြီး ယုံယုံကြည်ကြည် ကျင့်ကြည့်ပါရှင်။ ပထမဦးဆုံး အိမ်ထောင်သုခ ရပါလိမ့်မယ်။ နောင်တစ်ဆင့် တစ်နိုင်ငံလုံးရဲ့ ငြိမ်းချမ်းရေးပါ ကျွန်မတို့ဟာ အမျိုးသား တွေနှင့် လက်တွဲပြီး အရယူနိုင်လိမ့်မယ်ဆိုတာ ကျွန်မက ရဲရဲကြီးအာမခံရင်း နိဂုံးချုပ်ခဲ့ရ ပါတယ်ရှင်။