Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ဒေါင်းနွယ်ဆွေ - မိန်းဝထ္ထုတိုများ

Regular price 1,000 MMK
Regular price Sale price 1,000 MMK
Sale Sold out

          “ကန်တော့ပွဲ ပေးတာပဲဗျာ... မင်းသားနဲ့ မင်းသမီးတော့ စော စော လာဖို့ကောင်းတာပေါ့၊ ပရိသတ်က သူတို့ကို ကြည့်ချင်လို့ စောင့် နေကြတာပဲ၊ ဒါမှ ပွဲစည်မှာပေါ့ ဗျ”

          “မင်းသားက ၉ နာရီမှ အိပ်ရာက ထတာဗျ၊ မျက်နှာသစ်ပြီး ခေါင်းမွေးစုတ်ဖွားနဲ့ လာလို့ရတာ မဟုတ်ဘူး၊ ခြယ်ရ သရဦးမယ်လေ ဗျာ၊ မင်းသားခေါင်းပြီးတာကိုက နာရီဝက်လောက်ကြာတာ၊ မင်းသမီး ဆိုရင်တော့ မပြောနဲ့တော့၊ ခင်ဗျား ရုပ်ရှင်အကြောင်း မသိသေးပါဘူးဗျာ”

          စာရေးဆရာ ကိုသီတာသည် လိမ္မော်ရည်တစ်ကျိုက်ကို ငုံလိုက် ပြီး သူ့ပတ်ဝန်းကျင်မှ ကြားနေရသော အသံဗလံများကို တစေ့ တစောင်း နားစွင့်နေမိသည်။ ဇွန်းသံ၊ ခက်ရင်းသံ၊ ပန်းကန်သံများ ကြားမှ ရယ်စရာမဟုတ်သော အကြောင်းအရာများကို အာခေါင်ခြစ်၍ ရယ်သံ၊ ဧည့်ဝတ်ကျေရုံဟန်ဆောင်၍ ရယ်သံ၊ အဓိပ္ပာယ် ရှာဖွေမရ သော တသောသောရယ်သံတို့ ကြားတွင် စာရေးဆရာ ကိုသီတာသည် တစ်ယောက်ထီးတည်း ကြောင်စီစီ ဖြစ်နေလေသည်။

          အောင်သြဘာ ရုပ်ရှင်ကုမ္ပဏီတည်ရှိရာ ဘားလမ်းသို့ နံနက် ၈ နာရီကျော်ကျော်ကပင် ရောက်ရှိနေခဲ့သော ကိုသီတာသည် သူနှင့် သိသော ဒါရိုက်တာ ပေါ်နိုင်မှလွဲ၍ အခြား တစ်စုံတစ်ဦးနှင့်မျှလည်း စကားမပြောမိ။ ချခင်းလာသော ဒံပေါက်ထမင်း တစ်ပန်းကန်ကိုသာ အနိုင်နိုင်စားပြီး ယနေ့ကန်တော့ပွဲ အစီအစဉ်ကိုသာ ငံ့လင့်စောင့်မျှော် နေမိသည်။

          သူကိုယ်တိုင်ရေးသားခဲ့သော ချစ်သူပြုံး၍ မုန်းရက်သည်”ဝတ္ထု ကို “ချစ်ကြစတမ်းသာဆိုရင်” ရုပ်ရှင်ဇာတ်ကားအဖြစ် အမည်ပြောင်း ကာ ရိုက်ကူးမည့် ကန်တော့ပွဲပေးသည့် အခမ်းအနားဖြစ်သောကြောင့် ကိုသီတာ တက်ရောက်လာခဲ့ခြင်း ဖြစ်လေသည်။

          ကန်တော့ပွဲ အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်ပရိ သတ်ထဲတွင် သူနှင့် ရင်းနှီးကျွမ်းဝင်သော သတင်းစာလောက၊ စာပေလောကမှ ပုဂ္ဂိုလ်သုံး-လေးဦးခန့်သာ တွေ့ရှိရပြီး တခြားသော ပရိသတ် တို့မှာမူ သူနှင့် မျက်နှာစိမ်း၍နေသည်။

          “ကိုသီတာ.. ဘာမှ အားမနာနဲ့နော်... ဒံပေါက်ထမင်း တစ် ပန်းကန် နောက်ထပ်ယူပါဦးလား။ လိမ္မော်ရည်လည်း ကုန်အောင် မသောက်ပါလား”

          “ကျွန်တော် မသောက်နိုင်တော့လို့ပါဗျာ... တော်လောက်ပါပြီ”

          “အေးဗျာ... ကျွန်တော်လည်း အလုပ်များနေတာနဲ့ ခင်ဗျားနဲ့ တောင် အေးအေးဆေးဆေး စကားမပြောရဘူး၊ ကဲ... ကျွန်တော် ဧည့်ခံ စရာလေးတွေရှိနေလို့ သွားလိုက်ဦးမယ်ဗျာ...၊ ကျွန်တော့်ကို ခွင့်လွှတ်နော်”

          ဒါရိုက်တာပေါ်နိုင်သည် စကားကိုပင် လုပြောနေရပြီး စာရေး ဆရာ ကိုသီတာ လည်ပြန်လှည့်မကြည့်လိုက်မိခင်တွင်ပင် ဆူညံနေ သော ပရိသတ်များကြားသို့ တိုးဝင်ပျောက်ကွယ်သွားပြန်လေသည်။

          ကန်တော့ပွဲအခမ်းအနားသို့ လာရောက်ကြသော ပရိသတ်များ သည် ပိုမို၍များပြားလာကြသည်။ ရွှန်းလက်တောက်ပြောင်သော အဝတ်အစားများနှင့် ဖိတ်ဖိတ်တောက်နေသော စိန်ရောင်၊ ရွှေရောင်တို့ သည် နီယွန်မီးရောင်ကိုပင် မှေးမှိန်စေတော့သည်။

          သူတို့ ပြောကြားကြသော စကားများထဲတွင် “အနုပညာ” ဟူသော စကားတစ်လုံးမျှမပါ။ ယိုးဒယားပါတိတ်၊ ဇင်းမယ် ဒေဝီနား၊ တစ်ရာ့ရှစ်ဆယ်တန် ရွှေတစ်ဆုပ် ငွေတစ်ဆုပ် လုံချည်၊ ကြိုးမပါသော ဘရာစီယာ၊ ကြက်ဥတစ်ကျပ်သုံးလုံး၊ တန်းစီစရာမလိုသော ရေမွှေး ပုလင်း၊ ပုစဉ်းသုံးကောင် ပေါင်ဒါဘူး၊ ကော့သောင်း လက်ဆွဲအိတ်၊ရနောင်း နေကာမျက်မှန်း... စသည်စသည်တို့သာ ဖြစ်လေသည်။

          တစ်နာရီကျော်ကျော်ခန့် ထိုင်မိသောအခါ ကိုသီတာသည် ငြီးစီစီကြီး ဖြစ်လာသည်။ သူလိုချင်သော အနုပညာသည် အဆောင် အယောင် အမွမ်းအမံ အကြားအဝါတွေကြားတွင် နစ်မြုပ်လျက်ရှိ သည်။ သူကိုယ်တိုင်လည်း ဤအသိုက်အဝန်းကြားတွင် ခေါင်းဖော်မရအောင် နစ်မြုပ်လျက်ရှိသည်ပင် မဟုတ်လား။

          ယနေ့ ကန်တော့ပွဲပေးသော ရုပ်ရှင်၏ ကျောရိုးပင်မဇာတ်လမ်း ကို ရေးသားသူမှာ စာရေးဆရာ သီတာဆိုသော သတ္တဝါ၏ လက်ရာ ဖြစ်သည်ကိုပင် ဤပရိသတ်သည် သိရှိကြပုံမရ။ သိရှိ၍လည်း မည်သို့မျှ ထူးမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ပရိသတ်အားလုံး သည် မင်းသမီးနှင့် မင်းသားအလာကိုသာ အာရုံစော၍ စောင့်ကြိုမောနေကြ သည် မဟုတ်လော။

          ကုမ္ပဏီပိုင်ရှင် ဇနီးမောင်နှံဆိုသော ဗိုက်ခေါက်ရွဲကြီးများဖြင့် ချိတ်ပုဆိုးတောင်ရှည်ကို ဝတ်ထားသော ဦးသောင်းမင်းနှင့် ဇနီးတို့ သည် ကိုသီတာ့အပါးတွင် လာ၍ရပ်ကြသော်လည်း သူ့ကို ဖော်ရွေ ဧည့်ဝတ်ပြုခြင်းမရှိ။ သာမန်ပရိသတ်တစ်ဦးနှင့် မည်သို့မျှမခြား၊ စကားပင်စပ်၍မျှ မပြောကြ။ကိုသီတာသည် ဆေးပေါ့လိပ်ကိုသာ ပါးစောင်တွင် ခဲရင်း မြင် ကွင်းအားလုံးကို မှုန်းဖြင့် ကြည့်နေမိသည်။

          “ကိုပေါ်နိုင် ဘယ်လိုလဲဗျ။ မင်းသား၊ မင်းသမီးတွေ နောက်ကျလှချည့်လား”

          ကင်မရာကို လွယ်ထားသော ဓာတ်ပုံဆရာတစ်ဦးက ဒါရိုက်တာ ပေါ်နိုင်ကို လှမ်း၍မေးလိုက်သည်။

          “ညက မင်းသားက အိပ်ရေးပျက်သတဲ့ဗျာ၊ ၁၁ နာရီမှ ရောက်မယ်တဲ့၊ စောစောကပဲ ဖုန်းလာသေးတယ်။ စောင့်ကြပါဦးဗျာ”

          “စောင့်ဆိုလည်း စောင့်ရမှာပေါ့ဗျာ.....၊ မင်းသား မင်းသမီးက အဓိကပဲမဟုတ်လား၊ ခင်ဗျား ကျွန်တော့်ကို သတ်သတ်အကြုံတလီး ပေးရမယ်နော်”

          ဒါရိုက်တာပေါ်နိုင်သည် အမူအရာပါပါ ခါးကိုလိမ်၍ ကော့ လိုက်ပြီး တိုက်ပုံအင်္ကျီကို လက်ဖျားအထိ ဆွဲဆန့်လိုက်ရင်း မရယ်ချင့် ရယ်ချင် ရယ်လိုက်သည်။

          “အကြုံတလီး မဟုတ်ပါဘူးဗျာ၊ ဆိုင်းနောက်က ဝိုင်းမြှောက်တဲ့ လူတွေကို မထတမ်းလဲရမယ့် ဝိုင်းကြီး ဆိုင်းကြီးကို ပေးပါ့မယ်။ ကဲ ကျေနပ်ပြီလား၊ ကိုယ့်လူမပြန်နဲ့ဦးနော်။ မင်းသမီး၊ မင်းသား လာအောင် တော့စောင့်ဦး ဟုတ်လား”

          ဒါရိုက်တာပေါ်နိုင်၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက်ပင် ဘေးမှ အရန်သင့်စောင့်နေသော ရယ်သံလှိုင်းလုံးများက စည်းဝါးကိုက် ထားသကဲ့သို့ တသောသော ဆူညံသွားသည်။

          ကိုသီတာသည် ထောင့်တစ်ထောင့်မှ ထိုင်ရင်း သူတို့အပြုအမူ များကို ရုပ်ရှင်ကားတစ်ကား ကြည့်နေရသကဲ့သို့ တအံ့တသြ ငေးမော ကြည့်ရှုနေမိသည်။ သူ့ရင်ထဲတွင်လည်း မကျေနပ်သော ခံစားချက် များ အစိုင်အခဲဖြစ်စပြုလာလေသည်။

          မည်သို့ပင်ရှိစေ ဒါရိုက်တာပေါ်နိုင်သည် ယနေ့ ကန်တော့ပွဲ ပေးသော ရုပ်ရှင်ဇာတ်ကား၏ ပင်မကျောရိုးဇာတ်လမ်းကို ရေးသားသော စာရေးဆရာတစ်ယောက်အနေဖြင့် သူ့ကို ပရိသတ်နှင့် မိတ်ဆက် ပေးဖို့တော့ ကောင်းသည်။ ယနေ့ ရုပ်ရှင်ကန်တော့ပွဲ အခမ်းအနား ဖြစ်လာအောင် အခြေခံရသော ဇာတ်လမ်းသည် သူ့ဇာတ်လမ်းဖြစ်ပါ လျက် ပရိသတ်များအကြားတွင် မှေးမှိန်သောနေရာမှ မထင်မရှားနေရသော သူ့ဘဝကို ကိုသီတာသည် ရင်အနာကြီးနာလာမိသည်။ သူ ဖန်တီးသော အနုပညာ၏ နေရာသည် အဘယ်မှာနည်း။

          ကိုသီတာသည် တွေးရင်းတွေးရင်းမှ ရင်ထဲတွင် လှိုင်းတံပိုးများ ထလာသည်။ အကယ်၍သာ သူ့ရင်ထဲမှ လှိုင်းတံပိုးများသည် တကယ့် ပင်လယ်ရေလှိုင်းတံပိုးများသာဖြစ်လျှင် ဤပရိသတ်များအားလုံးသည် လှိုင်းတံပိုးများထဲတွင် မျောပါသွားပေလိမ့်မည်။ ကိုသီတာသည် ဆက်၍ မတွေးတော့ဘဲ စိတ်ကို တတ်နိုင်သမျှ ချုပ်ထိန်းကာ ဆေးလိပ် တိုကိုပင် တွင်တွင်ဖွာ၍ နေမိလေတော့သည်။

          “ဟော.. ဟော.. မင်းသမီးလာပြီ... မင်းသမီးလာပြီ...”

          ရုပ်ရှင်ကန်တော့ပွဲ အခမ်းအနားမှ ပရိသတ်အားလုံးသည် လမ်းမ ဘက်သို့ အားလုံး လည်ပြန်လှည့်ကြည့်လိုက်ကြသည်။ ဇွန်းသံ ခက်ရင်း သံများလည်း တိတ်ဆိတ်သွားသည်။

          “မင်းသမီးဖို့ ပန်းကန်ကြီးကြီးနဲ့ ထည့်ပါဟေ့၊ တို့မင်းသမီးက အစားသေးတယ် မဟုတ်လား”

          ဒါရိုက်တာပေါ်နိုင်၏အသံသည် စောစောကထက် လန်းဆန်း တက်ကြွလာသည်။ နာမည်ကျော် ရုပ်ရှင်သမီး သင်းသင်းလှိုင်သည် ဖီးယက်ကား အနီကလေးပေါ်မှ အမျိုးသမီးနှစ်ဦးခြံရံကာ ပိုးပဝါအဖြူကို သိုင်းခြုံလျက် ကနွဲ့ကလျ ဆင်းလာသည်။ ရွှေရောင်တောက်နေသော ဒေါက်မြင့်ဖိနပ်ကလေး တလှုပ်လှုပ်ဖြင့် ပရိသတ်အတွင်းသို့ ဝင်ရောက်လာ ပုံမှာ ရွှေသမင်မကလေးနှင့် မတူဘဲ မြင်းပေါက်မကလေးနှင့် တူနေသည်။

          “အို... သိပ်လှတာပဲနော်... ဒါကြောင့် နာမည်ကြီးတာကိုး” “ခါးကလေးကလည်း သွယ်ပြီး ကျစ်နေတာပဲ၊ ကြိုးနဲ့စည်းထား