ဒေါင်းနွယ်ဆွေ - ကဗျာပေါင်းချုပ်
သေမင်းလက်နှင့် ရေးသောကဗျာ
သုခမိန်တွက်
လက်နက်ကိုင်ဆောင်၊ ဉာဏ်ကလောင်ဖြင့်
တိမ်တောင်ပမာ၊ ငါ့လင်္ကာကို
ပန်းကြာကန်တော့ဆင်မိတကား။
သေမင်းအတွက်
အရိုးလက်များ၊ အောင်းသားနှင့်
ချောက်ချားစိတ်မှာ၊ ရေးမိပါသော်
လင်္ကာမှေးမှိန်၊ သုခမိန်လျှင်
သေချိန်တန်မှ၊ သံဝေရသည်
လောကငိုသံမစဲတည်း။ ။
“လောကမျက်ကန်းကဗျာများ” မှ
နိုးလျက်နှင့် အိပ်မောကျ၍နေသူ
ချစ်သူ့အိပ်မက်
အဆိပ်ခွက်သည်၊ နေထွက်သောခါ
နံ့သာရေမွှေး၊ ဖြစ်နိုင်သေးလည်း
ငါ့တေးလင်္ကာ၊ ကဗျာစောင်းကြိုး
နှိုးတိုင်းမရ၊ အိပ်မောကျ၍
လောကကျိန်စာဖြစ်ခဲ့၏။
ကျိန်စာပြယ်အောင်
ဟန်ဆောင်စိုးမိုး၊ ဒေါသဖြိုးဖြင့်
တန်ခိုးအာဏာ၊ ဘယ်အရာမျှ
ချိုမြသံသာ၊ ငါ့လင်္ကာကို
မေတ္တာဝိညာဉ်မသွင်းနိုင်။
ငါ့လက်ချောင်းအား
နီမောင်းသောသွေး၊ ပူနွေးသောအသည်း
စမ်းရေထဲမှာ၊ ဆေးကြောပါလည်း
လွန့်လှော်မလှုပ်၊ ဇာတ်ကြောင်းမြှုပ်၍
ကျောက်ရုပ်အသွင်၊ ငြိမ်သက်ချင်၏။
အပေါ်ယံမှ
ဘဝဇာတ်စင်၊ အလှပြင်လည်း
အမြင်မှောက်မှား၊ ချောက်ကမ်းပါးဝယ်
တရားနက်နဲ၊ အသိလွဲကြ
လောကငိုသံ၊ ဆူဆူညံကို
ရယ်သံအဖြစ်၊ ဇွတ်နှစ်ပြောင်းလွဲ
ဇာတ်ခေါင်းကွဲလျက် '..
ငရဲကိုပင်၊ နိဗ္ဗာန်ထင်သော်
ငါလျှင်မထ၊ အိပ်မောကျ၍
ဒေါသကျိန်စာ၊ ငါ့ကဗျာကို
ရင်မှာသိုသိပ် အိပ်စေတကား။ ။
ရှုမဝရုပ်စုံမဂ္ဂဇင်း၊ နိုဝင်ဘာ ၁၉၆၃
အမည်မဲ့ကဗျာများ
ကလောင်လည်းအို
လူလည်းအိုပြီ
သူ့ကိုခွင့်လွှတ်ပါလေ။
အဘိုးကြီးအို ခါးကောက်ကောက်
တောင်ဝှေးတထောက်ထောက်။
ကဗျာကိုသစ္စာဖောက်
နိဗ္ဗာန်သူမရောက်။
အဘိုးကြီးအို ပြုံးတုံးတုံး
နည်းပရိယာယ်သုံး။
မနိုင်လိုတဲ့ ပုလဲကုံး
မပြိုင်ဘဲနှင့် ရှုံး။
ဘဝမရှိ ကဗျာမသိ
နေ့သီချင်းဆို၊ ညမှာငို၍
သွေးကိုမင်အိုး၊ အရိုးကလောင်
တိမ်တောင်စာရွက်၊ ညငှက်ကာရန်
စောင်းသံအတွေး၊ ပင့်ကူမြှေးသို့
လက်ရေးမုန်တိုင်း၊ ကဗျာရိုင်းကို
ဖတ်ခိုင်းသောခါ၊ လှကလျာသည်
လိပ်ပြာလန့်၍အော်လေသတည်း။
အို ... ရှင်
ရွှေရင်ထိတ်ပျား၊ ကြောက်စရာနှယ်
အဘယ်မှာလဲ၊ အသည်းလင်္ကာ
လိပ်ပြာပန်းကြယ်၊ ဝိညာဉ်တွယ်ရာ
မဟုတ်ပါလော၊ ကဗျာမည်သည်
မျက်ရည်တစ်စက်၊ စာတစ်ရွက်မို့
ခဲခက်တင်စား၊ အယူမှားသည့်
ချောက်ချားစရာ၊ သင့်ကဗျာကို
ငါမဖတ်ဘူး အိုအရူး။
ကဗျာဆရာ၊ ထိုအခါမှ
စုပ်တသနှင့်၊ ဘဝမရှိ
အဘိဓမ္မာ၊ ယွင်းပျက်ရှာသော
လင်္ကာတင်စား၊ သူ့အနားမှ
စကားမဆို၊ မျက်နှာအိုဖြင့်
ရှေ့ ကိုလှမ်းလျက်၊ လမ်းခွဲထွက်၍
ခွက်ထိုးခွက်လန်၊ အူဗြောင်းဆန်အောင်
ရယ်သံမုန်တိုင်း တိုက်လေသတည်း။
“ မိုးသောက်လင်္ကာပန်းကဗျာများ” မှ