Skip to product information
1 of 2

Other Websites

ဒေါက်တာအရှင်နန္ဒာမာလာဘိ၀ံသ - ရောဂါကုစားစိတ်စွမ်းအား

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

 

ရောဂါကုစား စိတ်စွမ်းအား

‘ရောဂါကုစား စိတ်စွမ်းအား” တဲ့။ စိတ်စွမ်း အားက ရောဂါကို ကုစားပေးနိုင်တယ်။ ဒီကနေ့ ခေတ်ပညာကလည်း ဒါကို လက်ခံထားတယ်။ ဗုဒ္ဓမြတ်စွာရဲ့ ပိဋကတ်သုံးသွယ် နိကာယ်ငါးရပ် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ရှိတဲ့ တရားတော်တွေထဲမှာလည်း တရားဓမ္မကို နာယူခြင်းဖြင့် စိတ်ဓာတ်အေးငြိမ်းပြီး ရောဂါပျောက်သွားတဲ့ မှတ်တမ်းတွေ ရှိတယ်။

 

          ယနေ့ခေတ်မှာ psychotherapy လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာကို ဆွေးနွေးအဖြေရှာပေး ခြင်းနဲ့ စိတ်ရောဂါကို ကုစားပေးတယ်။ စိတ်ရောဂါ ကုတဲ့ ဆရာဝန်ကို psychiatrist လို့ ခေါ်ပြီး စိတ်ရောဂါ အတွက် discussion လုပ်ပေးတဲ့ ပုဂ္ဂိုလ် of psychothera-pist လို့ ခေါ်ကြတာပေါ့ ။

          ဒါမျိုးက အခုခေတ်မှ ပေါ်တာမဟုတ်ဘူး။ ဗုဒ္ဓမြတ်စွာ လက်ထက်တုန်းကိုက ရှိခဲ့တာပါ။ရောဂါနဲ့ ပတ်သက်လာရင် စိတ်ရောဂါတင်မကဘူး၊ ရုပ်ခန္ဓာကိုယ်ပေါ်မှာ ဖြစ်တဲ့ရောဂါကိုပင်လျှင် စိတ် စွမ်းအားနဲ့ ကုစားကြတာတွေ ရှိတယ်။ ဗုဒ္ဓဘာသာ နိုင်ငံတွေမှာ နေမကောင်းတဲ့အခါ သံဃာတော် တွေကိုပင့်ပြီး ဗောဇ္ဈင်သုတ်တို့ ပရိတ်တို့ မနာကြဘူး လား၊ နာကြတယ်နော်။ ဒါဟာ psychotherapy တစ် မျိုးပဲ။ ဗောဇ္ဈင်သုတ် နာရတာနဲ့ ရောဂါပျောက်တယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ လုပ်ကြတယ်။

 

ဗောဇ္ဈင်သုတ်နာရင်

          ဗုဒ္ဓမြတ်စွာလက်ထက်တုန်းက လက်ဝဲရံ ဖြစ်တော်မူတဲ့ ဒုတိယသာဝက အရှင်မဟာမောဂ္ဂ လာန် မထေရ်မြတ် မကျန်းမမာ ဖြစ်တော်မူတယ်။ ရဟန္တာ ဆိုပေမဲ့လည်း သွေးနဲ့သားနဲ့ကိုယ် ဆိုတော့ ရောဂါဖြစ်တဲ့အခါ ဖြစ်တာပဲ။ အပူအအေးရဲ့ ဒဏ်နဲ့ ဓာတ်လေးပါး မညီမျှမှုကြောင့် ရောဂါဝေဒနာ ဖြစ်တယ်။ ဒီလို မကျန်းမမာ ရောဂါဝေဒနာ ဖြစ်တဲ့ အခါမှာ မြတ်စွာဘုရားကိုယ်တော်တိုင် ကြွပြီး ဗောဇ္ဈင်သုတ်ကို ဟောကြား ပေးတော်မူတယ်။ အရှင်မဟာမောဂ္ဂလာန်ဟာ မြတ်စွာဘုရား ဟော ကြားတဲ့ ဗောဇ္ဈင်တရားကို တရိုတသေနာရင်းနဲ့ ဆေး သောက်စရာ မလိုဘဲ ရောဂါပျောက်သွားတယ်လို့ ဆိုတယ်။ ပျောက်သွားတာမှ တစ်ခါတည်း ပျောက် သွားတာတဲ့။ ဒီရောဂါမျိုး နောက်ထပ် မပေါ်ဘူး။ ဒိပြင်ရောဂါတော့ ပေါ်ချင်ပေါ်မှာပေါ့နော်။

 

          အခုခေတ် ဖေါ်စပ်တဲ့ ဆေးဝါးတွေမှာ ဘေးထွက် ဆိုးကျိုးလို့ခေါ်တဲ့ side effect တွေရှိ တယ်။ chemical နဲ့လုပ်ထားတဲ့ ဆေးဝါးတွေဟာ ပိုပြီး side effect တွေများလို့ ဆေးပညာ ရှင်တွေက ကမ္ဘာဦးက စခဲ့တဲ့ ဆေးပညာဘက်ကို ဦးလှည့်လာတယ်။ ဒါက အာယုဗ္ဗေဒနည်းနော်၊ herbal medicine နဲ့ကုသဖို့ စိတ်ဝင်စားလာကြတယ်။ “နွယ်မြက်သစ်ပင် ဆေးဖက်ဝင်” ဆိုတဲ့အတိုင်း နွယ်မြက်သစ်ပင်တွေကို ရှာဖွေ သုတေသနလုပ်ပြီး ဖေါ်စပ်တဲ့ ဆေးတွေ နဲ့ ကုသတဲ့ နည်းတွေ အခုပြန်လည်နိုးထလာပြီး တဖြည်းဖြည်း ခေတ်စား လာတယ်။

          ဘာဖြစ်လို့တုန်းဆိုရင် chemicalနဲ့ ဖော်စပ် ထားတဲ့ ဆေးတွေဟာ side effect တွေများလို့ ဖြစ်တယ်။ အဲဒီဆေးတွေက မူလရောဂါတော့ ပျောက်ပါရဲ့၊ နောက်ထပ် ရောဂါတစ်မျိုး ပေါ်လာစေပြန်တယ်၊ နောက်ထပ်ပေါ်လာတဲ့ ရောဂါကို တစ်ခါ ဆေးတစ်မျိုးနဲ့ ကုရပြန်တယ်၊ အဲဒီဆေးက တစ်ဖန် နောက်ထပ် ရောဂါအသစ်တစ်မျိုးကို မွေးဖွား ပေးလိုက်ပြန်ရော။ အဲဒီလိုနဲ့ “ဂျာအေး သူ့အမေရိုက်” ဆိုတဲ့ သီချင်းလိုပဲ “ဝိုင်းကြီး ပတ်ပတ် ဒူဝေဝေ” ဖြစ်နေတာပေါ့၊ ဆုံးကို မဆုံးနိုင်တော့ဘူး။

          အေး       ဒါ့ကြောင့် မြတ်စွာဘုရားရဲ့ psychotherapy ဆိုတာကို မေ့ထားလို့ မသင့်ပေဘူး ပေါ့။ မြတ်စွာဘုရား လက်ထက်က psychotherapy ဆိုတဲ့ ဒီအခေါ်နဲ့ မဟုတ်ပေမဲ့လို့ ခုနက ဗောဇ္ဈင် သုတ်ဟောတာ နာကြားလိုက်ရလို့ ရောဂါပျောက် သွားတယ်ဆိုတာ psychotherapy ပဲ။ စိတ်ဓာတ် ရေးရာကို ပြုပြင်ပေးတာနဲ့ ရောဂါဝေဒနာ ပျောက် တယ်တဲ့။ ဒီနည်းနဲ့ အရှင်မဟာမောဂ္ဂလာန် ရောဂါ ပျောက်သွားတယ်။

          တစ်ခါက အရှင်မဟာကဿပလည်း ပိပ္ပလိ လိုဏ်ဂူထဲမှာ မကျန်းမမာ ဖြစ်နေတယ်။ ဆွမ်းခံမကြွ နိုင်ဘူး၊ “အာဗာဓိကော ဒုက္ခိတော ဗာဠင်္ဂလာ နော' တဲ့။ အာဗာဓိကော ဆိုတာ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲပြီးတော့နေတယ်။ ဗာဠဂိလာနောအပြင်းအထန် နေမကောင်း ဖြစ်နေတယ်။ အဲဒီလို အပြင်းအထန် နေမကောင်း ဖြစ်လို့ ဒုက္ခိတောဆင်းရဲဒုက္ခ ရောက်နေတဲ့အချိန်မှာ မြတ်စွာဘုရား ကိုယ်တိုင် ကြွသွားပြီးတော့ ရောဂါ အခြေအနေ မေးမြန်းပြီး ဗောဇ္ဈင်သုတ်ကို ဟောတော်မူတယ်။ ဗောဇ္ဈင်သုတ်ကို နာရင်း အရှင်မဟာကဿပဟာ ဆေးမသောက်ရဘဲနဲ့ ရောဂါပျောက်သွားဖူးတယ် တဲ့နော်။

          ဒါတွင်မကဘူး မြတ်စွာဘုရား ကိုယ်တော် တိုင်လည်းပဲ သွေးနဲ့သားနဲ့မို့ တစ်ခါတစ်ရံ မကျန်း မမာ ဖြစ်တော်မူတယ်။ သို့သော် မြတ်စွာဘုရား ရရှိထားတဲ့ ရုပ်ခန္ဓာကိုယ်က “ပါရမီပုံရိပ် အမှတ်တံဆိပ်" တွေနဲ့ဆိုတော့ သာမန်ပုဂ္ဂိုလ်တွေရဲ့ ခန္ဓာနဲ့တော့ မတူပေဘူးပေါ့နော်။ သို့သော် ခန္ဓာဆိုတာ မည်သူ့ ခန္ဓာပဲဖြစ်ဖြစ် ရောဂါဝေဒနာနဲ့ မကင်းနိုင်ပါဘူး။ ဇာတိ မကင်းဘူး ဆိုရင် ဇရာဗျာဓိ ဆိုတာနဲ့လည်း မကင်းဘူး။

          ပါရမီပုံရိပ် အမှတ်တံဆိပ် ၃၂-မျိုးကို လက္ခဏသုတ်မှာ ပြထားတာရှိတယ်။ “မဟာပုရိသ လက္ခဏာ ၃၂-ပါးသော ယောက်ျားမြတ်လက္ခဏာ လို့ခေါ်တယ်။ စကြာမင်းဖြစ်စေ၊ ဘုရားဖြစ်မယ့် နောက်ဆုံး ဘဝရောက်နေတဲ့ ဘုရားအလောင်း ဖြစ်စေ၊ အဲဒီ “ပါရမီပုံရိပ် အမှတ်တံဆိပ်တွေ ထင်ထင်ရှားရှား ပေါ်လာတယ်။ ဘာဖြစ်လို့ ပေါ်လာတုန်းဆိုရင် ကိုယ်တိုင်လုပ်ခဲ့တဲ့ ကုသိုလ် ကောင်းမှုတွေကြောင့်ပေါ်လာတာ ကိုယ်တိုင်လုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေက အမှတ်တံဆိပ် ခတ် နှိပ်ပေးလိုက်တာပဲ။

          အဲဒီ အမှတ်တံဆိပ်တွေဟာ သာမန်ပုဂ္ဂိုလ် တွေမှာတော့ တစ်မျိုးစီ တစ်မျိုးစီလောက်တော့ ပေါ်ကောင်းပေါ်မယ်။ ၃၂-မျိုးလုံး ပီပီပြင်ပြင် ကတော့ နောက်ဆုံးဘဝ ဘုရားအလောင်းနဲ့ စကြာ မင်းမှာမှတွေ့နိုင်မယ်။ သို့သော် စကြာမင်းမှာတောင် ပါတယ်ဆိုရုံလေး ပါတာ၊ ဘုရားအလောင်းလို သိပ်ပြီး ပီပီပြင်ပြင် မဖြစ်ဘူးတဲ့။ ဘုရားလောင်း ကျတော့ ပိုပြီး ပီပီပြင်ပြင်ပါတယ်တဲ့။ အဲဒီ ပါရမီ ပုံရိပ် ၃၂-မျိုးကို ကြည့်ပြီး “အေး ဒီ ပုဂ္ဂိုလ်ဟာဖြင့် သူ့ရဲ့ အနာဂတ် သွားမဲ့လမ်းဟာ နှစ်လမ်းပဲ ရှိတယ်။ လူ့ဘဝမှာနေရင် စကြာမင်း ဖြစ်မယ်၊ လောကီ စည်းစိမ်တွေကို စွန့်ခွာပြီး ရဟန်းပြုမယ်ဆိုရင် ဘုရား ဖြစ်မယ်”လို့ ဝေဒကျန်းဂန်အရ ဒီလိုအဟော ထွက် တယ်။

          ဒါကြောင့်မို့ ဘုရားအလောင်းတော်လေး မွေးဖွားလာတဲ့ အချိန်တုန်းက သုဒ္ဓေါဒနမင်းကြီးက ပုဏ္ဏားတော်တွေကို ဆင့်ခေါ်ပြီးတော့ ဘုရား အလောင်းလေးရဲ့ လက္ခဏာတွေကို ဖတ်စေပြီး အနာဂတ် ဟောစာတမ်းကို ဟောပြောစေတယ်။ အဲဒီလို ဟောပြောတဲ့အခါမှာ ပုဏ္ဏား ရှစ်ယောက် ထဲက ပုဏ္ဏားကြီး ခုနစ်ယောက်က အဲဒီ ပါရမီပုံရိပ် အမှတ်တံဆိပ်တွေကိုကြည့်ပြီး ဒီကလေးရဲ့ အနာ ဂတ် အလားအလာဟာ ‘ဖွေယေဝ ဂတိယော နှစ်လမ်းပဲ ရှိတယ်တဲ့။ စကြာမင်းသော်လည်း ဖြစ်မယ်၊ သို့မဟုတ် လောကထွတ်ထား ရှင်တော် ဘုရားသော်လည်း ဖြစ်လိမ့်မယ်လို့ လက်နှစ်ချောင်းထောင်ပြီး “ဒီ နှစ်လမ်းပဲ” ရှိတယ်လို့ ဟောကြတယ် တဲ့။ ။

          သို့သော် သူတို့အထဲမှာ ထူးကဲတဲ့ပါရမီရှင် ဖြစ်တဲ့ ကောဏ္ဍညမထေရ်မြတ်ကြီးဖြစ်လာမယ့် ကောဏ္ဍည ဆိုတဲ့ ပုဏ္ဏားလူငယ်ကတော့ စကြာမင်း ရဲ့လက္ခဏာနဲ့ ဘုရားအလောင်းရဲ့လက္ခဏာ ထူးခြား ချက်ကို သတိထားမိတယ်။ ဘုရားလောင်းရဲ့ လက္ခဏာက ပိုပြီး ပီပြင်တယ်။ စကြာမင်းရဲ့ လက္ခဏာက သိပ်ပြီး မပီပြင်ဘူး။ အဲဒီ ပီပြင်မှု မပီပြင်မှုဆိုတဲ့ ဒီထူးခြားချက်ကို ကြည့်ပြီး လက်ညှိုး တစ်ချောင်းတည်း ထောင်ပြီး “ဘုရားဖြစ်မှာ လုံးဝ သေချာပါတယ်” လို့ ဟောခဲ့တာနော်။ ဒီနေရာမှာ ပညာချင်း ကွာသွားတယ်ပေါ့။

          အေး အဲဒီလို ပါရမီပုံရိပ်တွေ ထင်ပေါ် နေတဲ့ ဗုဒ္ဓရဲ့ ဒီရုပ်ခန္ဓာကိုယ်ကြီးဟာ ဇရာကလည်း မလွတ်နိုင်ဘူး။ ဗျာဓိကလည်း မလွတ်နိုင်ဘူး။ မရဏဆိုတာကလည်း မလွတ်နိုင်ဘူး။ ခန္ဓာမှန်သရွေ့ ဘယ်သူ့ခန္ဓာပဲ ဖြစ်ဖြစ် တစ်ခုခုနဲ့တော့ | ပျက်စီး ဆုံးရှုံးမှုဆိုတာ လာတာချည်းပဲနော်။

          အေး       ဒါကြောင့်မို့ မြတ်စွာဘုရားသခင် ကိုယ်တော်တိုင် တစ်ခါတုန်းက မကျန်းမမာ ဖြစ်တယ်။ အဲဒီအချိန်မှာ ဆရာဇီဝကကြီး ခေါ်ပြီး ဆေးမကုဘူး။ အရှင်သာရိပုတ္တရာရဲ့ ညီတော်ဖြစ်တဲ့ အရှင်စုန္ဒကို မြတ်စွာဘုရားက “စုန္ဒ ဗောဇ္ဈင်သုတ်ကို ရွတ်ပါ”လို့ အရွတ်ခိုင်းပြီး နားထောင်တယ်။ ဗောဇ္ဈင် သုတ်ကို နာယူရင်းနဲ့ မြတ်စွာဘုရား သန္တာန်မှာ စွဲကပ်နေတဲ့ ရောဂါဝေဒနာဟာ လုံးဝ ပျောက်ကင်း သွားတယ်။ psychotherapy နည်းနဲ့ ကုတာလို့ ပြောရမှာ ဖြစ်တယ်။ ဟုတ်ကဲ့လား။

          အရှင်ဂိရိမာနန္ဒ

          နောက်တစ်ခု အင်္ဂုတ္တရနိကာယ် ဒသက နိပါတ်မှာ ဂိရိမာနန္ဒသုတ် ဆိုတာ ရှိတယ်။ အဲဒီ သုတ်အရ တစ်ခါက အရှင် ဂိရိမာနန္ဒ ဆိုတဲ့ ကိုယ်တော်ဟာ အတော့်ကို မကျန်းမမာ ဖြစ်နေတယ်။ မကျန်းမမာဖြစ်တော့ အရှင်အာနန္ဒမထေရ် မြတ်က မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးတော့ “အရှင် ဘုရား၊ ဂိရိမာနန္ဒ ကိုယ်တော်ဟာ အတော်ကလေး မကျန်းမမာ ဖြစ်နေပါတယ်၊ သနား သွားတဲ့အနေနဲ့ ကြွရောက် ချီးမြှောက်ပါဦး” တဲ့။ ။

          မြတ်စွာဘုရားက ဒီလို နေမကောင်း ထိုင်မသာတဲ့ ပုဂ္ဂိုလ်ဆိုရင် ကိုယ်တိုင် သွားရောက်ပြီး မေးမြန်း အားပေးလေ့ရှိတယ်။ ငါ ဘုရားပဲ ဆိုပြီး ဂရုမစိုက်ဘဲ မနေဘူး။ နေမကောင်းတဲ့ ပုဂ္ဂိုလ်တွေ ဆီကို သွားရောက် မေးတယ်။ အားပေးစကားပြော တယ်။ ဒီလို အားပေးစကား ပြောတယ်ဆိုတာ psychotherapy ပဲ ။ မြတ်စွာဘုရားက အားပေးစကားပြောရုံတင် မဟုတ်ဘူး၊ လုပ်သင့် လုပ်ထိုက်တာကို လည်း ကိုယ်တိုင် လုပ်ပေးသေးတယ်။

          ပူတိဂတ္တတိဿ

          တစ်ခါက တိဿဆိုတဲ့ ကိုယ်တော် တစ် ကိုယ်လုံး အနာတွေ ပေါက်ပြီး ပြည်ပုပ်တွေနဲ့ နံစော် နေတယ်၊ အဲဒီကိုယ်တော်ကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က သူကိုယ်တိုင်သွားပြီး ဆေးကြော ပေးတယ်။ အဲဒီရဟန်းဘွဲ့ကတော့ တိဿ ပါပဲ။ ခန္ဓာကိုယ်မှာ အနာတွေက နေရာအနှံ့ပေါက်ပြီး တစ်ကိုယ်လုံး ပြည်ပုပ်တွေ နံနေလို့ ပူတိဂတ္တ လို့ ခေါ်တာ။ ပူတိ ဆိုတာ ပုပ်နေတဲ့ ဂတ္တ ခန္ဓာကိုယ် ရှိသူလို့ အဓိပ္ပါယ်ရတယ်။ သူ့အနား ဘယ်သူမှ မကပ်ချင်လောက်အောင် ပြည်ပုပ်အနံ့တွေ ထွက် နေတာ။ မြတ်စွာဘုရားက ကိုယ်တော်တိုင် ကြွသွား ပြီးတော့ ရောဂါဝေဒနာတွေကို ဆေးကြော သန့်စင် ပေးပြီး တရားဓမ္မ ဟောပြောပေးတာ။ အင်မတန်မှ ကောင်းတဲ့ အစဉ်အလာ တစ်ခုပဲနော်။

          မြန်မာနိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံဆိုတော့ ဘုရားရဲ့ နမူနာကိုယူပြီး ဆိုင်ရာပုဂ္ဂိုလ်တွေက ဥပမာ လူတစ်ယောက် မကျန်းမမာ ဖြစ်လာပြီဆိုလို့ရှိရင် ဘုန်းကြီးတွေပင့်ပြီး ပရိတ်ရွတ်တာတို့ ပရိတ်နာတာ တို့ ဒီလို လုပ်ကြတယ်။ သို့သော် တချို့က ဘုန်းကြီး တွေပင့်ပြီး ပရိတ်ရွတ်တာ ငါ့ကို ပြန်ပြီး နေကောင်း လိမ့်မယ် မထင်တော့လို့ ရွတ်တာလားဆိုပြီး ပိုစိတ် ဆင်းရဲသွားတဲ့ လူမျိုးကလည်း ရှိသေးတယ်နော်။ ကြားဖူးတာ ပြောတာ။ သူကိုယ်တိုင်ကိုက တရား နာချင်လို့ ပင့်ပြီးတော့ ရွတ်တာမျိုးဆိုရင်တော့ ဒါ psychotherapy ပဲနော်။ ။

          ရောဂါဝေဒနာဆိုတာ ကုသလို့ရတဲ့ ရောဂါ ရှိသလို ကုသလို့မရတဲ့ ရောဂါလည်း ရှိတယ်။ပျောက်ရမယ်လို့ ဘယ်သူမှ အာမခံချက် မပေး နိုင်ဘူး။ သို့သော် ကုသလို့မရမယ့် ရောဂါပဲ ဖြစ်ပါစေ တရားဓမ္မက စိတ်သက်သာမှု ရောဂါသက်သာမှု ကိုတော့ ရရှိစေမှာ ဖြစ်တယ်။

          ဒါကြောင့်မို့ တချို့နိုင်ငံတွေက ဆေးရုံတွေ မှာ လူနာကိုးကွယ်တဲ့ ဘာသာဆိုင်ရာ တရားဟော ပုဂ္ဂိုလ် (chaplain) ကို ခန့်ထားတယ်။ လူနာက ဗုဒ္ဓ ဘာသာဆိုရင် ဗုဒ္ဓဘာသာဘုန်းကြီး ခန့်ထားတယ်။ ခရစ်ယာန်ဆိုရင် ခရစ်ယာန်ဘုန်းကြီး ခန့်ထားတယ်။ မူဆလင် ဆိုရင် မူဆလင်ဘာသာ တရားဟောဆရာ ခန့်ထား တယ်။ ဆေးရုံတွေမှာ မကျန်းမမာဖြစ်နေတဲ့ ပုဂ္ဂိုလ်၊ ကုလို့မရတော့ဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေ အတွက် များသောအားဖြင့် ဒီအစီအစဉ်ကို လုပ်ပေးတယ်။

          မြန်မာပြည်မှာ ဒါမျိုး အများကြီး ရှိသင့်တာ ပေါ့။ အနည်းအပါးတော့ ရှိပါတယ်လို့ထင်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ ကိုယ့်ဖာသာကိုယ် လုပ်နေကြ တာတွေတော့ ရှိပါတယ်။ ကိုယ့်ဖါသာကိုယ် ဘုန်းကြီးတွေပင့် တရားနာတာတို့၊ တချို့များဆိုရင် ကိုယ့် ကိုယ်ကို မထင်တော့လို့ မသေခင်က သရဏဂုံ တင် ထားတာတို့ ရှိသေးတယ်နော်။

          ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အတွက် စိတ်ဓာတ် ရေးရာနဲ့ ပတ်သက်ပြီး psychotherapy ဆိုတာတော့ လုပ်သင့်တာပေါ့။ သူ့ရဲ့ စိတ်ဓာတ်ကလည်း အရေး ကြီးတယ်။ အားပေးစကား ပြောကြားရမယ်။ အား ပေးစကားပြောလို့ စိတ်အားတွေ တက်လာပြီဆိုလို့ ရှိရင် ရောဂါဝေဒနာက cuable ဆိုရင် ပျောက်သွား မှာပဲ။ incurable ဆိုလို့ရှိရင်တော့ မပျောက်တော့ ဘူး။ ဒါကတော့သကြား ဆင်းကုလည်း ပျောက်မှာ မဟုတ်ဘူး။ incurable ကိုး။ ဘယ်ကုလို့ ရမလဲ။ အေး ကုလို့မရတဲ့ ရောဂါဖြစ်ဦးတော့ စိတ်ချမ်းသာမှု ရသွားလို့ရှိရင် အများကြီး အကျိုးရှိသွားနိုင်တယ်။

ဂိရိမာနန္ဒသုတ်

          အေး ဂိရိမာနန္ဒ ကိုယ်တော် နေမကောင်း ထိုင်မသာ ဖြစ်နေတော့ မြတ်စွာဘုရားက “အာနန္ဒာ တဲ့၊ (အဲဒီအချိန်မှာ မြတ်စွာဘုရားက လိုက်မသွား ဘူး။ လိုက်မသွားတာ အကြောင်းတော့ရှိမယ်။ စာထဲ မှာတော့ ဘာ့ကြောင့် လိုက်မသွားတာလဲဆိုတာ မပါဘူး။) ဒီသညာ ၁၀-ပါးတရားကို ဂိရိမာနန္ဒအား သွားဟောလိုက်တဲ့။ ဒီတရားနာပြီးရင် သူနေကောင်း သွားလိမ့်မယ်”တဲ့။ ရှင်အာနန္ဒာကို သညာ ၁၀-ပါး တရား သင်ပေးလိုက်တယ်။ သညာ ၁၀-ပါး ဆိုတာ

( ၁ )           အနိစ္စသညာ- မမြဲဘူးဆိုတဲ့ အမှတ်သညာ၊ ပွားပုံပွားနည်းကိုပါ သင်ပေးလိုက်တယ်။

( ၂ )           အနတ္တသညာ-အတ္တ မဟုတ်ဘူး။ ခိုင်မြဲတဲ့အရာ ကိုယ်ပိုင်တဲ့အရာ တစ်ခုမှ မရှိဘူး

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)