Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ဒေါက်တာသန်းထွန်း - ကူမာအောင်ကလူစားကျား

Regular price 3,200 MMK
Regular price Sale price 3,200 MMK
Sale Sold out
Type
ချမ်ပဝတ် လူစားကျား
[ ၁ ]

           နောက်တော့ “ချမ်ပဝတ်လူစားကျား” လို့နာမည်နဲ့ မှတ်တမ်းတင်ခံရမယ့် ကျား အကြောင်းကို မလနီမှာ ကျွန်တော်နဲ့ အယ်ဒီနိုးလက်တို့ အမဲလိုက်နေတုန်းကပဲ စပြီး သတင်းကြားရပါတယ်။

           အယ်ဒီဆိုတဲ့လူက သည်နယ်တစ်ကြောမှာ အတော်ဆုံးမုဆိုးလို့ အကြာအရှည် မော်ကွန်းတွင်ရစ်မယ့်သူဖြစ်လေတော့ တောလိုက်အတွေ့အကြုံတွေကို အဆုံးအဆ မရှိလောက်အောင် ပြောနိုင်စွမ်းတဲ့လူပါပဲ။ လူ့လောကမှာ အဘက်ဘက်က ပြည့်စုံတဲ့ လူဆိုတာ သိပ်မများဘူး။ ဒီလူနည်းစုထဲမှာ သူလည်းပါတယ်။ သူသုံးတဲ့ ရိုင်ဖယ်ဟာ လက်ဖြောင့်ပုံ၊ အားကြီးပုံတို့မှာ အတူမရှိ။ သူ့ရဲ့ ညီအစ်ကိုသားချင်းတစ်ယောက်က အိန္ဒိယမှာ သေနတ်လက်အဖြောင့်ဆုံး။ နောက်တစ်ယောက်က အိန္ဒိယတပ်မတော်မှာ တင်းနစ်အတော်ဆုံး။ ကျုပ်ယောက်ဖကို အစိုးရက ချမ်ပဝတ်လူစားကျားကို ပစ်ခိုင်း သဗျလို့ အယ်ဒီ ပြောလာတဲ့အခါ ဒီယောက်ဖဆိုတဲ့လူဟာလည်း မုဆိုးအကျော်အမော် မို့ လူစားကျားတော့ တယ်မကြာဘူး၊ ဘဝနိဂုံးချုပ်တော့မယ်လို့ စိတ်ချလက်ချ တွက်မိ တယ်။

           ဘာ့ကြောင့်ရယ်လို့တော့ ပိုင်းခြားပြီး မပြောတတ်ဘူး။ ဒါပေမဲ့ ကျားမသေ။ နောက်လေးနှစ်ကြာလို့ ကျွန်တော် နိုင်နီတာကို အလည်ရောက်တဲ့အခါ ပြည်ပိုင်အစိုးရ ဟာ ဒီကျားအတွက် သိပ်စိုးရိမ်ကြောင့်ကြဖြစ်နေရတယ်လို့ သိရပါတယ်။ ဆုပေးမယ် လို့လည်း ကြေညာထားသတဲ့။ မုဆိုးကျော်တွေကို ငှားတယ်။ အာလောရစခန်းကဂေါ်ရခါးတပ်သားတွေကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ လွှတ်ရတယ်။ ဒါပေမဲ့ ကျားစားလို့သေတဲ့ လူစာရင်းဟာ ကြောက်စရာကောင်းလောက်အောင် အရေအတွက် များများပြီးလာပါ တယ်။

           အခု ကူမာအောင်မှာ သောင်းကျန်းနေတဲ့ လူစားကျားက ကျားမဖြစ်တယ်လို့ သိရပြီး အရင်နီပေါမှာနေတုန်းကလည်း လူနှစ်ရာကျော် စားခဲ့ပြီးပြီလို့ဆိုတယ်။ နီပေါ လက်နက်ကိုင်တွေ ဝိုင်းဝန်းပြီး မောင်းထုတ်လိုက်လို့ နယ်ပြောင်းလာတာဖြစ်တယ်တဲ့။ အခု ကူမာအောင်မှာ လေးနှစ်လေးမိုးနေပြီးတဲ့အခါမှာ သူစားလို့ နောက်ထပ် လူနှစ်ရာ သုံးဆယ့်လေးယောက် သေပြီးပြီ။

           အခြေအနေက ဒီလိုဖြစ်နေတုန်းမှာ ကျွန်တော် နိုင်နီတာကို ရောက်သွားတယ်။ ရောက်ပြီး တယ်မကြာဘူး၊ ကျွန်တော့်ဆီကို ဗာသုတ်ဆိုတဲ့လူ ပေါက်လာပါတော့ တယ်။ အဲဒီတုန်းက နိုင်နီတာအရေးပိုင်က ဗာသုတ်ပဲဖြစ်တယ်။ သူ အသေဆိုးသေရ ရှာပြီးနောက် အလောင်းကို ဟာလဒွန်နီမှာပဲ မထင်မရှား မြှုပ်နှံထားလိုက်ကြတယ်။ ဒါပေမဲ့ သူ့ကို တွေ့ ဖူးသူတိုင်း သူ့ကို ချစ်ခင်ကြည်ညိုလေးစားကြတယ်။ သူ့နယ် တစ်ဝိုက်မှာ ဂြိုဟ်ကောင်မွှေနေလို့ နယ်သားတွေ ဒုက္ခရောက်ပုံကို သူပြောပြတာ ကြားပြီးနောက် သူတောင်းပန်တဲ့ အကူအညီကို ကျွန်တော် ဘယ်မှာ ငြင်းရက်တော့မှာ လဲ။ နောက်လူတစ်ယောက်ကို ကျားစားတယ်လို့ သတင်းကြားတာနဲ့ တစ်ခါတည်း ချမ်ပဝတ်ကိုအရောက် ကျွန်တော် သွားပါမယ်လို့ ကတိပေးလိုက်တယ်။

           အစိုးရဆုငွေတွေကို ရုပ်သိမ်းပါ။ ပြီးတော့ အထူးမုဆိုးနဲ့ အာလောရတပ် သားတွေကိုလည်း ပြန်ခေါ်သွားပါလို့ ကျွန်တော်က အစိုးရကို တောင်းပန်ရပါတယ်။ ဘာပြုလို့လဲဆိုတော့ ကျွန်တော်ဟာ ကြေးစားအခေါ်မခံချင်ဘူး။ အဲဒါအပြင် တခြား မုဆိုးက ကိုယ့်ကို မှားပစ်သွားမှာလည်း ကြောက်တယ်။ ကျွန်တော်တောင်းသမျှကို အစိုးရကလည်း လိုက်လျောပါတယ်။ သတင်းတစ်ပတ်ကြာတဲ့ တစ်နေ့ မနက်စောစော မှာပဲ ဗာသုတ် ပေါက်လာပြန်တယ်။ ဒဗိဠာရနဲ့ နဂတ်ခြားက ပါလိရွာမှာ မိန်းမတစ် ယောက်ကို ကျားချီတယ်လို့ ညက ခြေမြန်လုလင်လာပြီး သတင်းပို့သွားတယ်တဲ့။

           သတင်းရလျှင်ရချင်း ထွက်နိုင်အောင် ကြိုပြီး ရွက်ထည်တဲကအစ တောလိုက် ကိရိယာတန်ဆာပလာအစုံကို သယ်ယူဖို့ လူခြောက်ယောက်ငှားပြီး ဖြစ်တယ်။ မနက် စာစားပြီး ဓရီအရောက် တစ်ဆယ့်ခုနစ်မိုင် လမ်းလျှောက်ရတယ်။ နောက်တစ်နေ့ မော်ရစော်မှာ မနက်စာစားပြီး ဒဗိဓုရမှာ ညသွားအိပ်တယ်။ နောက်တစ်နေ့ညနေကျမှပါလိကိုရောက်တော့ ကျားဆွဲလို့ လူသေပြီးတာ ငါးရက်တောင် ရသွားပြီ။

           ရွာသားကြီးငယ် ကျား၊ မ ငါးဆယ်လောက်ဟာ အဆမတန် တုန်လှုပ်ချောက် ချားနေပါတယ်။ ရွာကို ကျွန်တော်တို့ရောက်ချိန်က နေဝင်ဖို့ အများကြီးလိုသေးပေမဲ့ အိမ်စေ့အပေါက်မှန်သမျှ ပိတ်ဆို့ပြီးသား၊ ပုန်းအောင်းပြီးသား ဖြစ်နေပါပြီ။ ခြံဝင်း တစ်ခုမှာဝင်ပြီး တပည့်တွေက နေရာယူပြီး ခင်းကျင်းတယ်၊ မီးဖိုတယ်၊ ရေနွေး ထပ်တည်လို့ ဖျော်ပေးတဲ့ လက်ဖက်ရည်တစ်ခွက်ကို ကျွန်တော် ထိုင်ပြီးသောက်ချိန် ရောက်ခါမှ သတိနဲ့ တံခါးလှုပ်ပြီး ရွာသားတချို့ ပေါက်လာပါတယ်။ ။

           အိမ်တံစက်မြိတ်ကိုကျော်ပြီး ဘယ်သူမှ အပြင်မထွက်ဝံ့တာ ငါးရက်ရှိပြီလို့ ပြောကြပါတယ်။ အနီးအနားမှာပဲ စွန့်ထားရတဲ့ အညစ်အကြေးအနံ့တွေက ဒီအဖြစ်ကို သက်သေခံနေပါတယ်။ ရိက္ခာလည်း ပြတ်မတတ်ဘဲတဲ့။ ကျားကို သတ်ပေးရင်ပေး ဒါမှမဟုတ်လည်း အဝေးရောက်အောင် နှင်ရင်နှင်၊ ဒီလိုမလုပ်ရင်တော့ သူတို့အားလုံး ငတ်ပြီး သေတော့မယ်တဲ့။

           ဟာ အနီးဝန်းကျင်မှာပဲ ရှိသေးတာက ထင်ရှားတယ်။ လမ်းပေါ်မှာ လျှောက်ပြီး ဟိန်းတဲ့အသံကို သုံးညဆက်တိုက် ကြားရတယ်။ အသံလာတဲ့အရပ်ဟာ အိမ်တန်းနဲ့ ကိုက်တစ်ရာလောက်တောင် မဝေးဘူးတဲ့။ ကနေ့မနက်ကပဲ ရွာအောက် ပိုင်းအစွန်းက လယ်ကွက်မှာ မြင်လိုက်ကြရသေးတယ်ဆိုပဲ။

           ရွာလူကြီးက လောကွတ်ကောင်းကောင်းနဲ့ အခန်းရှင်းပေးတယ်။ ဒါပေမဲ့ အခန်းထဲမှာ လူရှစ်ယောက်နေရမယ့်အပြင် မကောင်းနဲ့ အခန်းထဲ လှောင်ထားသလို ဖြစ်နေတော့ ဘာပဲဖြစ်ဖြစ် ငါအပြင်မှာအိပ်မယ်လို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါတယ်။

           ညစာကိုတော့ ဖြစ်သလို နည်းနည်းစားလိုက်ပါတယ်။ တပည့်တွေကို အခန်း ထဲမှာသွင်းပြီး အလုံဆို့ပိတ်ထားလိုက်ပြီး လမ်းဘေးသစ်ပင်တစ်ပင်ကိုမှီပြီး ထိုင်နေ လိုက်တယ်။ ရွာသားတွေပြောတဲ့အတိုင်းဆိုရင် အဲဒီလမ်းဟာ ကျား လမ်းသလားမြဲ ဖြစ်တဲ့လမ်း။ ကျွန်တော်ကသာ သူ့ကို အရင်မြင်ရရင်တော့ လကလည်းသာသာမို့ လက်ဦးကောင်းပါရဲ့။

           သားကောင်ကိုချောင်းရင်း တောထဲမှာ ညလုံးပေါက် ခဏခဏ နေဖူးပါတယ်။ ဒီတစ်ခါတော့ ပထမဆုံးအကြိမ် လူစားကျားကို စောင့်ရတာပဲပေါ့။ သိပ်မကြာဘူး။ လရောင်ဖွေးဖွေးနဲ့ ကျွန်တော့်ရှေ့တည့်တည့်က လမ်းမကြီးဟာ အထင်းသားရှိနေပါ တယ်။ လမ်းရဲ့ ဝဲယာတစ်လျှောက်မှာက သစ်ပင်တွေအုပ်ဆိုင်းနေလို့ မှောင်ကွက်တွေရှိပြီး လေတိုးတိုင်း အရိပ်တွေလှုပ်တော့ ကျားတစ်ကျိပ်ကိုးကောင် ဟိုကဒီက ထွက် လာကြတယ်လို့ပဲ မြင်မိပြီး ကျားသနားမှ နွားချမ်းသာမည်ဆိုတဲ့အသိမျိုး ဝင်လာတယ်။ အဲဒီတော့မှ အပြင်မှာနေတော့မယ်လို့ စောစောက ဆုံးဖြတ်ပြီးတာကိုပဲ နောင်တရနေမိ ပါတယ်။ ရွာကို ပြန်ပြေးဖို့တောင် သတ္တိမကျန်တော့ဘူး။ ငါ ဒီတာဝန်ကိုယူမယ်လို့ ပြောပြီးမှ မလုပ်ရဲတော့ဘူးဟေ့လို့ ဝန်ခံရမှာကိုလည်း ရှက်တယ်။ ရာသီဥတုကလည်း အေးတဲ့အခါမို့ အကြောက်အအေးရောပြီး သွားခိုက်ခိုက်တုန်လာတယ်ပေါ့။ ညတာက ပိုလို့ပဲ ရှည်တယ်ထင်မိတယ်။ မျက်နှာမူထားတဲ့ဘက်က နှင်းဖုံးတောင်တန်းကို ရောင်ခြည်ဦးလာလို့ မြင်ရပြီးတဲ့နောက် ကွေးထားတဲ့ ဒူးပေါ်မှာပဲ ခေါင်းတင်ပြီး အိပ် ပျော်သွားလိုက်တာ နောက်တစ်နာရီကြာလို့ တပည့်တွေရောက်လာတော့ ဒီပုံစံအတိုင်းပဲ ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကို တွေ့ကြတယ်တဲ့။ အဲဒီညက ကျားကို ကြားလည်းမကြား၊ မြင်လည်းမမြင်။

           မသေမပျောက် ပြန်ရောက်လာတာကို မြင်ကြတော့ ရွာသားတွေ အံ့သြလို့ မဆုံးဘူး။ လူကို ကျားဆွဲလေ့ရှိတဲ့နေရာကို လိုက်ပို့ပါခိုင်းတော့ ညှိထားသလိုပဲ အားလုံး ငြင်းကြတယ်။ လက်ညှိုးညွှန်ဖော်သာ ရကြတယ်။ နောက်ဆုံး ဆွဲသွားတဲ့ နေရာက ရွာအနောက်တောင်တန်းအစွန်းရဲ့ ကွေ့တစ်နေရာမှာတဲ့။ နွားကျွေးဖို့ သစ်ရွက် ထွက်ခုတ်ကြတုန်းက အတူပါတယ်ဆိုတဲ့ မိန်းမကြီးငယ် နှစ်ဆယ်ကျော်က ဖြစ်ပျက်ပုံ အသေးစိတ်ကို အလုအယက် ပြောကြတယ်။

           အပြောက မနက်ဆယ်နာရီလောက်မှာ ရွာနဲ့ မိုင်ဝက်ကွာတဲ့နေရာကိုသွားပြီး သစ်ကိုင်းတွေ တက်ချိုင်ကြတယ်။ ကျားဆွဲခံရမယ့် မိန်းမနဲ့ အဖော်နှစ်ယောက်တက်တဲ့ သစ်ပင်က လျှိုတစ်ခုရဲ့ နှုတ်ခမ်းမှာ ရှိတယ်။ နောက် သွားကြည့်တဲ့အခါ အဲဒီလျှိုက ဇောက်လေးပေ၊ အကျယ် ဆယ်ပေ၊ ဆယ့်နှစ်ပေရှိမယ်။ လိုသလောက် သစ်ရွက်ကို ရပြီးတဲ့အခါ သစ်ပင်ကအဆင်းမှာ ကျားက ချောင်းပြီးကပ်လာတယ်။ ပတတ်ရပ် ပြီးတော့ သူ့ကို ခြေကနေဆွဲချလိုက်လို့ သစ်ကိုင်းကိုတွယ်ထားရာက ပြုတ်ပါသွား တယ်။ လျှိုထဲကိုရောက်ခါမှ ကျားက ခြေကိုလွှတ်ပြီး အတင်းထပြေးဖို့ အားယူဆဲမှာပဲ လည်မျိုကို ဝင်ပြီးခဲတယ်။ သေတော့မှ အကောင်ကိုကောက်ပြီး၊ လျှိုပေါ်ခုန်တက်ပြီး လာပြန်တယ်။ ချုံတွေ သိပ်ထူထပ်တဲ့အထဲကို ဝင်သွားလို့ နောက်ထပ် မမြင်ရတော့ ဘူးတဲ့။

           ဒီအဖြစ်အပျက်ကို သစ်ပင်ပေါ်မှာကျန်ရစ်တဲ့ အဖော်မိန်းမနှစ်ယောက်အပြင်တခြား သိပ်မကွာတဲ့နေရာတွေက တခြားအဖော်အားလုံးလည်း အသေအချာ မြင်လိုက် ကြတယ်။ ကျားနဲ့ ကျားစာမိန်းမ ကွယ်ပျောက်သွားတဲ့အခါကျမှ ကြောက်အား လန့်အားနဲ့ ရွာကို ပြေးလွှားပြန်လာကြတယ်။ ယောက်ျားတစ်သိုက်လည်း နေ့လယ်စာ စားဖို့ အိမ်အသီးသီးကို ပြန်ရောက်ချိန်ဖြစ်လို့ အားလုံးစုပြီး ဆူဆူညံညံ အသံထွက်အောင်လို့ ကြေးအိုးကအစ စည်တိုတွေပါယူပြီး ရှေ့ကသွားတဲ့ ယောက်ျားတွေနဲ့ အတူတူ မိန်းမတွေပါလိုက်ပြီး တောင်းကြတယ်။

           လျှိုအထဲ လူကို ကိုက်သတ်တဲ့နေရာကိုရောက်လျှင် `ဘာဆက်လုပ်မလဲ”လို့ ဆွေးနွေးကြတုန်း ကိုက်သုံးဆယ်အကွာ ချုံထဲက ကျားဟိန်းသံကြီး ပေါ်လာပါတယ်။ အားလုံးလှည့်ပြီး ရွာအရောက်ပြန်ပြေးဖို့ကိုတော့ ထူးပြီး မတိုင်ပင်ရပါ။ အမောပြေ မတတ်ရှိလျှင် သူကစပြီးပြေးလို့ ငါက လိုက်ရတယ်ဆိုတဲ့လေနဲ့ တစ်ယောက်က နောက်တစ်ယောက်ကို အပြစ်ဖို့တယ်။ အတော်ကြာမှ အပြောအတိုင်း အားလုံး သူရဲကောင်းချည်းဖြစ်ရင် တစ်ခေါက်ပြန်ပြီး အချိန်မလင့်မီ ကယ်ဆယ်ရေးလုပ်ကြဦးစို့လို့ သဘောတူကြလို့ သွားကြပြန်တယ်။ အဲဒီလိုနဲ့ လျှိုကို သုံးခေါက်တိတိ ရောက်ကြ တယ်။ တတိယအကြိမ်မှာ သေနတ်ပါသူက သေနတ်တစ်ချက်ပစ်ဖောက်တော့ ချုံ အတွင်းက ကျားဟိန်းပြီးထွက်လာလို့ ဆက်မရှာဝံ့ကြတော့ဘူး။ ဆက်မရှာဖြစ်တာ လည်း ကောင်းကောင်းပဲ။ သေနတ်ဆရာကို ချုံထဲပစ်ထည့်လိုက်ရောပေါ့ ဗျာလို့ ပြောတော့ ကျားကြီးက စိတ်ဆိုးလှပြီဗျ၊ ခင်ဗျားပြောသလို ပစ်ထည့်မိလို့ ထိသွားရင် တစ်ခါ တည်း ထွက်လာပြီး ကျုပ်ကို ချီသွားမှာဗျလို့ ဖြေပါတယ်။

           အဲဒီနေ့မနက်က ရွာကိုပတ်ပြီး သုံးနာရီလောက်ကြာအောင် ကျားခြေရာနဲ့ ကျားကို တွေ့လိုတွေ့ငြား ရှာမိပါတယ်။ စိတ်ထဲကလည်း မတော် တွေ့မှဖြင့်လို့ ရွံ့ မိသေးတယ်။ သစ်အုပ်ကောင်းလို့ မှောင်နေတဲ့ လျှိုတစ်ခုကိုအရောက် ချုံတစ်ခုကိုကွေ့ အရှောင်မှာ ရစ်တစ်အုပ် အော်မြည်ပြီး ပျံထွက်သွားလို့ ကြောက်အားလန့်အားနဲ့ နှလုံးသွေးအခုန် တစ်ခါတည်းရပ်သွားပြီလို့ ထင်မိလိုက်သေးတယ်။

           တပည့်တွေက သစ်ကြားပင်ရင်းမှာ ရှင်းပြီး စားစရာပြင်တယ်။ မနက်စာစား အပြီးမှာ သူကြီးက “ဂျုံရိတ်လိုပါတယ်။ သေနတ်ထမ်းပြီး စောင့်ပေးပါ”လို့ တောင်းပန် လာတယ်။ မစောင့်ပေးရင် မရိတ်သိမ်းဝံ့လို့ အဆုံးခံကြရတော့မယ် ဖြစ်နေတော့ အားလုံး ငတ်ကြတော့မယ်ဆိုပဲ။ နာရီဝက်အတွင်းမှာပဲ တစ်ရွာလုံးထွက်ပြီး ကျွန်တော့် တပည့်တွေပါ ကောက်ရိတ်တာကို ကျွန်တော်က သေနတ်မောင်းတင်ပြီး စောင့်ရတယ်။

          ညနေစောင်းရင် ကွင်းကြီးငါးကွင်းက ကောက်လှိုင်းတွေအားလုံး စုမိတယ်။ နေအိမ်နဲ့ နီးတဲ့ အကွက်နှစ်ကွက်ပဲကျန်တယ်။ နောက်တစ်နေ့ လက်စသတ်ဖို့ မခက်ခဲတော့ပါ ဘူး။

           ကျေးလက်သန့်ရှင်းရေး အခြေအနေလည်း တိုးတက်လာပါပြီ။ ကျွန်တော့် အတွက် သီးသန့်အိပ်စရာနေရာရလို့ လေသစ်ဝင်နိုင်အောင် တံခါးပေါက်ကိုမပိတ်ဘဲ ဆူးဆို့ခိုင်းပြီး မနေ့ညက အိပ်ပျက်သမျှ အတိုးချအိပ်လိုက်ပါတယ်။

           ကျွန်တော်ရှိနေတုန်း ရွာသားတွေ အားတက်ပြီး သွားရဲလာရဲရှိလာကြပေမဲ့ တောကို ပတ်ကြည့်ရမှဖြစ်မယ်၊ လိုက်ပြီး လမ်းပြပါလို့ ကျွန်တော် တောင်းဆိုတာကို လိုက်လျောနိုင်လောက်အောင် မရဲကြသေးဘူး။ ပတ်ဝန်းကျင်ကို ကျယ်ကျယ်ပြန့်ပြန့် အသေးစိတ်သိထားသူတွေဖြစ်လို့ ပြရဲမယ်ဆိုရင် ကျားအောင်းမယ့်နေရာ အရောက် ပို့နိုင်ကြမယ်လို့ ယုံတယ်။ အနည်းဆုံး ကျားခြေရာကောက်မိအောင် ပို့နိုင်ကြမယ်ပေါ့။ လူဆွဲတဲ့သတ္တဝါကတော့ ကျားမှန်ပြီ။ ကြီးတယ်ငယ်တယ်၊ အထီးအမလို့ ခွဲခြား သိနိုင်ဖို့ ခြေရာကို မြင်ချင်တယ်။ မသိရရင် မိအောင်ဖမ်းဖို့ ပိုပြီးခက်မယ်။

           အဲဒီနေ့မနက် လက်ဖက်ရည်ကို သောက်အပြီးမှာ တပည့်တွေအတွက် သား စိမ်းရအောင် တောင်ဆိတ်ပစ်ချင်တယ်လို့ စကားစလိုက်တယ်။ အရှေ့အနောက်တန်း တဲ့ တောင်ရိုးရှည်ရဲ့ ထိပ်မှာရှိတဲ့ရွာဖြစ်လို့ အရင်ညက အိပ်ရေးပျက်ခံပြီး စောင့်ခဲ့တဲ့ လမ်းရဲ့ အောက်နားမှာ မြောက်ကို ခပ်စောက်စောက် နိမ့်ဆင်းသွားတဲ့ မြက်သောသောနဲ့ ကုန်းလျှောတွေရှိတယ်။ ဒီကုန်းလျှောတွေမှာ တောင်ဆိတ်ပေါတယ်လို့ သိထားပါ တယ်။ လူအတော်များများပဲ လမ်းပြလိုက်မယ်လို့ ထွက်လာပါတယ်။ ကျွန်တော်က ထူးပြီး ဝမ်းသာသွားပုံကို မသိစေရအောင် ဟန်လုပ်ပြီး လူသုံးယောက် ရွေးလိုက်တယ်။ သူကြီးကိုလည်း ပြောတဲ့အတိုင်း ဆိတ်များများတွေ့ရင် ရွာအတွက် နှစ်ကောင်၊ တပည့် တွေအတွက် တစ်ကောင် ပစ်ပေးမယ်လို့ ပြောခဲ့ပါတယ်။

           လမ်းကိုဖြတ်ပြီးတဲ့အခါ အင်မတန်မတ်စောက်တဲ့ တောင်ရိုးကုန်းတန်းတစ်ခု က ဘယ်ညာကို မျက်ခြည်မပြတ်ကြည့်ပြီး အောက်ကိုဆင်းကြတယ်။ ဘာမှမတွေ့။ ကုန်းဆင်း မိုင်ဝက်သွားမိရင် လျှိုတွေ ဖြာထွက်တဲ့နေရာကိုရောက်တယ်။ အဲဒီကမှ ဘယ်ဘက်ကိုမျှော်ကြည့်ရင် ကျောက်တုံးကျောက်ခဲပေါ်ပြီး မြက်လည်းထူတဲ့ ကုန်းလျှာကို မြင်ရပါတယ်။ ခဏကလေးရပ်ပြီး တစ်ပင်တည်း ထီးတည်းပေါက်နေတဲ့ ထင်းရှူးပင်ကို ကျောခိုင်းပြီး အဲဒီကုန်းလျှာကိုကြည့်နေတုန်း တောင်ပေါ် အမြင့်