Skip to product information
1 of 4

Other Websites

ဒေါက်တာမတင်ဝင်း - ရှင်ခြင်းနှင့်သေခြင်းကြားမှာကျွန်မတို့တတွေ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ရေးသင့်တာကိုရေး မှာသင့်တာကို မှာခြင်း

           ကျွန်မနဲ့ ရင်းနှီးတဲ့ အသိုက်အဝန်းမှာ နာရေးဖြစ်ရင် ကျွန်မတို့လည်း ဝင်ပါရတော့တာပါပဲ။ အဲသည်ကိစ္စက ဓမ္မတာလေ။ သူသေ ကိုယ်ပို့၊ ကိုယ်သေတော့လည်း သူပို့ပေါ့။ အဲသည်လိုကိစ္စက အစောပိုင်းက သိပ် မကြုံရပေမယ့် နောက်ပိုင်းရောက်လေလေ ကြုံရလေလေပါပဲ။ ကိုယ်က အသက်ကြီးသွားလေလေ ကိုယ့်အသိုက်အဝန်းက အသက်ကြီးလာလေ လေ။ သူတို့ကိုယ်တိုင် နာရေးမဖြစ်ရင်တောင်မှ သူတို့ထက်ကြီးတဲ့သူ တွေက နာရေးတွေဖြစ်တတ်တော့ နာရေးတွေ ဆက်တဲ့အခါတွေနဲ့ တောင်မှ ကြုံရပါတယ်။

           အဲသည်လို ကြုံတိုင်း သမီးဟာ မျက်စိမျက်နှာ ပျက်တတ်ပါ တယ်။ သက်ပြင်းချတတ်ပါတယ်။ အမေတစ်ခု သမီးတစ်ခု၊ တစ်ဦးနဲ့ တစ်ဦး သိပ်တွယ်တာ သိပ်မှီခိုနေရတာဆိုတော့ သူ့ခမျာ ကြောက်ရှာ မှာပဲလို့တွေးရင်း ကြည့်နေခဲ့ပါတယ်။ အခုတလောမှာ ဆွေမျိုးလိုရင်းနှီး တဲ့သူတစ်ယောက်လည်း ဆုံးရော။ သမီးကြောက်လိုက်တာ အမေရယ်လို့ သမီးက ဖွင့်ပြီးပြောတော့တာပါပဲ။ အဲသည်တော့ ကျွန်မက ရယ်ရယ် မောမောနဲ့ အမေ စီစဉ်ပြီးပါပြီလို့ ပြောရပါတယ်။

           အမေ သေရင် ကိုမြတ်ခိုင်ဆီကို အရင်တယ်လီဖုန်းဆက်လိုက်၊ ပြီးရင်တော့ ရေနံချောင်းဆက် ဆရာတော်တစ်ပါးဆီကို ဆက်လိုက်၊ ဆရာတော်ကလည်း အမြန်ကြွပြီး သရဏဂုံတင်ပေးမှာပါ။ ဆရာတော် ကိုလည်းလျှောက်ထားပြီးပြီ။ အရေးကြီးတာက သရဏဂုံတင်ဖို့ ဖြစ် တယ်လို့ သမီးကိုမှာထားတယ်။ နောက်ကိစ္စတွေတော့ သမီးစိတ်မပူ နဲ့တော့ ကိုမြတ်ခိုင်က ပြည့်စုံအောင်စီစဉ်ပေးလိမ့်မယ်လို့လည်း ပြောထားပါတယ်။ အဲသည်ကိစ္စကိုလည်း အမေကိုယ်တိုင် ကိုမြတ်ခိုင်ကို နှုတ်နဲ့ပြောပြပြီးပါပြီ။ ကိုမြတ်ခိုင်ကို စာရေးဆရာတွေရဲ့ နောက်ဆုံးခရီး နဲ့ပတ်သက်တဲ့ကိစ္စတွေမှာ ကိုယ်တိုင်ကိုယ်ကျ ကူညီနေတာ တွေ့ ကတည်းက အကူအညီတောင်းထားပြီးသား။ အမေက နှုတ်ကဖွင့်ပြီး အကူအညီတောင်းရင်တောင် ကိုမြတ်ခိုင်က လာမှာပါ။

           အဲသည်သေခြင်းကိစ္စကြီးကို ကျွန်မတော်တော်စဉ်းစားပါတယ်။ ထပ်ပြီးမှာစရာတွေကို စဉ်းစားတာပေါ့လေ။ အခုထပ်ပြီးမှာစရာက မသေခင် နာပြီဆိုကတည်းက ကိုမြတ်ခိုင်က လာရှာမှာပါ။ နေမကောင်း မှန်းသိရက်နဲ့ အမေသက်သာတယ်နော်လို့ မေးဦးမှာလည်း သေချာပါ တယ်။ အဲသည်လိုဆိုရင်တော့ ကျွန်မက ကိုမြတ်ခိုင်ကို ပြောရမယ်၊ အမေ့ကို ဘာပဲဖြစ်ဖြစ် ဆေးရုံတော့တင်ပါသားရယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဆေးရုံမှာက အသက်ထွက်တာကို သက်သောင့်သက်သာ ဖြစ် အောင် ခွဲစုပ်စက်တို့ အောက်စီဂျင်တို့နဲ့ စီစဉ်ပေးနိုင်တယ်မဟုတ်လား။ အဲသည်လိုသာ ပြောရတာပါလေ၊ တကယ်တော့ သေခြင်းကောင်းတာ မကောင်းတာက ကိုယ့်သီလနဲ့လည်း သက်ဆိုင်ပါတယ်။ ဝဋ်နဲ့လည်း ဆိုင်မှာပေါ့။ တချို့သူတော်ကောင်းကြီးများတောင်မှ သေခြင်းတရားကို ရင်ဆိုင်တဲ့အခါမှာ ပင်ပန်းတတ်ကြတယ်ဆိုတာကို ကိုယ်တိုင်မြင်ခဲ့ သိခဲ့ရတာတွေ ရှိပါတယ်။ သို့ပေမဲ့ ဆေးရုံကိုတော့ တင်ပါလေ။ ဒါပေမဲ့ မရနိုင်တော့မှန်း သိလျက်နဲ့ လုပ်သင့်တာတော့ အကုန်လုပ်ပေးမယ်ဆို ပြီး ပိုက်တွေဘာတွေနဲ့ အတင်းဆွဲမထားနဲ့၊ သက်သောင့်သက်သာပ် ထွက်ခွာပါရစေ။

           ထွက်ခွာရတော့မယ့်အခါမှာ တရားနာရင်းပဲ သွားချင်ပါတယ်။ ဘယ်သူမှ မငိုနဲ့နော်။ ငိုချင်ရင် တခြားမှာသွားငိုပေါ့။ အမေ့ရှေ့မှာ သံမှန်နဲ့ အေးအေးဆေးဆေး စကားပြောဖို့ ကြိုးစားပါလို့ ကျွန်မက အားလုံးကို မှာရပါမယ်။

           နောက်တစ်ချက် မှာချင်တာက သေတဲ့ကိစ္စက မွေးဖွားတဲ့ကိစ္စ လိုပဲ။ လူမှုအသိုက်အဝန်းတိုင်းမှာ အရေးကြီးတယ်။ သေခြင်းနဲ့ ပတ် သက်တဲ့ ဓလေ့ထုံးစံက အမျိုးမျိုးကွဲပြားနေတယ်။ ယဉ်ကျေးမှုအဆင့် မြင့်ရင် မြင့်သလို နည်းတွေ ထွေပြားလာတတ်တယ်။ ခေတ်အလိုက် နည်းအမျိုးမျိုးနဲ့ ဆောင်ရွက်ကြတတ်တယ်။ ကိုးကွယ်ယုံကြည်မှုအလိုက် နည်းလမ်းများ ကွဲပြားတတ်တယ်။

           အဲသည်တော့ ကျွန်မကိစ္စကို ဆောင်ရွက်ပေးမယ့် ကိုမြတ်ခိုင်ကို မှာရပါမယ်။ အမေတို့က ထေရဝါဒဗုဒ္ဓဘာသာဝင်တွေဆိုတော့ ထေရ ဝါဒီတွေရဲ့ နည်းနဲ့ပဲ ဆောင်ရွက်ရပါမယ်။ သေတဲ့သူနဲ့ပတ်သက်ပြီး တချို့က ၇ ရက် မလည်မချင်း အိမ်မှာရှိနေဦးမယ်လို့ ထင်တတ်ကြ တယ်။ အမေ့ကို ကိုမြတ်ခိုင်က ဓာတ်ပုံလှလှကြီးတွေ ရိုက်ပေးထားတော့ ဓာတ်ပုံကြီးထောင် ပြီး စားစရာတွေ ချပေးနေတာတွေ ဘာတွေများ လုပ်မယ်စိတ်မကူးနဲ့၊ အမေတို့ ထေရဝါဒီများရဲ့ လုပ်ထုံးလုပ်နည်း မဟုတ်ဘူး။

           အခုမှာနေတဲ့အချိန်မှာ နာမနေသေးတော့ မှာချင်တာကို စုံစေ့ အောင် မှာချင်လို့ ဇာတ်တော်တစ်ခုကို ပြောပြချင်ပါတယ်။ ထေရဝါဒီ များရဲ့ ဘ၀ကူးခြင်းကို ထင်းခနဲနေအောင်ပြနိုင်တာက လာဇာဒေဝမီတာ ဝတ္ထုဖြစ်တယ်။ လာဇာနတ်သမီးဆိုတာက နတ်သမီးလေးပေါက်ပေါက် လို့ ဘာသာပြန်ရမယ်။ ဇာတ်ကြောင်းကိုပြန်ရရင် သူက လူ့ဘဝမှာတုန်း က လယ်တောသူမကလေး ဖြစ်ခဲ့တယ်။ အဲသည်လယ်တောသူကလေး က အရှင်မဟာကဿပကြီးကို လယ်ထဲမှာတင် ကောက်ညှင်း ကောက် သစ်ကို ကိုယ်တိုင် ပေါက်ပေါက်ဖောက်ပြီး လှူခဲ့တယ်။ အရှင်မဟာ ကဿပဟာ နိရောသမာပတ်က ထတော်မူတိုင်း ချီးမြှင့်သင့်တဲ့ပုဂ္ဂိုလ် များထံကို ကြွတော်မူပြီး ဆွမ်းရပ်တော်မူတတ်တာကိုး။ အဲသည်လို ပြီးတဲ့နောက် ဆင်းရဲသူမ လယ်တောသူကလေးဟာ အိမ်ကိုပြန်ပါတယ်။ လက်ထဲမှာ ဆန်ကောတို့ ဒယ်အိုးတို့ကို ကိုင်ပြီး ပြန်သွားတာ ပေါ့။ အဲသည်လိုအိမ်ပြန်ခရီးမှာ လယ်ကန်သင်းရိုးတစ်ခုကိုလည်း ကျော် လိုက်ရော မြွေဟောက်တစ်ကောင် ပေါက်လိုက်လို့ အဲသည်လယ်တော သူကလေး သေရှာပါလေရော။

           အဲသည်လိုသေတာနဲ့ သူ့ကုသိုလ်စိတ်ကြောင့် တစ်ခါတည်း နတ်ပြည်ကိုရောက်သွားပါလေရောတဲ့ နတ်ဘုံနတ်နန်းကလည်း ပေါက် ပေါက်ပွင့် ဖြူဖြူကလေးတွေနဲ့ တန်ဆာဆင်ပြီး ဖြူဖွေးတဲ့အရောင်နဲ့ လှပနေသလို သူကလေးကလည်း အသားဖြူဖြူဖွေးဖွေးကလေးနဲ့ လှပ နေပါသတဲ့။ အမည်ကလည်း နတ်သမီးလေးပေါက်ပေါက်လို့ မြန်မာ ပြန်လို့ရတဲ့ လာဇာဒေဝမီတာ ဖြစ်ပါသတဲ့။ နတ်သမီးကလေးက နတ် စည်းစိမ်ကိုရတာနဲ့ အောင်မယ်၊ ငါသည်ကားဟုဆိုရင်လို့ မာန်ဝင့်ချင်တဲ့ သူမျိုး မဟုတ်ရှာပါဘူးတဲ့။ ငါဟာ ဘာဖြစ်လို့ အခုလိုစည်းစိမ်ရှင် ဖြစ်ရတာပါလိမ့်လို့ တွေးတောပြီး နတ်မျက်စိနဲ့ကြည့်လိုက်တော့ ဟိုဘဝ တုန်းက သူ့အလောင်းဟာ ကန်သင်းရိုးကိုမှီပြီး လက်ထဲမှာ ဆန်ကော တွေ အနားမှာ ဒယ်အိုးတွေနဲ့ ရှိနေဆဲပါပဲတဲ့။ သူသေတာ ရွာကလူတွေ တောင် မသိသေးဘူး။ သူက နတ်သမီးဖြစ်နေပြီ။

           ဘဝကူးတယ်ဆိုတာ အကြားအလပ်မရှိ အဲသည်လိုကူးတယ်လို့ အမေတို့ ထေရဝါဒီတွေယုံကြည်ပါတယ်။ အမေက အရှင်မဟာကဿပ နဲ့မှ မတွေ့နိုင်တာ၊ တော်တော်ကြာ မကျွတ်မလွတ်ဘဲ ဖြစ်နေရင်ကော လို့ အထွန့်မတက်နဲ့။ သူ့တန်ရာတန်ရာဘဝကို အကြားအလပ်မရှိ ရောက်သွားမှာ ဖြစ်ပါတယ်။ အမေ့ဘဝမှာ အားကိုးစရာ ဒါန၊ သီလ၊ ဘာဝနာလည်း ရှိတာပဲ။ သို့ပေမဲ့ နောက်ဆုံးထွက်ခွာခါနီးက အရေး ကြီးတယ်။ ငိုသံတွေ ဆူညံသံတွေနဲ့ စိတ်ကိုပျံ့လွှင့်မသွားအောင် ကုသိုလ်စိတ်တွေ ကုသိုလ်ဇောတွေကျနိုင်အောင် စီမံပေးရမှာက ကျန်တဲ့ သူများရဲ့ ကိစ္စဖြစ်ပါတယ်။

           အကုသိုလ်ဇောကြောင့် အပါယ်လေးပါးလည်း ကျနိုင်တယ်။ ပြိတ္တာလည်းဖြစ်သွားနိုင်တာပေါ့။ ပြိတ္တာတောင်မှ တစ်မျိုးပဲ အမျှအတန်း ဝေတာကို ရနိုင်တဲ့အကြောင်းကို နောက်မှပြောတော့မယ်။ ဘာပဲဖြစ်ဖြစ် ကျန်ရစ်သူများရဲ့ တာဝန်ဝတ္တရားအရ အအတန်း ရမှာဖြစ်ပါတယ်။ အဲသည်တော့ အလှူဒါနလည်း ပြုကြရမှာဖြစ်ပါတယ်။

           အလှူဒါနလုပ်တဲ့နေရာမှာလည်း ပကာသနမပါပါစေနဲ့။ အရေး ကြီးတာက သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်များကို အလှူအတန်းလုပ်နိုင်ကြဖို့ ဖြစ်ပါတယ်။ အမျှအတန်းဝေရင်တော့ သီလနဲ့ပြည့်စုံတဲ့ သံဃာတော် များကို လှူဒါန်းမှုအစုစု လုပ်ကြရပါမယ်။ အဲသည်နေရာမှာ ရေနံချောင်း ဆက် ဆရာတော်က သွန်သင်တော်မူဖူးပါတယ်။ အသုဘဆွမ်းသွတ်တဲ့ အခါမှာ လှူရင် ဘုန်းတော်ကြီးကို မစွန့်။ သံဃာ့ဂုဏ်ကို အာရုံပြုပြီး သံဃာတော်ကိုသာ ရည်စူးဦးခိုက်ပြီး လှူပါ။ ပြီးတော့ သေဆုံးသွားသူကို အလှူမှာ တရားနာနိုင်အောင် ဖိတ်ခေါ်ပါ။ အိမ်စောင့်နတ်၊ ဝိုင်းစောင့် နတ်များက တရားနာလာရောက်ခွင့် ပေးပါလို့လည်း ခွင့်တောင်းပါ။ တရားနာပြီးတဲ့နောက် အမျှအတန်းဝေပါ။ ကြားလောက်အောင် နာမည် ခေါ်ပြီး အမျှဝေပါ။ ဝမ်းနည်းစရာကိစ္စဖြစ်တယ်ဆိုတာကတော့ မငြင်း ပါဘူး။ ဝမ်းနည်းနေလို့ ငိုနေလို့လည်း မပြီးသေးဘူးလေ။ အဲသည်တော့ တည်တည်ငြိမ်ငြိမ်နဲ့ အလှူပေးကာ အမျှဝေပါလေ။ အဲသည်ကိစ္စကို လုပ်ရတာက သေဆုံးသူရဲ့ ကျေးဇူးဂုဏ်ကို အောက်မေ့ပြီး သူ့အတွက် လိုလေသေးမရှိအောင် လုပ်ရတာပဲဖြစ်ပါတယ်။

           အသုဘချတာဟာ ပကာသနနဲ့ လုပ်ရမယ့်ကိစ္စ မဟုတ်ဘူး။ တစ်ခါတည်း ပြောချင်တာက သတင်းစာထဲမှာ ပန်းခွေ ပန်းခြင်းပို့ခြင်း သည်းခံပါလို့ ထည့်လိုက်ဖို့ မှာချင်တယ်။ သို့ပေမဲ့ သမီးရဲ့ ပန်းခြင်းကိုတော့ အမေက ခွင့်ပြုရမှာပေါ့လေလို့ သမီးကို ရယ်ရယ်မောမောနဲ့ ပြောရတယ်။ ပန်းသိပ်ကြိုက်တဲ့အမေ့ကို ပန်းနဲ့မပို့ရရင် မသမီးကစိတ်ဆင်းရဲနေမှာ စိုးလို့ပါပဲ။ သမီးက အခုအထိ ဘုရားမှာ ပန်းမွှေးမွှေး လှူရင်း အဘွားကို တ,သနေတုန်းဖြစ်တယ်။ အမေ့အတွက် စာကြည့် ခန်းထဲမှာ ပန်းအိုးလှလှကလေးတွေ ထားပေးတတ်တယ်။ သူ့ကိုတော့ ပန်းခြင်းလှလှနဲ့ အမေ့ကို ပို့ခွင့်ပေးရမှာပေါ့။ အဲသည်အကြောင်းကို ရေးရင်း တချို့သောသမီးများ ညီမများကိုလည်း သတိရလိုက်တယ်။ တော်ပြီး ခွင့်ပြုလိုက်ရင် စိတ်မပါပေမယ့် မကောင်းတတ်ပါဘူးလေ ဆိုတဲ့သူတွေက ပါလာဦးမှား ခွင့်မပြုတော့ဘူး။

           ပန်းခွေ ပန်းခြင်းကိစ္စကို မူလကတည်းက ပကာသနတစ်မျိုးပဲ လေလို့ ယူဆနေတာ။ ပြီးတော့ ငွေစုထည့်ရတဲ့သူတိုင်းက စိတ်ကျေနပ် မှာ မဟုတ်ဘူး။ လူတွေလည်း နည်းအမျိုးမျိုးနဲ့ ပင်ပန်းကြတယ်လေ။ ကိုယ်က သိတော့မှာလည်း မဟုတ်ဘူး။ ကျန်တဲ့သူတွေ ဘယ်လိုနည်း နဲ့မှ မပင်ပန်းစေချင်ဘူးလေ။ ပန်းခြင်းကိစ္စကို ပိုပြီးစိတ်ကုန်သွားတာက ဓာတ်သိအသုဘတစ်ခုကို ရောက်ခဲ့တဲ့အခါမှာ တွေ့မြင်ရတာကြောင့် ဖြစ်ပါတယ်။ ပန်းခြင်းတွေက လှလိုက်တာ၊ တစ်နေရာတည်းမှာတင်အော်ဒါမှာတာ ထင်ပါတယ်။ တစ်ညီတည်းလိုလို ပြင်ဆင်ထားပါတယ်။ အဆင့်မြင့်မြင့်ပြင်ထားတာ။ မြန်မာလူမျိုးတွေပေမဲ့ ပန်းခြင်းအကုန်လုံးမှာ အင်္ဂလိပ်လိုရေးထားပါတယ်။ ဘယ်လိုချစ်ခင်လေးစားတယ်ဆိုတာတွေ ရေးထားတာဖြစ်မှာပေါ့။ ကျွန်မက သူစိမ်းဖြစ်ပေမယ့် တော်တော့်ကို ပတ်သက်မိတာကြောင့် အကုန်လုံးက ညာနေတာပဲလို့ သိနေပါတယ်။ သေခါမှ လှပသေသပ်စွာ အဆင့်မြင့်စွာ လွမ်းပြနေတာဟာ တကယ်တော့ သေသူက သိတာလည်း မဟုတ်ဘူး။ အသက်ရှင်စဉ်က ပညာတွေ အများကြီးတတ်ပြီး ဆွေမျိုးထဲက ငယ်သူအားလုံးကို ဂရုစိုက်ခဲ့ရှာ တဲ့ သေသူဟာ သိမ်ငယ်တဲ့ ပင်ပန်းတဲ့အတွေ့အကြုံကို အသက်ရှည် သလောက် ခံစားသွားရရှာတယ်ဆိုတာ ကျွန်မက သိနေတယ်လေ။ ငယ် ရွယ်တဲ့ ကျေးဇူးစားတစ်ယောက်ကဆိုရင် မထီမဲ့မြင် ဆက်ဆံခဲ့တယ်။

           မူလတုန်းက ကျိုခဲ့သလောက် သူက အသာစီးရသွားတဲ့အခါ ထန်ထန် မာမာ ဆက်ဆံခဲ့တယ်ဆိုတာကို ကိုယ်ကသိနေတယ်။ အသာစီးရတယ် ဆိုတာက ပြိုင်ပြီးတိုက်လို့ မဟုတ်ဘူး၊ အသက်ကြီးတဲ့အခါမှာ ဘယ်သူ ပဲဖြစ်ဖြစ် ကျလူဖြစ်လာပြီး တက်လူက တက်နိုင်သလောက် တက်နေ တုန်းမှာ ကျလူက ထိန်းမထားနိုင်အောင် ကျသွားတတ်တယ်လေ။ စီးပွားရေးကျရင် ကျန်းမာရေးကျရင် ကျသလိုပေါ့။

           အဲသည်ကျေးဇူးစားက နောက်ကျမှ ခပ်သုတ်သုတ်လာပြီး အလောင်းနားကပ်သွားတယ်။ တစ်ခဏလောက် ငိုတယ်။ ပြီးတော့ မျက်ရည်သုတ်ပြီး သူတို့အမည်နဲ့ပန်းခြင်းကို အရှေ့ဘက်ရောက်အောင် ထုတ်တယ်။ ပြီးတော့ လူတွေကိုလိုက်ပြီး စကားပြောတယ်။ အဲသည်တော့ ကျွန်မဟာ ပန်းခြင်း ပန်းခွေကိစ္စကို တော်တော်စိတ်ကုန်သွားပါ တယ်။ ပြစားတဲ့ကိစ္စတွေဟာ အသုဘမှာတောင် ပါနေတာ မကောင်း ပါဘူး။

           နောက်ပြီးတော့ မှာစရာရှိတယ်။ မြန်မာမှာ မသာတစ်ခေါက် ကျောင်းဆယ်ခေါက်ဆိုတဲ့ စကားပုံရှိတယ်။ ကျောင်းဆိုတာက ဘုန်း တော်ကြီးကျောင်းကို ညွှန်းဆိုတာ၊ ဘုန်းတော်ကြီးကျောင်းကို ဆယ် ခေါက်လောက်သွားပြီး တရားတွေ ဘာတွေနာတဲ့အခါမှာ ရလာနိုင်တဲ့ သတိသံဝေဂမျိုးကို မသာတစ်ခေါက်လိုက်ပို့ရင် ရလာနိုင်တယ်ဆိုတာကို ပြောချင်တာပဲဖြစ်ပါတယ်။ တကယ်တော့ အသုဘဆိုတာ ကြည့်၍ မတင့်တယ်တော့တဲ့အရာကို လာကြည့်ရင်း ရှုဆင်ခြင်တဲ့အလုပ်ကို လုပ်ကြရတာ ဖြစ်ပါတယ်။ သေသူရဲ့ ကျေးဇူးဂုဏ်ကို အောက်မေ့ရင်း ကျန်ရစ်သူကို အားပေးဖို့ နှစ်သိမ့်ဖို့ လာရောက်စုရုံးကြရတာပါပဲ။ အမေတို့ငယ်ငယ်ကတည်းက ဘွားဘွားတို့ဟာ အသုဘကိုသွားမယ် ဆိုရင် မျက်နှာမှာ သနပ်ခါးတွေ ဖုန်မနေနဲ့၊ ပန်းမပန်နဲ့။ သင့်တင့် လျောက်ပတ်တဲ့ သန့်စင်တဲ့အဝတ်ကိုဝတ်သွား။ အသုဘမှာ လျှပ်ပေါ်လော်လည်တဲ့အဝတ် အပြင်အဆင် မပါစေနဲ့။ အချိန်အခါ နေရာဒေသ ကိုကြည့်ပြီး ဝတ်ဆင်နေထိုင်ပြောဆိုပါလို့ သွန်သင်ခဲ့တယ်။

           အခုတော့ ဟိုကြည့်သည်ကြည့် ဟိုလူနဲ့စကားပြော သည်လူနဲ့ စကားပြော။ တချို့များ တသောသောမဟုတ်တောင်မှ ရယ်သံဟဟတော့ ထွက်လာသေးရဲ့။ သမီးကဆိုရင် အမေတို့စာရေးဆရာတွေများ အသုဘ မှာတောင် မထိန်းနိုင်ဘဲ ဆောင်းပါးတောင်းကြတယ်လို့ ပြောတတ် တယ်။

           အမေ့ကိစ္စဆိုရင်တော့ ကိုမြတ်ခိုင် ဘယ်တော့ဆောင်းပါးပေး မလဲဆိုတာမျိုး တောင်းချင်တောင်းနေမှာနော်။ ကိုမြတ်ခိုင်ကလည်း အမေ့အတွက် လုပ်စရာရှိတာကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးနေ ရင်းက ဘယ်အကြောင်းကစပြီး ရေးရမလဲလို့ တွေးနေမိဦးမယ် ထင် တယ်။ လူဆိုတာ သူ့ဝါသနာနဲ့ သူ့ဓလေ့နဲ့ကိုး။ ကိုမြတ်ခိုင်ကိုလည်းပြောရဦးမယ်။ အမေနဲ့ မင်းနဲ့မတွေ့ခင်ကအကြောင်းတွေကို အခု ကတည်းက အမေ့ကိုမေးထားဦး။ တော်ကြာ အမှားတွေပါနေဦးမယ်။ အမှားတွေပါသွားလည်း ဘာဖြစ်လဲအမေရယ်၊ အမေ မရှိတဲ့အချိန်အထိ ပွဲဆူပြီးကျန်ရစ်ရင် ကောင်းတာပေါ့ လို့ ပြုံးကျဲကျဲနဲ့ ပြောနေဦးမှာ ထင်ပါရဲ့။

           အခုရေးလိုက်တဲ့စာကို ဖတ်ပြီး ဘယ့်နှာကြီးမှန်းလည်းမသိ။ နိမိတ်မရှိ နမာမရှိ ရေးရသလားလို့ တယ်လီဖုန်းဆက်ပြီး ရန်တွေ့မယ့် သမီးတွေ ညီမတွေလည်း ရှိနေသေးတယ်။ ဟိုမိန်းမလေ နှင်းဝေငြိမ်း အဲ သူဖတ်မိရင်တော့ အမေလို့ အသံပြဲကြီးနဲ့အော်ပြီး ရန်တွေ့ဦးမှာ၊ ဒါမျိုးတွေ မရေးစမ်းပါနဲ့အမေရာ စိတ်ကိုညစ်သွားတာပဲလို့ ပြောဦးမှားတကယ်တော့ သေခြင်းအကြောင်းတရားဆိုတာ ရှိနေတဲ့အကြောင်း တရားပဲ။ မရှိတာကို အရှိလုပ်ပြီး ရေးနေတာမဟုတ်ဘူး။ အမေတို့ဟာ သေခြင်းကိုတယ်ပြီး မသိကျိုးကျွန်လုပ်တတ်ကြတယ်။ အနားမှာရှိနေတဲ့ကိုယ်မခေါ်ချင်တဲ့ မနှစ်သက်တဲ့သူကို မသိချင်ယောင်ဆောင်ပြီး သူနဲ့ မျက်စိချင်းမဆိုင်မိအောင် ရှောင်တဲ့အနေနဲ့ သူ့ခေါင်းပေါ်ကကျော်ပြီး ကြည့်သလို ကြည့်တတ်ကြပါတယ်။ လူဆိုရင်တော့ တယ်ပြီးကြီးကျယ် တဲ့သူပဲ။ ငါ့ကိုမသိချင်ယောင်ဆောင်တယ်၊ ငါကလည်း ဂရုမစိုက်ဘူး ကွာလို့ ပြောပြီး ထွက်သွားကောင်း ထွက်သွားလိမ့်မယ်။

           သေခြင်းဆိုတာကတော့ ဘယ်သူမှရှောင်လွှဲလို့မရပါဘူး။ ဘုရား၊ ရဟန္တာ၊ ပစ္စေကဗုဒ္ဓါများကအစ သတ္တဝါအားလုံး မရှောင်နိုင်ပါဘူး။ ရှင်သေမင်းရယ်လို့ တင်စားပေမယ့် အကောင်အထည်ဒြပ်မရှိတဲ့ သဘာဝ တရားတစ်ခု ဖြစ်ပါတယ်။ သေခြင်းကိုရင်ဆိုင်ဖို့ ပြင်ဆင်သောအားဖြင့် အမေရေးရပါတယ်လို့ သက်ဆိုင်တဲ့သူများကို ပြောရမှာပါပဲ။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)