ဒေါက်တာမတင်ဝင်း - မြတ်ဗုဒ္ဓသာသနာကြည်စင်ပွင့်လင်းစွာ
“မြန်မာမှန်ရင် ပုဂံကို ရောက်ဖူးမှပေါ့ ။ ပုဂံအကြောင်းကို ကောင်းကောင်းသိမှ မိမိတို့ကိုယ်ကို မိမိတို့စိတ်ကို မြန်မာစစ် မစစ်၊ မြန်မာ ကိုတကယ်ချစ်တဲ့ မြန်မာနိုင်ငံသားစစ်မစစ် သေသေချာချာ သုံးသပ် ဆန်းစစ်နိုင်မှာဖြစ်တယ်။ မိမိကိုယ်ကိုမိမိ ရှာဖွေတွေ့ရှိနိုင်မှာ ဖြစ် တယ်ဆိုတဲ့စကားကို မကြာခဏကြားဖူးခဲ့ပါတယ်။ ဟုတ်တာပေါ့၊ ကျွန်မတို့နိုင်ငံရဲ့ ဒေသတိုင်းဟာ ရာဇဝင်မှာ စာတင်ခံရတဲ့ဒေသများ ဖြစ်ကြပါတယ်။ ဒါပေမယ့် ပုဂံကတော့ အထူးသဖြင့် စာတင်ခံရတာ ကိုး။ အဲဒါကြောင့် ပုဂံကိုတော့ ရောက်ဖူးမှပေါ့လို့ ပြောကြတာပါ။ ပုဂံဟာ မြန်မာ့သမိုင်းမှာသာ ထူးထူးခြားခြား မှတ်တမ်းအတင်ခံရတာ မဟုတ်ပါဘူး။ နိုင်ငံရပ်ခြားက ပညာရှင်တွေ၊ အနုပညာကို မြတ်နိုးတဲ့ သူတွေကလည်း ပုဂံအကြောင်းကို ထူးထူးခြားခြား မှတ်တမ်းတင် ကြပါတယ်။ ကျမ်းအစောင်စောင် ပြုစုခဲ့ကြပါတယ်။ ပုဂံလက်ရာဆို ရင် ဗိသုကာလက်ရာဖြစ်ဖြစ်၊ ပန်းရန်လက်ရာပဲဖြစ်ဖြစ်၊ ပန်းချီ၊ ပန်းတော့၊ ပန်းတမော့စတဲ့ အနုပညာနဲ့ပတ်သက်တဲ့ ဘယ်လိုလက်ရာ မျိုးပဲဖြစ်ပါစေ တစ်ခုနဲ့တစ်ခု ထပ်တူ တူညီမှုမရှိအောင် ကွဲပြားခြားနား ပြီး ထူးခြားတဲ့လက်ရာများဖြစ်အောင် မွမ်းမံထားတတ်ပါတယ်။ တစ် ခုနဲ့တစ်ခုက မတူညီရုံလောက်သာမက တစ်ခုထက်တစ်ခု ပိုမိုပြီး ထူးထူးခြားလှပတယ်ဆိုတာကို ပြည်တွင်းပြည်ပ ပညာရှင်များက စာတင်ခဲ့ကြပါတယ်။ တစ်ခုလောက်တော့ ပျောက်ဆုံးသွားလည်း ကိစ္စမရှိပါဘူးလို့ ပေါ့ပေါ့ဆဆပြောလို့ မဖြစ်နိုင်လောက်အောင် တန်ဖိုးကြီးပါတယ်။ အဲဒါကြောင့် ပုဂံလက်ရာအဆောက်အဦကြီး များကအစ အနုပညာလက်ရာ အကြီးအသေး တစ်ခုစီမှာ ထူးခြားတဲ့ တန်ဖိုးရှိပါတယ်။
စာရေးသူက ပါရဂူဘွဲ့ကို ဆိုဗီယက်ခေတ် ရုရှားမှာ ယူခဲ့ တာပါ။ ဆိုဗီယက်ခေတ်မှာက ရုရှားဟာ ဘာသာတရားမဲ့ဝါဒ ထွန်းကားခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် စာရေးသူရဲ့သူငယ်ချင်းကလေး များဖြစ်တဲ့ ဟန်ဂေရီကျောင်းသားများက ပြောဖူးပါတယ်။ သူတို့ကို ဘာသာတရားမဲ့ဝါဒနဲ့ ပတ်သက်လို့ ပို့ချနေတဲ့ ရုရှပါမောက္ခကြီး ဟာ ဗုဒ္ဓဘာသာဖြစ်နေပြီထင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ သင်တန်း မှာ လေ့လာနေတဲ့အကြောင်းကို၊ ကျောင်းသားများက ပြန်ပြီးတင်ပြရတဲ့ သင်နည်းကို သူတို့နိုင်ငံမှာ သုံးတဲ့အတွက် သူတို့က ဗုဒ္ဓဘာသာ အကြောင်းကို သူတို့တစ်လှည့်စီ တင်ပြရပါတယ်တဲ့။ ဗုဒ္ဓဘာသာ အကြောင်းကို အရင်တင်ပြပြီးမှ သူတို့အမြင်နဲ့ ဗုဒ္ဓဘာသာရဲ့ ချွတ်ယွင်းချက်များကို တင်ပြရမှာဖြစ်ပါသတဲ့။ သူတို့က နှုတ်မေးခွန်းကို ဖြေဆိုတဲ့အခါ ဗုဒ္ဓသာသာရဲ့ ကောင်းမြတ်တဲ့ အရည်အချင်းများ အကြောင်းကို ပြောပြရင် ပါမောက္ခကြီးက မျက်စိမှိတ်ပြီး ပြုံးပြုံး ပြုံးပြုံးနဲ့ ခေါင်းငြိမ့်ကာ နားထောင်နေပါသတဲ့။ ဗုဒ္ဓဘာသာကို ဝေဖန်တော့မယ့်အချိန်ကျတော့ အေး အေး မင်းတို့ဖြေတာ ပြည့်စုံနေ ပါပြီ၊ နောက်ပိုင်းကို ပြောစရာမလိုတော့ပါဘူးလို့ ပြောပြီး အတန်းကို လွှတ်ပေးတယ်လို့ ပြောကြပါတယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ စာရေး သူကတော့ သူငယ်ချင်းတွေ ပြောတာကို နားထောင်ရင်း ပီတိဖြစ်လို့ ပေါ့လေ။
နောက်တစ်ခါကျတော့ ရုရှလူမျိုးတစ်ယောက်ရေးတဲ့ မြန်မာ နိုင်ငံက ပုဂံအကြောင်းစာအုပ်ကို ဖတ်ရတဲ့အခါ ပိုပြီးပီတိဖြစ်ပါတယ်။ စာအုပ်အမည်က “ဧရာဝတီမြစ်ကမ်းပါးက ဘုရားငါးထောင်ရှိတဲ့ ပြတိုက်မြို့”ဖြစ်ပါတယ်။ရေးသားတဲ့သူကပုဂံဟာအခြားအခြားသောရှေးဟောင်းယဉ်ကျေးမှုထွန်းကားရာဒေသတွေနဲ့ မတူ တစ်မူ ထူးခြားပါတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဆူတည်းလည်းမဟုတ်၊ အဆူလေးငါးဆယ်လည်းမဟုတ်။ ငါးထောင်တောင်မှ ရှိခဲ့ပြီးတော့ ကျန်ရစ်နေတဲ့လက်ရာများကလည်း တစ်ဆူနဲ့တစ်ဆူ မတူကြပါဘူး။ လက်ရာများကလည်း တစ်ခေတ်တည်းကို ကိုယ်စားပြုတဲ့လက်ရာ မဟုတ်ပါဘူးတဲ့။ ခေတ်တွေပြောင်းသွားတော့ လက်ရာတွေလည်းပြောင်းသွားတတ်ပေမယ့် ပုဂံမှာပဲ တစ်စုတစ်ဝေးတည်း ရှိနေပါတယ် တဲ့။ အဲသည်လို လက်ရာစုံ ရသစုံနဲ့ တင့်တယ်နေတဲ့ ရှေးဟောင်း အဆောက်အဦများ၊ အနုပညာလက်ရာများ တစ်စုတစ်စည်းတည်းရှိနေတဲ့အတွက် ပုဂံကို ပြတိုက်မြို့ လို့ခေါ်သင့်တယ်လို့ ရေးသားထား ပါတယ်။
အသက်ကြီးလာလေလေ ပုဂံလိုမြို့မျိုး၊ ပုဂံအနုပညာလက်ရာ မျိုးတွေဟာ တို့ဘိုးဘွားတွေရဲ့ ဖန်တီးမှုစွမ်းအား ထက်မြက်လွန်းလို့၊ ဘိုးဘွားတွေ တော်လွန်းလို့ အခုတိုင် တို့တစ်တွေ ဂုဏ်ယူနေရတာ ဆိုတဲ့ခံစားချက်နဲ့ စိတ်အင်အား လွန်စွာပြည့်ဝခဲ့ပါတယ်။ တက် ကြွခဲ့ရပါတယ်။ ငါတို့ပိုင်တာကို သူတို့ချီးကျူးနေကြတာ ကျေးဇူးတင်ဖို့ ကောင်းတယ်လို့ တွေးရမှာဖြစ်ပေမယ့် တကယ်တော့ ဘိုးဘွားတွေ တော်လွန်းလို့ သူတို့မချီးကျူးဘဲ မနေနိုင်တာပဲ။ ဒီလိုနေရာမှာ လူ လာဖြစ်ရတာ ကံကောင်းလှပါတယ်။ ကံကောင်းတယ်ဆိုပြီး၊ ဝမ်း မြောက် ဝမ်းသာဖြစ်ရုံ၊ ဂုဏ်ယူရုံနဲ့ တာဝန်မကျေပွန်နိုင်ပါဘူး။ ဒီလို နေရာကို အထူးတလည်စောင့်ရှောက်ဖို့၊ ဒီလိုနေရာအကြောင်းကို အထူး တလည် နားလည်ဖို့ လိုအပ်တယ်ဆိုတဲ့အတွေးကတော့ ပေါ်နေတာ ကြာခဲ့ပြီ ဖြစ်ပါတယ်။ ကောင်းတဲ့အလုပ်ကို လုပ်နိုင်ဖို့ဆိုတာ ကံ ကောင်းတဲ့အခါမှသာ အခွင့်သာတတ်တာကလား။ ကိုယ့်ပြည်တွင်း မှာ ရှိနေတာပဲ၊ ဆေးတာလည်း မှတ်လို့၊ ငွေကြေးအကုန်အကျအတွက် စိုးရိမ်တယ်ဆိုရင်လည်း ဒီလောက်အရေးမကြီးတဲ့ ကိစ္စများနဲ့လည်း သုံးခဲ့တာလည်း များပါပေါ့လားလို့ ကိုယ့်ကိုယ်ကို အပြစ်တင်ချင်စရာကောင်းလှပါတယ်။ ကံကောင်းထောက်မတဲ့အချိန်ကတော့ စာရေးသူ ရဲ့ အသက် ၆၉ နှစ်ထဲကို ဝင်လာမှ ပုဂံကို သွားကိုသွားရမယ်လို့ ယတိပြတ် ဆုံးဖြတ်ချက် ချနိုင်ခဲ့တဲ့အချိန် ဖြစ်ပါတယ်။
အဲသည်လိုနဲ့ ခင်မင်ရင်းစွဲရှိသူ လူငယ်လူရွယ်များနဲ့အတူ ပုဂံ လေ့လာရေးကို စတင်ခဲ့ပါတယ်။ ပုဂံကို ခရီးစတင်ထွက်ခဲ့တာ၂၀၀၈ ခု၊ ဇန်နဝါရီလ ၂၄ ရက် ဖြစ်ပါတယ်။
ပုဂံကို စာရေးသူ အကြိမ်ကြိမ်ရောက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဆရာကောင်းသမားကောင်းများရဲ့ ကြီးကြပ်မှုနဲ့ စနစ်ကျတဲ့ လေ့လာရေး ခရီးတော့ မထွက်ခဲ့ဘူးပါ။ ပညာရှာတဲ့အခါမှာ အခွင့်အလမ်းကောင်း တယ်ဆိုရင် အသက်ကြီးတာ ငယ်တာကို ပဓာနမထားဘဲ ဆက်လက် ပြီး ပညာရှာနေတာဟာ အကောင်းဆုံးပါပဲ။ အသိပညာတိုးပွားတဲ့ အပြင် စိတ်လည်းချမ်းသာပါတယ်။ မသိသေးတာကို သိရတာဟာစိတ်အလင်းနဲ့ ပြည့်စုံလာတဲ့သဘောပါပဲ။ တစ်ခုတော့ သတိထားရပါ မယ်။ သင်ယူတဲ့ပညာက ကုသိုလ်ကိုပွားစေနိုင်တဲ့ အကြောင်းအရာများ နဲ့ ပြည့်စုံနေရပါမယ်။ စိတ်ကိုညစ်ထေးစေတဲ့ အကျိုးမဲ့ အနှစ်မဲ့စကား များကို ပြောဖို့ အချိန်နည်းနည်းမှ မရလောက်အောင် တစ်ခုပြီးတစ်ခု လေ့လာနေရတဲ့အကြောင်းတွေက အကောင်းချည်းဖြစ်ဖို့ လိုအပ်ပါ တယ်။ အသက်ကြီးတော့ တစ်နည်းသာဆိုသလို အရင်ကလေ့လာတဲ့ နည်းထက် ပိုမိုကောင်းမွန်တဲ့နည်းများကို တွေ့နိုင်ပါတယ်။ ကိုယ်က ဆရာတင်ရတဲ့ သူတွေကလည်း ခေတ်မီတိုးတက်တဲ့ အသိအမြင် ရှိကြပါတယ်။ ကျွန်မတို့လေ့လာရေး မိသားစုအဖွဲ့ထဲမှာ ပါဝင်တဲ့ မြို့ခံလူငယ်များကလည်း အသက်ကြီးတဲ့တိုင် ပညာရှာရာမှာ စိတ် အားထက်သန်တဲ့ ကျွန်မကို သက်ညှာစွာ ယုယခင်မင်စွာ အကူအညီ ပေးကြပါတယ်။ ကျွန်မကတော့ အသက်ကြီးလေလေ ကံကောင်းလေ လေပါပဲ။ အသက်ကြီးသူ ပညာလိုလားတာကို မငြူစူ မငြိုငြင်တဲ့ လူငယ်များ (သမီးအပါအဝင်) က စတင်ခရီးထွက်တဲ့ အချိန်တုန်းက အသက် ၆၉ နှစ်ထဲကို နှစ်လသာသာလောက် ဝင်ရောက်လာပြီဖြစ် တဲ့ကျွန်မကို တားမြစ်တာ၊ ဆန့်ကျင်တာစတဲ့ စိတ်ဆင်းရဲစေမယ့် ကိစ္စမျိုးကို မလုပ်ကြပါဘူး၊ မပြောကြပါဘူး။ သိချင်သမျှကို သိနိုင် ဖို့ တတ်ချင်သမျှကို တတ်နိုင်ဖို့ အကူအညီပေးပါမယ်လို့ အားပေးပြီး ကတိခံရင်း ကျွန်မနဲ့အတူ ပုဂံမှာ လေ့လာပေးကြပါတယ်။ သွားချင် တဲ့နေရာမှန်သမျှကို လိုက်ပေးကြပါတယ်။ လူငယ်လူရွယ်များလည်း ဖြစ်ပြီး စာဖတ်နာကာ လေ့လာသင့်တဲ့နေရာများကိုလည်း ကျွမ်းကျင်တဲ့ လူငယ်များအဖို့ ကျွန်မလို အသက်ကြီးတဲ့သူ ပါလာတဲ့အတွက် အထောက်အကူ မဖြစ်စေနိုင်ပါဘူး။ ကျန်းမာရေးကအစ ထိခိုက်မှာ၊ အစားမှားမှာစတဲ့ အသေးစိတ်ကိစ္စများအတွက် ပူပန်ရတဲ့အပြင် အသက် ကြီးလာသူအများစုမှာ ဖြစ်တတ်တဲ့ အာရုံကြောအားနည်းမှုကြောင့် သွားပြီးသား လေ့လာပြီးသား ဂူဘုရားကို နောက်တစ်ခေါက်ပြန်ပြီး ပို့ရတဲ့အထိ တည်နေရာများနဲ့ အချက်အလက်များ ရောနှောကုန်တဲ့ အခြေအနေမျိုးမှာလည်း မငြူစူတဲ့အပြင် နောက်တစ်ခေါက် ပြန်လိုက် ပို့ပြီး ရှင်းလင်းပြသကြရပါတယ်။ ဆေးမှန်မှန်သောက်ရဲ့လားလို့လည်း စစ်ဆေးသတိပေးကြပါရဲ့ ။ အဲသည်အချိန်မှာ အသက်ကြီးတဲ့သူအများစု လုပ်တတ်သလို ဆင်ခြေအမျိုးမျိုးပေးပြီး ဆေးမသောက်ဘဲ နေတဲ့နည်းကိုလည်း ကျွန်မက သုံးတတ်ပါသေးတယ်။
အသက်ကြီးတဲ့သူပါလို့ တာဝန်ကြီးတဲ့ အဲသည်လိုအခြေအနေ မျိုးနဲ့ ရင်ဆိုင်နေရတာတောင်မှ ကျွန်မတို့အဖွဲ့ ဟာ နေ့စဉ် မနက် ၇ နာရီခွဲမှာ စတင်ပြီး ရှေးဟောင်းနယ်မြေက ရောက်ထိုက်သမျှနေရာ တွေကို ရောက်အောင်သွားပြီး လေ့လာတဲ့အလုပ်ကို လုပ်ခဲ့ကြပါတယ်။
သာသနာရေးဆိုင်ရာ စေတီပုထိုးများ၊ ဂူဘုရားများ၊ ဘုရားကျောင်းကန်များ၊ အဲသည်လို သာသနိက အဆောက်အဦများဖြစ်တဲ့ ဘုရားကြီးများ ကျောင်းကြီးများအနီးမှာ ရေတွင်းရေကန်စတဲ့ အခြံ အရံများ၊ အဆောက်အဦများနဲ့ အတင့်တယ်ကြီး တင့်တယ်နေဆဲဖြစ် တဲ့ ရှေးပုဂံမြို့တော်က စာရေးသူတို့ရဲ့ ကိုယ် နှုတ် နှလုံး သုံးပါး စလုံးကို ကောင်းစွာဖမ်းစားထားနိုင်ပါတယ်။ ဂူဘုရားများကို သွားရောက်ပြီး လေ့လာရင်း ရုပ်ပွားတော်များ၊ ဂူနံရံများပေါ်မှာရှိတဲ့ ပန်းချီ၊ ပန်းတော့၊ ပန်းတမော့ လက်ရာများကလည်း မြင်လိုက်တာနဲ့ လှလိုက်တာ၊ ကောင်းလိုက်တာလို့ ရင်ထဲ နှလုံးထဲက လာတဲ့အသံနဲ့ မပြောဘဲ မနေနိုင်လောက်အောင် ထူးခြားစွာ လှပတင့်တယ်နေပါတယ်။ အနုပညာ လက်ရာများကို မျက်စိမလွှဲနိုင်ဘဲ ကြည့်ရင်း ဘိုးဘိုးတို့ရယ်၊ တတ်လည်းတတ်နိုင်ကြပါပေရဲ့ခင်ဗျာလို့ ကလေးများက တမ်းတမ်း တတ ပြောတတ်ကြပါတယ်။ သမီးကလည်း အမေရယ် ပီတိဖြစ်လိုက် တာလို့ ပီတိမျက်ရည်တဝေဝေနဲ့ ပြောပါတယ်။ ဗိသုကာပညာရဲ့ အဆင့်မြင့်မားမှု၊ ပန်းတော့၊ ပန်းတမော့လက်ရာများရဲ့ လှပမှု၊ အနု စိတ် သေသပ်မှုများကို ခံစားနိုင်ပါတယ်။ ဘယ်လိုခံစားရတယ်ဆိုတာ ကို ထုတ်ဖော်ပြောပြရမယ်ဆိုရင်တော့ လိုက်လျောတိကျတဲ့ စကားလုံး အလှအပများကို ရှာလို့မတွေ့နိုင်ခဲ့ပါ။ ဘိုးဘေးကအစ စဉ်ဆက်မပြတ် မြင့်မားတဲ့ ယဉ်ကျေးမှုအစဉ်အလာကြီး ရှိခဲ့တာကို ပြည့်ပြည့်ဝဝ ထုတ်ဖော် ဖော်မပြောနိုင်တာက မြန်မာစကားအနေနဲ့ မပြည့်စုံလို့ မဟုတ်ပါဘူး။ ယဉ်ကျေးမှုလက်ရာတွေက အဆင့်မြင့်လွန်း ကောင်း လွန်းနေတာကြောင့် စကားနဲ့ တိုင်းတာလို့မရနိုင်ဘူးလို့ ပြောချင်တာ ပါပဲ။ ဒီလိုဖန်တီးနိုင်တာဟာ တတ်ကျွမ်းလေ့လာထားတဲ့ ပညာနဲ့လေ့ကျင့်သားကျနေတဲ့ အစွမ်းအစသက်သက်ကြောင့်တော့ ဟုတ်ဟန် မတူပါဘူး။
ဖန်တီးသူများရဲ့ သာသနာရေးအပေါ်မှာထားတဲ့ သဒ္ဓါအား၊ စေတနာအားနဲ့ သာသနာအပေါ်မှာ အလွန်လေးမြတ်တဲ့ စိတ်ထား တာ၊ စူးစူးစိုက်စိုက်ခံစားပြီး ဖန်တီးနေတဲ့ သာသနာရေးဆိုင်ရာ အနုပညာတွေထဲမှာ နစ်မြောနေအောင် ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ကို နှစ်မြှုပ်ထားတတ်တာ၊ မိမိဖန်တီးနေတဲ့အနုပညာကို ပိုပြီးအသက်ဝင် စေချင်တဲ့ စိတ်ကလွဲလို့ ဘယ်လိုပစ္စည်းဝတ္ထု၊ ဘယ်လိုအခွင့်အထူး၊ ဘယ်လိုရုပ်ဝတ္ထုပစ္စည်းကိုမှ၊ တောင့်တခြင်းမရှိတဲ့ ကြည်လင်စင် ကြယ်တဲ့ စိတ်ကသာ၊ အနုပညာဖန်တီးမှုများကို လွှမ်းမိုးနေခဲ့တယ်လို့ ယုံကြည်ပါတယ်။
ပစ္စည်းဝတ္ထုနဲ့ တိုင်းတာရမယ့် တန်ရာတန်ကြေးကိစ္စကိုရော၊ ပညာမာနဆိုတာကိုပါ မေ့ထားပြီး သာသနာငါးထောင် တည်စေသောဝ် ဆိုတဲ့တစ်ကြောင်းတည်းဖြစ်နေတဲ့စိတ်နဲ့ မြတ်စွာဘုရားရှင်ကို ပူဇော် နေတဲ့ အနုပညာရှင်ကြီးများရဲ့ စိတ်ရင်းစေတနာဟာ လွန်စွာမြင့်မြတ် တဲ့စိတ်စေတနာဖြစ်မယ်လို့ ခန့်မှန်းနိုင်ပါတယ်။ အင်မတန်မှ ပြည့်စုံ လှပပြီး နှစ်လိုဖွယ်ရာအဆင့်ကိုကျော်ပြီး ကြည်ညိုဖွယ်ရာဖြစ်နေတဲ့ အနုပညာလက်ရာများကို ဘယ်လိုစိတ်အင်အား၊ ဘယ်လိုအနုပညာ စွမ်းအားနဲ့ ဖန်တီးခဲ့ကြတာပါလိမ့်။ ဘယ်လိုဉာဏ်အား၊ ဘယ်လို စိတ်စွမ်းအားနဲ့ ဒီလောက်အမျိုးမည်ကွဲပြားတဲ့ ထူးခြားများပြားလှတဲ့ အနုစိတ်လှတဲ့ ဗိသုကာ အနုပညာလက်ရာများကို လုပ်ဆောင်ခဲ့ ကြပါလိမ့်လို့ နှုတ်မှလည်းပြောကာ ယဉ်ကျေးမှု အမွေအနှစ်များထဲက ကြွင်းကျန်သမျှကို သေသေချာချာ ကြည့်ရှုပူဇော်ရင်း ကြည်ညိုနေခဲ့ ကြပါတယ်။
စာရေးသူတို့အဖွဲ့ ဟာ အတော်အတန် မိုးချုပ်တဲ့အချိန်ကို ရောက်မှ လေ့လာရေးကို လက်စသိမ်းတတ်ကြပါတယ်။ ပြန်ဖို့တာစူ နေရင်း တစ်ယောက်ယောက်ကျန်နေတယ်ဆိုရင် စာရေးသူက အော် ခေါ်တတ်ပါတယ်။ ခဏလောက်ကြာမှ ခေါ်လိုက်တဲ့အမည်ရှင်က လာပါပြီ၊ ဒီမှာ ကန်တော့နေလို့ပါလို့ အဖြေပေးရင်း ထွက်လာတတ်