Skip to product information
1 of 18

Other Websites

ဒေါက်တာမတင်င်ဝင်း(ပညာရေးတက္ကသိုလိ) - နှင်းဆီကုန်းဘိုးဘွားရိပ်သာ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

          ကျွန်မတို့မြန်မာစကားပုံထဲမှာ “လူ့သတင်းလူချင်းဆောင် ပန်းသတင်း လေညှင်းဆောင်”ဆိုတဲ့ စကားပုံ ပါဝင်ပါတယ်။ မွှေးလိုက်တဲ့ပန်း ရနံ့နှယ်တော်၊ကြိုင်နေတာပဲ။ ပန်းရနံ့ကတယ်မွှေးသဗျာ၊ ရင်ထဲမှာအေးသွားတာပဲလို့မွှေးပျံ့တဲ့ ပန်းအမျိုးမျိုးတို့ရဲ့ရနံ့ကိုရသူတိုင်း စိတ်ချမ်းသာပျော်ရွှင်တတ်ပါတယ်။ အဲသည်လိုပျော်ရွှင်ရုံသာမကဘယ်လိုပန်းမို့ဒီလောက်မွှေးတာပါလိမ့်လို့ စူးစမ်းရှာဖွေတတ်ကြပါတယ်။ ပန်းရနံ့မွှေးပုံမွှေးနည်းကိုလည်း မြန်မာစကားအမျိုးမျိုးနဲ့ ဖော်ကျူးတတ်ကြပါသေးတယ်။ မြတ်လေးပန်းနံ့ကလေးက သင်းနေတာပဲ၊ မငြီးတဲ့ရနံ့မျိုး ဖြစ်တယ်။ ပန်းတကာ့ပန်းထဲမှာ အသာဆုံးကမြတ်လေးပန်းတဲ့။ မြတ်စွာဘုရားကိုယ်တော်တိုင်ဟောခဲ့တဲ့တရားထဲမှာပါတယ်။ ရနံ့က ခပ်သင်းသင်းကလေး ဖြစ်ပေမယ့်တခြားပန်းတွေနဲ့အတူရောပြီးဘုရားပန်းကပ်ထားမယ်ဆိုရင် မြတ်လေး ပန်းရနံ့ကို အရင်ရတတ်တယ်လို့ပြောရင်း မြတ်စွာဘုရားကို သတိတရ လက်အုပ်ချီတတ်ကြပါတယ်။

          အို....ဒီပန်းကမွှေးလိုက်တာ ကြူနေတာပဲ။ ပိတောက်ပန်းကတော့ရှင် တစ်နှစ်မှာတစ်လ၊ တစ်လမှာတစ်ရက်ပွင့်တယ်ဆိုပေမယ့် တစ်နှစ်စာစွဲနေလောက်အောင်ရနံ့ကချိုအီနေတာပဲစတဲ့စကားနဲ့ပိတောက်ပန်းပန်းရနံ့ကို ဖွဲ့နွဲ့ ပြောဆိုတတ်ကြပါတယ်။

           လေညှင်းက သူ့အလုပ်ကိုသူလုပ်တဲ့သဘောနဲ့ ရနံ့အမျိုးမျိုးကို သုတ်ဖြူးတိုက်ခတ်ပြီး အရပ်လေးမျက်နှာ အရပ်ဆယ်မျက်နှာကို ပြန့်သွားအောင်သယ်ဆောင်တတ်ပါတယ်။ သို့ပေမယ့်မွှေးပျံ့သင်းကြိုင်တဲ့ ပန်းရနံ့ကိုတော့မထုတ်လုပ်တတ်မထုတ်လုပ်နိုင်ပါဘူး။အခုလိုရာသီဥတုဖောက်ပြန်တဲ့ကာလမျိုးမှာတိုက်ခတ်တဲ့လေမျိုးကျတော့လည်း ပန်းသတင်း ကိုဖြန့်တဲ့ လေညင်းမဟုတ်ဘဲ ပန်းခြွေတဲ့လေကြမ်းများတောင်မှ ဖြစ်သွား တတ်ပါသေးတယ်။ ပန်းသတင်းကတော့ ပန်းသဘာဝအတိုင်းသာရှိတတ်ပါတယ်။ လေညင်းအပေါ်မူတည်ပြီးဖြစ်ပေါ်ခြင်းလည်းမရှိတတ်၊ ဝတ်သွားကိုလေညှင်းကခပ်ပြင်းပြင်းကလေးခူးသွားသည့်တိုင်အောင် ပွင့်ဖတ်ကလေးများနဲ့ဝတ်မှုန်ကလေးများက မွှေးတဲ့ပန်းများကတော့ ဆက်လက်ပြီး မွှေးမျိုးကျူးနေဦးမှာ ဖြစ်ပါတယ်။

          စာရေးသူက အဖေကြီးဦးတင်အကြောင်းကို ရေးမယ့်အရေးမှာ ဘယ့်နှာကြောင့်ပန်းအကြောင်းကိုဖွဲ့နေရတာလဲလို့ တွေးမိနေကြမယ်ဆိုရင် လိုအပ်လွန်းလို့ ဖွဲ့တာပါရှင်လို့ ပြောပြချင်ပါတယ်။ အဖေကြီးဦးတင်လို့ နှင်းဆီကုန်း ဘိုးဘွားရိပ်သာမှာ နေထိုင်ကြီးပြင်းခဲ့ရတဲ့သူများက ချစ်ခင် လေးမြတ်စွာခေါ်ဆိုခြင်းကိုခံခဲ့ရသူ၊ မြန်မာ့အလင်းဦးတင်လို့လည်း နာမည် ကျော်ကြားထင်ရှားခဲ့သူ၊ မြန်မာ့လူမှုရေးလောက နိုင်ငံရေးလောကများမှာ လည်း သူ့ခေတ်နဲ့သူ တာဝန်ကျေပွန်စွာ တာဝန်အမျိုးမျိုးကိုထမ်းဆောင်ခဲ့သူ အဖေကြီးဦးတင်ရဲ့ အကြောင်းကို ပြည့်ပြည့်စုံစုံကျယ်ကျယ်ပြန့်ပြန့် ရေးသား ပြီး ထုတ်ဝေမယ်ဆိုရင် ထူထဲတဲ့ကျမ်းတစ်စောင်မက ရနိုင်ပါတယ်။

           အဲသည်လိုတာဝန်မျိုးကိုလည်း စာရေးသူ ယူဖို့မစွမ်းနိုင်ပါဘူး။ အခုလည်း စွမ်းလွန်းလို့ အဖေကြီးဦးတင်ရဲ့ မေတ္တာရနံ့နဲ့နှင်းဆီကုန်းဘိုးဘွားရိပ်သာအကြောင်းကို ရေးတာမဟုတ်ပါဘူး။ ကျွန်မကကလောင်ကိုင်စွဲထားပြီးစာရေးနေတဲ့စာရေးဆရာဖြစ်ပါတယ်။ ယခုအချိန်မှာ ဘိုးဘွားရိပ်သာကိုစောင့်ရှောက်ပြီး ရိပ်သာကြီးတိုးတက်ရာတတက်ကြောင်းကိုမမေ့မလျော့သောသတိတရား၊တက်ကြွထက်မြက်သောအတွေးများ၊စိတ်ကူးစိတ်သန်းများနဲ့တာဝန်ယူနေကြတဲ့ပုဂ္ဂိုလ်ကြီးများကကျွန်မအပါအဝင်စာရေးဆရာအပြင်စာအုပ်ထုတ်ဝေရေးလုပ်ငန်းမှာကျွမ်းကျင်သူများကိုဖိတ်ခေါ်ပြီး ဘိုးဘွားရိပ်သာကြီးရဲ့ စိန်ရတုအထိမ်းအမှတ်အနေနဲ့စာအုပ်ထုတ်ဝေမှာဖြစ်ပါတယ်။အဲသည်လိုစာအုပ်ထုတ်ဝေတဲ့အခါမှာ ကူညီကြစေလိုပါတယ်လို့ မေတ္တာရပ်ခံခဲ့ပါတယ်။ ဘယ်လိုလူမျိုးထံကအကူညီကိုတောင်းသည်ဖြစ်စေအဲသည်လူများအကြောင်းကိုမသိဘဲအကူအညီတောင်းတာနဲ့သိသင့်သိထိုက်သလောက်သိပြီးမှ တောင်းတာဟာမတူညီနိုင်ပါဘူး။ ယခုဘိုးဘွားရိပ်သာကိုတာဝန်ယူပြီး စောင့်ရှောက်နေတဲ့ဥက္ကဋ္ဌကြီးကစပြီးအမြင်ကျယ်သူများဖြစ်ပါတယ်။ဘိုးဘွားရိပ်သာနဲ့ပတ်သက်ပြီးစိတ်ထဲနှလုံးထဲမှာလေးလေးနက်နက်ကြည်ကြည်နူးနူး၊စိတ်ကူးကောင်းကောင်းနဲ့အလုပ်လုပ်နေကြတဲ့သူများဖြစ်တယ်ဆိုတာစိန်ရတုစာအုပ်ထုတ်ဝေရေးနဲ့ပတ်သက်တဲ့ အစည်းအဝေးကို နှစ်ခါလောက်တက်ရောက် လိုက်တာနဲ့၊ ကျွန်မသဘော ပေါက်ခဲ့ပါတယ်။ ဘိုးဘွားရိပ်သာရဲ့စိန်ရတုစာစောင်ထုတ်ဝေရေးဆိုတဲ့ တာဝန်ကလည်း တာဝန်ယူသူများရဲ့ဘိုးဘွားရိပ်သာအပေါ်မှာထားတဲ့သဘောထားလေးနက်ရင်လေးနက်တဲ့အလျောက်၊ ဘိုးဘွားရိပ်သာရဲ့လုပ်ငန်းတာဝန်ကို မြတ််နိုးရင်မြတ်နိုးတဲ့အလျောက် အမှား အယွင်းအချွတ်အယွင်းမခံနိုင်တဲ့တာဝန် ဖြစ်ပါတယ်။

          အဲသည်လိုတာဝန်အတွက် ကျင်းပတဲ့အစည်းအဝေးမှာ မူလ ကတည်းကဆုံခဲ့ဖူးတဲ့သူများ ပါပါတယ်။ အထူးသတိထားမိတာကတော့ ဘဘဦးတင် (ဗိုလ်ကြီးမောင်တင်) ဖြစ်ပါတယ်။

          ဘဘဦးတင်ကိုတွေ့ခဲ့ဖူးပါတယ်။ လူ့ဘဝဟာအသက်ရှည်တယ်လို့ပြောရတဲ့သူများတောင်မှ များစွာရှည်ကြာတဲ့ကာလမဟုတ်ပါဘူး။ လူဖြစ်လာရတိုတောင်းလှတဲ့ကာလကို အသုံးချတဲ့နေရာမှာ အနှစ်ပါအောင်နေထိုင်တတ်တဲ့ သူတော်ကောင်းကြီးတစ်ယောက် ဖြစ်တယ်ဆိုတာကို ယောဆရာတော်ကြီးရှေ့မှောက်မှာကတည်းက သတိထားလိုက်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘဘဦးတင်ဟာ စကား ပြောတဲ့အခါမှာ အေးအေးသက်သာ တည်တည်ငြိမ်ငြိမ်စကားပြောတတ် တာကိုလည်း သတိထားမိပါတယ်။ နောက်ပြီး သာသနာရေးနဲ့ပတ်သက်တဲ့ ဥပသကာတာဝန်များကို ထမ်းဆောင်နေတယ်ဆိုတာကိုသိလိုက်ရတာကိုး။ အဲသည်လိုတာဝန်မျိုးကိုအခုလိုခေတ်မှာထမ်းဆောင်နေသူတွေမှအပုံ။ ဒီလိုတာဝန်မျိုးဆိုတာကျော်စောသတင်းတည်ဆောက်တဲ့နေရာမှာ၊ အဆက်အသွယ်ကောင်းကိုအရယူတဲ့နေရာမှာ၊ လိုချင်တဲ့အရာကိုရအောင်ယူတဲ့နေရာမှာ အင်မတန်ကောင်းတဲ့တာဝန်ကိုးလို့ပြောကြတဲ့သူများနဲ့လည်းကြုံဖူးပါတယ်။ အဲသည်လိုပြောတဲ့သူများလည်းမမှားကြပါဘူး။ သာသနာရေးနဲ့ပတ်သက်တဲ့အဖွဲ့ အစည်းများမှာအတ္တဟိတကို ပရဟိတလုပ်ငန်းအောက်မှာ သိုဝှက်ထားပြီးသူတော်ကောင်းကြီးများလိုနေထိုင်နေကြတဲ့သူများကိုစာရေးသူတို့ဆုံဖူးပါတယ်။ စာရေးသူတို့မိဘများဟာတစ်သက်လုံးချွေတာစုဆောင်းပြီးမကွယ်လွန်မီမှာလည်းအလှူကြီးများပေးလှူခဲ့သလို ဖေဖေကဘယ်လိုနေရာမျိုးမှာဆက်လက်လှူဒါန်းပေးပါလို့ မှာထားခဲ့တာ တွေလည်း ရှိသေးတော့ ဆက်လက်လှူရင်း အတ္တဟိတကို လျှမ်းလျှမ်းတောက်အောင်မြင်တဲ့ ပရဟိတလုပ်ငန်းအောက်မှာ သိုဝှက် လှုပ်ရှားနေတဲ့သူများကို တွေ့ဖူးပါတယ်။ ဘယ်လောက်ပဲသိုဝှက်သည်ဖြစ်စေ အယောင်ဆောင်သည်ဖြစ်စေ မြင်သာတာကတော့မြင်သာနေတာကိုး။ အဲသည်လိုလူမျိုးများနဲ့တွေ့ရင်ဥပေက္ခာစေတနာနဲ့ရင်ဆိုင်ပါလို့မိခင်ကြီးက မှာခဲ့ပါတယ်။ လူတိုင်းလူတိုင်း သူယူတာနဲ့ သူယူသလောက်ပဲ သူရမှာ ပေါ့တဲ့။

          သိပ်အဖိုးတန်တဲ့ကုသိုလ်ကောင်းမှုကို စင်စင်ကြယ်ကြယ်မထမ်း ဆောင်ဘဲ အကုသိုလ်အသွင်ပြောင်းပြီး ထမ်းဆောင်တာဟာ တော်တော် သနားစရာကောင်းနေပြီဖြစ်လို့ စိတ်ဆိုးမနေနဲ့၊ ကိုယ့်ကုသိုလ်ကိုသာ အာရုံပြု ပါလို့မေမေကဆိုပါတယ်။ စာရေးသူတို့ယောဆရာတော်ကြီးရှေ့တော်မှောက်မှာ တွေ့ဆုံခဲ့တဲ့ဘဘဦးတင်(ဗိုလ်ကြီးမောင်တင်)တို့ကတော့ မြန်မာ့အလင်းဦးတင်တို့ဆီကအစဉ်အလာကို ရှင်သန်အောင်ဆက်လက်သယ်ဆောင်နေကြတဲ့သူများဖြစ်လို့ စာရေးသူတို့အနေနဲ့ ယခုထက်တိုင်ဝမ်းသာခဲ့ရပါတယ်။ တစ်ခါကစာရေးသူတို့ဆီကို ဘိုးဘွားရိပ်သာကဦးတင်ပါလို့ပြောပြီး ဘဘဦးတင်ကစာရေးသူတို့အိမ်ကိုလာပြီး အကူအညီတောင်းချင်လို့ပါ၊လာခဲ့ရမလားလို့ တယ်လီဖုန်းဆက်ပြီး မေးပါတယ်။      

          စာရေးသူတို့သားအမိကလည်း ကြော် ကြွခဲ့ပါရှင့်။ စောင့်နေ ပါမယ်လို့ ပြန်လည်ဖြေကြားလိုက်ပါတယ်။ ဘဘတင်ကစာရေးသူကို စာတစ်စောင်ရေးခိုင်းချင်လို့အိမ်ကိုလာတာဖြစ်ပါတယ်။ ဘိုးဘွားရိပ်သာကိုတိုးချဲ့ဖို့လိုအပ်တဲ့မေတ္တာရပ်ခံချက်များ စဉ်ဆက်မပြတ်လက်ခံရိရှိခဲ့တဲ့အတွက် စီမံကိန်းအသစ်တစ်ခုရေးဆွဲဖို့လိုအပ်လို့ စာရေးတတ်တဲ့သူဆိုရင် ပိုမိုချောမွေ့ နိုင်တယ်ဆိုပြီးလာခဲ့ရာမှာ ဘဘတင်ကပဲ စီမံကိန်းအသစ်နဲ့ပတ်သက်လို့ ပြောပြပါတယ်။စာရေးသူကချက်ချင်းရေးသားပြီးကွန်ပျူတာတင်ပေးလိုက်ပါတယ်။တစ်ခါမကပြန်ပြီးပြင်ဆင်ပြောင်းလဲရေးသားပေးရပါတယ်။ စာရေးသူအနေနဲ့ အဲသည်စီမံကိန်းအကြောင်းကိုမှတ်မထားပါဘူး။ မိမိ ကိုယ်ကို စာစီသမားသာဖြစ်တယ်လို့ သဘောထားခဲ့ပါတယ်။ ဒါဖြင့်ရင် ဘာဖြစ်လို့အဲသည်လို ဘဘတင်လာရောက်ပြီး အရေးခိုင်းတဲ့အကြောင်းကိုရေးထည့်တာလဲလို့ မေးခဲ့ရင်ဘိုးဘွားရိပ်သာရဲ့ကုသိုလ်တော်တံခွန်ကိုကိုင်ဆောင်လှုပ်ရှားခဲ့သူများရဲ့ ပုံရိပ်များကို အခုအချိန်မှာ မိမိရရမှတ်တမ်း တင်ထားမှ နောင်အခါ နောင်လာနောက်သားများ သိရှိနိုင်မှာဖြစ်ပါတယ်။ အတုယူ နိုင်မှာဖြစ်ပါတယ်။ ဂုဏ်ယူနိုင်မှာဖြစ်ပါတယ်။ 

          ဘဘဦးတင်နဲ့ ဘိုးဘွားရိပ်သာအစည်းအဝေးခန်းမမှာတွေ့ရတာကတတိယအကြိမ်တွေ့ရှိခြင်းဖြစ်ပါတယ်။ ဘဘဦးတင်က စိန်ရတုနဲ့ပတ်သက်လို့မဂ္ဂဇင်းထုတ်ဝေရာမှာ ဆောင်းပါးရေးပေးဖို့ စာရေးဆရာများထံက ဆောင်းပါးတောင်းခံခဲ့ပါတယ်။မွှေးရနံ့သင်းကြိုင်တဲ့ဆောင်းပါးမျိုးကိုလိုချင်တယ်လို့ နယ်နိမိတ်သတ်မှတ်ပြီး တောင်းတာဖြစ်ပါတယ်။ စာရေးသူကမွှေးရနံ့သင်းကြိုင်တဲ့ဆောင်းပါးလို့သတ်မှတ်ထားတဲ့အတွက် ရေးတဲ့နေရာမှာ ပိုပြီးခက်မယ်ထင်ပါတယ်လို့ ပြောမိပါတယ်။ ရေးဖို့ငြင်းဆန်တာ မဟုတ်ပါဘူး။ သို့ပေမယ့် အလေးထားတဲ့စိတ်ကပိုသွားပြီး မွှေးရနံ့မသင်းပျံ့ဘဲနေမှာစိုးရိမ်သွားလို့ပြောတာဖြစ်ပါတယ်။ ဘဘဦးတင်က“အောင်မယ်ရေနံချောင်းမြို့နှစ်လည်မဂ္ဂဇင်းမှာရေးထားလိုက်တာများမွှေးရနံ့သင်းပျံ့နေတာပါပဲ။ ကိုယ့်မြို့မြို့အဲသည်လိုမွှေးရနံ့သင်းပျံ့တဲ့စာရေးတာလား”လို့ ပြုံးပြီး မေးလိုက်ပါတယ်။

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)