Skip to product information
1 of 8

Other Websites

ဒေါက်တာမင်းတင်မွန် - မြတ်သီလ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type
နိဒါန်း
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ချမ်းသာသုခကို အလိုရှိကြ

          လောကလူသားတို့သည် ဆင်းရဲရမည်ကို ကြောက်ရွံ့၍ ချမ်းသာကို အလိုရှိကြ၏။ထို့ကြောင့် ချမ်းသာရေးတရားကို ရှာဖွေ နေကြ၏။

          ဝေဠုဒွါရရွာသို့ မြတ်စွာဘုရား ရောက်ရှိလာသောအခါ ရွာသားတို့က “မိမိတို့ ရှာဖွေရရှိထားသည့် စည်းစိမ်ဥစ္စာ အခြွေအရံ အသင်းအပင်းနှင့် ပျော်ပျော်ရွှင်ရွှင် နေထိုင်ပြီး သေလွန်သည့်အခါကောင်းရာ သုဂတိဘုံသို့ ရောက်စေနိုင်သော နည်းလမ်း”ကို ညွှန်ကြား ပေးရန် လျှောက်ထားတောင်းပန်ကြ၏။

          အပါယ်ဘုံများသည် ဆင်းရဲ၍ သုဂတိဘုံများက ချမ်းသာ ကြောင်းကို သူတို့ သိထားကြ၏။

          အလုံးစုံသော အကောင်းအဆိုးတရားတို့ကို သိမြင်တော်မူသော ဘုရားရှင်သည် ရတနာမြတ်သုံးပါးကို မပြတ်ဆည်းကပ်၍ ကာယ ဒုစရိုက်သုံးပါးနှင့် ဝစီဒုစရိုက်လေးပါးတို့ကို ရှောင်ရှားလျက် ချမ်းသာပျော်ရွှင်စွာနေထိုင်ရန် နည်းလမ်းမှန်ကို ညွှန်ကြားပေးတော် မူ၏။ တစ်နည်းအားဖြင့် သရဏဂုံနှင့်တကွ ငါးပါးသီလကိုဆောက်တည်၍ အပြစ်ကင်းစွာ နေထိုင်ရန်နည်းလမ်းကို ညွှန်ပြ လိုက်ခြင်းဖြစ်ပါသည်။ ။

          တစ်ဖန် သာလာရွာ သို့ မြတ်စွာဘုရား ရောက်ရှိလာသောအခါ သာလာရွာသားတို့က “အချို့ပုဂ္ဂိုလ်တို့ သေလွန်ကြသည့်အခါနတ်ရွာ သုဂတိဘုံသို့ ရောက်ကြပြီး အချို့ သူတို့ သေလွန်ကြသည့်အခါ အပါယ်လေးရွာသို့ လာရောက်ကြရသည့် အကြောင်းရင်း”ကို မေးမြန်းလျှောက်ထားကြ၏။

          သဗ္ဗညုတဉာဏ်ရှင် မြတ်စွာဘုရားသည် ဒုစရိုက်ဆယ်ပါး တည်းဟူသော မတရားမှုများကို ပြုကျင့်ထားသော သူတို့သည် သေလွန်ကြသည့်အခါ အပါယ်လေးရွာသို့ လာရောက်ကြရပြီး ဒုစရိုက်ဆယ်ပါးကို ရှောင်ကြဉ်ခြင်းဖြစ်သည့် သုစရိုက်ဆယ်ပါး တည်းဟူသော တရားမျှတမှုများကို ပြုကျင့်ထားသူတို့သည် -

          သေလွန်ကြသောအခါ ကောင်းရာသုဂတိသို့ လားရောက်ကြရ၏ဟု ဖြေကြားတော်မူ၏။ မတရားမှုများကို ရှောင်ရှား၍ တရားမျှတမှုများကို ပြုကျင့်နိုင်ရန်အတွက် ကံ-ကံ၏အကျိုးကို ယုံကြည်ကာ ပဉ္စသီလကို ရိုသေလေးမြတ်စွာ စောင့်ထိန်းရန် ညွှန်ကြားလိုက်ခြင်းပင် ဖြစ်ပေ၏။

          “ ဥစ္စာရင်လို ဥစ္စာရင်း" ဟူသည့်အတိုင်း ချမ်းသာကို အလိုရှိကြသော သူသည် သတ္တဝါအပေါင်းတို့ ချမ်းသာအောင် ကျင့်ကြံနေထိုင်၍ တရားမျှတမှုကို အလိုရှိသော သူသည် တရားမျှတစွာ ပြုမူနေထိုင်ရမည်ဖြစ်သည်။ ဤကား တိကျစွာ အကျိုးပေးတတ်သော ကမ္မနိယာမ၏ သဘောတရားပေတည်း။

          ၁၉၉၆- ခုနှစ်အတွင်းက ကျွန်တော် အမေရိကန်ပြည်ထောင်စု သို့ သွားရောက်ပြီး ဗုဒ္ဓအဘိဓမ္မာနှင့် ဗုဒ္ဓတရားတော်များကို ကျယ် ကျယ်ပြန့်ပြန့် ဟောပြောသောအခါ အမေရိကန်အချို့က “ကျွန်တော် တို့ဟာ အဘိဓမ္မာကို နားမလည်ကြပါဘူး၊ အကောင်အထည် မရှိတဲ့ နက်နဲတဲ့သဘောတရားတွေကိုလည်း စိတ်မဝင်စားဘူး၊ နိဗ္ဗာန်ကိုလည်း မလိုချင်ကြဘူး၊ လက်ငင်းချမ်းသာကြီးပွားတာကိုပဲ လိုချင်ကြပါတယ်။ လက်ငင်းချမ်းသာကြီးပွားနိုင်စေတဲ့တရားမျိုး ကို ဟောကြားပေးပါ” ဟု တောင်းဆိုကြ၏။

          သူတို့သည် ကံ-ကံ၏အကျိုးကို မသိ၊ မသိသဖြင့် မယုံကြည်။ ထို့ကြောင့်အတိတ်ဘဝများစွာကို ဖြတ်သန်းခဲ့ရပြီး အနာဂတ်တွင်လည်း ဘဝပေါင်းများစွာ ခရီးဆက်ရဦးမည်တို့ကို သူတို့ နားမလည်နိုင်၊ ယခုလက်ရှိဘ၀၌ ချမ်းသာပျော်ရွှင်စွာ နေထိုင်နိုင်ရေး တစ်ခုတည်း ကိုသာ စိတ်ဝင်စားကြ၏။

          ချမ်းသာရေးတရားများ

          “ဗုဒ္ဓအဘိဓမ္မာဆိုတာ လူတစ်ယောက်မှာ အမှန်တကယ်ရှိ တဲ့စိတ်၊ စိတ်ကို အမျိုးမျိုးခြယ်လှယ်နေကြတဲ့ စေတသိက်များနဲ့ ရုပ်တို့ကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာထားတဲ့ တရားတော်ပါပဲ။ စိတ်၊ စေတသိက်၊ ရုပ်တို့က အကြောင်းအကျိုးဆက်နွယ်ပြီး ဖြစ်ပေါ်နေတာကို သိနားလည်ပါမှ “ဘ၀အမြင်မှန်” (The right view of life)ကို ရရှိပါမယ်၊ ဘဝအမြင်မှန်ရှိမှ ချမ်းသာစွာ နေထိုင် တတ်လာလိမ့်မယ်။

          “ဗုဒ္ဓအဘိဓမ္မာဟာ သိပ္ပံနည်း အလွန်ကျပါတယ်၊ သိပ္ပံမှာ အနုမြူများရဲ့ ဖွဲ့စည်းပုံနဲ့ စွမ်းအင်အမျိုးမျိုး အကြောင်းကို သိနား လည် လာလို့ သိပ္ပံပညာဟာ တစ်ဟုန်ထိုး တိုးတက်ခဲ့ပါတယ်။ ထို့အတူပဲ လူတစ်ယောက်စီမှာ အမှန်တကယ်ရှိပြီး ကမ္ဘာကြီးကို စိုးမိုးခြယ်လှယ်နေကြတဲ့ စိတ်၊ စေတသိက်၊ ရုပ်တို့ရဲ့ အကြောင်းကို သိနားလည်ပါမှ စိတ်ဆင်းရဲစေတဲ့ အကြောင်းရင်းများကို သိလာ မယ်၊ ဒီဆင်းရဲစေတဲ့ အကြောင်းတရားများကို ဖယ်ရှား ပယ်သတ်နိုင်မှစိတ်ချမ်းသာမှု အစစ်ကို ရနိုင်ပါတယ်။

          "ဆင်းရဲစေတဲ့အကြောင်းတရားတွေက စိတ်နဲ့ ယှဉ်ဖြစ်ကြတဲ့ ကိလေသာခေါ် စိတ်အညစ်အကြေး (mental dikilerments) တွေပဲ။ ဒါတွေက ဘာလဲဆိုရင် လိုချင်တပ်မက်မှု လောဘ၊ စိတ်ဆိုးစိတ်ပျက် အလိုမကျမှု ဒေါသ၊ စိတ်, စေတသိက်, ရုပ်တို့ ရဲ့ အမှန်သဘောနဲ့ သစ္စာသဘောတို့ကို မသိတွေဝေမှု မောဟ၊ ထောင်လွှား ဝင့်ကြွားမှု မာန၊ ကံ-ကံရဲ့ အကျိုးမရှိဘူးလို့ အယူလွဲမှု မိစ္ဆာဒိဋ္ဌိ၊ ပုဂ္ဂိုလ်, သတ္တဝါ, ငါရှိတယ်လို့ စွဲလမ်းမှု အတ္တဒိဋ္ဌိ စတဲ့ တရားဆိုးတွေပဲ။

          “ဒီတရားဆိုးတွေက စိတ်ကိုပူလောင်ဆင်းရဲစေတဲ့အပြင် စိတ်ကို ယုတ်ညံမိုက်မဲ ဆိုးသွမ်းစေပါတယ်။ ဒီတရားဆိုးတွေက စိတ်ကို ခြယ်လှယ်ပြီး စိတ်က လူရဲ့ကြံစည်ပြောဆိုပြုလုပ်မှုတို့ကို စိုးမိုး ဦးဆောင်တဲ့အတွက် လူလူချင်း သတ်ဖြတ်ကြတယ်၊ သူများ၍ ပစ္စည်းဥစ္စာတွေကို ခိုးယူ လုယူကြတယ်။ သူတစ်ပါး သားမယားကို ဖျက်ဆီးကြတယ်၊ လိမ်ညာတဲ့စကား ဆဲရေးကြမ်းတမ်းတဲ့စကား ကုန်းချောစကား အကျိုးမရှိတဲ့ စကားတွေကို ပြောဆိုကြတယ်။ သေရည်အရက် မူးယစ်ဆေးဝါးတို့ကို သောက်သုံးကြတယ်၊ အုပ်စုဖွဲ့ အနိုင်ကျင့်ပြီး စစ်မက်များ ဖြစ်ပွားတဲ့အထိ ဆိုးသွမ်းရမ်းကားကြတယ်။

          “ဒါကြောင့် သတ်မှု၊ ခိုးမှု၊ မုဒိမ်းမှု၊ လိမ်ညာမှု၊ မူးယစ်ဆေး စွဲမှု၊ စစ်မက်ဖြစ်ပွားမှုတို့ ဟာ မာရ်နတ် (satan) ခေါ် နတ်ဆိုးနဲ့ အပေါင်းပါ နတ်ဆိုးတို့ကြောင့် ဖြစ်လာတာ မဟုတ်ဘူး၊ လူသားတို့ရဲ့ ပြစ်မှုကျူးလွန်တတ်တဲ့ သဘာဝ (sinful nature of man)ကြောင့်လည်း မဟုတ်ဘူး၊ ကိလေသာ တရားဆိုးကြောင့်သာ ဖြစ် တယ်။

          “ဒီတရားဆိုးတွေ သောင်းကျန်းနေသမျှ ကာလပတ်လုံး သင်စိတ်မချမ်းသာနိုင်ဘူး၊ မြို့ရွာရပ်ကွက်များ မအေးချမ်းနိုင်ဘူး၊ ကမ္ဘာကြီး မငြိမ်းချမ်းနိုင်ဘူး၊ သင့်စိတ်ကို လောဘခြယ်လှယ်နေလျှင် လှပတဲ့ မိန်းမတွေ၊ ဆန်းသစ်တဲ့ မော်တော်ကား စတဲ့ပစ္စည်းတွေ အရသာရှိတဲ့ အစားအစာတွေ ဝိုင်အရက်တွေက သင့်ကို ဖြားယောင်း သွေးဆောင်နေကြမှာပဲ၊ သင့်မှာ ပစ္စည်းဥစ္စာတွေ ဘယ်လောက်များများ သင်မရောင့်ရဲ မတင်းတိမ်နိုင်ဘူး၊ သင့်စိတ်ကို ဒေါသခြယ် လှယ် နေလျှင် သင့်စိတ်တိုင်းမကျဖြစ်တာနဲ့ တစ်ပြိုင်နက် သင်စိတ်ဆိုး စိတ်ပျက်ပြီး စိတ်ဆင်းရဲရတော့တယ်၊ စိုးရိမ်ပူပန်ရတာ၊ ပူဆွေး ငိုကြွေးရတာ၊ ကြောက်ရွံ့ထိတ်လန့်ရတာ၊ ပြင်းပြစွာ ပူလောင်ရတာ တွေ အားလုံးဟာလည်း ဒေါသကြောင့် ဖြစ်တာပါပဲ။

          “ အမေရိကန်တွေဟာ အလွန်ချမ်းသာကြွယ်ဝကြပေမယ့် စိတ် မချမ်းသာကြတာ လောဘ၊ ဒေါသ စတဲ့ ကိလေသာတရားဆိုးတို့ကြောင့်ပါပဲ။ ဒီတရားဆိုးတွေကို မပယ်သတ်နိုင်သမျှ ကာလပတ်လုံး ခဏကလေးတောင်မှ စိတ်ချမ်းသာပါတယ်လို့ ဝန်မခံနိုင်ပါဘူး။

          ကာမဂုဏ် ချမ်းသာဟာ ချမ်းသာအစစ် မဟုတ်ပါဘူး၊ ကာမဂုဏ် ဝတ္ထုပစ္စည်းတွေဟာ လောဘ ဒေါသတို့ကို တိုးပွားစေကြတယ်၊ ဒါကြောင့် ကာမဂုဏ်ခံစားမှုနောက်ကို လိုက်လေလေ ခင်ဗျားတို့ ပိုပြီး စိတ်ဆင်းရဲလေလေ ဖြစ်မှာပါပဲ။

          “ ဗုဒ္ဓဘာသာမှာသာ ကိလေသာတရားဆိုးတွေကို အမြစ်ပြတ် ပယ်သတ်နိုင်တဲ့နည်း ရှိတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဗုဒ္ဓမြတ်စွာ ဘုရားတစ်ဆူသာလျှင် ဆင်းရဲခြင်းရဲ့ အကြောင်းတရားတွေကို မှန်မှန်ကန်ကန် သိမြင်ပြီးတော့ ကိလေသာတရားဆိုးတွေကို ပယ်သတ်နိုင်တဲ့ နည်းလမ်းကိုလည်း သိမြင်ပြီး လက်တွေ့ပြသခဲ့လို့ပါပဲ။

          “ မြတ်စွာဘုရား ဟောကြားထားတော်မူတဲ့ တရားအားလုံးဟာ ကိလေသာခေါင်းပါးရေး, ကိလေသာပယ်သတ်ရေး တရားများဖြစ်လို့ ချမ်းသာရေးတရားတွေပါပဲ။ ဒီတရားကို နားထောင်လို့၊ ဖတ်ရှု လေ့လာလို့ သဘောပေါက် နားလည်လာမယ်ဆိုရင် လက်ငင်း စိတ်ချမ်းသာလာပါတယ်။ လက်တွေ့ကျင့်သုံးရင် ပိုပြီး စိတ်ချမ်းသာ အေးမြလာပါတယ်၊ ကိလေသာအားလုံးကို အမြစ်ပြတ်ပယ်သတ် နိုင်တဲ့အထိ ကျင့်သုံးအားထုတ်နိုင်ရင် အတုမရှိ ချမ်းသာတဲ့ နိဗ္ဗာန် ချမ်းသာကို ဤဘဝမှာပဲ အလိုရှိသမျှ ခံစားနိုင်တော့တယ်။

          “ တရားတော်ဟာ အလွန်ကျယ်ဝန်းပေမယ့် လိုရင်းသိစရာက ဒါန- သီလ- ဘာဝနာပါပဲ၊ ဘာဝနာထဲမှာ သမာဓိနဲ့ ပညာပါတယ်။ ဒါကြောင့် တစ်နည်းပြောရင် လိုရင်းသိစရာက သီလ- သမာဓိပညာပါပဲ၊ ဒီလိုပြောတော့ ဒါနဟာ သီလထဲမှာ အကျုံးဝင်သွား ပါတယ်။ သီလက တရားတော်ရဲ့ အခြေခံအုတ်မြစ်ပါပဲ။

          “ အခြေခံသီလက ငါးပါးသီလ (ဝါ) ပဉ္စသီလပါပဲ၊ ငါးပါး သီလကို လက်တွေ့ကျင့်သုံးတဲ့အခါ သူ့အသက်ကို မသတ်ရဘူး၊ သစ္စာကို မခိုးယူရဘူး၊ သူတစ်ပါးသားမယားကို မလွန်ကျူးရဘူး။ လိမ်မပြောရဘူး၊ သေရည်အရက်နဲ့ မူးယစ်ဆေးဝါးကို မသောက် သုံးရဘူး ၊

          “ ဒီကျင့်ဝတ် ငါးပါးဟာ အလွန်အရေးကြီးတဲ့ လူမှုရေးတရား များဖြစ်လို့ ဘာသာတရားအားလုံးမှာပဲ ပြဋ္ဌာန်းထားကြပါတယ်၊ ဒီရိုးရှင်းတဲ့တရားငါးပါးကို လူသားအားလုံးက လေးလေးစားစား