Skip to product information
1 of 14

စိတ်ကူးချိုချိုစာပေ

ဒေါက်တာခင်မောင်ဝင်း - အခြေခံသင်္ချာသစ်

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out

စာရေးသူ၏အမှာစကား

          ကမ္ဘာပေါ်တွင် အပေါင်း၊ အနုတ်၊ အမြှောက်၊ အစားနှင့် အလွတ်ကျက်မှတ်၍ တွက်ချက်သည့် အင်္ချာအမျိုးအစား ဆင်ခြင်တွေးခေါ်ကြံဆခြင်းကို ဦးစားပေးသည့် သင်္ချာမျိုးကို ၁၉၅၀ ပြည့်နှစ်နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံ အများအပြား၌ သင်ကြားခဲ့သည်။ ဤသင်္ချာမျိုးကို သင်္ချာသစ် (New Maths)ဟူ၍ အမည်ပေးခဲ့သည်။

          သို့သော် သမားရိုးကျ သင်္ချာသည် တကယ်နားမလည်ဘဲ အလွတ်ကျက် မှတ်၍ တွက်သည့်အစွန်းသို့ ရောက်သကဲ့သို့ သင်္ချာသစ်သည်လည်း အခြား အစွန်းတစ်ဘက်သို့ ရောက်ခဲ့ပြန်သည်။ ဤအခြားအစွန်းမှာ အတွေးနယ်ထဲ၌ ကျင်လည်နေပြီး သမားရိုးကျ တွက်နည်းများဖြစ်ကြသည့် နှစ်ထပ်ကိန်းရင်းရှာနည်း၊ ဇယား ကြည့်နည်းတို့ကိုပင် မတတ်တော့ဘဲ ဖြစ်သွားရခြင်းဖြစ်သည်။ ထိုအချိန်က ကာတွန်းများထဲတွင် မောင်ငယ်သည် ၁ + ၂ နဲ့ ၂ + ၁ တူမှန်းသိပါရဲ့။ ဒါပေမဲ့ ၁ + ၂ ဟာ ၃ ဖြစ်တယ် ဆိုတာတော့ မသိဘူးဟူ၍ ပြက်ရယ်ပြုခြင်း ခံခဲ့ရသည်။

          ထိုအခါ သမားရိုးကျတွက်နည်းများနှင့် တွေးခေါ်နည်းပညာများကို မျှမျှ တတ သုံးတတ်စေရန် သင်္ချာသစ်ကိုပင် ပြုပြင်ပြောင်းလဲမှုအမျိုးမျိုး လုပ်ရပြန်သည်။

မြန်မာနိုင်ငံတွင် ကျွန်ုပ်တို့ သင်ကြားခဲ့သော ဆရာဦးဘတုတ်နှင့် ဦးကိုကို လေးတို့သည် ၁၉၆၀ ပြည့်နှစ် ဝန်းကျင်လောက်ကပင် ကမ္ဘာတစ်ဝန်း သင်္ချာသစ် သင်ရိုးများ ပြောင်းလဲနေသည်ကို သိရှိခဲ့ကြသည်။ သို့သော် ထိုအချိန်က ကမ္ဘာ့ နိုင်ငံများတွင်ပင်လျှင် အမျိုးမျိုအငြင်းပွားလျက်ရှိသော သင်္ချာသစ်ကို မြန်မာနိုင်ငံ၌ ပြောင်းလဲသင်ကြားရန် စောသေးသည်ဟု ယူဆကြသည်။ ၁၉၆၇ ခုနှစ်လောက်မှမြန်မာနိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ်များတွင် ပထမနှစ်အဆင့်လောက်၌ သင်္ချာသစ်ကို စတင် သင်ကြားခဲ့သည်။ ဤသို့နှင့် တဖြည်းဖြည်းပြောင်းလဲမှုများ ပြုလုပ်လာရာ၊ ယခုဆိုလျှင် မူလတန်းအဆင့်လောက်မှ စတင်၍ သင်္ချာသစ်သဘောတရားများကို တဖြည်းဖြည်း ထည့်သွင်းပေးလျက် ရှိသည်။

          သို့ရာတွင် မည်သည့်အဆင့်၌ မည်မျှလောက်သော အတွေးအခေါ်နှင့် မည်မျှ လောက်သော ကျက်မှတ်နည်းတို့ကို မည်ကဲ့သို့ ထည့်သွင်းသင်ကြားသင့်သည်ကိုမူ ယခုထက်ပင်လျှင် မည်သူမှ မသိရှိသေးချေ။

          ယခုခေတ် ပေါ်ပေါက်လျက်ရှိသော သင်္ချာသစ်၏ ရည်ရွယ်ချက်မှာ သမား ရိုးကျ သင်္ချာတွက်နည်းများကို အတွေးသစ်အမြင်သစ်ဖြင့် မြင်တတ်ရန်နှင့် ကျက် မှတ်ခြင်းနှင့် တွေးခေါ်ဆင်ခြင်ခြင်းကို မျှမျှတတ သုံးတတ်ရန်တို့ ဖြစ်သည်။

           ဤစာအုပ်သည် ကလေးသူငယ်များအတွက် သင်္ချာပညာလည်းရ၊ အပျင်း လည်းပြေစေရန် ၁၉၈၅ မှ ၁၉၈၇ အထိ လှပစာစောင်တွင် ရေးသားခဲ့သော ရုပ်ပြ သင်္ချာ ဆောင်းပါးများကို ပြန်လည်စုပေါင်းပြီး ထုတ်ဝေလိုက်ခြင်း ဖြစ်ပါသည်။

          ကလေးသူငယ်များနှင့် သင်္ချာဗဟုသုတ ရှာဖွေသူများအားလုံး၊ ဤစာအုပ် ကို ဖတ်ရှု၍ ပညာလည်းရကြပါစေ၊ အပျင်းလည်းပြေကြပါစေသတည်း။

           မူလက လှပစာစောင်တွင် ရေးသားခဲ့စဉ်က ကူညီခဲ့သော ဆရာဦးအောင် သောင်းအားလည်း ကျေးဇူးတင်ရှိပါကြောင်း။

ဒေါက်တာ ခင်မောင်ဝင်း