Skip to product information
1 of 22

Other Websites

ဒေါက်တာခင်မောင်လွင်(FAME) - သစ်သီးများနှင့်ကျန်းမာရေး

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
ပါမောက္ခ ဒေါက်တာဒေါ်သိန်းသိန်းမြင့် 
ပါမောက္ခ/ဌာနမှူး(ငြိမ်း)၊ ကလေးကျန်းမာပညာဌာန၊ ဆေးတက္ကသိုလ်(၁) ရန်ကုန် 
ဥက္ကဋ္ဌ၊ သက်ကြီးဆရာဝန်များထောက်ကူအဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်အသင်း(ရန်ကုန်)
အလုပ်အမှုဆောင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ ၏ အမှာစာ
 

          ပြည်သူလူထုအတွက် သစ်သီးများနှင့်ပတ်သက်ပြီး ကျန်းမာရေးဗဟုသုတ တိုးပွားစေရန် သစ်သီးအမျိုး (၂၀)ကိုဘယ်လိုစားသုံးသင့်သည်၊စားသုံးနိုင်သည်။သစ်သီး၏ဘယ်အစိတ်အပိုင်းကဘယ်လိုအကျိုးအာနိသင်များရှိပြီး ဘယ်အပိုင်းကကောင်းကျိုးမပေးဘဲ ဆိုးကျိုးသာရနိုင်သဖြင့် မစားသင့် စသည်များကို ပြည့်စုံစွာနှင့် နားလည်သဘောပေါက်လွယ်ရန်ရောင်စုံဓာတ်ပုံများဖြင့်ဝေဝေဆာဆာရေးသားတင်ပြ ထားသည့်စာအုပ်တွင် အမှာစာရေးသားခွင့်ရသည့်အတွက် အထူးဝမ်းသာပီတိဖြစ်ရပါ သည်။

           ဒေါက်တာခင်မောင်လွင်သည်ကျွန်မဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသောသက်ကြီးဆရာဝန်များ

ထောက်ကူအဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်အသင်းသို့ လစဉ် ငွေကျပ် ဆယ်သိန်း လှူဒါန်းနေသည့်အပြင် အဖွဲ့ အတွက် သွားရေးလာရေးကိုလည်း စီစဉ်ပေးလျက်ရှိပါသည်။ ထိုမျှမက အဖွဲ့အတွက် လိုအပ်သည်များကိုအဘက်ဘက်ကအကူအညီပေးနေသောသူလည်းဖြစ်ပါသည်။ကျွန်မ၏မောင်ငယ်တစ်ဦးကဲ့သို့အားကိုးရသည့်သူတစ်ဦးဖြစ်ပါသည်။လူနာများ၏ကျန်းမာရေးကိုစောင့်ရှောက်ကုသမှုပြုလုပ်နေသည့်အပြင် ဆေးဝါးထုတ်လုပ်ခြင်း လုပ်ငန်း၊ ပညာပေးစာအုပ်များရေးသားခြင်း၊ ကျန်းမာရေးပညာပေးဟောပြောခြင်း စသည်တို့ကိုပါ ဆောင်ရွက်နေသူဖြစ်ပါသည်။ အလှူဒါနကိုလည်း ရက်ရောစွာဖြင့် ပြုလုပ်လျက်ရှိပါသည်။ ဒေါက်တာခင်မောင်လွင်သည် တစ်ပတ်လျှင် လေးရက် လူနာ များကို ကြည့်ရှုကုသပေး၍ ရရှိသောဝန်ဆောင်ခ၊ ဉာဏ်ပူဇော်ခများကို ပြန်လည်၍ လှူဒါန်းနေသူဖြစ်ပါသည်း မည်သည့်အလုပ်ကိုမဆို စည်းကမ်းစနစ်ကျနစွာဖြင့် လုပ်ဆောင် တတ်သူဖြစ်၍ ကြီးပွားတိုးတက်နေသူတစ်ဦးဖြစ်ပါသည်။ ဆေးဝါးထုတ်လုပ်ရန်အတွက် မြန်မာပြည်တွင် စိုက်ပျိုးနိုင်သည့် ဆေးဖက်ဝင်အပင်များကို Organic Farming ဖြင့် စိုက်ပျိုးထုတ်လုပ်ပြီး ဆေးဝါးစက်ရုံတွင် စနစ်တကျ စံချိန်မီဆေးဝါးများ ထုတ်လုပ်နေပါ သည်။စက်ရုံလုပ်ငန်းမထွက်လာသော ရေဆိုးများကို ပြန်လည်သန့်စင်ပြီး စက်ရုံတွင် စိုက်ပျိုးထားသော အပင်များနှင့် စက်ရုံသန့်ရှင်းရေးလုပ်ငန်းစသည်တို့တွင် ပြန်လည်၍ အသုံးပြုခြင်းအားဖြင့် ပတ်ဝန်းကျင်သန့်ရှင်းမှုကို ထိန်းသိမ်းနေသူတစ်ဦးလည်းဖြစ်ပါသည်။ စက်ဝန်ထမ်းများကိုလည်း မိသားစုသဖွယ်ဆက်ဆံစောင့်ရှောက်နေသူဖြစ်သဖြင့် ဝန်ထမ်းအားလုံး၏ လေးစားချစ်ခင်ခြင်းကိုခံရသူဖြစ်ပါသည်။ထို့ကြောင့်ပြည်တွင်း၊ပြည်ပဆုအမျိုးမျိုးကိုရရှိခဲ့-ရရှိနေခြင်းလည်းဖြစ်ပါသည်။ ဇနီးသည် ဒေါက်တာခင်ခင်ဌေး ကလည်းခင်ပွန်းသည်နှင့် စိတ်တူသဘောတူ ခင်ပွန်းသည်လိုအပ်သမျှကို ကူညီပါရမီ ဖြည့်နေသူဖြစ်ပါသည်။ ထို့ကြောင့် ဒေါက်တာခင်မောင်လွင်တို့ဇနီးမောင်နှံနှင့် ရင်းနှီးခင်မင် ရသည်ကို အထူးဝမ်းသာဂုဏ်ယူပါသည်။

          သစ်သီးများနှင့် ကျန်းမာရေးစာအုပ်တွင် သစ်သီးအမျိုး (၂၀) အကြောင်း ရေးသားထားပါသည်။ သစ်သီးတစ်မျိုးစီတွင် ပါဝင်သော ဆေးဖက်ဝင်ဓာတ်ပစ္စည်းများ၊ အာဟာရဓာတ်များ၊ ကျန်းမာရေးအကျိုးကျေးဇူးများ၊ ဆီးချိုရောဂါတွင် စားရန်သင့်/မသင့်၊ မည်သည့်အစိတ်အပိုင်းတွင် အကျိုးပြုမည့်ပစ္စည်းများပါဝင်ခြင်းနှင့် မည်သည့်အပိုင်းသည် ဆိုးကျိုးပေးမည့်အဆိပ်ပါဝင်ကြောင်းကို အကျယ်တဝင့် ရှင်းလင်းရေးသားထားပါသည်။ ထို့အပြင် သစ်သီးနှင့်သက်ဆိုင်ရာအရွက် စသည်တို့၏ ကျန်းမာရေးအကျိုးကျေးဇူးရှိပုံကို လည်း ဖော်ပြထားပါသေးသည်။ သစ်သီးအမျိုး (၂၀) တွင် ကရမ်ဘယ်ရီမှလွဲ၍ ကျန်သစ်သီး (၁၉) မျိုးသည် ကျွန်မတို့မြန်မာပြည်တွင် စိုက်ပျိုးထုတ်လုပ်နေသော သစ်သီးများဖြစ်ပါ သည်။

          ကျွန်မ ယခု အမှာစာရေးရန်အတွက် အထက်ပါစာအုပ်ကို ဖတ်ရှုသည့်အခါ ဖတ်၍ကောင်းသဖြင့် စာအုပ်ကို လက်ကမချချင်ဘဲ ဆက်၍ဆက်၍ သာ ဖတ်ခဲ့မိပါသည်။ သစ်သီးနှင့်သက်ဆိုင်သောဗဟုသုတလည်း များစွာရရှိခဲ့ပါသည်။ အများမသိသေးသော သုတလေးများကို ဖော်ပြလိုပါသည်။ ပန်းသီးအစေ့ထဲတွင် အဆိပ်ဖြစ်စေသည့်ဓာတ်ရှိကြောင်း ဤစာအုပ်ဖတ်မှသိရပါသည်။ သင်္ဘောသီးအစိမ်းနှင့်အမှည့် ကွာခြားပုံ၊ မာလကာသီးက သွေးထဲရှိ ဆိုးဝါးသောအဆီများဖြစ်သည့် LDL Cholesterol နှင့် Triglycerides များ မည်သို့ မည်ပုံကျစေခြင်းနှင့် အသားကင်တွင် ပါဝင်သော ကင်ဆာဖြစ်စေနိုင်သည့် နိုက်ထရိုစမင်း (Nitrosamine) များကို ချေဖျက်နိုင်ခြင်းကြောင့် အသားကင်စားပြီးလျှင် မာလကာသီးစားသင့်ကြောင်း၊ မာလကာရွက်ပြုတ်ရည်ကို ဝမ်းပျက်ဝမ်းလျှောရောဂါတွင် အသုံးပြုနိုင်ပုံ မင်းကွတ်သီးဖျော်ရည်ပြုလုပ်ပုံ၊ နာနတ်သီးကို ဘယ်အချိန်တွင်စားသင့်ကြောင်း၊

ဆေးစိမ်သောငှက်ပျောသီး စားသင့်/မစားသင့်၊ ငှက်ပျောသီးနှင့် ငှက်ပျောကြော် ကွာခြားပုံ နဂါးမောက်သီး၊ စပျစ်သီး၊ သရက်သီး၊ ရဲယိုသီး၊ လိမ္မော်သီးနှင့် ဖရဲသီးတို့၏ ကျန်းမာရေး အကျိုးကျေးဇူးများပုံများ၊ ပုံမှန်အရက်သောက်သူများ မဖြစ်မနေသိသင့်သော ဒူးရင်းသီး အကြောင်း၊ ကျွဲကောသီးနှင့် တွဲဖက်မသောက်သုံးသင့်သော အနောက်တိုင်းဆေးဝါးများ၊ အနက်၊ အဖြူ၊ အဝါ၊ အစိမ်း၊ အပြာ ရောင်စုံစတော်ဘယ်ရီသီးများအကြောင်း၊ အုန်းဆီနှင့် စားအုန်းဆီတို့ ကွာခြားပုံ စသည်များကို အကျိုးအကြောင်းဆက်စပ်၍ရှင်းလင်းတင်ပြထား ပါသည်။ အရသာရှိသော မြန်မာအစားအစာကောင်းများတွင် အုန်းသီးပါဝင်လေ့ရှိပြီး မြန်မာများ အုန်းသီးပါဝင်သော အစားအစာများကို ကြိုက်နှစ်သက်လေ့ရှိပါသည်။ ကျွန်မအပါအဝင် အသက်ကြီးသူများ၊ သွေးကြောကျဉ်းရောဂါသည်များ၊ သွေးတိုးရောဂါ သမားများသည် နှစ်အတော်ကြာကြာကတည်းက မစားသင့်ဟု လက်ခံထားသည့်အတွက် ကြိုက်နှစ်သက်သော်လည်း အုန်းသီးပါသောအစားအစာများကို ရှောင်ခဲ့ရပါ၏။ အုန်းဆီသည် အကျိုးပြုအဆီ HDL Cholesterol ကို တက်စေနိုင်ပါသည်။ ဤစာအုပ်အားဖတ်ရှုပြီးနောက် ကျွန်မတို့တတွေ ဝမ်းသာစွာဖြင့် အုန်းသီးကို အသင့်အတင့် စားရဲတော့မည်ဖြစ် ပါသည်။ အုန်းသီးလည်း နာမည်ဆိုးမှ လွတ်မြောက်ရပါတော့သည်။

          ထောပတ်သီးအတွင်းသားသည် အဆီပါဝင်မှုများပြီး ထောပတ်နှင့်တူ၍ ထောပတ်သီး ဟု ခေါ်ဆိုသည်ဟု ယူဆပါသည်။ နွားနို့မှရရှိသော ထောပတ်သည် Cholesterol နှင့် ပြည့်ဝဆီပါဝင်မှုများပြားသဖြင့် အသက်အရွယ်ကြီးသူများ၊ သွေးကြောကျဉ်းရောဂါသည်များ၊ သွေးတိုးရောဂါသည်များ ရှောင်ရမည်ဖြစ်သော်လည်း ထောပတ်သီးကိုတော့ မကြာခဏ စားသုံးသင့်ပါသည်။ ထောပတ်သီးသည် သွေးထဲတွင် မကောင်းသောအဆီများကျစေခြင်း၊ ကင်ဆာရောဂါကို ကာကွယ်နိုင်သောဓာတ်ပစ္စည်းများ ကြွယ်ဝစွာပါရှိခြင်း၊ အရေပြား ချောမောလှပစေခြင်း၊ ဆံပင်ကျန်းမာရေးအတွက် အထောက်အကူပြုခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအတွက် လုံလောက်သောအာဟာရဓာတ်များ ပေးစွမ်းနိုင်ခြင်း စသည့်အာနိသင် များကြောင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိနိုင်ကြောင်း တင်ပြထားပါသည်။ တလည်းသီးသည်လည်း ကင်ဆာရောဂါကာကွယ်ခြင်း၊ ဆီးကျိတ်ကင်ဆာကုသရေးတွင် အသုံးပြုနိုင်ခြင်း၊ နှလုံးနှင့်သွေးတိုးရောဂါများမှ သက်သာစေခြင်း၊ အရိုးအဆစ်များ ရောင်ရမ်းမှုလျော့နည်းစေခြင်းစသည့် ကျန်းမာရေးအကျိုးကျေးဇူးများကို ပေးနိုင်ပါသည်။ ထိုအာနိသင်များသည် အစေ့တွင်ပါဝင်သောဓာတ်ပစ္စည်းများကြောင့်ရရှိသဖြင့် တလည်းသီး စားပါက အစေ့ပါဝါးစားသင့်ကြောင်းနှင့် နိုင်ငံခြားဆေးဝါးအချို့သောက်သုံးနေသူများ တလည်းသီးစားလျှင်ဂရုပြုရန်လိုအပ်ကြောင်းလည်းရေးသားထားပါသည်။ဩဇာသီးသည်အချိုဓာတ်ပါဝင်မှုများသောအသီးဖြစ်သဖြင့် ချောင်းဆိုးရင်ကြပ်သူများမစားသင့်ဟု အများကယူဆကြပါသည်။ သို့သော် ဩဇာသီးပုံမှန်စားခြင်းဖြင့် ပန်းနာရင်ကြပ်ရောဂါ သက်သာစေနိုင်သည်ဟုလည်း သိရှိရပါသည်။

          ထို့ကြောင့် သစ်သီးများနှင့် ကျန်းမာရေးစာအုပ်သည် သစ်သီးစားသောသူများ သိသင့်သိထိုက်သည်များကို အကျယ်တဝင့်ပြုစုရေးသားထားသောစာအုပ်ဖြစ်ပါသည်။ဤစာအုပ်ကိုဖတ်ရှုခြင်းဖြင့်ကျန်းမာရေးအကျိုးကျေးဇူးများအောင် သစ်သီးများကို စားသုံးတတ်မည်ဖြစ်သောကြောင့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း တင်ပြရပါသည်။

 

                                                                                            ပါမောက္ခ ဒေါက်တာဒေါ်သိန်းသိန်းမြင့်

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)