Skip to product information
1 of 31

Other Websites

ဒေါက်တာခင်မောင်လွင်(FAME) - မီးဖိုချောင်သုံးအစားအစာများနှင့်ကျန်းမာရေး

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
စာရေးဆရာကြီး ပါမောက္ခ ဒေါက်တာမြင့်မောင်မောင်၏
ပထမအကြိမ်ထုတ်ဝေစဉ်ကအမှာစာ

          

          လူထုအတွင်း လက်တွေ့အသုံးချနိုင်သည့် ဤအသိပညာပေးအုက် အမှာစာရေးပေးရ၍ ဝမ်းသာပီတိဖြစ်ရပါသည်။ အထူးသဖြင့် အိမ်ရှင်အမျိုးသမီး အတွက် မသိမဖြစ်ဖော်ပြထားသော အချက်အလက်များက အဓိကကျသည်းချက် ပြုတ်နည်း မမှန်ကန်မှုကြောင့် အာဟာရဓာတ်များ လျော့ပါးပျက်ပြယ်သွားနိုင်ကြောင်း သိရမှုက တန်ဖိုးရှိလှသည်။ “အစာလည်းဆေး ဆေးလည်းအစာ”ဟူသည့် စသည် အလွန်မှန်ကန်ကြောင်း တစ်စတစ်စ ပိုမိုသိလာကြသည်။ ကျန်းမာသောဘဝကိုပိုင်ဆိုင်ရန် ကျန်းမာအောင်စားသောက်တတ်ဖို့ လွန်စွာလိုအပ်ပါသည်။ စားသောက်ပုံမှန်ကန်မှုရှိလျှင် ကျန်းမာခြင်းနှင့်ဝေးကွာကြရပါလိမ့်မည်။

          ဤစာအုပ်ကို ပြုစုရေးသားသူမှာ ဒေါက်တာခင်မောင်လွင် (FAME) ဖြစ်သည်။ သူ၏ဆောင်းပါးများ၊ စာအုပ်များ၊ ရုပ်သံထုတ်လွှင့်မှုများကြောင့် စာဖတ်ပရိသတ်အများစုက သိပြီးဖြစ်မည်ထင်ပါသည်။ ပြည်တွင်းပြည်ပ အသိအမှတ်ပြုလက်မှတ်များ ဂုဏ်ပြုလွှာများက သက်သေပြလျက်ရှိသည်။ ဆေးတက္ကသိုလ် (၂) မှ လူတော်တစ်ဦးဖြစ်ပြီး ဆေးကျောင်းသား ဘဝ၊ အလုပ်သင်ဆရာဝန်ဘဝ၊ တပ်မတော်ဆေးမှူးဘဝများတွင် အမှာစာရေးသူနှင့် နှစ်ပေါင်းများစွာ ထိတွေ့မှုရှိခဲ့သည်။ ကြည်လင်ပြတ်သားသော ရောင်စုံဓာတ်ပုံများ အာဟာရဓာတ်ဇယားများအပြင် ဆက်နွယ်နေသော ပုဂ္ဂိုလ်ကြီးများ၏ဓာတ်ပုံများပါ ဝေဆာစွာ တင်ပြထားသောကြောင့် အဆင့်မြင့်သော စာအုပ်တစ်အုပ်ဖြစ်ပါသည်။ မိမိတို့အိမ်ကို မီးဖိုချောင်သည် မိသားစုကျန်းမာရေး၏ ဗဟိုချက်မဖြစ်ကြောင်း မုဒိတာဖြင့် အသိပေး လိုက်ရပါသည်။

ပါမောက္ခ ဒေါက်တာမြင့်မောင်မောင်

(EMERITUS PROFESSOR)

 မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ဝင်

 

စာရေးဆရာမဂျူး ၏ ပထမအကြိမ်ထုတ်ဝေစဉ်ကအမှာစာ

 

           ကျွန်မသည် ဟင်းချက်ကောင်းသူတစ်ဦးမဟုတ်ကြောင်း ကျွန်မနှင့် ရင်းနှီးသူတို့ သိကြ၏။ တစ်နည်းအားဖြင့် အိမ်ရှင်မကောင်းတစ်ယောက်မဟုတ်ပါ။ကွယ်လွန်သွားသည့် ကျွန်မတို့၏ရေးဖော် ကိုမင်းလူပင်လျှင် တစ်ဆင့်စကားတစ်ဆင့်နားဖြင့် သိသွားခဲ့ပုံရ၏။ ထို့ကြောင့် ကလျာမဂ္ဂဇင်းတွင် သူဝတ္ထုရေးခဲ့စဉ်က ဝိုင်းရှန့်တုံးနှင့် ဂျူးရှန့်တုံး ဟင်းချက်ပြိုင်ခြင်း ဇာတ်ကွက်ကို ထည့်ရေးခဲ့သည်။ ကလျာမဂ္ဂဇင်းကို ပုံနှိပ်နေစဉ် ဖြန့်ချိခြင်းမပြုမီပင် ကျွန်မကို အစ်မသန်းမြင့်အောင်က ထိုသတင်းကိုပြော၏။ ထိုအချိန်က ကျွန်မ ထိုရှန့်တုံးများကိုမသိ။ ကိုရီးယားဇာတ်လမ်းတွဲများကို မသိ။ မသန်းမြင့်အောင်ကပင် အရိပ်အမြွက် ရှင်းပြရသေး၏။ ခင်ဆွေဦးကို မယ်မယ်ဦး၊ ကလျာကို မယ်မယ်ဝင်း ဟု ရေးဖွဲ့ပြီး ထိုနှစ်ဦးက ရှန့်တုံးနှင့် ဝိုင်းရှန့်တုံးတို့အား ကိုယ့်လူကိုယ်အနိုင်ရစေရန် ကူညီဖေးမကြသတဲ့။ အစ်မက ဇာတ်ကြောင်း

ပြောနေစဉ် ကျွန်မက ရလဒ်ကိုစိတ်ဝင်စားလှပြီ။ မျိုသိပ်မနေနိုင်တော့ဘဲ “အစ်မ နောက်ဆုံး ဘယ်သူနိုင်သွားလဲဟင်” ဟု မသိသားဆိုးရွားစွာ ပေးမိ၏။ ထိုအချိန်တွင် ကျွန်မကို မျက်လုံး ပြူးပြီးကြည့်လိုက်သော အစ်မသန်းမြင့်အောင်၏အကြည့်ကို ကျွန်မ အခုထိ သတိရနေသည်။ “မေးစရာလားတဲ့' ဟု ကျွန်မကို ငေါက်လိုက်သေး၏။ ဪ ဟုတ်တာပေါ့။ ဝိုင်းက ဟင်းချက်ကောင်းသူ အိမ်ရှင်မကောင်းဟု အားလုံးသိနေသလို သူ့ထုတ်ဝေသူ၏ ဟင်းလက်ရာကို မကြာခဏမြည်းစမ်းကြည့်မိသော ကိုမင်းလူက သိပြီးသားဖြစ်မှာပေါ့။ ကိုမင်းလူက ဘယ်သူ့ကို အနိုင်ပေးသလဲ။ အစ်မသန်းမြင့်အောင်ကို ထပ်မမေးရဲတော့ဘဲ အသာရယ်မောလိုက်ရသည်။ စိတ်ထဲကတော့ အနည်းငယ် မခံချင်စိတ်လေးဖြစ်သွားခဲ့သည်။ နေနှင့်ဦး။ ဒင်းက ငါ့လက်ရာကို မသိသေးလို့ ဝတ္ထုနဲ့သရော်တာပေါ့လေ။ ငါ တစ်ခါလောက်တော့ ဒင်းကို ထမင်းဖိတ်ကျွေး လိုက်ချင်သေးတယ်။ လျှာလည်သွားစေရမယ်။ အဲဒီကျရင် ရှန့်တုံးဇာတ်လမ်း ဒုတိယတွဲအဖြစ် သူ ဆက်ရေးချင်စိတ် ပေါ်လာလိမ့်မယ်။ သို့သော် ကိုမင်းလူ ကံကောင်းချင်တော့ ကျွန်မ လက်ရာကို သူကွယ်လွန်သွားသည့်တိုင် တစ်ခါမှမြည်းစမ်းခွင့် ရမသွားခဲ့ပါ။

          ဟော အခုတော့ ကျွန်မကို အမှာစာရေးပေးပါတဲ့။ မီးဖိုချောင်သုံးအစားအစာများနှင့် ကျန်းမာရေးစာအုပ်ကို ရေးသားခဲ့သည့် ဒေါက်တာခင်မောင်လွင်က တောင်းဆိုလာခဲ့ပြီ။ တကယ်တော့ ကျွန်မတို့က မာမီကြီးဟု ချစ်မြတ်နိုး လေးစားစွာခေါ်ကြသော ဆရာမကြီး ဒေါက်တာဒေါ်မြင့်မြင့်ခင်သာ အသက်ထင်ရှားရှိခဲ့လျှင် ဒီအမှာစာက မာမီကြီးရေးပေးရမည့် စာပါ။ မာမီကြီးက ဟင်းချက်ကောင်းသည်ကိုး။ မာမီကြီးရေးသားထုတ်ဝေခဲ့သည့် သက်ရှည် ကျန်းမာ မြန်မာ့အစားအစာစာအုပ်သည် ကျွန်မတို့အတွက် စာအုပ်စင်မှာ မြတ်မြတ်နိုးနိုးထားပြီး မကြာခဏထုတ်ဖတ်လေ့ရှိသည့် စာအုပ်ပါ။ မိုက်ခရိုဝေ့ဖ်ဖြင့်ဟင်းချက်နည်း စာအုပ်ကလည်း အချိန်ကုန်သက်သာ လူပင်ပန်းသက်သာသဖြင့် ဖတ်လို့မဝသည့် စာအုပ်အမျိုးအစားပါ။ ကျွန်မတို့က မာမီကြီးအိမ်သို့သွားရလျှင် မာမီကြီးကျွေးမည့် အမျိုးစုံသော အစားအသောက်များ အပေါ် မျှော်လင့်မှုကတစ်ပိုင်း ပါဝင်နေသဖြင့် အလွန်တက်ကြွကြပါသည်။ ဘာကြောင့်ပဲ ကျွန်မ၏အမှာစာကို လိုအပ်သည်ဖြစ်စေ အခုအခါ ဤစာအုပ်ကို ကျွန်မ အမှာစာရေးတော့ မည်။ မီးဖိုချောင်သုံးအစားအစာများနှင့် ကျန်းမာရေး၊ ထိုအကြောင်းအရာနှင့်ကျွန်မ ဘာဆိုင်လဲဟု ကျွန်မကို ရင်းနှီးသူ တစ်ယောက်ယောက်က မေးလာခဲ့လျှင် ကျွန်မဖြေဖို့ ပြင်ဆင်ထားပြီးသား အဖြေရှိပါသည်။ ကျွန်မက ချက်ပြုတ်ခြင်းအနုပညာကို ဝါသနာအလွန် ပါသူပါ။ ကျွန်မမှာ နိုင်ငံပေါင်းစုံက ဟင်းချက်နည်းစာအုပ်တွေကို စုဆောင်းသည့် ဝါသနာ ရှိပါသည်။ တစ်ခါတစ်ခါ စာအုပ်ကို အလှမ်းဝေးနေလျှင် အင်တာနက်ကနေကြည့်ပြီး သိမ်းဆည်းထားသည်အထိ စိတ်ဝင်စားပါသည်။ 

          ဆရာ၏စာအုပ်သည် အိမ်ရှင်မများသာမက လူထုတစ်ရပ်လုံးအတွက် ဗဟုသုတ ပေးသောစာအုပ်ဖြစ်သည်။ ဗဟုသုတကို သိပ္ပံနည်းကျ အချက်အလက်စုံစုံဖြင့် ပေးထားသည့် စာအုပ်ပါ။ ကျွန်မတို့နေ့စဉ်ချက်ပြုတ်နေသည့် အစားအစာများတွင် အမြဲလိုလိုထည့်ပြီး သုံးနေကျ အသီးအရွက်အစေ့များ၏ အာဟာရတန်ဖိုး၊ ကျန်းမာရေးတန်ဖိုးတို့ကို ကျန်းမာရေး ရှုထောင့်မှ ရေးသားဖော်ပြထားခြင်းဖြစ်ပါသည်။ ထိုအသီးအနှံများကို စိုက်ပျိုးခြင်း၊ သိုလှောင်ခြင်း၊ရောင်းချခြင်း စသည့်လုပ်ငန်းစဉ်များတွင် အခါအားလျော်စွာဖြစ်ပေါ်တတ်သော နောက်ဆက်တွဲ ဆိုးကျိုးတို့ကိုပါ ဗဟုသုတဖြစ်အောင် ထည့်သွင်းရေးသားထားသည့်အတွက် ကျွန်မတို့ စာဖတ်သူကို အကျိုးကျေးဇူးများစွာ ရရှိစေပါသည်။ 

          ငရုတ်သီးအစေ့၊ မာလကာသီးအစေ့တို့ကို ကျွန်မ ဘယ်တော့မှ မစားဖြစ်အောင် ရှောင်ခဲ့သည်။ အူအတက်ရောင်သည့်ရောဂါကို ကြောက်လို့ပါ။ အူအတက်လေးထဲသို့ ငရုတ်စေ့ မာလကာစေ့များ ဝင်သွားခဲ့လျှင် ပိတ်ဆို့ကာ အူအတက်ရောင်မှာစိုးလို့။ ကျွန်မ ပတ်ဝန်းကျင် တွင် ခင်မင်ရင်းနှီးဆုံးလူသုံးလေးယောက်မှာ အူအတက်ရောင်လို့ ခွဲစိတ်ရသည့်သမိုင်းရှိသည်။ တစ်ယောက်ဆိုလျှင် အူအတက်က ပုပ်တောင်နေပြီ။ ပေါက်ထွက်ဖို့ တည်းတည်းလေးသာ လိုတော့သဖြင့် အချိန်မီရုံလေးပဲရှိသည်။ ဆရာဝန်တစ်ယောက်ဖြစ်နေ၍ အခြားသူများထက်ပိုသိသည်ဟု ကိုယ့်ကိုယ်ကို ကျေနပ်လေ့ရှိသော်လည်း ဒေါက်တာ ခင်မောင်လွင်၏စာအုပ်ကို | ဖတ်ပြီးသောအခါ ခရမ်းချဉ်သီးအစေ့သည် ကျွန်မ ရှောင်ကျဉ်ခဲ့သည့်အစေ့များတွင် ပါဝင်ခဲ့ ပါရဲ့လားဟု ပြန်သုံးသပ်ရတော့သည်။ ဟုတ်ကဲ့။ ကျွန်မ ခရမ်းချဉ်စေ့ကိုတော့ သိပ်မရှောင်ခဲ့မိပါ။ ဟင်းချက်လျှင် ခရမ်းချဉ်စေ့ကို ညှစ်ထုတ်ပြီးမှ ချက်လေ့ရှိသော်လည်း ပန်ထွေဖျော် ဖျော်လျှင် အစေ့ကိုပါ ထည့်ထောင်းပြီး မြိန်မြိန်ယှက်ယှက် စားသုံးခဲ့ပါ သည်။ ခရမ်းချဉ်စေ့ကလည်း အူအတက်ရောင်စေသောဖြစ်စဉ်ကို ဖြစ်စေတတ်သည်ပါတကားဟု ကျွန်မ သေသေချာချာ သတိထားမိသွားပါပြီ။

          မန်ကျည်းသီးအပိုင်းကို ဖတ်ရတော့ ကွယ်လွန်သွားသည့် ကျွန်မဖေဖေကို သတိရ မိသည်။ ဖေဖေသည် မြန်မာ့ဆေးပညာကို လေ့လာသိမြင်ထားသူဖြစ်သည်။ မန်ကျည်းသီးသည် ဖေဖေစားသုံးနေကျဆေးပေါ့။ “သမီး မန်ကျည်းမှည့်လေးနဲ့ ဆားနဲ့ ထည့်ယူခဲ့စမ်း” ဟု ခိုင်းလေ့ရှိသည်။ လက်ဖက်ရည်ပန်းကန်ပြားထဲတွင် အစေ့ထုတ်ထားပြီးသော မန်ကျည်းမှည့် နည်းနည်းကိုထည့် ဘေးမှာဆားနည်းနည်းပုံပြီး ဖေဖေ့ကိုပေးရသည်။ မန်ကျည်းသီးက ဝမ်းနူးလွယ်သည့်အာနိသင်ရှိသည်။ အူနံရံမှာ ကပ်နေသည့် မကောင်းသည့်အရာတို့ကို ဖယ်ရှားပေးနိုင်သည့် သတ္တိရှိသည်။ 

          ငရုတ်စေ့နှင့်ပတ်သက်သည့် အခြားဆိုးကျိုးတစ်ခုကိုလည်း ကျွန်မ အသည်းရောင် ရောဂါဖြစ်စဉ် မန္တလေးသို့ အဘ ဒေါက်တာဦးထွန်းသင်ဆီသွားပြ ဆေးကုသသည့်အချိန်မှာ စတင်ပြီး သတိထားမိခဲ့သည်။ ငရုတ်သီးအစေ့တွင် မှိုတက်နေပါက ထိုရှိသည် အယ်ဖလာတောက်ဆင် ဟု ခေါ်သည့်အဆိပ်တစ်မျိုးဖြစ်သည်။ ကင်ဆာရောဂါဖြစ်စေသည်။ ကြောက်စရာပါလား။ မှိုတက်တာ မကြာခဏ ကျွန်မမြင်ခဲ့သားပေါ့။ ကပ်ငြိနေသည့်မွဲပြာပြာ မှိုတို့ကို ရေဖြင့် အတန်တန်တိုက်ချွတ်ဆေးပြီး ခြစ်ထုတ်ကာ ထိုငရုတ်သီးခြောက်ကိုထောင်းခဲ့ဖူးတာပဲ။ ကျွန်မတို့ မသိဘဲစားနေခဲ့တာ ဘယ်နှနှစ်ရှိပြီလဲဟု ထိုအချိန်ကျမှ လန့်ဖျတ်သွားခဲ့သည်။ နောင်အခါ ဆင်ခြင်ရပါတော့သည်။

          အာလူးအကြောင်းကလည်း စိတ်ဝင်စားဖွယ်ကောင်း၏။ ကျွန်မတို့ မြန်မာလူမျိုး များသည် အာလူးကို တော်တော်နှစ်သက်ကြသည်။ အာလူးကြော်ကိုတော့ တစ်ကမ္ဘာလုံးက စွဲလမ်းစွာ စားသုံးကြသည်။   အခွံစိမ်းနေသည့် အာလူးတွင်ပါဝင်သည့် အဆိပ်အတောက်များကို ကြားဖူးနားဝရှိသော်လည်း ဘာကြောင့်ဘယ်လိုဆိုတာ ကျွန်မတို့ အိမ်ရှင်မများ ရေရေရာရာ သိသူနည်းပါးသည်။ ဆရာ့စာအုပ်တွင် စိုလနင်း(Solanine)အကြောင်းကို တိတိကျကျ ရေးထားသည့်အတွက် ကျေးဇူးတင်စွာဖတ်ရသည်။ ကင်ဆာရောဂါဖြစ်ပွားစေနိုင်သည့် အာလူးကြော်များအကြောင်းကို ကျွန်မ စိတ်ဝင်စားစွာဖတ်ရသည်။ ပြည့်ဝဆီ (Saturated fat) နှင့် ပြောင်းလဲအဆီ (Trans fat)တို့၏ ဆိုးကျိုးများကိုဖတ်လျှင် စာဖတ်သူများအတွက် အကျိုးကျေးဇူး များစွာရနိုင်ပါသည်။

            ပဲပိစပ်အကြောင်းကို ဖတ်သည့်အခါ ကျွန်မက ညီမငယ်နှင့်သူ့သားကို သတိရ မိသည်။ ညီမငယ် ရန်ကုန်သို့လာလည်စဉ် သူ့သားပိစိကွေးလေး တစ်နှစ်မပြည့်မီ အရွယ်ကို ကျွန်မတို့နှင့် စိတ်ချလက်ချထားခဲ့ပြီး အပြင်ခဏထွက်သွားသည်။ သူပြန်မလာမီပင် သားကလေး၏ ပါးလေးတွေ လက်မောင်းလေးတွေမှာ အနီပိမ့်လေးတွေ ထလာသည်။ ကလေးကို ကျွန်မတို့ အလန့်တကြားကြည့်မိသည်။ ဘာဖြစ်လို့ပါလိမ့်။ ကျွန်မတို့ ခြင်ဆေးလည်း မထွန်းမိ။ ဘာမှလည်းမမိ။ ထိုစဉ်က ကျွန်မတို့အိမ်တွင် ကြောင်လည်းမရှိ၊ ဒါဆိုလျှင်တော့ ကျွန်မ တံမြက်စည်းလှဲလို့ထွက်လာသည့် ဖုံတွေကြောင့်ဖြစ်မှာပဲ။ ဓာတ်မတည့်လို့ အနီပိမ့် ထွက်ခြင်းသည် ကိုယ်တွင်းမှ ဟစ်စ်တမင်းဓာတ်ထွက်ခြင်းကြောင့်ဖြစ်သည်မို့ ဟစ်စ်တမင်းကိုဆန့်ကျင်ပေးမည့်အင်တီဟစ်စ်တမင်းကိုပေးလျှင် အဆင်ပြေမည်ဟုစဉ်းစားကာ ကျွန်မ ဘာမီတွန်နှင့်အလားတူသည့် စီထရင်းဆေးပြားလေးကို တစ်စိတ်ချိုးပြီး ကလေးကို တိုက်ကျွေး လိုက်ရသည်။ မရွှေယု ပြန်လာတော့ သဲသဲလှုပ်ပါလေတော့သည်။ သို့သော် အဖြေရှာရင်း စစ်ရင်းစစ်ရင်း မရွှေယုကိုယ်တိုင် တရားခံဖြစ်နေလေသလားဟု ယောင်ယောင်မှားမှား စဉ်းစားကြသည်။ မရွှေယုက ပဲနို့ရည်ကို သောက်ခဲ့သည်။     ခါတိုင်းသောက်နေကျဘူး မဟုတ်ဘဲ ဒေသထွက်ပုလင်းနှင့် ပဲနို့ရည်ကို သောက်ခဲ့တာတဲ့။ ပြီးတော့ ကလေးကို နို့တိုက် သည်တဲ့။ နေစမ်းပါဦး နို့ရည်သို့ စိမ့်ဝင်သွားနိုင်သော အစားအစာတွေထဲတွင် ပဲပိစပ်နို့ရည် ပါလို့လား။

          နောက်များတော့ကလေးအမေကပဲနို့ရည်ကိုမသောက်တော့ပါကလေးကိုလည်း ပဲနို့ရည်မတိုက်မိအောင် သတိထားမည်ဟု ဆိုသည်။ ကလေးသုံးလေးနှစ်အရွယ်တွင် အလိုအလျောက် ခံနိုင်ရည်ရှိသွားတတ်လို့ စိုးရိမ်စရာမရှိပါ။ သို့သော် စမ်းသပ်ပြီးမှ တိုက်ကျွေး လျှင်တော့ ကောင်းမှာပေါ့။ နောက်ထပ် သို့သော်တစ်ခုက ကျွန်မတို့နိုင်ငံမှာ ပဲပိစပ်တည့်မတည့် စမ်းသပ်သည့် ဆောင်ရွက်မှုတွေ ခေတ်မစားသေးပါ။ ကံကောင်းစွာ ထိုကလေး ပိစိကွေးက အခုအခါ ဆယ်တန်းအောင်ပြီးသည့် တက္ကသိုလ်တက်တော့မည့်အရွယ် ရောက်နေပြီ။ အခုအခါ သူ ပဲနို့ကို ခဏခဏသောက်ပြီး ဘာမှမဖြစ်ပါ။

          ဆရာဒေါက်တာခင်မောင်လွင်၏ စာအုပ်ကိုဖတ်ရင်း ကျွန်မမှာ မဆုံးနိုင်သည့် အတွေးများ အမှတ်တရများဖြင့် ရစ်နှောင်လျက် အလွမ်းမျိုးစုံနှောင်ဖွဲ့လျက် ရှိခဲ့သည်။ အသေချာဆုံး ဆန္ဒတစ်ခုတော့ ရှိပါ၏။ ကျန်းမာရေးနှင့်ပြည့်စုံသည့် ဟင်းတစ်ခွက်ကို အသုံးပြုပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစွာ ချက်လိုက်ပါဦးမည်။

27/11/2015

ဂျူး (၂၇၊ ၁၁၊ ၂၀၁၅)

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)