Skip to product information
1 of 13

စိတ်ကူးချိုချိုစာပေ

ဒုတိယမဲထီးဆရာတော် - မာလာလင်္ကာရဝထ္ထုတော်ကြီး

Regular price 10,000 MMK
Regular price Sale price 10,000 MMK
Sale Sold out

နိဒါန်း

          သစ္စာလေးပါးအမှန်တရားတို့၌ ၃ ပါးသော အပြန်မှ ၁၂ တန်သော အခြင်း အရာများသည် ယထာဘူတ ကျနမှန်ကန်ဉာဏ်အမြင်သန့်ရှင်းစွာမရှိသေးစဉ် အခါက “ငါသည် ကိလေသာကုန်ခန်း၍ အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ်တော်ကြီးကို ထိုးထွင်းသိတတ်ဘုရားမြတ်ဖြစ်ပြီ” ဟု မည်သူကိုမျှ ဝန်ခံစကား မိန့်ကြားတော်မမူခဲ့ဖူးချေ။ သစ္စာ ၄ ပါး အမှန်တရားတို့၌ ၃ ပါးသောအပြန်မှု ၁၂ တန်သော အခြင်းအရာများသည် ယထာဘူတ ကျနမှန်ကန် ဉာဏ်အမြင် သန့်ရှင်းစွာ ရှိလာသောအခါ ကျမှသာ “ငါသည် ကိလေသာကုန်ခန်း၍ အရဟတ္တ မဂ်ဉာဏ်, သဗ္ဗညုတ ဉာဏ်တော်ကြီးကို ထိုးထွင်းသိတတ် ဘုရားမြတ်ဖြစ်ပြီ” ဟု ပဉ္စဝဂ္ဂီသညီတင့်ဆန်း ရဟန်းတော်ငါးဦးအပါ ဗြဟ္မာ, နတ်, လူ သုံးဘုံသူတို့ အား ဓမ္မစကြာတရား ဟောကြားပြီးဆုံး နိဂုံးကမ္ပတ် အပြီးသတ်သောအခါ “ယာဝကီဝဉ္စမေ” အစရှိသည်ဖြင့် မြတ်စွာဘုရားသခင်ကိုယ်တော်တိုင် ဝန်ခံစကား မိန့်ကြားတော်မူခဲ့လေသည်။

          ယင်းသို့ ကိလေသာကုန်ခန်း၍ အရဟတ္တမဂ်ဉာဏ်, အရဟတ္တဖိုလ်ဉာဏ်ကို ရရှိကာ အလုံးစုံသော တရားတို့ကို သိတော်မူသော သဗ္ဗညုတဉာဏ်တော်အရှင် ဘုရားသခင်ကိုယ်တော်မြတ်၏အကြောင်းအရာနှင့်တကွ ပါရမီတော်, ဘုန်းတော် အစဉ်ကို တန်ဆာဆင်၍ ပြဆိုသောကျမ်းကို မာလာလင်္ကာရဟု ခေါ်ဆိုလေသည်။ မာလာလင်္ကာရ၌ မာလာ-သဒ္ဒါသည် အစဉ်ဟူသော အနက်ကိုဟော၍ အလင်္ကာရ -သဒ္ဒါသည် တန်ဆာဆင်ခြင်းဟူသောအနက်ကိုဟောကြောင်း ကျမ်းဦးဂါထာ အနက်တွင် ပြဆိုထားသည်ကို တွေ့ရပေသည်။

           ဗုဒ္ဓ၏ အကြောင်းအရာကိုပြဆိုသော ရှေးကျမ်းဟောင်းများမှာ မူလဗုဒ္ဓဝင် ကျမ်း, တထာဂတဥဒါနဒီပနီကျမ်း, မာလာလင်္ကာရကျမ်းဟု ကျမ်းကြီး ၃ ကျမ်းရှိခဲ့ရာ မူလဗုဒ္ဓဝင် ကျမ်းမှာ အကျဉ်း အလိုရှိသူတို့အဖို့ဖြစ်၍ တထာဂတဥဒါန ဒီပနီ ကျမ်းမှာ အကျယ်အလိုရှိသူတို့အဖို့ ဖြစ်ပြီး မာလာလင်္ကာရကျမ်းမှာ မကျဉ်း မကျယ် အလိုရှိသူတို့အဖို့ဖြစ်သည်ဟု ဆိုအပ်သည်၊ တစ်နည်းဆိုရသော် ဇိနတ္ထ ပကာသနီကျမ်းမှာ တထာဂတဥဒါနဒီပနီကျမ်းကို အကျဉ်းချုံးထားသော ကျမ်းဖြစ် သည်၊ ဤမာလာလင်္ကာရ ကျမ်းမှာ တထာဂတဥဒါနဒီပနီ၌ မပါမရှိ ကြွင်းကျန် လစ်လပ်သည့်အရာများကို ဖြည့်စွက်လျက် ပြဆိုထားသော အစုံအလင်ဗုဒ္ဓဝင် ကျမ်းမြတ်တစ်ဆူဖြစ်ပေသည်။

           ဤမာလာလင်္ကာရကျမ်းကို ပြုစုစီရင်တော်မူသော ဒုတိယမဲထီးဆရာတော် ဘုရားကြီးသည် ပုဂံမြို့ကျေး-ပုပ္ပါးမြို့တောင် လယ်ယားရွာ ဇာတိဖြစ်၍ သက္ကရာဇ် (၁၁၀၉) ခု၊ တပေါင်းလပြည့်ကျော် ၅ ရက် တနင်္လာနေ့တွင် ဖွားမြင်တော်မူသည်။ လူမည်မောင်တုတ်ခဲဟုတွင်သည်၊ အသက်စေ့တွင် ရဟန်းပြုတော်မူသည်၊ ရဟန်း ဘွဲ့မည်မှာ ရှင်ကဝိဖြစ်သည်၊ (သာသနာပိုင်မန်လည်ဆရာတော် ရှင်ဂုဏမဉ္ဇူသာ ၏ တပည့်ရင်းဖြစ်သည်)။

          ရဟန်းဒါယကာမှာ ရွှေပြည်ဝန်လက်ဝဲဝင်းမှူး မောင်တောဖြစ်သည်၊ အမရ ပူရရွှေမြို့တော်အရှေ့ တောင်ယွန်း မဲထီးတိုက်တွင် သီတင်းသုံးတော်မူပြီးနောက် ရတနာပူရစတုတ္ထနန်းတည်မင်းတရားကြီးလက်ထက်တွင် မြဝတီမင်းကြီး ဦးစ ကိုးကွယ်၍ အင်းဝရွှေမြို့တော်ကြီးတွင် အရှေ့တောင်ထောင့်တောင်ပလူကုန်း၌ မြဝတီ မင်းကြီး ဆောက်လုပ်လှူဒါန်းသည့် လေးထပ်ကျောင်းကြီး၌ သီတင်းသုံးတော်မူ သည်၊ (ပထမ မဲထီးဆရာတော် ဦးပရမမှာ မြဝတီမင်းကြီး၏ ဆရာရင်းဖြစ်လေ သည်။)

          ဒုတိယမဲထီးဆရာတော်ရရှိတော်မူသည့် ဘွဲ့တံဆိပ်တော်မှာ “ကဝိန္ဒာဘိသီ ရိသဒ္ဓမ္မဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု” ဖြစ်သည်၊ မာလာလင်္ကာရဝတ္ထုစသည်တို့ကို ရေးသားတော်မူခဲ့သည်၊ ဆရာတော်သည် သက်တော် (၈၇)၊ ဝါတော် (၆၇)၊ သက္ကရာဇ် (၁၁၉၆) ခုနှစ်တွင် ယင်းလေးထပ် ကျောင်းကြီး၌ပင် ပျံလွန်တော်မူ သည်ဟု မင်းလှသီရိသီဟသူ ပြုစုသည့် ဆရာတော်စဉ်မှတ်တမ်းတွင် ဆိုလေသည်။

           မာလာလင်္ကာရကျမ်းနိဂုံးတွင်မူ အမရပူရမြို့တော်တွင် သီတင်းသုံးတော်မူ သော “ကဝိဝံသာဘိဓဇ မဟာဓမ္မရာဇဂုရု” ဘွဲ့တံဆိပ်တော်ရ မထေရ်မြတ်ပြုစု စီရင်အပ်သော မာလာလင်္ကာရကျမ်းသည် သာသနာသက္ကရာဇ် (၂၃၄၂) ခုနှစ်တွင် ပြီးဆုံးခြင်းသို့ ရောက်၏ဟု ဆိုထားသည်ကို တွေ့ရသည်။ သို့ဖြစ်၍ ဤမာလာ လင်္ကာရကျမ်းသည် (၁၁၆၀) ပြည့်နှစ်သက်တော် (၅၁) နှစ်၊ ဝါတော် (၃၁) ဝါအရတွင် ပြီးဆုံးကြောင်းသိရှိရပေသည်။

          ပိဋကတ်တော်သမိုင်း၌ကား မာလာလင်္ကာရဝတ္ထုမှာ ရတနာပူရစတုတ္ထမြို့ တည် နန်းတည်မင်းလက်ထက် မဲထီးဆရာတော်စီရင်သည်၊ အဘိဓမ္မတ္ထသင်္ဂဟ အဋ္ဌကထာ နိဿယမှာ မဲထီးရွာဇာတိ “ကဝိဓဇမဟာဓမ္မ ရာဇာဓိ ရာဇဂုရု” မဲထီး ဆရာတော်စီရင်သည်၊ တိကနိပါတ် အဋ္ဌကထာနိဿယမှာ သက္ကရာဇ် (၁၁၄၄) ခုနှစ် အမရပူရမြို့တည် နန်းတည် “သီရိပဝရဝိဇယာနန္တယသ တြိဘဝနာဒိတျာ ဓိပတိ ပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ” တံဆိပ်နာမံခံသော အောင်မြေလောက စေတီ ဒါယကာမင်းလက်ထက် “မုနိနန္ဒာဘိဓဇ မဟာဓမ္မရာဇဂုရု” မဲထီးဆရာတော် စီရင်သည်ဟု ဆိုထားသည်ကို တွေ့ရပေသည်။ ထိုပိဋကတ်တော်သမိုင်းလာ အဆို ကို ထောက်လျှင် ရှင်ပရမဟူသောဘွဲ့မည်နှင့် နံတူမုနိန္ဒာဘိဓဇဟူသော တံဆိပ် မည်တို့ကို ပထမမဲထီးဆရာတော်၏အမည်ဟုလည်းကောင်း၊ ရှင်ကဝိဟူသောဘွဲ့ မည်နှင့် နံတူ ကဝိန္ဒာဘိဓဇ, ကဝိဝံသာဘိဓဇ, ကဝိဓဇဟူသော တံဆိပ်မည်တို့ကို ဒုတိယမဲထီးဆရာတော်၏ အမည်ဟုလည်းကောင်း ခွဲခြားမှတ်သားသင့်သည်ဟု ထင်မြင်ယူဆရပေသည်။

           ဤမာလာလင်္ကာရကျမ်းကို (၁၉၀၉) ခုနှစ်က ရန်ကုန်မြို့ ဟံသာဝတီပုံနှိပ် တိုက်တွင် ပထမအကြိမ် ရိုက်နှိပ်၍ မန္တလေးမြို့ ဟံသာဝတီ ပုံနှိပ်တိုက်တွင် ဒုတိယအကြိမ် ရိုက်နှိပ်ခဲ့ပေသည်၊ ယခု တတိယအကြိမ်တွင်မူ မန္တလေးမြို့ ခင်မကန်ပါဠိတက္ကသိုလ်ကျောက်ဆောက်ကျောင်း အရှင်ဝါသ၀ “သာသနဓဇသီရိ ပဝရဓမ္မာစရိယ” ထံမှ (၁၂၁၆) ခုနှစ်ရေး မာလာလင်္ကာရဝတ္ထုတော်ကြီး ပေမူ တစ်ဆူကိုပေးပို့ရရှိသဖြင့် အထူးကျေးဇူးဥပကာရတင်ရှိရပေသည်၊ ထိုပေမူသည် လက်ရေးလက်သားကောင်း၍ ပုဒ်ပါဌ်အက္ခရာမှန်ကန်ပြီး အကျအပေါက်မရှိ ပြည့်စုံလှသောကြောင့် ထိုပေမူကိုပဓာနထား၍ စာအုပ်မှုများဖြင့် တိုက်ဆိုင်ကာ စာအုပ်များ၌ မပါမရှိ ကြွင်းကျန်သည့်အရာများကို စာကိုယ်အတွင်း လက်သည်း ကွင်းဖြင့် ဖော်ပြလျက်ပေမူနှင့်မတူသော စာအုပ်ပါမူကွဲများကို မျဉ်းအောက်တွင် ဂဏန်းအမှတ်ဖြင့် ဖော်ပြပြီး ဆရာဦးခင်စိုး (သာသနဓဇသီရိပဝရဓမ္မာစရိယ) နှင့် ဆရာဦးသိန်းဟန် ဦးရွှေဖူး, ဦးပု၊ ဦးဟန်ထွန်း, ဦးတင်နွယ်, ဦးမြတ်မော်, ဟံသာဝတီပါဠိဆရာများအဖွဲ့က ကောင်းစွာတည်းဖြတ်သုတ်သင် ပြင်ဆင်ကာ ပုံနှိပ်ထုတ်ဝေအပ်သည်ဖြစ်ပါကြောင်း။

ဟံသာဝတီ ၈-၈-၁၉၆၁