Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ဒိုဂျေဆန်း - ဦးစီးပဲကိုင်လိုနေပြီအဲဒီတော့

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

၁။ အသွင်မတူ အိမ်သူမဖြစ်

          အခရာကျတဲ့ ဦးစီးပဲ့ကိုင်နေရာအတွက် လူလိုနေတယ်။ အဲဒီနေရာအတွက် အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ပုဂ္ဂိုလ်မျိုးကို လိုချင်ကြတာ သဘာဝကျပါတယ်။ ဒါပေမဲ့ အဲဒီပုဂ္ဂိုလ်က ဘယ်လို အစားမျိုးလဲ။

          ကြုံဖူးပါလိမ့်မယ်။ လူက ဒီလူပဲ။ ထမ်းဆောင်ရတဲ့ တာဝန်ကလည်း ဒီတာဝန်ပဲ။ လုပ်ပုံလုပ်နည်းကလည်း အတူတူပါပဲ။ ဒါပေမဲ့ အခြေအနေတစ်ရပ်မှာတုန်းကတော့ သူ က အောင်မြင်ဖြစ်ထွန်းအောင် လုပ်ပြသွားနိုင်ခဲ့ပြီး နောက်အခြေအနေတစ်ရပ်ကျတော့ မအောင်မမြင် ဖြစ်သွားရရှာတယ်။ မြင်းကောင်းခွာလိပ် ဖြစ်သွားရှာတယ်လို့ ပြောဆိုကြတယ်။ ဒီတော့ အောင်မြင်ဖြစ်ထွန်းဖူးထားတာကြောင့် ဦးစီးပဲ့ကိုင်နေရာအတွက် အကောင်းဆုံးဖြစ်လိမ့်မယ်လို့ အာမခံလို့ မရဘူး။ ဒီအချက်က ဦးစီးပဲ့ကိုင်နေရာအတွက် အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့သူကို ရွေးချယ်ကြရတဲ့အခါ ထည့်သွင်းစဉ်းစား အဖြေရှာရမယ့် ပုစ္ဆာတစ်ပုဒ် ပါပဲ။

          ဒီပုစ္ဆာကို အဖြေရှာဖို့အတွက် “ဘီလ်ပီရက်ရဲ့ စိတ်ဝင်စားစရာ ဖြစ်ရပ်ကို ကျွန်တော်တို့ လေ့လာကြည့်ကြရအောင်။ သူက ဘယ်သူလဲ။

          သူ့အမည်အပြည့်အစုံက ဝီလျံ ဒီဘီလ်ပီရက်ဖြစ်ပြီး အခုတင်ပြတာမှာ ပီရက်လို့ ခေါ်ဝေါ်ရေးသားသွားမှာ ဖြစ်ပါတယ်။ သူက ဦးစီးပဲ့ကိုင်ဖြစ်တဲ့ အလုပ်အမှုဆောင်ချုပ် အရာရှိ (ဝါ) စီအီးအို (Chief Executive Officer) လို့ ခန့်ခန့်ထည်ထည် ခေါ်ဝေါ်ပြော ဆိုကြတဲ့ စီမံခန့်ခွဲရေးမှူးတစ်ဦး ဖြစ်ပါတယ်။ ရာထူးတွေ အဆင့်ဆင့် တက်ခဲ့ရာမှာ လူသုံးကုန်ပစ္စည်း လုပ်ငန်းမဟာကြီးတစ်ခုဖြစ်တဲ့ အက်စ် စီ ဂျွန်ဆင်နှင့်သားမှာ စီအီးအို ရာထူးကို ရရှိခဲ့ပါတယ်။ သူကို နိုက်ကီအင့်မှ ဦးစီးပဲ့ကိုင် လာလုပ်ပေးဖို့ သိမ်းသွင်း ခေါ်ယူခဲ့ပါတယ်။ သူက နိုက်ကီအင့်မှာ လုပ်ကိုင်ခဲ့ပြီး ခွာလိပ်ခဲ့ရတာကြောင့် ဖျာလိပ်ပြီး ဆုတ်ခွာခဲ့ရတယ်။ နောက်တော့ ဒဗလျူအမ် ရစ်ဂလီ ဂျူနီယာ ကုမ္ပဏီမှာ စီအီးအို လုပ် ကိုင်တော့ အောင်မြင်တဲ့သူ ဖြစ်သွားခဲ့ပြန်ပါတယ်။

          ကျွန်တော်တို့ ၁၉၅၉ခုနှစ်ကို ပြန်သွားပြီး ဇာတ်လမ်းကို စလိုက်ကြရအောင်။ နေရာက အမေရိကန်နိုင်ငံ၊ အိုရီဂွန်ရှိ ဗီဗာတန်မှာ ဖြစ်ပါတယ်။ အဲဒီမှာ ဖီနိုက်ဆိုတဲ့ အသက် ၂၁ နှစ် အရွယ်ရှိ တာလတ် အပြေးသမားတစ်ဦးရှိပြီး သူက အိုရီဂွန်တက္ကသိုလ် ပြေးခုန်ပစ်အဖွဲ့ရဲ့ အားထားရတဲ့ အားကစားသမားတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ နည်းပြ ဆရာဖြစ်သူ ဘီလ် ဘိုဝါးမင်က အပြေးသမားစီးတဲ့ ရှူးဖိနပ်တွေကို ဘယ်လို ပေါ့ပါး အောင် လုပ်မလဲ၊ ခံနိုင်ရည် ပိုကောင်းအောင် ဘယ်လိုလုပ်ပေးရမလဲ၊ အဲဒါတွေသာလုပ်ပေးနိုင်ရင် သူ့အဖွဲ့ က ပိုအစွမ်းပြနိုင်မှာပဲ ဆိုတဲ့ စိတ်ကူးအကြံကို ရူးသွပ်နေပါတယ်။ ဆရာဖြစ်သူရဲ့ အားကစားသမားစီးရှူးဖိနပ်ရူးသွပ်မှုဟာ ဖီနိုက်ထံ ကူးစက်ခဲ့ပါတယ်။ နှစ်အတန်ကြာပြီးချိန်မှာ ဖီနိုက် စတင်းဖို့ဒ် စီးပွားရေးကျောင်းမှာ ပညာသင်ကြားဖြစ်ခဲ့ပြီး အတန်းထဲမှာ စာတမ်းတစ်စောင် တင်သွင်းခဲ့ရပါတယ်။ အဲဒီအခါမှာ ဖီနိုက်က ပွင့်သစ်စ ကုမ္ပဏီအသစ်တစ်ခု ထူထောင်လုပ်ကိုင်ဖို့” ဆိုတဲ့ စာတမ်းကို ရေးသားတင် သွင်း လိုက်ပါတယ်။

          “ဂျပန်ပြည်ဖြစ် ကင်မရာတွေက ဂျာမနီပြည်ဖြစ် ကင်မရာတွေကို အလဲထိုး သလိုမျိုး ဂျပန်ပြည်ဖြစ်အားကစားဖိနပ်တွေက ဂျာမနီပြည်ဖြစ် အားကစားဖိနပ်တွေကို အလဲထိုးနိုင်မယ် မဟုတ်လား”   

           ဆိုတဲ့ ရှုမြင်ချက်ဖြင့် သူက စာတမ်းကို ရေးသားခဲ့ပါတယ်။

          သူက အလားအလာရှိတဲ့ စီးပွားရှာလုပ်ငန်းသစ်တစ်ခုအဖြစ် ဂျပန်မှ ဈေးမကြီး ပေမဲ့ အရည်အသွေးမြင့်မားတဲ့ အပြေးသမားစီးရှူးဖိနပ်တွေ အမေရိကန်ကို တင်သွင်းပြီး ရောင်းချမယ်ဆိုရင် စီးပွားဖြစ်မယ့်အကြောင်းကို စာတမ်းမှာ အဆိုပြုခဲ့ပါတယ်။

          ဂျပန်နိုင်ငံ အပါအဝင် ကမ္ဘာလှည့်ခရီးထွက်ခဲ့ပြီး သူရေးခဲ့တဲ့ စာတမ်းကို အကောင် အထည်ဖော်ဖို့အတွက် ၁၉၆၃ခုနှစ်မှာ အမေရိကန်ဒေါ်လာ ငါးရာ ရင်းနှီးမြှုပ်နှံပြီး Blue Ribbon Sports Inc. ကို ထူထောင်လိုက်ပါတယ်။ အဲဒီကုမ္ပဏီက ဂျပန်မှ တိုက်ဂါးအမည်ရှိ အပြေးသမားစီး အားကစား ရှူးဖိနပ်တွေကို ဂျပန်မှ အမေရိကန်သို့ တင်သွင်းပြီး ရောင်းချပါတယ်။ လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏပြည့်မီစေဖို့အတွက် ဖီနိုက်က ဘိုးဝါးမင်းဆိုသူကို စည်းရုံးပြီး သူ့နည်းတူ ရင်းနှီးမြှုပ်နှံမှု ပြုစေခဲ့တာကြောင့် ဘိုးဝါးမင်းဟာ ပူးတွဲထူထောင်သူအဖြစ်ကို ရောက်ရှိခဲ့ပါတယ်။

          ပွင့်သစ်စလုပ်ငန်းရှင် နိုက်က သူသိကျွမ်းတဲ့နေရာကနေ အစပြုခဲ့ပါတယ်။ သူစီး တဲ့ကားရဲ့ နောက်ခန်းမှာ ရှူးဖိနပ်တွေတင်ပြီး တစ်ချိန်တုန်းက သူပြေးခဲ့ဖူးတဲ့ အိုရီဂွန် တက္ကသိုလ်ရဲ့ အားကစားကွင်းမှာ သွားရောက်ရောင်းချပါတယ်။ ကုမ္ပဏီရဲ့ သက်တမ်း ပထမနှစ်မှာ ဝင်ငွေ ၃၆၄ အမေရိကန်ဒေါ်လာမျှသာ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၆၉ခုနှစ် မှာတော့ Blue Ribbon Sports Inc. ဟာ အမေရိကန် ဒေါ်လာ ၁ သန်းကျော် ဝင်ငွေ ရရှိခဲ့ပါတယ်။ အဓိကအားပြုထားတဲ့ ကုန်စည်ကတော့ ကုတ်အားသာလွန် ကောင်းမွန် တဲ့ ဝေဖာပုံပန်းသဏ္ဌာန် အပြေးဖိနပ်တွေ ဖြစ်ပါတယ်။ ၁၉၇၂ခုနှစ်မှာ ဖီနိုက်က ကုမ္ပဏီရဲ့ အမည်ကို “နိုက်ကီ” (Nike)လို့ ပြောင်းလဲမှည့်ခေါ်လိုက်ပါတယ်။ အဲဒီ အမည်က ဂရိဒဏ္ဍာရီလာ ဇိနအောင်မြင်ခြင်းကို အစိုးရတဲ့ နတ်သမီးရဲ့ အမည်ဖြစ်ပါ တယ်။ ကုမ္ပဏီရဲ့ လိုဂိုက နေရာတကာမှာ တွေ့နေရတဲ့ အမှန်သင်္ကေတနဲ့ ဆင်ဆင်တူတဲ့ စုတ်တံတစ်ချက် ရေးခြစ်ချက် ဖြစ်ပါတယ်။ တကယ်တော့ ဇိနနတ်သမီးရဲ့ တောင်ပံ တစ်ဖက်ကို ပုံရေးဆွဲပြထားတာဖြစ်ပြီး ကုမ္ပဏီအမည် မပြောင်းခင် လိုဂိုကို ကြိုတင်ပြီး ရေးဆွဲထားခဲ့တာ ဖြစ်ပါတယ်။ “ယဉ်ကျေးမှု အရုံဦးမှာ သတ္တိ ပြောင်မြောက်ပြီး ကူညီ ဖေးမတတ်တဲ့စိတ်ထား အပြင်းပြဆုံးဖြစ်သူ တောင်ပံရှင်နတ်သမီးရဲ့ စိတ်ဓာတ်” ကို ကိုယ်စားပြုထားတယ်လို့ အဓိပ္ပာယ် ဖွင့်ဆိုထားတဲ့ လိုဂို ဖြစ်ပါတယ်။

          ကာလအလျောက် ပေါ်ပေါ်နေခဲ့တဲ့ ကိုယ်ကာယအလှလေ့ကျင့်ခန်း ကိုယ်လက် လှုပ်ရှားမှု ခေတ်ပြောင်းရေစီးကြောင်းမှာ နာမည်ကြီး အားကစားသမားတွေရဲ့ ထောက်ခံမှုတွေနဲ့အတူ နှစ်အတန်ကြာ နိုက်ကီ လှိုင်းစီးခဲ့ပါတယ်။ တချို့က အဲဒီ ရေစီးကြောင်းကို နိုက်ကီက မောင်းနှင်ပေးနေတယ်လို့တောင် ပြောခဲ့ကြပါတယ်။ ဘာလို့လဲ ဆိုတော့ အဲဒီ ရေစီးကြောင်းအတွက် နိုက်ကီက ကုန်စည်အမျိုးအမည်သစ်တွေကို အဆက်မပြတ် ထုတ်လုပ်မိတ်ဆက်ပေးနေတဲ့သူ ဖြစ်နေလို့ပါ။

          ကုမ္ပဏီကို ဦးစီးပဲ့ကိုင်နေတဲ့ ဖီနိုက်က နေကာမျက်မှန်ကို အမြဲဆင်မြန်းကာ ရွှေနီ ရောင် ဆံပင်နဲ့ စတိုင်လ်ထုတ်ထားသူဖြစ်ပြီး သူနှင့်အတူ လုပ်ဖော်ကိုင်ဖက် အားလုံးကို တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေအောင် လုပ်ထားနိုင်သူ ဖြစ်ပါတယ်။ ၁၉၈၀ခုနှစ်မှာ သူက အများပိုင်ကုမ္ပဏီအဖြစ် ကူးပြောင်းထူထောင်ဖို့ အစုရှယ်ယာတွေကို ကနဦး ရောင်းချမှုပြုရာမှာ ဦးဆောင်မှုပေးခဲ့ပါတယ်။ လုပ်ငန်းအနေဖြင့် ဝင်ငွေ အမေရိကန် ဒေါ်လာ တစ် ဘီလျံကျော်တဲ့ရေချိန်မှတ်ကို ၁၉၈၆ခုနှစ်မှာ ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ ဩဇာတိက္ကိမ ကြီးမားတဲ့ Sports Illustrated က “အသေးစားလုပ်ငန်းကလေးကနေ အားကစားမှာ ဩဇာအပြင်းဆုံးဖြစ်အောင် ဒီလူက ဘယ်လို လုပ်ခဲ့သလဲ”ဆိုတဲ့ ခေါင်းစီးတပ်ပြီး ၁၉၉၃ခုနှစ် ဩဂုတ်လထုတ်မဂ္ဂဇင်းမှာ ဖော်ပြပေးခဲ့ပါတယ်။

          အိုရီဂွန်တက္ကသိုလ်မှ ဘွဲ့ရယူခဲ့တာ ၄၅နှစ်အကြာ ၂၀၀၄ခုနှစ်မှာ ကုမ္ပဏီရဲ့ ဝင်ငွေက အမေရိကန်ဒေါ်လာ ၁၂ ဘီလျံကို ကျော်နေပါပြီ။ နိုက်ဟာ နာမည်အကြီးဆုံး၊ အကြွယ်ဝဆုံးနဲ့ လူသား အကျိုးဆောင်ဆိုတဲ့ ဂုဏ်ဒြပ်တွေ ရရှိနေသူ ဖြစ်နေပါပြီ။ သူ့အသက်က ၆၆ နှစ် ရှိပြီ ဖြစ်တာကြောင့် ဦးစီးပဲ့ကိုင်တာဝန်ကို လွှဲပြောင်းပေးဖို့ ပြင်ဆင်ရပါတော့တယ်။

         နိုက်နဲ့ နိုက်ကီရဲ့ ဒါရိုက်တာဘုတ်အဖွဲ့တို့က ဆန်းစစ်သုံးသပ်ကြတာမှာ ကုမ္ပဏီရဲ့ ကုန်စည်သစ် ထုတ်လုပ်ဖို့ လုပ်ပုံလုပ်နည်း၊ သုံးစွဲသူထံ ဈေးကွက်တင်ခြင်းနဲ့ လက်လီအရောင်းသမားတွေထံ ရောင်းချခြင်းတို့ဟာ တခြားလူသုံးကုန်ထုတ်လုပ်တဲ့ အအောင်မြင်ဆုံး ကုမ္ပဏီတွေရဲ့ အကောင်းဆုံး အလေ့အကျင့်တွေနဲ့ နှိုင်းယှဉ်လိုက်ရင် နိုက်ကီက ခေတ်နောက်ကျ ကျန်ရစ်တယ်လို့ တစ်ညီတစ်ညွတ်တည်း သဘောရထား ကြတယ်။ ဒီတော့ ခေတ်နဲ့အညီ လုပ်ကိုင်တဲ့ဆီကို ဦးတည်ပြောင်းလဲရမယ်လို့ သုံးသပ် ထားကြတယ်။

          နိုက်ရဲ့ နေရာကို ဆက်ခံဖို့ အလားအလာကောင်းသူ နှစ်ဦး ရှိနေတယ်။ သူတို့က နိုက်ကီရဲ့ အကြီးအကဲတာဝန်ကို ပူးတွဲတာဝန်ထမ်းဆောင်နေကြတဲ့ ချာလီ ဒန်စန်နဲ့ မတ် ပတ်ကားတို့ ဖြစ်ပါတယ်။ သူတို့က ကုမ္ပဏီရဲ့ ငယ်မွေးခြံပေါက်တွေ ဖြစ်ကြပါတယ်။ သူတို့က လူသုံးကုန်လုပ်ငန်းမဟာကြီးတွေ ဖြစ်ကြတဲ့ ပရောတာ အင်ဂမ်ဘဲနဲ့ ယူနီလီဗာတို့ သုံးစွဲနေကြတဲ့ ကမ္ဘာ့အဆင့်မီ ဈေးကွက်တင် နည်းနိဿယတွေကို မတတ်ကျွမ်းကြဘူး။ တတ်ပါတယ်ဆိုရင်တောင် တီးမိခေါက်မိရုံ အဆင့်လောက်ပဲ ရှိကြ ပါတယ်။ ဒီတော့ နိုက်အနေဖြင့် အပြင်မှာ လူထွက်ရှာရပါတော့တယ်။ သူ့နေရာကို လူစားထိုးဖို့အတွက် သိုသိပ်လျှို့ဝှက်စွာဖြင့် လူရှာခဲ့ပါတယ်။

          ဆန်ကာတင် စီဗီ ၇၅ စောင်ကို ဖတ်ရှုသုံးသပ်ပြီး အဲဒီအထဲမှ ၁၅ ယောက်ကို သူ ကိုယ်တိုင် လူတွေ့စစ်ဆေးမေးမြန်းခဲ့ပါတယ်။ အဲဒီအထဲကနေ လက်ရွေးစင် ၄ ယောက် ကို ရွေးချယ်ပြီး အကြိမ်ကြိမ် တွေ့ဆုံကာ အကဲခတ်ခဲ့ပါတယ်။ အဲဒီ ၄ယောက်စလုံးဟာ ကမ္ဘာပေါ်မှာ လူသိအများဆုံး လူသုံးကုန် ထုတ်လုပ်မှုလုပ်ငန်းမဟာကြီးတွေမှာ အဆင့် မြင့်ရာထူးတွေနဲ့ လုပ်ကိုင်နေကြသူတွေ ဖြစ်ကြပါတယ်။ အဲဒီ ၄ယောက်ထဲမှ တစ်ယောက်ကို နိုက်က သူ့စိတ်ကြိုက်အဖြစ် ရွေးချယ်လိုက်ပါတယ်။ အရွေးခံရသူ ကတော့ ဘီလ်ပီရက် ဖြစ်ပါတယ်။ သူက လေးစားသမှု အခံရဆုံး စီအီးအိုတွေ စာရင်း ထဲမှာ စာရင်းဝင်သူ ဖြစ်ပါတယ်။ သူက S.C Johnson မှာ ၃၄နှစ်ကြာ လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ S.C Johnson ဟာ ၁၈၈၆ခုနှစ်မှာ ပုဂ္ဂလိကပိုင်ကုမ္ပဏီအဖြစ် ထူထောင် ခဲ့ပြီး ဂျွန်ဆင် ဝက်စ်၊ ဝင်းဒက်စ်၊ ဒရန်နို၊ ပလိဒ် အစရှိတဲ့ အိမ်သုံးကုန်စည် အမှတ်တံဆိပ်တွေ ဒါဇင်ချီပြီး ထုတ်လုပ်နေတဲ့ လုပ်ငန်းကြီးတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာတစ်လွှား လုပ်ကိုင်နေတဲ့ အမေရိကန်ဒေါ်လာ ၆.၅ ဘီလျံတန် လူသုံးကုန် ထုတ်ကုန်ကုမ္ပဏီမှာ ရာထူးအဆင့်ဆင့် တိုးခံရပြီး နောက်ဆုံးမှာ ဦးစီးပဲ့ကိုင် စီအီးအိုအဖြစ် ရောက်ရှိခဲ့ ပါတယ်။ နိုက်ကီကို ခုန်ကူးချိန်မှာ စီအီးအိုအဖြစ် တာဝန်ထမ်းသက် ၈နှစ်သာ ရှိသေး တာကြောင့် သူ့ကို နိုက်ကီရဲ့ ဦးစီးပဲ့ကိုင်အဖြစ် ရွေးချယ်ကြောင်း ကြေညာချက် ထွက်လာတဲ့အခါ နိုက်ကီရဲ့ ဝန်ထမ်းတွေ အံ့ဩကုန်ကြတယ်။ ရင်းနှီးမြှုပ်နှံသူတွေ အနေဖြင့်လည်း လုံးဝ(လုံးဝ)မထင်ထားတဲ့သူ ဖြစ်နေတယ်။ အားကစားအမှီပြု စီးပွားရှာ လုပ်ငန်းနယ်ပယ်မှာလည်း တအံ့တဩ ဖြစ်ကုန်ကြတယ်။

           ပီရက်ဟာ စီအီးအိုအဖြစ် လုပ်ကိုင်ခဲ့ရာမှာ အများက လေးစားရသူ ဖြစ်ပေမဲ့ နိုက်ကီမှာတော့ သူက အပြင်လူဖြစ်နေတာကြောင့် နိုက်ကီကုမ္ပဏီကြီးရဲ့ တာဝန်တွေကို ထမ်းပြီး မာရသွန်ပြေးနိုင်မှာလား။ မာရသွန်ပြေးဖို့အတွက် နိုက်ကီအပြေးဖိနပ်ကို ကြာကြာစီးထားနိုင်မှာလား။ အဟန့်အတားတွေ ရှိနေတာ အမှန်ပါပဲ။ လူဟောင်းတွေ ကြားမှာ သူက နောက်မှပေါက်တဲ့ ရွှေကြာပင်စစ်စစ်ကြီး ဖြစ်နေတယ် မဟုတ်လား။

          ဒါပေမဲ့ နိုက်ကီဟာ စီမံခန့်ခွဲမှု လုပ်နည်းကိုင်ဟန်တွေကို ကျွမ်းကျင်ပိုင်နိုင်သူ ပီပီသသ ဖြစ်စေဖို့နဲ့ ထုပ်ပိုးရောင်းချတဲ့ လူသုံးကုန် ဈေးကွက်တင်ခြင်း၊ ကုန်စည်သစ် ထုတ်လုပ်ခြင်းနဲ့ ဈေးကွက်သုတေသနတွေ လုပ်ကိုင်ရာမှာ စနစ်ကျနခြင်းတွေ ရှိစေဖို့ အတွက် ပီရက်ကို ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။

          ပီရက်ကို ရွေးချယ်ခန့်အပ်လိုက်ပေမဲ့ ဥက္ကဋ္ဌနေရာမှာ နိုက်က ဆက်ရှိနေတာ ကြောင့် ပီရက်အနေဖြင့် ဦးစီးပဲ့ကိုင်အဖြစ် ပြည့်ပြည့်ဝဝ လုပ်ကိုင်ခွင့် ရကောရရဲ့လား ဆိုတာ တွေးစရာ ဖြစ်နေရပါတယ်။ တကယ်လက်လွှဲပေးမှာလား ဆိုတာအတွက်ကြောင့်ကြစရာ ဖြစ်နေရပါတယ်။ အခိုင်အမာ တည်ရှိနေပြီးသားဖြစ်နေတဲ့ ကုမ္ပဏီရဲ့ ယဉ်ကျေးမှုဓလေ့တွေဟာ သူ့အတွက် သူစိမ်းပြင်ပြင် ဖြစ်နေတဲ့ အဟန့်အတားကိုကျော်လွှားပြီး ထဲထဲဝင်ဝင် ပျော်ဝင်ပေါင်းစပ်နိုင်ဖို့ လိုအပ်နေပါတယ်။ ကုမ္ပဏီရဲ့ အစဉ် အလာယဉ်ကျေးမှုမှာ အပြင်လူကို ရာထူးမြင့်မြင့် ပေးလေ့ပေးထ မရှိပါဘူး။ ကိုယ်ကျင်လည်ရာ ဈေးကွက်မှာ ဦးဆောင်ဦးရွက်နေရာကို ရထားတဲ့ တခြားကုမ္ပဏီကြီးတွေ မှာတော့ ဘဏ္ဍာရေးအရာရှိချုပ်လို ရာထူးကြီးကြီးတွေကို အပြင်ကလူတွေ ခေါ်ခန့်ကြ ပေမဲ့ နိုက်ကီမှာတော့ မရှိသလောက် ရှားပါတယ်။

          “နိုက်ကီရဲ့ ထုံးတမ်းဓလေ့က တစ်သီးတစ်သန့်ကြီး ဖြစ်နေတာကြောင့် ကောင်းချက် တွေ ရှိနေသလို ညံ့ချက်တွေလည်း ရှိနေပါတယ်။ အကြောင်းသိသူတွေချည်း ဖြစ်နေကြ ပေမဲ့ သေကောင်ပေါင်းလဲ ဖြစ်စေမဲ့ ခြေလှမ်းအမှားမျိုးကို လှမ်းမိဖို့ လွယ်ကူနေစေပါတယ်”

          လို့ နိုက်ကီရဲ့ အဆင့်မြင့် အရာရှိကြီးတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

          တစ်နှစ်တာ ကာလအတွင်းမှာ နိုက်နဲ့ ပီရက်တို့နှစ်ဦးဟာ တစ်ယောက်အကြောင်း တစ်ယောက်သိဖို့ တွေ့ဆုံမှုတွေ လုပ်ခဲ့ကြတဲ့အပြင် နှစ်ကြိမ်တိုင်တိုင် ညစာအတူစားရင်း စကားစမြီ ပြောဆိုခဲ့ကြပါတယ်။ သူတို့က စီမံခန့်ခွဲမှု သဘောတရားတွေကို ပြောဆိုခဲ့ကြ ပါတယ်။ အမှတ်တံဆိပ် နာမည်ရဖို့ကိစ္စတွေကိုလည်း မိမိကျင်လည်နေတဲ့ လုပ်ငန်း နယ်ပယ်ရဲ့ ထုံးတမ်းဓလေ့ရှုထောင့်မှ ပြောဖြစ်ခဲ့ကြပါတယ်။ ပြီးတော့ နိုက်ရဲ့ ကုမ္ပဏီ အတွက် မြော်မြင်မှုနဲ့ သူတို့နှစ်ဦး ဘယ်လိုလက်တွဲပြီး လုပ်ကိုင်ကြမလဲဆိုတာတွေကို လည်း တိုင်ပင်ဖြစ်ခဲ့ကြပါတယ်။ တစ်ခုသော ညနေမှာတော့ နိုက်က ပီရက်နဲ့ ဇနီးသည် တို့ရဲ့ အိမ်ကို အလည်အပတ် သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ စီအီးအိုအဖြစ် နိုက်ကီမှာ လာရောက်လုပ်ကိုင်ဖို့ နိုက်ရဲ့ ကမ်းလှမ်းချက်ကို ပီရက်က လက်ခံသဘောတူခဲ့ပါတယ်။

          ပီရက်ရဲ့ လက်ရှိ အလုပ်အကိုင်မှာ ရှိနေတဲ့ ထုံးတမ်းဓလေ့တွေနဲ့ နိုက်ကီရဲ့ အစဉ် အလာထုံးတမ်းဓလေ့တွေ မတူကြတဲ့အပြင် လုပ်ငန်းနယ်ပယ်လည်း တခြားစီဖြစ်နေပေမဲ့ သူ နှစ်အတန်ကြာ လုပ်ကိုင်ခဲ့စဉ် ရရှိထားတဲ့ ဈေးကွက်တင်ခြင်း၊ စီမံခန့်ခွဲခြင်းနဲ့ အမှတ်တံဆိပ် ထူထောင်ခြင်း အတွေ့အကြုံတွေဟာ နိုက်ကီမှာ အသုံးတည့်လိမ့်မယ်လို့ ပီရက်က ယူဆတာကြောင့် စီအီးအို လုပ်ဖို့ အပြီးအပြတ် ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါ တယ်။

          “နိုက်ကီရဲ့ လူတွေဆီက ကျွန်တော်သင်ယူပြီး ဓလေ့ထုံးတမ်းတွေကို နားလည် အောင် ကျွန်တော် လုပ်မယ်။ ကျွန်တော် မလုပ်ချင်ဆုံးကတော့ ဓလေ့ထုံးတမ်းတွေ ပြိုပျက်စေမယ့် လုပ်ရပ်တွေပါပဲ”

           လို့ သူက အတိအလင်း ပြောခဲ့ပါတယ်။

           ရည်ရွယ်ချက်လည်း ကောင်းပါတယ်။ နှစ်ဘက်စလုံးကလည်း ကြိုးစားအားထုတ်ခဲ့ ကြပါတယ်။ ဒါပေမဲ့ အဆင်မချောခဲ့ပါဘူး။