Skip to product information
1 of 2

Other Websites

ဒဂုန်ရွှေမျှား - ဘ၀မုန်တိုင်းနှင်းမုန်တိုင်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ထိုနေ့တွင် 'ဂျူးလီယံဂုတ်”သည် မိမိ၏ အဖြစ်ကို အလွန်ပင် အံ့ဩမိ ၏။ အဘယ်ကြောင့်ဆိုသော် သူသည် မည်သို့မျှ မမျှော်လင့်ဘဲ မိမိအား မှောင်ခို ကုန်သည်တစ်ဦးက အကျဉ်းသားအဖြစ်ဖြင့် ပြင်သစ် ကက္ကူလှေတစ်စင်းပေါ်တွင် သူ၏ဇာတိဖြစ်သော အင်္ဂလန်မှ အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ကာ ပြင်သစ်နိုင်ငံ သို့ ခေါ်ဆောင်သွားခြင်း ခံရသောကြောင့် ဖြစ်လေသည်။

အံ့သြရခြင်းမှာ လွန်ခဲ့သော နာရီအနည်းငယ်က သူသည် ယခုကဲ့သို့ သူ၏ဘဝရုတ်ခြည်းပြောင်းလဲသွားမည်ကို အိပ်မက်မျှပင် မမက်ခဲ့ချေ။ သာယာ သော ထိုနေ့ညနေချမ်းက ချိုင်းကြားတွင် အမဲပစ်သေနတ်တစ်လက်ကို ညှပ်ကာ တောအုပ်ထဲသို့ ပျော်ရွှင်စွာ ယုန်ပစ်ထွက်ခဲ့စဉ်က ဖြစ်လေသည်။

သူသည် အင်္ဂလိပ်လူမျိုးတစ်ယောက် ဖြစ်သည့်အားလျော်စွာ အင်္ဂလိပ် နှင့် ပြင်သစ်တို့ စစ်ဖြစ်နေသော ယခုကဲ့သို့ အချိန်မျိုးတွင် မည်သည့်ပြင်သစ် လူမျိုးကမဆို သူ့ အား ရန်သူ တစ်ယောက်ဟု ယူဆပေတော့မည်။ ထို့ပြင် သူ့ အား ယခုဖမ်းလာသည့် မှောင်ခိုကုန်သည်များကလည်း ပြင်သစ်အာဏာပိုင်များ လက်သို့ မုချ ပေးအပ်တော့မည် ဖြစ်သဖြင့် အပြစ်မရှိဘဲ အကျဉ်းသားဘဝသို့ ရောက်ရပေတော့မည်။

အမှန်တော့ မှောင်ခိုကုန်သည်များမှာ ပင်ကိုယ်စရိုက်ကြမ်းတမ်းသူ များ မဟုတ်ကြချေ။ မတတ်သာ၍သာ သူ့ အား ဖမ်းဆီးလာခဲ့ခြင်း ဖြစ်၏ ။ သူ့အား သတ်မည်ဆိုက ယခု လှေပေါ်တွင် အချိန်မရွေး သတ်ပစ်နိုင်လေသည်။

ထိုအချိန်သည်ကား ပြင်သစ်နှင့် အင်္ဂလိပ်တို့ စစ်မတိုက်ကြသေးသော် လည်း တစ်ဘက်နှင့်တစ်ဘက် စောင်၍ နေသောအချိန် ဖြစ်၏။ တိုင်းပြည်တစ် ပြည်တွင် ရှားပါးသည့်ကုန်နှင့် အခြားတိုင်းပြည်တစ်ပြည်တွင် ပိတ်ပင်ထားသော ကုန်များကို မှောင်ခိုကူးသန်းရောင်းဝယ်ခြင်းဖြင့် အမြတ်အစွန်း ခပ်မျက်မျက် ရနေကြလေသည်။

ဤကဲ့သို့ လျှို့ဝှက်မှောင်ခိုကူးနေသည့် ဂိုဏ်းနှင့်မှ ဂျူးလီယံဝှတ်မှာ တိုက်တိုက်ဆိုင်ဆိုင်ပင် ခလုတ်တိုက်မိခဲ့၏။ မှောင်ခိုကုန်သည်တို့၏ ပစ္စည်းများ သိုဝှက်ရာဌာနနှင့် ပစ္စည်းများ ခိုးထုတ်ရာ နေရာဖြစ်သည့် လျှို့ဝှက်စခန်းကို ဂျူလီယံသည် မမျှော်လင့်ဘဲ တွေ့ခဲ့ရ၏။ ထို့ကြောင့်ပင် မှောင်ခိုကုန်သည်တို့က သူ့အား ပြန်မလွှတ်တော့ဘဲ ပြင်သစ်နိုင်ငံသို့ တကူးတက ခေါ်ဆောင်လာခဲ့ကြ ခြင်း ဖြစ်၏။ အကယ်၍ ဂျူးလီယံအား ပြန်လွှတ်လိုက်မည်ဆိုက တစ်ဂိုဏ်းလုံး ဒုက္ခရောက်ရပေတော့မည်။  " အထက်ပါ အဖြစ်အပျက်များသည် သူ၏ဘဝကို လုံးဝ ပြောင်းလဲ သွားစေတော့၏။ သူ၏ စိတ်ကူးများသည်လည်း မိုင်ပေါင်းမြောက်မြားစွာ ဝေး၍ သွားသကဲ့သို့ ရှိတော့၏။ အင်္ဂလန်မှ ရုတ်တရက် သူပျောက်သွားခြင်းမှာ သူ၏ မွေးရပ်ဌာနေသို့ ပြန်လည်ရောက်နိုင်တော့မည်မဟုတ်ဟု အောက်မေ့မိ၏။ သူ ကိုယ်တိုင် မကျူးလွန်ခဲ့ရသော လူသတ်မှုကို မည်သည့်နည်းနှင့်မျှ သူ ရှင်းလင်းပြ နိုင်ခွင့်ရတော့မည် မဟုတ်ပေ။ ဤအချက်သည်ပင် သူ့အား ထမင်းလုံးတစ္ဆေခြောက်သကဲ့သို့ ခြောက်လှန့်၍နေတော့၏။လွန်ခဲ့သောတစ်ပတ်ကပင် ချစ်ရည် လူးခဲ့သော ပြည်သူ လှပျိုဖြူ အချစ်ဦးကလေး “စတီဖင်” နှင့် ပြန်လည်တွေ့ ဆုံရန် အကြောင်းမရှိတော့ချေ။ ဂျူးလီယံသည် အထက်ပါ အကြောင်းများကို စဉ်းစားမိတိုင်း ဆိုးရွားလှသော သူ၏ဘဝကို အားမလို အားမရ ဖြစ်ကာ စိတ် ဒုက္ခရောက်၍နေလေသည်။

ဤအရှုပ်အထွေးမစမီက ဂျူလီယံတို့၏ အိမ်ထောင်စုမှာ နိုင်ငံရေး အရှုပ်အထွေးမရှိ။ မတောင့်မတ မကြောင့်မကျနေနိုင်၏။ ဂျူးလီယံ၏အသက်မှာ ၂၂ နှစ်မျှသာ ရှိသေး၏။ စတီဖင်က ၂၁ နှစ်၊ ဂျူးလီယံ၏ညီ ဖရန့်” မှာ ၁၉ နှစ် သာ ရှိသေး၏။ သူတို့ညီအစ်ကိုသည် အဒေါ်ဖြစ်သူနှင့် တရားဝင်အုပ်ထိန်းသူ လည်း ဖြစ်သူ မစ္စက် ထရောဘတ်” နှင့် “ဝေမောက်" မြို့ တွင် အတူနေထိုင်ကြ၏။ ထိုအချိန်က သူ၏ချစ်ဦးသူ စတီဖင်မှာ အိမ်နီးနားချင်းတစ်ယောက် ဖြစ်လေ သည်။

ဂျူလီယံတို့၏ဖခင် 'ကာနယ်ဝှတ်”မှာ သူတို့ ငယ်စဉ်ကပင် ကွယ်လွန် ခဲ့ရာ သူတို့အတွက် လူချင်းတူတူ သူချင်းမျှမျှ နေနိုင်စေရန် ငွေကြေးအမွေ လုံလောက်စွာ ထားခဲ့၏။ မိခင် 'မစ္စက်ဝှတ်' မှာမူ ဖရန့်ကို မွေးဖွားပြီးနောက် မီး တွင်းထဲ၌ပင် ကွယ်လွန်ရှာခဲ့၏။

“ဖရန့်မှာ အသက် ၁၉ နှစ် ပြည့်သည့်နှစ်၌ စစ်တပ်တွင် နိုင်ငံရေးဆိုင်ရာ ရာထူးအတွက် လျှောက်လွှာတင်ပြီးဖြစ်၏။ ထိုအချိန်ထိ ဂျူလီယံမှာမူ အလုပ် အကိုင်ဟူ၍ မယ်မယ်ရရ မရှိ နောင်ရေးအတွက်လည်း မတွေ၊ သူ၏ ဝါသနာ အတိုင်း စိုက်ပျိုးရေး မွေးမြူရေးလုပ်ရန်သာ စိတ်ကူးနေသူ ဖြစ်၏။ သို့သော် ဖခင်ဖြစ်သူ ရှာဖွေစုဆောင်းထားခဲ့သည့် အမွေပစ္စည်းများကို အရင်းအနှီး အဖြစ် သုံး၍ ဥယျာဉ်ခြံမြေ ဝယ်ယူရမည့် အရေးကိုမူ ရင်လေးနေမိသဖြင့် လုပ်ငန်း မဖြစ်သေးဘဲ အခါအခွင့်ကောင်းကို စောင့်နေရင်း ချစ်ဦးသူစတီဖင်နှင့်သာ ရွှေ လက်တွဲရန် စိတ်ကူးယဉ်လျက် အချိန်များကို ကုန်လွန်စေခဲ့လေသည်။

ထိုစဉ်က တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရှားပါးကုန်များကူး၍ ကောင်းသည့် နေရာမှာ အင်္ဂလန်ပြည်တောင်ပိုင်းကမ်းခြေတစ်လျှောက်လုံး ဖြစ်၏။ အဓိကကျ သော နေရာမှာ 'ဒေါဆက်' နယ် ဖြစ်၏။ မှောင်ခိုကုန်သည်များသည် ဂိုဏ်းများ ဖွဲ့ ကာ ကက္ကူလှေကြီးများဖြင့် ညစဉ်ညတိုင်း ဥဒဟို ဝင်ထွက်သွားလာလျက် ရှိကြ ၏။ မှောင်ခိုဖမ်းဆီးရေးအဖွဲ့တို့မှာ အခါတိုင်းလိုလိုပင် သူတို့အား တစ်ပတ်ရိုက်၍ သွားသည်များကို မခံမရပ်နိုင်လောက်အောင် ဒေါပွလျက်ရှိနေကြကုန်၏။ မြောက် ဘက်မှ တောင်ဘက်ရှိ 'ပုတ်လင်း' အထိ ကျယ်ပြန့်သော ကမ်းရိုးတန်းကြီးမှာ မှောင်ခို လှေတို့အတွက် အခွင့်အရေးကြီးပင် ဖြစ်တော့၏။ ဤသို့ဖြင့် မှောင်ခို သမားများ အား ပိတ်မနိုင်ဆီးမရလောက်အောင် ဖြစ်နေတော့၏။ မှောင်ခိုကုန်များ ရှာဖွေ၍ ယင်းတို့အား ရှာဖွေဖမ်းဆီးရေးတာဝန်ခံ ကပ္ပတိန် “ဒေါင်းနင်း' ကမူ အင်္ဂလိပ်ရေလက်ကြားကို ပိတ်နိုင်သူရှိပါက သူ၏ တစ်နှစ်စာ လစာငွေကို ဝမ်း မြောက်စွာပေးပါမည်ဟုပင် ပြောဆိုလျက်ရှိနေ၏။

ဤသို့ဖြင့် မှောင်ခိုလှေတစ်စုသည် မည်သည့်အချိန် မည်သည့်နေရာမှ ထွက်မည်ဟု သတင်းအတိအကျရသည့်တိုင် သူ့အတွက် နောက်ကျခဲ့လေပြီ။ သို့နှင့် ကပ္ပတိန် ဒေါင်းနင်း က -

ဒီအင်္ဂလန်ကမ်းခြေတစ်လျှောက်မှာ နေထိုင်ကြတဲ့ လူတစ်ဝက် လောက်ဟာ မှောင်ခိုသမားတွေနဲ့ အမြဲတမ်း မဟာမိတ်ဖြစ်နေကြတယ်။ ဒါကြောင့် ကျုပ်ရတဲ့ သတင်းတွေဟာ အမှားချည်းပဲ။ အတိအကျမှန်တဲ့သတင်းကို ရပြန်ရင်လည် အမြဲတမ်း နောက်ကျနေတတ်တယ်။ ဝေမောက်မှာရှိတဲ့ လူတွေ ကိုယ်နှိုက်က မှောင်ခိုသမားတွေနဲ့ ပေါင်းပြီး စီးပွားဖြစ်နေကြတော့ မှောင်ခိုကုန် သည်တွေကို အမြဲတမ်း ကာကွယ်တတ်ကြတယ်။ ဒီတော့ ကျုပ်တို့ကို လိမ်ကြ တာပေါ့”ဟု မကြာခဏ ပြောဆိုလေ့ရှိလေသည်။

အင်္ဂလန်နှင့်ပြင်သစ်တို့ ၏ ရှည်လျားလှ သော စစ်ပွဲကြီးကြောင့် အင်္ဂလန်တွင် ပြင်သစ်ဝိုင်အရက်များ၊ လက်ဝတ်လက်စားများ၊ ပိုးထည်များ သိသိ သာသာ ရှားပါးလာ၏။ အင်္ဂလန်ကလည်း ယင်းပစ္စည်းများကို မတင်သွင်းနိုင်အောင် ပိတ်ပင်ပြီးလျှင် မသွင်မဖြစ်သည့်ကုန်များကိုသာ အဆမတန် အကောက် ခွန်ကောက်၍ ခွင့်ပြုခဲ့၏။ အင်္ဂလန်မှ ကြွယ်ဝချမ်းသာသော သူဌေးများပင်လျှင် အကောက်မဲ့ပစ္စည်းများကို ဈေးချောင်သဖြင့် ဝယ်ယူတတ်ကြလေသည်။

ဤသို့ဖြင့် မှောင်ခိုသမားများ ဝိုင်းဖွဲ့၍ စကားပြောရာတွင် ဖမ်းဆီး သူများအား မိမိတို့ မည်ကဲ့သို့ တစ်ပတ်ရိုက်လိုက်ကြောင်းများကိုသာ အသားယူ ၍ ပြောတတ်ကြ၏။ ဤကဲ့သို့ အပေါင်းအသင်းများကြားတွင် ဂျူးလီယံလည်း တစ်ယောက်အပါအဝင်ဖြစ်၏။ သို့သော် သူသည် မှောင်ခိုကုန်သည်များနှင့် တိုက်ရိုက်ပေါင်းဖော်ခြင်း မပြုဘဲ ၎င်းတို့အား ကူညီနေသည့် တံငါသည်များ နှင့်သာ ပေါင်းခြင်းဖြစ်၏။ မှောင်ခိုကုန်သည်များကို တံငါသည်များက နည်းလမ်း အမျိုးမျိုးဖြင့် ကူညီကာ အခကြေးငွေရရှိကြလေသည်။

တံငါသည်တစ်ဦးက သူ၏ စွန့်စားခန်းတစ်ခုကို ပြောပြရာတွင် ဂျူလီ ယံမှာ စွန့်စားလိုသူ လူငယ်တစ်ဦးပီပီ အလွန်သဘောကျခဲ့၏။ ထိုတံငါသည် ၏ အလုပ်တာဝန်မှာ ဖမ်းဆီးသူတို့ အား ပင်လယ်ထဲမှနေ၍ မှောင်ခို လှေ ဟန်ဆောင်ပြီးလျှင် မီးဖြင့် လိမ်လည် အချက်ပြရုံသာ ဖြစ်၏။ ထိုအခါ မှောင်ခိုလှေ တစ်စင်းမှ မီးပြသည်ထင်ပြီး အကောက်အရာရှိများသည် မော်တော်ဘုတ်များ ဖြင့် လိုက်ကြသောအခါ ထိုလှေမှာ တံငါလှေဖြစ်နေကြောင်း တွေ့ကြရတော့၏။ သို့နှင့် ဖမ်းဆီးရန်ခက်နေ သဖြင့် လွှတ်လိုက်ရတော့၏။ ထိုအချိန်ပိုင်းအတွင်း မှောင်ခိုလေ့တို့မှာ ကမ်းခြေမှ အလွယ်တကူပင် ထွက်သွားနိုင်ကြလေသည်။

ဂျူလီယံ ။ ။ “အင်မတန်ကောင်းတဲ့ လှည့်ကွက်ကလေးပဲဗျို့။ ကျွန် တော်လည်း ဒီလိုစွန့်စားခန်းမျိုးတော့ ဝါသနာပါပါ့ဗျား တစ်နေ့တော့ သူတို့နဲ့ ပေါင်းပြီး စွန့်စားချင်ပါတယ်" ။

- တံငါသည် ။ ။ “ဒီလိုဆိုရင် ကျွန်တော့်မိတ်ဆွေ မှောင်ခိုလှေတစ်စင်းနဲ့ ကျွန်တော် ဆက်သွယ်ပေးနိုင်ပါတယ်။ ကျွန်တော်က ထောက်ခံရင် ခင်ဗျားကို အလွယ်တကူ လက်ခံကြမှာပါပဲ။ အလုပ်ဆိုတာ နေ့တိုင်းလည်း တနင်္ဂနွေနေ့ မဟုတ်ဘူးနော်။ ကျွန်တော်တို့တစ်တွေ ဘယ်လောက်ပဲလှည့်စားနိုင်ပေမဲ့ သူတို့ ဘက်က ပိုင်တဲ့အခါကျရင်တော့ ကျုပ်တို့တစ်တွေ ကွီခနဲ မိမှာပဲ။ ကပ္ပတိန် ဒေါင်းနှင်က အလုပ်လုပ်တဲ့နေရာမှာ အင်မတန် ပညာသားပါတယ်။ ဒီလိုအခါ မျိုးကျရင် မှောင်ခိုသမားတွေ ခုခံကြမှာပဲ။ ရုန်းရင်းဆန်ခတ် ဖြစ်တဲ့အခါမှာ ကိုယ့် အသက် စတေးခံရတာလည်း ရှိသေးတယ်”

“ကျွန်တော် စွန့်စားချင်ပါတယ်။ ကျွန်တော့်စကားကို မပြင်ပါဘူး” ထို့နောက် တံငါသည်ကြီးက ဆက်လက်၍ -

“ညကိုလည်း ပျမ်းမျှချင်း မှောင်ခိုကက္ကူ လှေ ၃ စင်းလောက် အမြဲ ထွက်နေတယ်။ အဲဒီအထဲ အင်္ဂလိပ်လှေက ၂ စင်း၊ ပြင်သစ်လှေက ၁ စင်းပါတယ်။ လှေသားတွေကတော့ အင်္ဂလိပ်ရော ပြင်သစ်ရော ရောနေတယ်။ အများအားဖြင့် တိုက်ရည်ခိုက်ရည် ကောင်းမှ လှေပေါ်မှာ လက်ခံကြတယ်။ အရေးကြုံရင်လည်း တိုက်ရမယ်။ ခိုက်ရမယ်။ လက်နက်အပြည့်အစုံပါတယ်။ ဒါပေမဲ့ အစိုးရဘက် သားတွေနဲ့ ဒက်ထိမတိုးမချင်း မတိုက်ကြပါဘူး။ သူတို့ကို မိသွားရင် ကြိုးစင် တက်ရမယ်ဆိုတာ သူတို့ သိသားပဲ။ ပြင်သစ်သင်္ဘောသားတွေ့တော့ သူတို့ကို မိသွားရင် ထောင်နှစ်ရှည်ကျရုံပဲ၊ အင်္ဂလိပ်သင်္ဘောသားတွေကတော့ ဘုရင်ရဲ့ သစ္စာတော်ခံပြီး အင်္ဂလိပ်သင်္ဘောပေါမှာ အမှုထမ်းရတယ်"

“ကျွန်တော် သဘောတူပါတယ် ဘီလီ"

ဂျူးလီယံက ပထမဦးဆုံးအကြိမ် တံငါသည်အမည်ကို ခေါ်၍ ပြော လိုက်၏။

“နောက်တစ်ခေါက် ဘယ်ကက္ကူလေ့ ထွက်ဦးမယ်ဆိုတာသာ သိပါရ စေ။ ကျွန်တော်လည်း ခင်ဗျားနဲ့အတူ စွန့်စားချင်ပါတယ်။

“ဒီလိုဆိုရင် ခင်ဗျား သိသင့်တဲ့လူတစ်ယောက် အကြောင်း ခင်ဗျားကို သတိပေးထားရဦးမယ်။ ကျုပ်တို့ မှောင်ခိုသမားတွေ အကြောက်ဆုံးကတော့ တရားသူကြီး 'ဖာကနာ' ပဲ"

ထို့နောက် ဘီလီက ဆက်လက်၍ အင်္ဂလန်ကမ်းခြေမြို့များမှ တရား သူကြီးများမှာ မှောင်ခိုလုပ်ငန်းကို ဂရုမစိုက်ကြသော်လည်း တရားသူကြီး  ဖော့ကနာမှာ ဖမ်းဆီးရေးအရာရှိ ကပ္ပတိန်ဒေါင်းနင်းကဲ့သို့ ပင် စိတ်ဝင်စားကြောင်း ပြော၍ ထိုတရားသူကြီးဖော့ကနာအား သိမသိ မေးမြန်းရာ ဂျူလီယံက မိမိ သိကြောင်း၊ သို့သော် မြင်ရုံသာမြင်ဖူး၍ မရင်းနှီးကြောင်း ပြောပြလေသည်။

“ဒီလူက ချမ်းလည်း ချမ်းသာတယ်။ ကိန်းခန်းလည်း ကြီးတယ်။ လွန်ခဲ့တဲ့ လေးနှစ်လောက်က မှောင်ခိုသမားတစ်စုဟာ သူ့ အိမ်ကို အတင်းဝင်စီးဖို့ ကြံစည်ဖူးတယ်။ အဲဒီအခါ တိုက်ခိုက်ကြတော့ သူ့အိမ်က အစောင့် ၂ ယောက် သေပြီး မှောင်ခိုဘက်က ၃ ယောက်ကျသွားတယ်။ ၂ ယောက် အဖမ်းခံရတယ်။ အဖမ်းခံရတဲ့ မှောင်ခိုသမားတွေကို လူသတ်မှုနဲ့ချက်ချင်း ကြိုးပေးပစ်တယ်။ ဒီ အချိန်ကစပြီး မှောင်ခိုသမားတွေနဲ့ သူနဲ့ကတော့ ကမ္ဘာ့ရန်သူပဲ။ သူက သူနိုင် တဲ့လူကို ညှဉ်းပန်းပေမဲ့ သူခံရတော့မယ်ဆိုရင်တော့ သိပ်ကြောက်တယ်။ ညနေ စောင်းရင် အိမ်ပြင်ကို မထွက်ဘူး။ ဒါပေမဲ့ မှောင်ခိုလှေတစ်စင်းရဲ့ သကင်း ကြား တယ်ဆို ရင်တော့ အဲဒီနေရာကို သူရောက်လာတာပဲ။ သူ့မှာလည်း ပစ္စတို တစ် လက် အမြဲဆောင်ထားတယ်။ သူ့ရုံးကို ရောက်သွားရင် တရားသူ အများစု က လွှတ်ပေးလိုက်မဲ့ သူကတော့ ဘယ်တရားခံကိုမှ မှားမှားမှန်မှန် လွှတ် မပေးဘူး။ အားလုံးကို ထောင်ချပစ်တာပဲ။ သူ့ဘက်ကတော့ မှန်တာချည်းပေါ့လေ။ ကျွန်တော့်စကားကို ခင်ဗျား မှတ်ထား။ ဒီငနဲကြီးဟာ တစ်နေ့နေ့တော့ အသတ်ခံရလိမ့်မယ် ။

ထို့နောက် ဂျူးလီယံသည် နောက်ထပ် သုံးလေးကြိမ်မျှ ဘီလီနှင့်အတူ မှောင်ခိုကုန်သည်တို့၏ဘဝကို တစေ့တစောင်း လေ့လာခဲ့၏။

ဘီလီ၏ အပေါင်းအသင်းများမှာ အများအားဖြင့် တံငါသည်များ ဖြစ်ကြသဖြင့် ဤကဲ့သို့ လူကုံထံတစ်ယောက်နှင့် ပေါင်းသင်းနေသည်မှာ အထူး အဆန်းတစ်ခု ဖြစ်နေ၏။ ဝေးမောက်မှာ ကမ်းခြေနှင့် မဝေးလှသောကြောင့် ဂျူလီယံနှင့် ဘီလီတို့သည် မကြာခဏ အတူတွဲ၍ သွားတတ်ကြလေသည်။

ထိုအခါမျိုးတွင် အမျိုးအမည်မသိသော ကုန်ပစ္စည်းများကို လှည်းများ ဖြင့် လူအချို့က တိုက်နေသည်ကို တွေ့ရ၏။ အမှန်သော် မှောင်ခိုကုန်သည်များ အား ကူညီနေသည့် တံငါသည်မှာ မများလှချေ။ ရေလမ်းမှ ရောက်ရှိလာသည့် ကုန်ပစ္စည်းများကို ကုန်းပိုင်းအတွင်းဘက်သို့ ဆွေမျိုးဉာတိ မိတ်သင်္ဂဟများ ကပါ ကူညီသယ်ဆောင်ပေးကြရာ အစိုးရဘက်မှ ရိပ်မိမည်စိုးသဖြင့် အများ အားဖြင့် ညပိုင်း၌သာ မီးမထွန်းဘဲ သယ် ဆောင်ကြ၍ အခကြေးငွေကလည်း မျက်မျက်ကလေး ရရှိကြလေသည်။

သယ်ဆောင်ရမည့် ပစ္စည်းများမှာလည်း စည်ပိုင်းများဖြင့် ထည့်ထား သည့် ဝိုင်အရက်များဖြစ်သောကြောင့် အလွန်လေးလံ၍ သယ်ဆောင်ရန် မလွယ် ကူလှချေ။ လမ်းများမှာ အလွန်ကြမ်းတမ်း၍ အချို့ နေရာများတွင် မတ်စောက်သော ကုန်းမြင့်ပေါ်မှ အောက်သို့ချကြရ၏။ တစ်ဖန် အပေါ်သို့ပြန်၍ တင်ရသည် လည်း ရှိ၏။

“ မှောင်ခိုကုန်ကူးခြင်း၊ သယ်ဆောင်ခြင်းကိစ္စတို့မှာ အသက်ပေး၍ လုပ် ကြရသောကြောင့် လုပ်ခထက်ပင် အဖိုးတန်သည် ဆိုရပေမည်။ သို့ သော် လွတ် မြောက်သွားသောအခါ သယ်ဆောင်သူများမှာ ကုန်သည်တို့ ရရှိသည်ထက်ပင် ပိုရရှိသဖြင့် ကျေနပ်ကြလေသည်။

ဘီလီက ခေါ်သွားသဖြင့် ဂျူလီယံမှာ ထိုမှောင်ခိုကုန်သည်များ သယ် ဆောင်သည့် တောင်ကြားလမ်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်၏။ ထိုနေရာများသို့ သွား ရောက်လေ့လာတိုင်း ဂျူးလီယံမှာ တံငါသည်များ ဝတ်သည့် ကြမ်းတမ်းသော အဝတ်အစားများကို ဝတ်သွားလေ့ရှိ၏။ ထိုအခါမျိုး၌ လူအချို့တို့သည် ပိတ်စ

ထုပ်ကြီးများကိုလည်းကောင်း၊ အရက်စည်ကြီးများကိုလည်းကောင်း တောင် ကြားလမ်းအတိုင်း တောင်ကြောပေါ်သို့ ကျောပိုးတက်နေကြသည်ကို မြင်ရ၏။ ခိုးကြောင်ခိုးဝှက် လုပ်ရသဖြင့် လျင်မြန်ဖျတ်လတ်ကြ၏။

ထို့နောက် တောင်ကြောမှတစ်ဆင့် ခဲရာခဲဆစ် ဆင်းကြရပြန်၏။ မြေညီသို့ရောက်ကြသောအခါ အသင့်စောင့်နေသော လှည်းများ မြင်းများပေါ်သို့ တင်ပေးပြီးနောက် လိုရာခရီးသို့ သယ်ဆောင်ကြ၏။ ဤနေရာတွင် အထမ်း သမားများ၏ တာဝန်ပြီးဆုံးလေပြီ။

ဂျူးလီယံနှင့် ဘီလီတို့မှာ မိမိတို့အား သင်္ကာမကင်း မဖြစ်စေရန် အထုပ် များကို လှည်းများပေါ်သို့ ဝိုင်းဝန်းကူညီတင်ပေးကြရ၏။ ဤသို့ဖြင့် ၎င်းတို့နှစ် ယောက်အား မှောင်ခိုပရိသတ်အဖြစ်ဖြင့်သာ အသိအမှတ်ပြုကြ၏။

ပထမဆုံးအကြိမ် ဘီလီက သူ့အား ထိုနေရာသို့ ခေါ်သွားစဉ်က -

“ခင်ဗျားကို ဘယ်သူကမှ စကားမပြောမချင်း ခင်ဗျားကလည်း စကား တစ်လုံးမှ မပြောတာ အကောင်းဆုံးပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တစ်တွေ ဒုစရိုက်မှု ကျူးလွန်နေကြတဲ့အချိန်မှာ ခင်ဗျားတို့လို လူကောင်းသူကောင်းတွေက ကိုယ့်အိမ်မှာကိုယ် အိပ်နေကြတယ် မဟုတ်လား။ အမှောင်ထဲမှာ မျက်နှာအုပ်ပြီး အလုပ်လုပ်နေကြတော့ တစ်ယောက်ကိုတစ်ယောက် မသိကြတာက များတယ်။

နို့ပေမဲ့ အသံကို တော့ ကျက်မိကြတယ်။ သူတို့ ကျက်မိနေတဲ့ အသံ မဟုတ်ရင်တော့ မလွယ်ဘူး။ ခင်ဗျား အမြဲသတိထားရမှာက သူတို့ချင်း အချက် ပေးတဲ့အသံပဲ။ အဲဒီအသံ ကြားရင် ခင်ဗျား ကိုယ်လွတ်ရုန်းပြေးပေတော့။ အဲဒါ ဖမ်းဆီးမယ့်လူတွေ ရောက်လာပြီလို့ အချက်ပေးတဲ့အသံပဲ။ ကျွန်တော်လည်း ပြေးမှာပဲ။ လုပ်ငန်းထဲမှာ အရင်းအနှီးစိုက်ထားတဲ့ လူတွေသာ ခုခံတိုက်ခိုက်ကြ မယ်”ဟု ဘီလီက တဖွဖွ ပြောသော စကားများကို ပြန်လည် သတိရနေမိတော့၏။

သူ့အား ဖမ်းမိသွားစဉ်အခါက သူသည် ရှောင်တိမ်းချိန်မရ၊ ထွက်ပြေး ချိန်လည်း မရခဲ့ချေ။ မှောင်မိုက်သော ညတစ်ညတွင် သူနှင့် ဘီလီ တို့ သည် မှောင်ခိုကုန်သည်တို့ စုဝေးရာ တောင်ကြားဒေသသို့ ထွက်လာခဲ့ကြ၏။ သူတို့ ရောက်သွားသောအချိန်တွင် မှောင်ခိုကုန်များကို လှည်းနှင့် မြင်းများပေါ်သို့ တစ် ဝက်တစ်ပျက် တင်ပို့ပြီး ဖြစ်၏။ သူတို့သည် ကပ္ပတိန်ဒေါင်းရင်းနှင့် အဖွဲ့အား ဤဆွာနိတ်ဒေသမှ တခြား တစ်နေရာသို့ သွားရောက်ရန် တစ်ပတ်ရိုက်ခဲ့ပြီးဖြစ် သဖြင့် အေးအေးဆေးဆေးပင် လုပ်ကိုင်လျက်ရှိနေကြ၏။

သို့သော် အချို့ ကုန်ပစ္စည်းများမှာ တစ်ဝက်တစ်ပျက် ကျန်ရှိနေသေး ၏။ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေရာ မမျှော်လင့်ဘဲ အသံနက်

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)