Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ဒဂုန်တာရာ - ဝထ္ထုတို ၅ ပုဒ်

Regular price 800 MMK
Regular price Sale price 800 MMK
Sale Sold out

ချစ်ချစ်

          အငြိမ်းစား ဝန်ထောက်ကြီး၏သမီး ချစ်ချစ်သည် သူ၏အိမ် ဘေးမှ ထုတ်ထားသော ဆင်ဝင်လသာဆောင်တွင် ငေးမောကာတွေး လျက် ရှိသည်။ နေ့သည် ပူလောင်လျက်ရှိ၍ ခြင်ကောင်တို့သည် ခံ ရခက်လောက်အောင် ပျံဝဲ၍ နေကြသည်။ သည်အခါမျိုးတွင် မကြာမီ သန်းလာတော့မည့် ညနေခင်းကို မျှော်ကာပျော်၍ နေမိသည်။ ညိုမည်းသော တိမ်တိုက်တို့သည် တောင်ဆီက လိပ်တက်၍ လာကြလေပြီ။ မိုးရိပ်မိုးငွေ့ ကို သယ်ယူ၍ လာကြပေပြီ။

          ချစ်ချစ်တို့အိမ်ကြီး၏ အောက်ထပ်တွင် တည်းခို၍နေသော ဆန်းသစ်ဦး ပြဇာတ်အဖွဲ့ ၏ မန်နေဂျာ ကိုသက်ထွန်းသည် လသာ ဆောင်၏ အရိပ်ရှိ ခုံတန်ကြည့်ရင်း စိတ်ပျက်နေသည်။

          “ဟောဗျ.. မိုးတွေညိုလာပြန်ပြီကော ချစ်ချစ်ရေ.. ညနေတိုင်း မိုးချည်းရွာနေပါကလား။ ကျွန်တော်တော့ သေချင်လှပြီ။ ရှုံးလိုက်တာ လည်း နေ့တိုင်းပဲ။ | ကိုသက်ထွန်းသည် ချစ်ချစ်ဘက်သို့ လှည့်ကာ လက်ကိုသာတွင်တွင်ပွတ်ရင်း စိတ်ပျက်စွာ ပြောနေသည်။

          “ကျွန်တော်တော့ ငိုချင်ပြီဗျ။ တစ်ညလုံးလည်း အိပ်မပျော်ဘူး။ စိတ်ကူးရတာလည်း ဦးနှောက်တွေ အရည်ပျော်ကျကုန်တော့မယ်။ ပရိသတ်က တယ်ပြီး ညံ့တာပဲ။ ကျွန်တော်လည်း အင်မတန်ကောင်း တဲ့ ဇာတ်ကွက်ဇာတ်လမ်း အင်မတန်ကောင်းတဲ့ တူရိယာအဖွဲ့ ကို ပေး ထားတာပဲ။ သူတို့က ဒါတွေကို ကြိုက်မယ်များထင်သလား။ ပရိ သတ်က ဒါတွေကို အလိုမရှိဘူးဗျ။ သူတို့လိုချင်တာက လူပြက် ကောင်းကောင်းနဲ့ ညစ်ညမ်းကြမ်းတမ်းတဲ့ ပြက်လုံးပဲ။ ဥတုကိုလည်း ကြည့် ဦးလေ။ မနက်တော့ နေလေးပွင့်ပါရဲ့ ။ ညနေဆိုရင် မိုးရွာတာချည်းပဲ”

          နောက်တစ်နေ့ညနေတွင်လည်း တောင်ဆီမှ မိုးကလေး ညို တက်၍လာကာ တဗြန်းဗြန်း ရွာချလိုက်ပြန်သည်။ ကိုသက်ထွန်းကား မချိရယ် ရယ်မောပြန်လေသည်။

          “အေး... ကိုရွှေမိုးရေ.. ရွာပေဦးတော့.. ရွာပေဦး။ ဥယျာဉ် တစ်ခုလုံး ရေလွှမ်းမိုးအောင် ရွာပြီး ကျုပ်ကိုသာ ရေထဲဆွဲနှစ်ကြပေ တော့...”

          နောက်တစ်နေ့ ကျပြန်တော့လည်း မိုးသည်ရွာချပြန်လေသည်။

          ချစ်ချစ်သည် ကိုသက်ထွန်း ညည်းပြောပြသည်ကို ဣနြေ မရသော ငြိမ်သက်ခြင်းဖြင့် နားထောင်ကာ တစ်ခါတစ်ရံ မျက်တောင် ပေါ်တွင် မျက်ရည်စကလေးများ ဥ၍ လာတတ်လေသည်။ နောက်ဆုံး၌ ကိုသက်ထွန်း၏ ခေသော ကံကြမ္မာသည် ချစ်ချစ်၏ စိတ်အား ထိ ခိုက်ကာ တဖြည်းဖြည်း ကရုဏာသက်ရာက ချစ်ခင်၍ လာလေတော့ သည်။

          ကိုသက်ထွန်းကား အရပ်မြင့်မြင့် ခပ်ပိန်ပိန်၊ အသားညိုညို၊ အမြဲတမ်း ဆံပင်ကောက်ကလေးများသည် နဖူးပေါ်တွင် ဝဲကျ၍ နေတတ်သည်။ မျက်နှာထားမှာ စိတ်ညစ်၍ နေသည့်ပမာ ခပ်ငိုင်ငိုင် နေသည်။ သို့သော် ချစ်ချစ်ကို ယုယချစ်ခင်ခြင်းကား ပြင်းပြလေးနက် လှသည်။

          ချစ်ချစ်ကား တစ်ယောက်ယောက်ကို ချစ်မှ နေတတ်သည်။ ချစ်ရမည့်သူမရှိဘဲ သူမနေတတ်။ ငယ်စဉ်က သူ၏ပါပါကို ချစ်ခဲ့၏။ အိုမင်းနေပြီဖြစ်သော သူ၏ပါပါကား ယခုအခါ မှောင်ရိပ်သန်းလျက် ရှိတတ်သော အိမ်ဦးခန်းတွင် ထိုင်၍နေသည်။ မန္တလေးမှ တစ်နှစ်တစ်ခါ ရောက်လာလည်ပတ်လေ့ရှိသော ဒေါ်လေးကို ချစ်ခဲ့၏။ ကွန်ဗင့်ကျောင်း တွင် နေစဉ်ကလည်း ဆရာမကြီးဒိုရာကို ချစ်ခဲ့၏။ သူကား ကိုယ်လုံး ကိုယ်ပေါက် တောင့်တင်းပြေပြစ်၍ စိုစိုပြည်ပြည် ချစ်ဖွယ်သော အမူ အရာရှိသည်။ ယဉ်ကျေးသိမ်မွေ့သည်။ သူ၏ နှင်းဆီရောင်ပါးအို့ ၊ ဝဲပျံကာ ကစား၍နေလေ့ရှိသော ဆံယဉ်ဆံညွန့်၊ သန့်ရှင်းကြည်လင်သော အပြုံး စသည့် ချစ်ချစ်ကိုမြင်လျှင် မည်သူမျှ မချစ်ဘဲ မနေနိုင်ကြ။ သူ့ကိုတွေ့သော ယောက်ျားတို့သည် “ချစ်စရာကောင်းလိုက်တာ” ဟု ကျူးရင့်ကြသည်။ မိန်းမများပင် သူနှင့် စကားပြောရလျှင် သူ၏ လက်ကလေးများကို ဆုပ်ကိုင်မိကာ “ချစ်ချစ် ချစ်ချစ်” ဟု တမ်းတစွဲ လမ်းကြလေသည်။

          သူနေသောအိမ်၏ တစ်ဖက်ကွင်းကြီးတွင် ပြဇာတ်ရုံရှိရာ လေ သင့်၍လာလျှင် တီးသံမှုတ်သံများကို သဲ့သဲ့မျှ ကြားရပေသည်။ လက် ခုပ်သံရယ်မောသံတို့ကား တစ်ခါတစ်ရံမျှ ကြားရသည်။ ကိုသက်ထွန်း သည် အဆင့်အတန်းနိမ့်သော ပွဲကြည့်ပရိသတ်နှင့် နပန်းလုံးနေစဉ် ချစ်ချစ်မှာလည်း မအိပ်နိုင်ဘဲ ဒီညပွဲကြည့်သူမှ လာကြပါ့မလားဟု တထိတ်ထိတ်ရှိနေသည်။ နံနက်မိုးလင်း၍ ရုံမှ ကိုသက်ထွန်း ပြန်လာ သောအခါ ပြတင်းတံခါးမှ ဇာခန်းဆီးကို အသာဖယ်ကာ ပြုံး၍ နှုတ်ဆက်လိုက်သည်။

          သို့နှင့် သူတို့နှစ်ယောက်သည် လက်ထပ်လိုက်ကြသည်။ နီး ကပ်စွာ သူမ၏ နှင်းဆီပါးအို ကြည်လင်သော အပြုံးများနှင့် တွေ့ရသောအခါ ပို၍ပင် စွဲလမ်းကာ “ချစ်ချစ်.. ချစ်ချစ်” ဟု ပါးစပ်ဖျား ကလေးတွင် နားနေတော့သည်။

          နှစ်ယောက်စလုံးပင် ပျော်ရွှင်ကြသည်။ ချစ်ချစ်ကား ရုံးမန်နေဂျာ ၏ ရုံးခန်းတွင်ထိုင်ကာ စာရင်းအင်းများကို လုပ်နေတတ်သည်။ သူ၏ နှင်းဆီပါးအို့နှင့် ချိုမြသောအပြုံးကို လက်မှတ်ပေါက်ဝ၊ ဇာတ်ခုံနောက် စသည်တို့တွင် ရံဖန်ရံခါ တွေ့နိုင်ကြသည်။ သူသည် သူ့မိတ်ဆွေ အဖော်များအား လူ့ဘဝတွင် ပြဇာတ် သဘင်သည် အရေးကြီးကြောင်း၊ ပြဇာတ်ဖြင့် တကယ့်ယဉ်ကျေးမှုကို ခံစားသိမြင်နိုင်ကြောင်း စသည် တို့ကို ပြောသည်။

          “ပွဲကြည့်ပရိသတ်ဟာ ဘာမှ နားမလည်ဘူး။ သူတို့က ပြက်လုံး ကိုသာ မက်ကြတယ်။ သူတို့ဟာ အနုပညာကို မသိမြင်ကြဘူး”

          ချစ်ချစ်သည် သူ့ယောက်ျား ကိုသက်ထွန်း၏ပြဇာတ်နှင့် ပတ် သက်သော အယူအဆကိုပင်လိုက်၍ ပဲ့တင်ထပ် ပြောသည်။ ဇာတ်တိုက် နေသည့်အခါ ဝင်၍ အကြံဉာဏ်ပေးတတ်သည်။ ဝေဖန်သည်။ စန္ဒရား ဆရာ၏ တီးလုံးကိုလည်း နားထောင်ကာ ရှိနေရာမှ “ခုနစ်သံချီနဲ့ပေါ့ ဒါကအနွဲ့” စသည်ဖြင့် ဝင်ပြောသည်။ တီးဝိုင်းသမားများကလည်း သူ့ကို “ချစ်ချစ်.. ချစ်ချစ်” ဟု ခေါ်ကြကာ ချစ်ကြသည်။ သူကလည်း ရင်းရင်းနှီးနှီး ပေါင်းသင်းသည်။ တစ်ခါက စန္ဒရားဆရာက ငွေချေးရာ ပြန်မပေးတော့ဘဲနေရာ သူ့ယောက်ျားကိုပင် အသိမပေးဘဲ နေရသည်။ နှလုံးကောင်း သဘောကောင်းချစ်ချစ်။

          ဆောင်းတွင်းဘက် ရောက်လာသောအခါတွင်ကား ဆန်းသစ်ဦးပြဇာတ်အဖွဲ့သည် ရှမ်းပြည်ဘက်မှ လှည့်လည်ကာ အညာသို့ တက် သွားသည်။ ချစ်ချစ်ကား အရင်ကအရှုံးများကို ကာမိတော့မည် ဖြစ် သဖြင့် ဝမ်းမြောက်နေသည်။ ပြဇာတ်မှာ နာမည်ကြီး၍လာသည်။ သို့သော် ကိုသက်ထွန်း တစ်ခေါက်တစ်ခေါက်ပြန်လာသည့်အခါ ချောင်း တဟွတ်ဟွတ်ဆိုး၍နေသည်။

          ထိုအခါမျိုးတွင် ချစ်ချစ်သည် ယူကလစ်တပ်အဆီကို လက်ကိုင် ပဝါဖြူတွင် ဆွတ်ပေးကာ ပျားရည် ဆားမီးဖုတ် ရှောက်သီးဆေးများ ကို လုပ်ပေးလေ့ရှိသည်။

          “ချစ်ချစ်... ချစ်ချစ် ချစ်ချစ်ဟာ ကိုကို့ကို သိပ်ချစ်တာပဲနော်။ ချစ်ချစ်ဟာ သိပ်လိမ္မာတာပဲကွယ်”

          ပွဲတို့ကား တစ်မြို့ကြီးတစ်မြို့ ဆက်နေသည်။ ချစ်ချစ်ကား ဟ ထားသော ပြတင်းမှ မြင်ရသော ကြယ်ကလေးများကို ငေးမောကာ အိပ်မပျော်နိုင်ရှာဘဲ ကိုသက်ထွန်းကို အောက်မေ့၍နေသည်။ တပေါင်း လ ညတစ်ည သန်းခေါင်ကျော်လောက်တွင် တံခါးခေါက်သံ ကြားရ သည်။ ဥယျာဉ်တစ်ဖက် ခြံစည်းရိုးနားမှ ကြက်ကြီးသည် တွန်လိုက် သည်။ ချစ်ချစ်သည် ရင်တထိတ်ထိတ်နှင့် တံခါးဝသို့ ရောက်လာသည်။

          “သံကြိုးစာပါတယ်” ဟု အပြင်ဘက်မှ အော်သံကြားရသည်။ ဟယ်... ကိုသက်ထွန်းတစ်ယောက် ကျန်းမာပါစေရှင်။

          ချစ်ချစ်သည် တုန်ရီသောလက်ဖြင့် သံကြိုးစာကို ဖွင့်ဖတ်သည်။

          “ကိုသက်ထွန်း တစ်နေ့ကဆုံးပြီ။ အသုဘအတွက် အမြန်လာ ပါ”

          ကိုသက်ထွန်းကား မြစ်ကြီးနားမြို့တွင် ရုတ်တရက် သေဆုံး လေပြီ။

          “ကိုသက်ထွန်းရေ... ချစ်ချစ်ကို ပစ်ထားရက်တော့မလား။ ချစ်ချစ် ဘယ်လိုနေရပါ့မလဲ” ဟု ရှိုက်ကာ ငိုကြွေးရင်း အသံတိတ်သွား သည်။ နောက်တစ်နေ့တွင် ချစ်ချစ်သည် မြစ်ကြီးနားသို့ လိုက်သွားကာ အသုဘကိစ္စကို စီစဉ်ပြီးစီးခဲ့ပြီး ပြန်လာသည်။

          ချစ်ချစ်၏ ရှိုက်သံငိုသံကို လမ်းပေါ်မှပင် သဲ့သဲ့ကြားရသည်။ ချစ်ချစ်၏ အိမ်နားနီးချင်း အပေါင်းအဖော်တို့ကား “ဪ ဖြစ်မှဖြစ်ရ လေချစ်ချစ်ရယ်” ဟု ချစ်ချစ်ကို သနား၍နေကြသည်။

          ချစ်ချစ်သည် မြို့အစွန်ရှိ ဥပုသ်ဇရပ်သို့ ဥပုသ်နေ့တိုင်း သွား ကာ ဥပုသ်ရက်ရှည်စောင့်လျက်ရှိသည်။ တစ်ဝါတွင်းလုံး တရားစာကို သာ ဖတ်၍နေသည်။ နောက်ဆုံး သီတင်းကျွတ်လပြည့်နေ့ညနေ ဇရပ်မှ ပြန်လာသောအခါ သူ့ဘေးတွင် သစ်ကုန်သည် ဦးကြာပွင့်လည်း လမ်းလျှောက်၍ စကားတပြောပြော ပါလာသည်။ ဦးကြာပွင့်ကား သူ့ထက် ၁ဝ နှစ်ခန့်ကြီး၍ ဖျောင်းဖျောင်းဖျဖျ ပြောတတ်သည်။ တည်ကြည်ဖြောင့်မတ်သည်။ သူသည် ချစ်ချစ်ကို သနားလျက်ရှိသည်။ သူ၏ နှစ်သိမ့်သော စကားကြောင့် ချစ်ချစ်မှာ နိုင်လာသည်။ ဦးကြာပွင့် ကား အရွယ်တင်သူဖြစ်သည်။

          စကားတပြောပြောနှင့် လျှောက်လာကြရင်း ချစ်ချစ် သူ့အိမ်ဝင်း ထဲသို့ ဝင်သွားသောအခါ ဦးကြာပွင့်နှင့်သူတို့သည် ပြုံး၍ နှုတ်ဆက် ကြကာ ဦးကြာပွင့်မှာ ဆက်၍ သူ့အိမ်သို့ ပြန်သွားသည်။

          မကြာခဏ ချစ်ချစ်အိမ်သို့ ဦးကြာပွင့် လာလည်တတ်သည်။ ချစ်ချစ်သည် ကော်ဖီနှင့် ဧည့်ခံသည်။ ချစ်ချစ်ကလည်း သူ့ကို ချစ်ခင် လာသည်။ ဦးကြာပွင့်မှာ ပိုက်ဆံရှိသူဖြစ်၍ လိမ်လိမ်မာမာနှင့် ပစ္စည်း ကို ထိန်းသိမ်းမည့်သူ အိမ်သူသာ လိုနေသည်။ ရပ်ရွာဆွေမျိုးကလည်း သူတို့နှစ်ယောက်ကို သဘောတူကြလေရာ မကြာမီပင် မုဆိုးမ ချစ်ချစ် ကို သစ်ကုန်သည် ဦးကြာပွင့်က လက်ထပ်ယူလိုက်လေသည်။