Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

ဒဂုန်တာရာ - အနုပညာနှင့်စာပေ၏အတ္တရုပ်ပုံလွှာ

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out

          ဆရာက “ရစ်သမ်ကို ဘာနဲ့ လုပ်ယူသလဲ၊ ကျွန်တော် သိချင်တာက ရစ်သမ်ကို ဘာနဲ့လုပ်သလဲ ဆိုတာကိုပါ”

          ထိုအခါ ကိုသင်းခိုင်က “ဒီလိုလေ... ”ဟုဆိုကာ “က ကန်စွန်းပင် ရေမှာရွှင်၊ ခ ခရမ်းသီး ဓားနဲ့လှီး ́ဆိုရင် ရွှင်နေရာမှာ အသံတက်သွားတယ်၊ ဓားနဲ့ လှီးဆိုတဲ့ နေရာမှာ “လှီး” မှာ အသံကျသွားတယ်” စသဖြင့် ပြောပြသည်။

          ဆရာက “ဟုတ်ပြီ၊ အဲဒါက ကာရန်တွေ ပါနေတယ်လေ၊ ကာရန်မပါဘဲ ရစ်သမ်ကို ဘယ်လိုလုပ်သလဲ ဆိုတာကို ကျွန်တော် သိချင်တာဟု” ပြောပါသည်။ ီ ထိုအခါ ကိုသင်းခိုင်က “ကျွန်တော်တို့ မော်ဒန်ကဗျာမှာ ဘောင်မရှိဘူး ဆရာ” ဟု ပြောလိုက်ပါသည်။ ။ ထိုအခါ ဆရာတာရာက “

          ဒီလောကမှာ ဘောင်မရှိတဲ့အရာ တစ်ခု ပြစမ်းပါ ကိုသင်းခိုင်” ဟု ပြောလိုက်ပါသည်။

          ထိုအချက်ကို စာရေးသူ စွဲစွဲလမ်းလမ်း မှတ်မိနေပါသည်။ ထိုစဉ်က အသံသွင်း စရာ ဘာတစ်ခုမျှ မပါ။ သို့သော် စာရေးသူတင်မက သင်းမြစန္ဒီလည်း မှတ်မိနေသည် ဟု ပြောပါသည်။ ဦးချစ်မောင်ကတော့ ဤကဗျာကိစ္စကို မှတ်မှတ်ရရ ရှိချင်မှရှိမည် ထင်သည်။ ကိုချောနွယ်ကတော့ မရှိတော့။ ကိုသင်းခိုင်ကတော့ ပျဉ်းမနားမှာ ယနေ့ထိ ကျန်းကျန်းမာမာ ရှိနေပါသေးသည်။

          ဆရာတာရာသည် ဆိုကရေးတီး၏ အမေးအဖြေ ပုံစံမျိုးနှင့် မော်ဒန် ကဗျာ ဆိုသည်ကို ရှင်းလင်းပြသွားခဲ့သည်။ စာရေးသူ ယနေ့ထိ မမေ့။

          ဆရာနှင့် ပတ်သက်ပြီး အထူးအမှတ်ရစရာ တစ်ခုလည်း ရှိပါသေးသည်။

          ဆရာတာရာက စာရေးသူကို အမွေတစ်ခု ပေးထားခဲ့ခြင်းပါ။ ဆရာတာရာ အသက် ၈ဝ ပြည့် မွေးနေ့ကဟု ထင်ပါသည်။ အောင်ပန်းကို ရောက်တော့ စာရေးသူ ဖျားပါသည်။ မေလဆိုတော့ အနွေးထည်လည်း မပါပါ။ မမြင့်မြင့်စိန် (သင်းမြစန္ဒီ) က စာရေးသူကို ဆေးတိုက်ပြီး “

          ဦးလေး၊ မတင်တင်ဦး ဖျားနေတယ်” ဟု ပြောရာ ဆရာက သူ့ကုတ်အင်္ကျီကို ထုတ်ပေးလိုက်ဟု ပြောပါသည်။ အဖြူနှင့်အနီကျား၊ ဆရာတာရာ မကြာခဏ ဝတ်နေကျ အနွေးထည် ကုတ်အင်္ကျီကြီးကို ပေးဝတ်ပါသည်။ ထိုမွေးနေ့ပွဲကို ဆရာ့အနွေးထည်ကြီး ဝတ်ပြီး စာရေးသူ တက်ရောက်ခဲ့ပါသည်။

          မွေးနေ့ပြီးလို့ အိမ်ပြန်သည်ထိ ထိုအင်္ကျီက စာရေးသူနှင့် ပါလာပါသည်။ ယနေ့ထိလည်း ပြန်မပေးဖြစ်ပါ။ မမြင့်မြင့်စိန်ကလည်း ပြန်မတောင်းတော့ပါ။ ဆရာရှိစဉ်ကလည်း ထိုအင်္ကျီကို ပြန်မတောင်းခဲ့ပါ။ စာရေးသူမှာ ထိုအင်္ကျီကို လျှော်ဖွပ်မီးပူ တိုက်ကာ ဗီရိုထဲမှာ ယနေ့ထိ သိမ်းဆည်းထားဆဲ။ ဆရာတာရာ ပေးခဲ့သည့် အမွေ တစ်ခုအဖြစ် အမှတ်တရ သိမ်းထားဆဲ။

          ဒဂုန်တာရာဆိုသည့် အမည်ကို စတင်သိခဲ့သည်က စာရေးသူ ၁၃ နှစ်အရွယ်မှာ ဖြစ်ပါသည်။ စာပေပိုးဝင်ခါစ အိမ်မှာလည်း မိန်းမဖော်ဆိုလို့ အမေ တစ်ယောက်တည်း ရှိသည်။ ကျန်သူတွေက အဖေရယ်၊ အဖေ့ညီ ဦးလေး၊ အမေ့၏မောင် ဦးလေးများ၊ သူတို့၏ သူငယ်ချင်းများအားလုံး ယောက်ျားလေးတွေချည်းပင်။ သူတို့က စာဖတ်ကြ သည်။ သူတို့ ဖတ်သည့် စာအုပ်များကို စာရေးသူ ယူဖတ်သည်။

          ထိုသို့ ဖတ်ရင်း တစ်နေ့မှာ ထိုစဉ်က တက္ကသိုလ် ကျောင်းသားများ စုပြီး ထုတ်ထားသည့် “လက်ရည်တစ်ပြင်တည်း” ဆိုသည့် ကဗျာစာအုပ်ကလေးကို စာရေးသူ ဖတ်ရပါသည်။ ထိုစာအုပ်မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ အညာမင်္ဂလာဆောင် လေးချိုးကြီးနှင့် ဦးဆုံး စတင် ဖော်ပြထားပါသည်။ မောင်လင်းယုန် (ရှမ်းပြည်)၊ ကြည်အေး၊ ဒဂုန်တာရာ၊ သိန်းသန်းထွန်း၊ အင်းလေး သန္တာခင် စသူတို့ ပါဝင်ပါသည်။ ကြည်အေး၏ ‘စောင့်ခေါ်ပါမောင်” ကဗျာမှာ အလွန်ကောင်းပါသည်။

          ထိုစာအုပ်တွင် ဒဂုန်တာရာ၏ ငန်းဖြူကန်” ဆိုသည့် ကဗျာကို ဖတ်ရပါသည်။ ဤကဗျာမှာ ဆရာ၏ Master Piece (အဓိကကဗျာ) တစ်ပုဒ်တော့ ဟုတ်ချင်မှ ဟုတ်မည်။ သို့သော် ကလေးဘဝက ဖတ်ဖတ်ချင်း စွဲခဲ့သည့် ကဗျာဆိုတော့ အချို့ အပိုဒ်တွေကို နှုတ်မှ အလွတ်ပင် ရနေပါသည်။

 # ပတ္တမြားရည်၊ ဆည်းလည်းအန်ပျို့

ရောင်နီစို့ သော်၊ မို့မို့ ကိုယ်လုံး

လှဆုံးညံ့ သက်၊ လှငှက်စံတူ

ငှက်ငန်းဖြူသို့ ၊ တမူသွင်ဟန်

ပြောင်းလဲပြန်သည်၊ ကန်ရေထက်၌

ပျောက်လေ၏။

# အို.. မမေ့သည်

နေ့၏ ရောင်ဝယ်၊ အငွေ့ပြယ်၍

ပျောက်ကွယ်ချစ်ဖက်၊ စွဲမက်မက်နှင့်

သက်သက်ကျန်ရစ် မင်းသားတည်း။

          တချို့ ကဗျာများမှာ အသံထွက် ရွတ်ဖတ်ခြင်းထက် စိတ်များနှင့်ဆိုလျှင် ပိုပြီး ခံစားလို့ရသည်ဟု ထင်မိပါသည်။ ထိုကဗျာကလေးကို ဖတ်ပြီး တသသ ခံစားလိုက်ရ ပါသည်။ ညအချိန်မှာ ချစ်တင်းနှောပြီး နေ့အချိန်လည်းကျရော ချစ်သူသည် လူအဖြစ် ကနေ ငန်းဖြူ အဖြစ် ပြန်ဖြစ်သွားပြီး သူ့ရင်ခွင်ကနေ ပျောက်ကွယ်သွားသည်ဆိုသည်ကို တမြည့်မြည့် ခံစားရအောင် ရေးထားပါသည်။ စာရေးသူ ကလေးဘဝက ခံစားခဲ့ရ သည့် ပထမဆုံးသော ဒဂုန်တာရာ၏ ကဗျာပဲ ဖြစ်ပါသည်။

          နောက်တော့ မတ်လတော်လှန်ရေး” တို့၊ “မာယာ” တို့၊ နှင်းခဲပျော်ချိန်” အတွေးအခေါ်ကဗျာဟု ခေါ်ရမည့် “ဒိုင်နိုဆောနှင့် ပန်းလိပ်ပြာ” ဧရာဝတီ ထလော့ ထလော့” ဆိုသည့် ကဗျာတွေကတော့ တကယ့် မှတ်တမ်းတင်ထားရမည့် ကဗျာတွေ ဖြစ်သည်။ ဒါတွေနှင့် မတွေ့ရခင် စာရေးသူ ပထမဆုံး တွေ့ရှိခဲ့ရသည့် ငန်းဖြူကန်” ကဗျာလေး ဖြစ်ပါသည်။

          ဒီနောက်ပိုင်း မဂ္ဂဇင်းတွေမှာ ဒဂုန်တာရာကို ရှာဖတ်ပါသည်။ ပွင့်ခါစဆိုသည့် စပယ်ဦး ဝတ္ထုတို ပေါင်းချုပ်မှာပါသည့် ဝတ္ထုတိုလေးများ “တိမ်ခိုးမျှင် အကွက်ဆင်” ဆိုသည့် ရှုမဝက ဝတ္ထုတိုများကို ရှာဖတ်လာပါသည်။

          ရှုမဝမှာပါသည့် ‘တို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ” ကတော့ တကယ့် သမိုင်းနောက်ခံ ဂန္ထဝင်ဝတ္ထုပါ။ ဆရာသည် စာရေးရာမှာ အများအကြိုက်မလိုက်သည့် စာရေးဆရာပါ။ လူထုနောက်ကို မလိုက်၊ သို့သော် လူထုကို ကောင်းရာကို ပေးမည်။ မှန်ရာကို လမ်းညွှန်မည်၊ ဒါသည် ဆရာ၏ စာပေဝါဒ ဖြစ်သည်။

          တစ်ချိန်တုန်းက အလွန်အနုပညာမြောက်၍ ထင်ပေါ်ကျော်ကြားခဲ့သည့် ကိစ္စ တစ်ခုက ရာမ၊ ဒဿဂီရိ၊ သီတာဒေဝီတို့အကြောင်း။ ဒဿဂီရိကို သနားစရာ အချစ်ရှုံး သမားဆိုပြီး ပုံဖော်လိုက်ရာ ဒဿဂီရိအကြောင်း သီချင်းတွေဆိုကြ၊ ပြဇာတ်တွေ ကခဲ့ကြပါသည်။ ဒဿလိုမိန်းမဆိုသည့် သီချင်းတစ်ပုဒ်တောင် ခေတ်စားခဲ့ပါသေး သည်။ လူတွေလည်း အလွန် ကြိုက်ကြပါသည်။ ဒါကို ဆရာက ဖြောင့်ပေးချင်၊ တည့်မတ်ပေးချင်လို့ ဓမ္မနှင့် အဓမ္မ ဆိုပြီး သုံးသွားပါသည်။ ဤစကားလုံးကိုလည်း ဆရာ ဒဂုန်တာရာက ဤဝေဖန်ချက်မှာ စတင် သုံးခဲ့သည်ဟု မှတ်ယူမိပါသည်။

          ရာမသည် ဓမ္မ၏ သင်္ကေတ၊ ဒဿဂီရိသည် အဓမ္မဝါဒီ

          အဓမ္မကို အမွှမ်းတင် ချီးကျူးရေးသားလျှင် ကလောင်သွား ကောက် ကွေ့သွားပါလိမ့်မည်

          ဟု ဆရာက ဝေဖန်ခဲ့ပါသည်။ လူတွေ ဘယ်လောက် ကြိုက် ကြိုက်၊ လူထုနောက်ကို မလိုက်ဘဲ အမှန်ဘက်ကို တည့်မတ်ပေးခဲ့ပါသည်။

          ထို့နောက် ဆရာတာရာက “တို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ” စာအုပ်၊ “ကြာပန်းရေစင်၊ သုနာပရန္တ” စသည့် ဝတ္ထုစာအုပ်များသည်လည်း ဝတ္ထုတစ်ပုဒ်၏ နိဒါန်းအချီးပိုင်း၊ ဝတ္ထု၏ အတက်ပိုင်း၊ အထွတ်အထိပ်ပိုင်း ပြီးတော့မှ ဇာတ်၏ အဆုံးပိုင်း ဆိုသည်များနှင့် ဖတ်လို့ ပျင်းမသွားအောင်၊ ဖတ်ကောင်းအောင် ရေး မထားပါ။ သူ ရေးချင်သလို ရေးခဲ့သည်။ ထို့ကြောင့် ဖတ်လျှင် ပျင်းသွားပါလိမ့်မည်။ သို့သော် ဇာတ်၏ နောက်ခံသမိုင်း အမှန်တွေကိုတော့ ရသနည်းနှင့် ဖော်ပြသွားသည်။ ထို့ကြောင့် ဆရာသည် အများအကြိုက် မလိုက်သည့် စာရေးဆရာပါဟု စာရေးသူ ပြောရခြင်း ဖြစ်ပါသည်။

          ဆရာတို့ခေတ်က တကယ့်စာရေးဆရာများသည် စာပေကို စတင် အခြေချ ပန္နက်ရိုက်ကတည်းက အုတ်မြစ်ကို အခိုင်အမာ စတင် အခြေချခဲ့ခြင်း ဖြစ်သည်။ အစကောင်းလို့ အခြေခံကောင်းလို့သာ ပန္နက်ကိုက ခိုင်ခံ့ခဲ့လို့ အဲဒီကနေ တစ်စတစ်စ တည်ဆောက်လာခဲ့၍ ခိုင်ခံ့သည့် စာပေအဆောက်အဦကြီး၊ စာပေ ကိုယ်ခန္ဓာကြီး ဖြစ်လာပါသည်။ အခြေခံမခိုင်၊ အုတ်မြစ်မခိုင်သည့် စာပေတွေကတော့ လမ်းတစ်ဝက် မှာပဲ ပျောက်ဆုံး ပြိုကျသွားခဲ့ပါလိမ့်မည်။

          နောက်တစ်ခု အမှတ်ရစရာ တစ်ခုကတော့ သွားခါနီး၊ ပြန်ခါနီး ဆရာ့ကို ကန်တော့လျှင် ဆရာက သူများလို အသက်ရှည်ပါစေ၊ အနာကင်းပါစေ၊ ကျန်းမာ ချမ်းသာပါစေဟု ဆုမပေးပါ။ သူ ဆုပေးတာက “ဒီမိုကရေစီ အရေးတော်ပုံ အောင်မြင် ပါစေဗျား” ဆိုပြီး ဆုပေးတတ်ပါသည်။ သူက လွတ်လပ်သော၊ ညီညွတ်သော၊ ငြိမ်းချမ်းသော ဒီမိုကရေစီနိုင်ငံတော် ဖြစ်စေချင်ခဲ့သူ မဟုတ်ပါလား။

          ထို့ကြောင့် စာရေးသူတို့မှာ ဆရာဒဂုန်တာရာ၏ စာတွေကို ဖတ်၊ ဆရာနှင့် နီးနီးကပ်ကပ် နေလိုက်ကြသူတွေ၊ ဆရာ့စာပေ သဘောတရားတွေကို လိုက်ကြသူတွေ သည် စာပေမှာ အနုပညာမြောက်ဖို့ပင် ပဓာန မဟုတ်။ မှန်ရာကို ပြသဖို့၊ ကောင်းတာ' ကို ကောင်းသည်ဟု သိအောင် ပြဖို့ရာ၊ မကောင်းမှုကို မကောင်းဘူး၊ မတရားတာကို မတရားဘူးဟု ခံစားနားလည် သိရှိရအောင် အနုပညာနှင့် ဖော်ပြလမ်းညွှန်ဖို့ရာမှာ စာပေ၏ အဓိက တာဝန်ပါပဲဆိုသည်ကို ဆရာတာရာ၏ တပည့်တစ်ယောက်အနေ ဖြင့် ဖော်ပြရေးသားလိုက်ရပါသတည်း။

တင်တင်ဦး