Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ဒဂုန်တာရာ - သမ္မာအာဇီ၀နှင့်နုပျိုသောစာပေအနုပညာဘ၀

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out
နုပျိုသောစာပေနှင့် အနုပညာသည်ဘဝ
(က)

          လူတို့၏ သက်တမ်းသဘာဝကို အကြမ်းအားဖြင့် သုံးပိုင်းပိုင်းခြား တတ်ကြသည်ကို တွေ့ရသည်။ လူငယ်၊ လူလတ်၊ လူကြီး၊ ပထမ အရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ်ဟူ၍လည်း ခေါ်ကြသည်။ ပထမအရွယ်တွင် ပညာရှာကြရသည်။ ဒုတိယအရွယ်တွင် ဥစ္စာရှာရ သည်။ တတိယအရွယ်တွင် တရားရှာရသည်ဟု ရှေးလူကြီးတို့ အဆိုရှိ ကြသည်။

          ရှေးလူကြီးတို့သည် သူတို့၏ အတွေ့အကြုံဖြင့် သိမြင်ထားသော အမြင်ကို ဖော်ပြခြင်းဖြစ်သည်။ ယင်းအဆိုသည် မှတ်သားဖွယ်ရာဖြစ် သည်။ ကျွန်တော်တို့ငယ်စဉ်ကတည်းက ကြားဖူးနေသော အဆိုဖြစ် သည်။ သို့သော် ရှေးလူကြီးဆိုရာတွင် မည်သို့သော ခေတ်ကာလက ရှေးလူကြီးဆိုသည်ကို မှန်းဆရန်ခက်သည်။ ကုန်းဘောင်ခေတ်ကလား၊ အင်းဝခေတ်ကလား၊ တောင်ငူခေတ်ကလား၊ ဟံသာဝတီခေတ်ကလား၊ မန္တလေးခေတ်ကလား မသိပေ။ အစဉ်အဆက် ပြောဆိုလာသော စကား ရပ်ကားဖြစ်မည်။ မည်သို့ပင်ဆိုစေ ယင်းအဆိုကို အခြေပြု၍လူငယ်၊လူလတ်၊ လူကြီးဟူသော အရွယ်တို့၏ အဆုံးကဏ္ဍကို လေ့လာကြည့်ရှု သင့်ပေသည်။

          မည်သည့်ခေတ်တွင်ပင်ဖြစ်စေ၊ လူငယ်၊ လူလတ်၊ လူကြီးဟူသော အရွယ်သုံးပါးရှိ အသက်အရွယ်မတူသော လူများ၊ အတူယှဉ်တွဲနေထိုင် လျက်ရှိကြသည်သာ ဖြစ်သည်။

          ယင်းလူငယ်၊ လူလတ်၊ လူကြီးပါဝင်သောလူ့အဖွဲ့ အစည်းသည် သူတို့၏ခေတ်ပြိုင် လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်လျက်ကား ရှိနေ ပေသည်။ လူငယ်ဆိုသည်မှာ နုပျိုဖူးပွင့်စ အရွယ်ကာလဖြစ်သည်။ လူ လတ်ဆိုသည်မှာ နုပျိုဖူးပွင့်ပြီးနောက် ရင့်စပြုလာသော အရွယ်ကာလဖြစ် သည်။ လူကြီးပိုင်းဆိုသည်မှာ ယင်းအရွယ်နှစ်ရပ်ကို ကျော်လွန်၍ ကြီး ရင့် အိုမင်းလာသောအရွယ်ကာလ ဖြစ်သည်။ လူ့အဖွဲ့ အစည်းဆိုသည် မှာလည်း လူငယ်၊ လူလတ်၊ လူကြီးကို ပေါင်းစပ်ထားသော လူ့အဖွဲ့ အစည်းဖြစ်သည်။

          ယင်းသို့ပေါင်းစပ်လှုပ်ရှားရာတွင် လူငယ်သည်လည်း လူငယ်၏ သဘာဝ၊ လူငယ်၏ဝိသေသဖြင့်၊ လူလတ်သည်လည်း လူလတ်၏ သဘာဝ၊ လူလတ်၏ ဝိသေသဖြင့်၊ လူကြီးသည်လည်း လူကြီး၏ သဘာဝ လူကြီး၏ဝိသေသဖြင့် လှုပ်ရှားကြသည်သာဖြစ်သည်။ လူငယ်၊ လူလတ်၊ လူကြီး၏ သဘာဝဝိသေသတို့ကားအဘယ်နည်း။ လူငယ် သည် နုပျိုတက်ကြွသည်။ ရိုးသားသည်။ ဆန်းသစ်တီထွင်ချင်သည်။ အလှအပကိုချစ်သည်။ ငြိမ်းချမ်းရေးကိုမြတ်နိုးသည်။ ရဲရင့်သည်။ အမှန် တရားကိုချစ်သည်။ မတရားမှုကိုမကြိုက်။ ဤသည်တို့ကား လူငယ်တို့ ၏ ဝိသေသများဖြစ်သည်။

          လူလတ်သည် လူငယ်ဘဝမှ တဖြည်းဖြည်း ကြီးပြင်းလာပြီဖြစ်၍လူငယ်ဝိသေသများရှိသည်။ လူလတ်အရွယ်သို့ ရောက်လာသောအခါ ဤဝိသေသများသည် ခိုင်မာလာသည်။ လူလတ်တို့သည် လူငယ်ဘဝ က ပျိုးထောင်မှုကောင်းသလောက် ပို၍အရည်အသွေး တောက်ပလာခဲ့ ကြပေသည်။ လူကြီးတို့သည်ကား သမိုင်းအဆက်ဆက်ကို ဖြတ်သန်း လာခဲ့ရသည်ဖြစ်၍ အတွေ့ အကြုံကြွယ်ဝလာသည်။ အတွေ့ အကြုံကို မှီ၍ အတွေ့အကြုံအသိ ရှိလာတတ်သည်။ ချင့်ချိန်တွက်ဆသည်။ ဤ ကား တန်ဖိုးဖြစ်သည်။ သို့သော် လူငယ်ဘဝ၊ လူလတ်ဘဝလောက်တော့ တက်တက်ကြွကြွ စွမ်းစွမ်းတမံ မလုပ်နိုင်ကြတော့။

          သို့သော် သူတို့၏ အတွေ့အကြုံကို လူငယ်၊ လူလတ်တို့ထံသို့ ဆင့်ပွားဝေငှ ပေးနိုင်ရပေမည်။ လူငယ်၊ လူလတ်တို့အား သမိုင်းအမွေ အနှစ်ကောင်း ပေးနိုင်ခြင်းသည် လူကြီးတို့၏ အဖိုးမဖြတ်နိုင်သော တန်ဖိုးဖြစ်သည်။ အကယ်၍ ဤတန်ဖိုးများမရှိလျှင်လည်း လူကြီးသည် ဘာမျှသမိုင်းအား အထောက်အကူ၊ အထောက်အပံ့ ပြုနိုင်တော့မည် မဟုတ်ပေ။

          လူငယ်၊ လူလတ်ဘဝက ထက်မြက်သော အတွေ့အကြုံ ပျိုး ထောင်မှုကောင်းမှသာလျှင် လူကြီးသည် လူငယ်၊ လူလတ်တို့၏ စံနမူ နာယူနိုင်သောအဆင့်သို့ ရောက်မည်ဖြစ်ပေသည်။ ဤသည်ကား လူ ငယ်၊ လူလတ်၊ လူကြီးတို့၏ ကောင်းသောဝိသေသများဖြစ်သည်။ ဤကောင်းသော ဝိသေသများ ပေါင်းစပ်၍ လူ့အဖွဲ့အစည်းကြီး၏ လှုပ်ရှား မှုတွင် ပါဝင်ပေါင်းစပ်ပါမှ လူ့အဖွဲ့အစည်း ကောင်းစွာတိုးတက် ရှင်သန် နိုင်ပေသည်။ ငြိမ်းချမ်းသာယာ စည်ပင်ဝပြောသော လူ့အဖွဲ့ အစည်း အဖြစ်သို့ ရောက်နိုင်ပေမည်။

          လူငယ်၊ လူလတ်၊ လူကြီးတို့၏ အသက်အပိုင်းအခြားကို ဖြတ်ရာ ၌ကား အနည်းအကျဉ်း တစ်ယောက်နှင့်တစ်ယောက် ခြားနားပေမည်။

          လူငယ်ဘဝကို အသက် ၄ဝ အထိယူ၍၊ လူလတ်ဘဝကို ၄၀ မှ ၆၀ အထိ၊ လူကြီးဘဝကို ၆ဝ ကျော်မှ ၇၀ ကျော်အထိ ယူနိုင်ပေသည်။

          ရှေးလူကြီးများ သတ်မှတ်သော ပထမအရွယ်ဟူသည်ကား အသက် ၃ဝပတ်ဝန်းကျင်ဟု ဆိုနိုင်သည်။ ပညာရှာသောအရွယ်ဟု ဆိုထားရာ ဤအရွယ်သည် ပညာရှာသောအရွယ်ပင် ဖြစ်ပေသည်။ ၂၀ကျော်၊ ၃၀အရွယ် ခန့်မှန်းရသည်။

          ယင်းသို့ လူငယ်၊ လူလတ်၊ လူကြီးတို့ ပေါင်းစပ်ရာတွင် တစ်ပိုင်း နှင့်တစ်ပိုင်း နားလည်မှုရှိရန်လိုသည်။ လူငယ်သည် ဆန်းသစ်မှုပြုရာ တွင် တက်ကြွသည်။ ရဲရင့်သည်။ လူကြီးပိုင်းကား မိမိ၏ ဖြတ်သန်းခဲ့ရသော အတွေ့အကြုံကို လိုသည်ထက်ပို၍ အထင်ကြီးတတ်သည်။ ထိုအခါ လက်ရှိမိမိဘဝကို အခြေပြု၍ တွေးခေါ်တတ်သည်။

          ပတ်ဝန်းကျင်ခေတ်ကို သတိမပြုဘဲ၊ သို့မှမဟုတ် မျက်ကွယ်ပြု၍ အသစ်အဆန်းကို ငြင်းပယ်တတ်သည်။ ရှေးဟောင်းအစဉ်အလာကို ဖက်တွယ်စွဲလမ်းနေတတ်သူများ ဖြစ်တတ်သည်။ ဤအတွေးအခေါ်ကို ရှေးရိုးစွဲ အတွေးအခေါ်ဟူ၍လည်း ခေါ်ကြသည်။ အစဉ်အလာ ထိန်း သိမ်းစောင့်ရှောက်ခြင်းဝါဒ ကွန်ဆာဗေးတစ်ဇင်းဝါဒ ဖြစ်ပေသည်။

          လူငယ်တို့၏ လွတ်လပ်စွာဆန်းသစ်မှုကို ငြင်းပယ်တတ်သော သဘောရှိသည်။

          မြန်မာပြည်သူတို့၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို ကြည့်လျှင် လူငယ်တို့သည် သမိုင်းခေတ်ကို ရှေ့ဆောင်သူများဖြစ်နိုင်ကြသည်ကို တွေ့ရပေမည်။ စံအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းကိုပင်ကြည့်၊ ကိုအောင် ဆန်းသည် တက္ကသိုလ်ကျောင်းသားဘဝက အသက်၂၀အရွယ်တွင် အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ဖြစ်ခဲ့သည်။ အိုးဝေမဂ္ဂဇင်းသည် ထိုခေတ်က တိုးတက်လာသော စာပေနှင့်အတွေးအခေါ်ကို ကိုယ်စားပြုသော စာပေမဂ္ဂဇင်းတစ်စောင် ဖြစ်ခဲ့သည်။ သူ့အသက် ၂၃နှစ်။၂၄ နှစ်အရွယ်တွင် တို့ဗမာအစည်းအရုံးကြီး၏ အထွေထွေ အတွင်းရေးမှူးဖြစ်ခဲ့သည်။ ထို့နောက် တစ်ဆက်တည်းပင် လွတ်လပ် ရေးကို ကြိုးပမ်းသော၊ အင်္ဂလိပ်နယ်ချဲ့ကို ဆန့်ကျင်သော ဗမာ့ထွက်ရပ် ဂိုဏ်း၏ အထွေထွေအတွင်းရေးမှူး ဖြစ်လာသည်။

          ထိုအခါ သူ၏နိုင်ငံရေးလုပ်ရပ်သည် ကျယ်ပြန့်လာသည်ဟုဆိုနိုင် သည်။ ဗမာ့ထွက်ရပ်ဂိုဏ်းမှာ တပ်ပေါင်းစုတစ်ရပ်ဖြစ်သည်။ တပ်ပေါင်း စုထဲတွင် လူလတ်ပိုင်းများ၊ လူကြီးပိုင်းများ ပါဝင်သည်။ လူငယ်နှင့် လူလတ်ပေါင်းစပ်ခြင်း သဘောဟုဆိုနိုင်သည်။ ထို့နောက် ၂၅နှစ်အရွယ် တွင် သူသည် ဂျပန်ပြည်သို့ စွန့်စားသွားရောက်ကာ ရဲဘော်သုံးကျိပ်ကို ဖွဲ့စည်းသည်။ အသက် ၂၇နှစ်တွင် ဗမာ့တပ်မတော်၏ စစ်သေနာပတိ ဖြစ်လာသည်။

           စစ်ပြီးသောအခါ သူ့အသက် ၃၀အရွယ်တွင် လွတ်လပ်ရေးတိုက် ပွဲ၏ တပ်ဦးဖြစ်သော ဖဆပလ အဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်လာသည်။ ဤ သည်ကိုကြည့်လျှင် ဦးအောင်ဆန်း၏ သမိုင်းသင်္ကေတရုပ်ပုံကိုကြည့်၍ သမိုင်းခေတ်ကို လူငယ်တို့ရှေ့ဆောင်ခဲ့သည်ကို တွေ့နိုင်သည်။

          ယနေ့တိုင်ပင် ဦးအောင်ဆန်းသည် လူငယ်တို့သက္ကာရပြုရာ ရုပ်ပုံ လွှာဖြစ်သည်ကို တွေ့နိုင်ပေသည်။

          လူတို့၏ ဘဝသက်တမ်းတွင် လူငယ်၊ လူလတ်၊ လူကြီး သို့မဟုတ် ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ် စသည်အား ဖြင့်ပိုင်းခြား သည့်သဘောဖြင့် စာပေဘဝ၊ အနုပညာဘဝတွင်လည်း ပိုင်းခြား၍ရ သည်ဟု ထင်ပေသည်။ စာပေသမိုင်းခေတ်တွင် နုပျိုသော စာပေ၊ နုပျို ဖူးပွင့်ရာမှ ရင့်လာသောစာပေ၊ စသည်အားဖြင့် သတ်မှတ်၍ စိစစ်ကြရမည်ထင်သည်။ လူ့အဖွဲ့ အစည်း၏ လှုပ်ရှားမှုတွင် လူငယ်ပိုင်း၊ လူလတ် ပိုင်း၊ လူကြီးပိုင်းတို့ ပေါင်းစပ်ကာ လှုပ်ရှားသကဲ့သို့ပင် စာပေအနုပညာ တို့၏ သမိုင်းအစဉ်အဆက် ဖြစ်ပေါ်လာပုံကိုလည်း ယင်းသဘောမျိုးဖြင့် ကြည့်နိုင်သည်။

           စာပေသမိုင်းခေတ်များတွင် အဖူးအညွန့်များ၊ အပွင့်များရင့်လာ သော အရောင်ရင့်အပွင့်များ စသည်ဖြင့် ပေါင်းစပ်ကြရပေသည်။ နုပျို သော စာပေဘဝကိုကား၊ နုပျိုသော အနုပညာရှင်များက စတင်ပျိုးထောင် ဖန်တီးလာကြသည်။ လူငယ်တို့၏ သဘာဝအတိုင်း ဆန်းသစ်မှုကိုချစ် သည်။ အလှအပကို ချစ်သည်။ ရဲရင့်ကြသည်။ ထို့ကြောင့်ပင် ရဲရင့်စွာ ဖြင့် ဆန်းသစ်ကြသည်ကို တွေ့နိုင်ပေသည်။

          စာပေခေတ်များ(ဝါ)စာပေလှုပ်ရှားမှုကိုကြည့်လျှင် ဒီသဘောကို တွေ့နိုင်သည်။ ခေတ်စမ်းစာပေပေါ်စ လွန်ခဲ့သော အနှစ်၅၀ကျော် ၆ဝက ခေတ်စမ်းစာပေ ပညာရှင်များမှာ ကျောင်းသားလူငယ်များ ဖြစ်ကြသည် ကို တွေ့ရသည်။ နုပျိုသောစာပေဘဝတွင် တက်ကြွခြင်း၊ ရဲရင့်ခြင်း၊ ဆန်းသစ်ခြင်း၊ အလှအပကို ဖန်တီးခြင်း အမှန်တရားကိုရှာဖွေခြင်း စသော ဝိသေသ(ဝါ)နုပျိုသော ဘဝ၏ ဝိသေသကိုတွေ့နိုင်ပေသည်။

ကလျာမဂ္ဂဇင်း အမှတ် ၅၄။

သြဂုတ် ၁၉၈၉။