Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ဒဂုန်တာရာ - နွေဦးနှင့်နှင်းခဲပန်း

Regular price 2,700 MMK
Regular price Sale price 2,700 MMK
Sale Sold out

သမီးဒေဝီထံသို့ ပေးစာ

သမီး အဲလေး •••

          အိမ်မှာခေါ်တဲ့အတိုင်း အဲလေး”လို့ခေါ်လိုက်မယ်။ ကျောင်းနာမည်ကိုတော့ အဘိုးက သိပ်ခေါ်လေ့မရှိဘူး။ အဲလေးလို့ခေါ်ရတာကတော့ သည့်ပြင်လူကတော့ သိမှာမဟုတ်ဘူး။ သမီး မွေးစ၊ သမီးငိုတုန်းက ခါတိုင်းကြားနေကျ အူဝဲ မဟုတ်ဘူး။ အဲဝုတဲ့။ အဘိုးနားထဲမှာ အဲဝု”လို့ပဲကြားတယ်။ ဒါနဲ့ အဲဝုကို အင်္ဂလိပ်အသံထွက်နဲ့ ကြားတော့ အဲလ်ဝုဒ်လို့ အသံထွက်လာတယ်။ အဲဒါက စပိန်ဆန်ဆန်ပေါ့ သမီးရယ်။ ဝုဒ်က အင်္ဂလိပ်စကားပေါ့။ အဲလ်က စပိန်အနံ့လေးပေါ့ ဗျ။ အဲဒါကြောင့် အဘိုးက အဲလေးလို့ ခေါ်တာလေ။

          မဲဇာမှာနေတုန်းကတော့ သမီးကို “ကွိ” လို့ အများကသိကြတယ်။ ကို့ ဆိုတာ သမီးအမေက ခေါ်တာလေ။ ကွိဝတ္ထုထဲက အမည်။ အဲဒီမှာတော့ ကွိ ကွနဲ့ အမည်တွင် နေတာပေါ့ ဗျ။ အခု ရန်ကုန်ကျောင်းရောက်နေတော့ အဲသည်နာမည်တွေ တစ်ခုမှ မခေါ်ကြဘူးလေ။ အိမ်သားကပဲ ခေါ်တာပေါ့။ ကျောင်းမှာတော့ ဒေဝီပေါ့။

          သမီး မွေးစတုန်းက အဘိုးက ချီရဲတာမဟုတ်ဘူး။ စချီလိုက်တော့ အဘိုးက တုန်လှုပ်နေတယ်လေ။ မချီရဲတာလည်း အကြောင်းရှိတယ်။ အဘိုးငယ်ငယ် ၁၃-၄ နှစ် ကျောင်းသားဘဝက အဘိုးဦးလေးရဲ့ သမီးကို ချီဖူးတယ်။ ကျောင်းပိတ်ရင် အဘိုး က အဖေ့ဘက်ကရွာကို သွားတတ်တယ်၊ အဲဒါကတော့ ငဝန်မြစ်ကမ်းပေါ်မှာ ရှိတယ်။ သဆိပ်ရွာပေါ့ ။ အဘိုးဦးလေးရဲ့ သမီးက မွေးခါစ၊ ရှိလှရင် လသားလောက်ပဲ။ အဲဒါ အဘိုးက ကပြင်မှာ ခြေထောက်ချထိုင်ရင်း ကလေးကိုချီလိုက်တယ်။ အဲဒါကလေးက အောက်လွတ်ကျသွားတယ်။ အဲဒါ အဘိုးက နမော်နမဲ့နေလို့ ဖြစ်မှာပေါ့။ ကလေးလှုပ်ရှားတာကို သတိမပြုမိလိုက်လို့နေမှာပေါ့။ အဲဒါ ကလေးက ကံကောင်း လို့ ဘာမှမဖြစ်ဘူးဗျာ။

          အမြင့်ပေ ၄-၅ ပေလောက်တော့ ရှိမယ်။ အဲသည်ကတည်းက အဘိုးက ကလေးမချီရဲတော့ဘူး၊ ကြောက်နေတာ။ အဲဒါ အဘိုးငယ်ငယ်ကလည်း ကလေးတွေနဲ့ သိပ်မနေခဲ့ရဘူး။ ရွယ်တူတွေနဲ့ ကြီးပြင်းလာခဲ့ရတယ်။ အဲ ဂျပန်ခေတ်ကျတော့ ခင်မာလာကို ချီဖူးတယ်။ အဲသည်တုန်းကတော့ ခင်မာလာက တစ်နှစ်လောက်ရှိပြီ။ လွတ်လပ်ရေးပွဲသွားတုန်းက ချီရတာ လက်ကိုညောင်းနေတာပဲ။ ကလေးသဘာဝက လမ်းလျှောက်တတ်စမှာ တယ် မလျှောက်ချင်ဘူး။ အချီခံချင်တယ်ဆိုတာ သွားတွေ့” ရတယ်။

          နောက်တစ်ခါ အဘိုးဦးလေး မောင်စည်သူရဲ့ ကလေးတွေနဲ့ အတူနေတော့ ကလေးချီရတယ်။ ကလေးချီရတာက အရသာတစ်မျိုး၊ နွေးနွေးထွေးထွေးလေး ပေါ့ ပိုက်ထားရတာကိုး။ နောက်တစ်ခါ ချီရတာက ၁၉၆ဝ ပတ်ဝန်းကျင်က အငယ်မ ရိုးရိုး။ ရိုးရိုးဆိုတာ ချီသာချီရတယ်၊ ၄-၅ နှစ် အရွယ်တောင်ရှိပြီ။ သူက ၉ နှစ်၊ ၁၀ နှစ်လောက်အထိ အချီခံတယ်။ သူတို့ကလေးတွေ ကျောင်းကပြန်လာလို့ အဘိုးက ချီလိုက်တယ်ဆိုရင် “ဟယ် ဂရေ့စ်ကို သူတို့ဦးလေးက ချီတယ်ဟေ့” လို့ ပြောသံ ကြားရတယ်။      

           နောက် အဘိုး ဆိပ်ဖလူးရနံ့ သင်းတဲ့နေရာကပြန်လာတော့ ၁၉၆ဝ ဝန်းကျင် မှာ ချီရတာ ဟေမာပဲ။ အဲသည်ကောင်က ပုခက်ထဲမှာ မတ်တတ်ရပ်နေရတယ်။ ပုခက်က ခြံလေးလိုလုပ်ထားတော့ အပြင်ထွက်လို့ မရဘူး။ အဲဒါ သူက နို့ဘူးစို့နေရင် အဘိုးက စတတ်တယ်။ အဘိုးက နို့ဘူးကို ဆွဲထုတ်လိုက်တယ်။ ဆွဲထုတ်လိုက်ရင် ဟယ် ဆိုပြီး ငိုလိုက်တာပဲ။ အဘိုးက ပြန်ထည့်တော့မှ တိတ်သွားတယ်။ ပါးစပ်ကနေ နို့ဘူးကို ထုတ်လိုက် ပြန်ထည့်လိုက်နဲ့ သိပ်သဘောကျတယ်။

          အခု သမီးမွေးစကစပြီး ချီရတာ တော်တော်ကြီးကြီးတဲ့ထိပါပဲလေ။ အခုတော့ ဘိုးဘိုး ချီထားတဲ့ကလေးတွေက ကြီးကောင်ကြီးမားနဲ့ ဖြစ်သွားကြပြီ။ အဲသည်ထဲမှာ အသက် ၂၀ ကျော်မှ အချီခံရတာ ဟေမာဆိုတဲ့ကောင်ပဲ။ သည်ကောင်က အချီခံနေ သေးတယ်။ သိပ်ရယ်ရတဲ့ကောင်။ ကြီးလာလည်း ကလေးစိတ်က ရှိနေသေးတဲ့ကောင်ပဲ။

          သမီးလည်း ကြီးလာတဲ့အထိ အချီခံချင်သေးတာလေ၊ အဘိုး သိတာပေါ့ ။

          မနုယဉ်ကတော့ အဘိုးကိုရေးဖူးတယ်။ အဘိုးက အံ့မောင်ရဲ့ အန်ဒါဆင် ဘာသာပြန် တဲ့ ရေသူမစာအုပ်မှာ အမှာရေးရင်း ကလေးအကြောင်း ထည့်ရေးတယ်လေ။ အဲဒါကို သူမက အဘိုးအယူအဆကို သဘောမတူဘူး။ မနုယဉ်က အဘိုးက ကလေးနဲ့ အတူ မနေဖူးလို့ ကလေးအကြောင်း မသိဘူးလို့ ရေးလိုက်တယ်။ အဘိုးကတော့ ပြုံးမိ သေးတယ်။ အဘိုးက ကလေးတွေကို သိပ်စိတ်ဝင်စားတာ။ ကလေးတွေနဲ့အတူ ခေတ်အဆက်ဆက် နေလာခဲ့တာလေ။ အဲဒါ ကြယ်ရိပ် ပန်းနုဝတ္ထုတိုတွေမှာ တတိယ မျိုးဆက်ဆိုတဲ့ဝတ္ထု ရေးလိုက်တယ်။ သမီးလည်းဖတ်ပြီးပါပြီ။ အဲဒါ ကလေးရဲ့ အတွေ့အကြုံကို အခြေပြုပြီး ဇာတ်လမ်းဆင်ထားတာလေ။ စိတ်ကူးရုပ်ပုံပေါ့ ဗျာ။

          အဘိုးက နမိတ်ပုံဆိုတဲ့စကားလုံး သိပ်မသုံးဘူး။ အဲသည် စိတ်ကူးရုပ်ပုံပဲ သုံးတယ်။ အဲသည်ထဲမှာ မေမီ၊ ချောမောလှပ၊ နွေနွေ၊ သီရိ စတဲ့ အဘိုး ဖြတ်သန်း လာခဲ့ရတဲ့ ကလေးတွေရဲ့ စိတ်ကူးရုပ်ပုံကို ဖွဲ့နွဲ့ ထားတာ။ ကလေးကို စိတ်ဝင်စားတာ လူ့သဘာဝကိုတွေ့ရလို့။ ကလေးဆိုတာက ရိုးတယ်။ သူ့စိတ်ထဲမှာ ရှိတဲ့အတိုင်း ပြုမူတာ၊ ဟန်ဆောင်တာ မပါဘူး။ အဲဒါကို လေ့လာရတာက လူ့သဘာဝကို လေ့လာ ရတဲ့ သဘောပဲ။ အဲဒါကြောင့် အဘိုးက ကျေနပ်တယ်။ ( ကလေးတွေကို ပေါင်းတာလည်း အဘိုးက ရွယ်တူလိုပေါင်းတာ။ ကစားဖော်၊ ကစားဖက်လို ပေါင်းတာ။ အဲသည်တော့ သူတို့ရဲ့ အပြုအမူကို ပိုပြီး ထင်ထင်ရှားရှား တွေ့ရတယ်။ ကလေးတွေက အဘိုးဆို ဘယ်သူကမှ မကြောက်ဘူး။ အဲဒါကို အဘိုး က ကြိုက်တာ။ မကြောက်တာကိုကြိုက်တာ။ အဲဒါမှ သူတို့နဲ့ တန်းတူပေါင်းလို့ ရ တယ်။ အဲသည်တော့ သူတို့စိတ်သဘောထား ပိုတွေ့ရတယ်။ ကြောက်နေရင် ဘယ်မှာ အမှန် မြင်ရမှာလဲ။ ဟန်ဆောင်တာပဲ မြင်ရမှာပေါ့ ။ အဘိုးက ကလေးတွေကို လေးစား ရမယ်လို့ ယူဆရတယ်။ လေးစားတယ်ဆိုတာ ရိုသေတာ မဟုတ်ဘူးလေ။ လေးစား တာနဲ့ ရိုသေတာ မတူဘူး။ ငယ်လို့ လေးစားရတာ ဘယ်ဟုတ်မလဲ။ သူတို့လည်း ငယ်ရာက ကြီးလာမှာလေ။ သူတို့ရဲ့ သဘာဝကို လေ့လာထားရာမှာ ဖွံ့ဖြိုးတိုးတက်မှု အဆင့်ကို လေ့လာရာရောက်တယ်။

          ဒါကြောင့် အဘိုးက ကိုယ့်ထက် ဘယ်လောက်ငယ်ငယ်၊ အဘိုးက ခင်ဗျားနဲ့ ကျွန်တော်နဲ့ပဲ ပြောတယ်။ အဲဒါ လေးစားတဲ့သဘောကိုပြတာ။ တချို့က နည်းနည်း ကြီးရင် မင်းနဲ့ ငါနဲ့ ပြောတာ။ ဘိုးဘိုးက အဲသည်လိုပြောလို့ မရဘူး။ အဘိုးတူမ ငယ် တစ်ယောက်ကပြောတယ်။ “အဘိုးက မင်းနဲ့ငါ ပြောပါ။ ခင်ဗျားနဲ့ ကျွန်တော်နဲ့ပြောမနေပါနဲ့၊ တော်ခွကျတယ်” လို့ ပြောတာကို မှတ်မိနေတယ်။ သူတို့နဲ့ ကျောင်း နေဖက် နောင် ကဗျာဆရာဖြစ်သွားတဲ့ကောင်လေးကို ရည်ညွှန်းပြောတာ၊ ဟုတ်တယ် လေ။ ဦးလေးက လူငယ်သဘာဝကို လေ့လာတာ။ အနာဂတ်ကို လေ့လာတာနဲ့ အတူတူပဲ။ သူတို့ကြီးလာမှာ မဟုတ်လား။

          အဘိုး ချီလာတဲ့ကလေးတွေက အဘိုးမျက်စိအောက်မှာပဲ ကြီးလာကြပေပြီ။ သူတို့လည်း သူတို့ဘဝလမ်းကြောင်းကို ရွေးချယ်လိုက်ကြတာပဲ။ သူတို့ကို လေ့လာ တာဟာ နုပျိုပွင့်သစ်စုတွေကို လေ့လာတာဖြစ်သလို လူ့ဘဝကို လေ့လာတာလည်း ဖြစ်တယ်။ သူတို့ ဖြစ်ပေါ်တိုးတက်မှု ဖြစ်စဉ်ကို လေ့လာတာလည်းဖြစ်တယ်။ ဒါကြောင့် အနာဂတ်ကို လေ့လာရာရောက်တယ်လို့ အဘိုးက ယူဆတာပေါ့ ။

          သမီး ၇ တန်း ရောက်နေပြီဆိုတော့ ပညာအဆင့်နဲ့ကြည့်ရင် သိပ်မငယ်တော့ ဘူး။ အကြီးကြီးလည်း မဟုတ်ဘူးပေါ့။ အခုချိန်မှာ အဘိုးက သမီးဆီကို စာရေး လိုက်တယ်။ စိတ်ပါရင်လည်း ဖတ်ပေါ့။ အဘိုးကတော့ ဘာဖတ်၊ ညာဖတ်လို့ အမိန့် သံနဲ့ မလုပ်တတ်ဘူးဗျာ။

          ဘိုးဘိုး အမြဲပြောတာ မှတ်မိလား။ ကိုယ့်အသိနဲ့ ကိုယ်လုပ်ဆိုတာ။ ဘိုးဘိုးက ဆရာလုပ်တာ ဝါသနာမပါဘူး။ အတော် ဝန်လေးတယ်။ ကိုယ့်အသိနဲ့ သိသွားတာကို ပိုပြီးတန်ဖိုးထားတယ်။ အဲဒါကမှ တကယ့်ပညာရေး၊ ပညာရေးဆိုတာ မိမိကိုယ်တိုင် သိရှိတဲ့ အသိကိုဆိုလိုတာလို့ အဘိုးက နားလည်ထားတယ်လေ။ သူများပြောလို့ သိရတဲ့ အသိက တကယ့်အသိ မဟုတ်ဘူး။ ဒါကြောင့် ခဏခဏ အဘိုးက သမီးကို ပြောတာ။ ကိုယ့်အသိနဲ့ ကိုယ်လုပ်။ ကိုယ့်အသိနဲ့ ကိုယ်လုပ်။ အဲဒီအသိက ရလာ မှာပေါ့ ။ ပူစရာ မရှိဘူး။

          စိတ်ကိုဖြန့်ထားလိုက်။ အချုပ်အချယ်မခံနဲ့။ ကိုယ်ကိုယ်တိုင်သိရင် ရလာ မှာပဲ။ အဲဒါတွေကို အတွေ့အကြုံအရ ပြောတာ။ ဒါဖြင့် ကျောင်းမနေရတော့ဘူးလား လို့မေးမယ်။ ကျောင်းနေရမယ်။ ကျောင်းဆိုတာ အဲဒီအသိတွေ ရှိတဲ့နေရာကို ပို့ပေးမယ့် လေ့ကျင့်ခြင်းသဘောဗျ။ ကျောင်းစာမှာ အဲသည့်အခြေခံလေးတွေ ပေးထားတယ်။ အခြေခံရရှိမှ အဲသည်အခြေခံပြီးတော့ တစ်ဆင့်တက်ပြီး အမှန်ကိုရှာနိုင်မှာ။ မိမိ ကိုယ်တိုင် အသိကိုရှာရမှာ။

          အခြေခံမရှိရင် ဘယ်မှာ အသိရှာလို့ရပါ့မလဲ။ အခြေခံဆိုတာ အဲသည်စာအုပ် ထဲမှာ ပါတဲ့အခြေခံရှိမယ်၊ အတွေ့အကြုံရပါတဲ့ အခြေခံရှိမယ်။ အဲသည် ၂ ခုပေါင်းမှဆက်လက်ပြီးတော့ အသိကို ရှာနိုင်မှာပေါ့။ ဒါကြောင့် အဘိုးက ကိုယ့်အသိနဲ့ ကိုယ် လုပ်လို့ပြောတာ။

          သမီးကြီးလာရင်းနဲ့ အဲသည့်စကားရဲ့ အဓိပ္ပာယ်ကို သိလာမှာပါ။ အဘိုးလည်း အတွေ့အကြုံအရ သိလာတဲ့အသိပါပဲ။

           စာရှည်သွားပြီ။ နောက်တစ်စောင်ကျမှ ပြောစရာတွေ ပြောရဦးမှာ။ သမီး ကျောင်းနေရင် ကျောင်းစာကို မှန်မှန်လုပ်ရမှာပေါ့။

၁-၈-၉၆

" သမီးဒေဝီထံသို့ ပေးစာများမှာ ပေးစာအားလုံးစုစည်း၍ စာတစ်အုပ်ထွက်ရှိလာမည် ဖြစ်ကြောင်း သိရှိရပါသည်။