ဒဂုန်ဆရာတင် - ငယ်ကျွမ်းဆွေ
အခန်း ( ၁ )
အချိန်မှာ ညအချိန်ဖြစ်သည်။ သပ်သပ်ရပ်ရပ်ရှိသော တိုက် တစ်လုံး၏ ဝရန်တာစွန်း စားပွဲငယ်တစ်လုံးပေါ်တွင် အရက်ပုလင်း၊ ဖန်ခွက်၊ ဆော်ဒါပုလင်းနှင့် မီးခြစ်၊ စီးကရက်ဘူး စသည်များ ရှိနေရမည်။
စားပွဲအနီး ကုလားထိုင်ပေါ်တွင် ရှိနေသူ (အထူး) လက်ကျန် အရက်ဖန်ခွက်ကို လှမ်းယူပြီး တစ်ရှိန်တည်း သောက်ချလိုက်။
သူ့မျက်နှာသည် ပူဆွေးလွမ်းဆွတ်ခြင်း၊ ကြေကွဲဝမ်းနည်းခြင်း ဝေဒနာများ ခံစားနေရပုံပေါ်လွင်။တွေတွေဝေဝေ ငေးမှိုင်မှိုင် ဖြစ်နေရာမှ သက်ပြင်းတစ်ချက် မှုတ်ထုတ်ကာ ကြေကွဲသောအသံဖြင့် တမ်းတလိုက်။
“ဪ... အသက် အသက်၊ ဘယ်တော့မှ မေ့ဖျောက်လို့ မရနိုင်တဲ့ အသက်လေးရေ”
အသက်ကို တမ်းတလိုက်ပြီး ဆွေးမြည့်နာကြည်းစွာ သီချင်းကို ညည်း။
သီချင်း
ငယ်ကကျွမ်းတဲ့ ငယ်ကျွမ်းဆွေရေ...နွမ်းလျတမ်းတ...ပန်းသမျှ အချိန်နာရီတွေ... ရွှေကိန္နရီခြားသည့်ပမာ...တိမ်ပန်းချီသဏ္ဌာန်အလားပေ...နဂါးဂဠုန်ပုံကူး...ကြုံဖူးသမျှ စိတ်ရူးတွေဝင်ပြီ ခင်ရေ.. ဆွေးသည် ခင်ရေ ချစ်သည်း... ချစ်စကား မှာကြားပြသမျှတွေ...တလည်လည်လေ... အသည်းကွဲပြီမေ။
ဖြေသော်လည်းမပြေ...မဖြေသော်လည်း...သေသော်လည်း ချစ်သည်းမကြွေ၊ အချစ်ဆိုသည်များ အမှုပွေသား..အမြုတေ တစ်ပါးပါလေ..ထုချေရစတမ်း...ပြောစမ်းပါ မေ..တမ်း တမ်း တ တ...လွမ်းရသည့် အဖြစ်တွေ...သက်ညှာချစ်ထွေး ကြင်သူရေ...(ငယ်ကကျွမ်းတဲ့ (ငယ်ကျွမ်း ဆွေရေ) ..)
အတူး ။ ။ သီချင်းဆုံးလျှင် ဝရန်တာမှ ပန်းခြံထဲသို့ တဖြည်းဖြည်း ထွက်ခဲ့သည်။
(အခန်းဆက် တီးလုံးတီးသည်)