ဒဂုန်ခင်ခင်လေး - သဝဏ်လွှာ
လောကဓာတ်ကြီးတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်လျက်ရှိလေ၏။ လောကကြီး၏ ငြိမ်သက်ခြင်းကို ကောင်းကင်ပြင်မှ ဈာန်ယာဉ်စီးလျက် ရှိသော စန္ဒာရွှေလမင်းကြီးသည် ဘော်ငွေအဆင်းကဲ့သို့ ဝင်းဝင်းတောက် လျက်ရှိသော သူ၏ရောင်ခြည်ဖြင့် ဖြန့်ဖြူးမှုန်းချယ်ကာ ကျေနပ်နှစ်သက် စွာ စူးစိုက်ကြည့်နေလေ၏။
နေရာဒေသကား ထားဝယ်မှ မြိတ်သို့သွားသော ကားလမ်းတစ် လျှောက် ပလောက်နှင့် ပလောမြို့ကလေးနှစ်မြို့ကြားရှိ အရှေ့ပိုင်း တနင်္သာရီရိုးမတောင်တန်း၏ တစ်စိတ်တစ်ဒေသနေရာ ဖြစ်လေ၏။ ထိုနေရာတစ်ဝိုက်ကား နက်ခေါင်မြင့်စောက်သော တောတောင်များ အလယ်တွင် အသွယ်သွယ်သော ရော်ဘာခြံများ၊ သတ္တုတွင်းများ၊ ပြောက်ကျား ပြောက်ကျားတည်ရှိကာ အနောက်ဘက်တွင် နက်ရှိုင်းလျက် တစ် ဖက်ကမ်း မမြင်သော အဏ္ဏဝါပြင်ကျယ် ပင်လယ်သမုဒ္ဒရာကြီးဖြစ်၍ အရှေ့ဘက်တွင်မူ တောင်စဉ်တောင်တန်း အထပ်ထပ်မှ ယိုးဒယားနယ် အထိ မှိုင်းမှိုင်းဝေဝေ မြူခြေယှက်သန်းနေသော ရှုမျှော်ခင်းကြီးတစ်လျှောက် သည် သာယာကြည်လင်သော လရောင်အောက်တွင် အသက်မရှိသောအဝိညာဏက ပန်းချီကားကြီးကို ချခင်းထားဘိအလား ထူးခြားစွာ ငြိမ် ဝပ်လျက်ရှိလေသတည်း။
ထိုအချိန် ထိုကာလ၌ ယခုဝတ္ထု စတင်ပေါ်ပေါက်ရာ ဌာနကလေး မှာ ပလောမှ တောင်ပေါ်လမ်း မိုင်ငါးဆယ်ကျော်ဝေးကွာသော “ရွှေပြည် တန်” သတ္တုတွင်း နယ်နိမိတ်ဝင်းမြေအတွင်းဖြစ်လေ၏။ ရွှေပြည်တန် သတ္တုတွင်းမှာ ခဲမဖြူ အကောင်းဆုံးထွက်၍ ခေတ်အလျောက် အဖိုးအနဂ္ဃ ထိုက်တန်လှသဖြင့် မျက်နှာဖြူ နှင့် လူမျိုးခြားကုလားတရုတ်တွေ အထူး သွားရည်ယိုသည့် မြန်မာသူဌေးတစ်ဦးပိုင် သတ္တုတွင်းဖြစ်လေရာ အလုပ် မှာလည်း လွန်စွာကြီးကျယ်လျက် စက်ရုံအဆောက်အအုံနှင့်တကွ သူဌေး၊ မန်နေဂျာ၊ အင်ဂျင်နီယာ စသော အထက်တန်းစား အလုပ်သမားများက အစ မြေတူးမြေသယ် ကူလီတန်းလျားအထိ အိမ်ကြီးအိမ်ငယ် အသွယ် သွယ်တို့ဖြင့် အဆင့်အတန်းအားလျော်စွာ နေထိုင်ကြပြီး ထိုအလုပ်သမား ကြီးငယ်တို့ကို မှီခိုရောင်းဝယ်စားသောက်နေကြသော ကုန်ရောင်းဈေးသည် အစားစားတို့ကြောင့်လည်း ရွှေပြည်တန်သတ္တုမိုင်းသည် တနင်္သာရီရိုးမပေါ် မှာ ရွာတစ်ရွာ၊ မြို့တစ်မြို့ကဲ့သို့ တည်တံ့စွာ ရှိနေတော့၏။
ထိုအချိန်ကား အထက်ပါအတိုင်း ခုနစ်စင်ကြယ်ပြောင် အမြီးထောင် သော ချိန်သန်းခေါင် အကာလအခါ ဖြစ်လေရာ ရွှေပြည်တန် သတ္တုမိုင်း ဝင်းမြေတစ်ဝိုက်ရှိ အိမ်ရာအဆောက်အဦ အသီးသီးတို့အတွင်းရှိ လူများ မှာလည်း လောကကြီးနှင့်အပြိုင် အိပ်မောကြီးကျ၍နေကြလေ၏။
ယင်းသို့လျှင် သစ်ရွက်ဖျားကလေးချင်း ထိခတ်မိသံကိုပင် ကြားရ တော့မလောက် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေစဉ် ဆိတ်ငြိမ်ခြင်းကို ချောက်ခြားစွာ ဖြိုခွင်းလိုက်သော ခြောက်လုံးပြူးသေနတ်သံကြီးသည် ရွှေပြည်တန်သတ္တုတွင်းသူဌေး မောင်မောင်မြင့်အိမ်ကြီးဆီမှ တုန်ဟည်း မြည်ဟိန်းလျက် ရုတ်တရက် ထွက်ပေါ်လာလေ၏။ ဒိုင်းဒိုင်း-ဒိုင်းဟု ခြောက်ချက်တိတိ ဆက်ကာဆက်ကာ ထွက်ပေါ်လာသော ခြောက်လုံး ပြူးသေနတ်အသံမှာ တောင်သံတောသံနှင့် ရောနှောပဲ့တင်ထပ်လိုက်သည် ဖြစ်ရာ သေနတ်သံနှင့်မတူ၊ မြို့ဖျက်အမြောက်သံကြီးနှင့်တူရကား ရွှေပြည် တန် သတ္တုတွင်းတစ်ဝိုက်ရှိ လူကြီးလူငယ် တစ်ယောက်မကျန် အိပ်ရာမှ လန့်ဖျပ်နိုးကုန်ကြပြီး အရေးတကြီး သေနတ်သံကြားရာဆီသို့ ဦးတည်၍ ပြေးလာကြလေ၏။
သူဌေး မောင်မောင်မြင့်၏ အိမ်ကြီးနှင့် အနီးဆုံးဖြစ်သော သတ္တုတွင်း မန်နေဂျာကြီး ဦးထွန်းသာနှင့် အင်ဂျင်နီယာ ကိုသက်ဖေတို့ကား ဒရဝမ် ကုလားများနှင့်အတူ အိမ်ကြီးရှိရာသို့ ရှေးဦးစွာ အပြေးရောက်လာကြပြီး နောက် အိမ်ရှေ့အုတ်လှေကားကြီးအနီးသို့ ဦးတိုက်မိကြသည်နှင့်တစ်ပြိုင် နက် ရုတ်တရက် မိမိတို့မျက်စိကိုပင် မယုံကြည်နိုင်ဘိအလား တွေ့မြင် ရသော အခြင်းအရာကို အံ့အားကြီးသင့်နေမိကြလေ၏။
မိမိတို့အထင်မှာ မိမိတို့သူဌေးအိမ်ကို ဓားပြတွေ ဝင်တိုက်နေကြပြီ ဟု ထင်ခဲ့၏။ သို့ရာတွင် ယခုမြင်ရသော အမြင်မှာ မှန်းချေနှင့် ဖီလာ အကျကြီး ကျနေလျက် မိမိတို့ တစ်သက်တွင် မည်သည့်နည်းနှင့်မျှ ဤ အဖြစ်အပျက်မျိုးကို တွေ့ကြုံရလိမ့်မည်ဟု မထင်ခဲ့သဖြင့်လည်း အံ့သြခြင်း ကြီးစွာ ဖြစ်သွားမိကြခြင်းဖြစ်လေ၏။ ၎င်းတို့ တွေ့မြင်ရသော အခြင်း အရာကား သူဌေးကတော်ကလေး နွဲ့ နွဲ့ ရီသည် အုတ်လှေကားထိပ်မှ မား မားရပ်ကာ အငွေ့ မပြယ်သေးသော ခြောက်လုံးပြူးသေနတ်ကို လက်တစ် ဖက်မှ တင်းကျပ်စွာ ဆုပ်ကိုင်လျက် ဒေါသအမျက်ပြင်းစွာထွက်၍ ရက် စက်ကြမ်းကြုတ်သော မျက်နှာထားနှင့် လှေကားထစ်အဆုံးရှိ မြေပြင်တွင် ဒဏ်ရာကို လက်နှင့်ဖိ၍ မချိမဆံ့ အသက်ထွက်သွားရသော လူရွယ်တစ်ဦး အား စူးစူးစိုက်စိုက် ကြည့်နေသည်ကို တွေ့ကြရလေ၏။
မန်နေဂျာကြီး ဦးထွန်းသာနှင့် အင်ဂျင်နီယာ ကိုသက်ဖေ အမှူးရှိ သော ရောက်လာကြသည့် လူတစ်စုမှာ သူဌေးကတော် နွဲ့နွဲ့ ရီနှင့် သေသူ ကို အပြန်ပြန် ကြည့်နေမိကြ၏။ နွဲ့နွဲ့ရီ၏ ခက်ထန်သောမျက်နှာကိုကြည့်ရခြင်းအားဖြင့်လည်းကောင်း၊ သူ့ပိုင်နက်အတွင်းမှာ အချိန်မဲ့ ညဉ့် အခါကြီးဖြစ်ခြင်းအားဖြင့်လည်းကောင်း သေသူမှာ ပစ္စည်းကိုသော်လည်းကောင်း၊ လူကိုသော်လည်းကောင်း တစ်မျိုးတစ်မည် ကြံစည်ရန် မဖြောင့် မမှန်သောစိတ်ထားနှင့် ရောက်လာ၍သာ အပြစ်အလျောက် ခုခံခြင်းဖြစ်ရ မည်ဟု တွေးမိသော်လည်း နွဲ့နွဲ့ရီ၏ ခုခံခြင်းမှာ လူတစ်ယောက်လုံး စင်းစင်းသေနေပြီဖြစ်၍ အစိုးရဥပဒေနှင့် အနှောင့်အသွားမလွတ်တော့ဘဲ ဖြစ်သမျှအကြောင်းရင်းကို ပုလိပ်ထံ သတင်းပေးဖို့ ဝတ္တရားကြုံလာပြီဖြစ် သောကြောင့် အကျိုးအကြောင်းကို မေးမြန်းရန် နွဲ့နွဲ့ ရီအနီးအပါးသို့ ဝမ်း နည်းသောမျက်နှာထားနှင့် တိုးသွားကြလေ၏။ မိမိလက်လွန်မှုကို သိပြီး ကဲ့သို့ဖြစ်နေသော နွဲ့နွဲ့ရီသည် ဦးထွန်းသာနှင့် ကိုသက်ဖေတို့အား တစ်စုံ တစ်ရာမပြောဘဲ လက်ထဲမှ ဆုပ်ကိုင်ထားသော ခြောက်လုံးပြူးကိုသာ ဦးထွန်းသာသို့ ကမ်းပေးခဲ့လျက် မျက်နှာပျက်ပျက်နှင့် ရုတ်တရက် အိမ် ထဲသို့ လှည့်ဝင်သွားလေ၏။
အိမ်တွင်းမှထွက်လာသော အစေခံများသည်လည်းကောင်း၊ အပြင်မှ စုရုံးရောက်လာကြသော အလုပ်သမား ကြီးငယ်များသည်လည်းကောင်း ထူးခြား၍ အံ့ဩမဆုံးနိုင်သော အဖြစ်အပျက်ကို ကြည့်ကာ နှုတ်ဆိတ် လျက် ကျန်ရစ်ရာမှ ဦးထွန်းသာနှင့် ဦးသက်ဖေတို့က အစပြု၍ လှုပ်ရှား လာကြပြီး အုတ်လှေကားရင်း မြေပေါ်တွင် မှောက်ခုံလဲ၍ သေပွဲဝင်နေသူ ကို မည်သူမည်ဝါဟု သိရှိကြရန် အနီးသို့တိုး၍ကြည့်မိကြသည်တွင်
“ဟင် ... ဒီလူဟာ ချစ်မိတ်ဆွေစတိုးက မောင်သိန်းဆွေပါကလား”
“အို .. ဟုတ်ပါရဲ့၊ ထားဝယ်က ဒီကို တစ်ခါတစ်ခါလာပြီး ပိုး ထည်တွေ ဘာတွေရောင်းနေတဲ့လူ ...”
“အို ... ဒီသူငယ် လူကောင်းကလေးပဲ။ ဘယ်နည်းနဲ့ သူဌေး ကတော်အိမ်ကို အချိန်မတော် လာရသလဲ”
“ဒါပေတဲ့ သူဌေးကတော်ကလေးကလည်း အင်မတန် နူးညံ့သိမ်မွေ့တဲ့ မိန်းမတစ်ဦးပဲ။ သူ မရမ်းကားဘဲနဲ့တော့ ဘယ်နည်းနဲ့မှ ဒီလို ရက်ရက်စက်စက် လုပ်မှာမဟုတ်ဘူး”
“ဒါလည်း ဟုတ်တာပဲ။ အတော် အတွေးရခက်တယ်။ ဒီလူဟာ ကုန်သည်ပီပီ လူတိုင်းနဲ့ သင့်မြတ်တယ်။ လူချစ်လူခင်လည်း များတယ်။ ဒီနယ်က လူကြီးလူကောင်းတွေအိမ် မှန်သမျှ သူ အားလုံး ဝင်နိုင်ထွက် နိုင်တယ်။ စကားပြောလည်း အင်မတန်ကောင်းတယ်”
“ဒါပေမဲ့ ဒီလူဟာ လွန်ခဲ့တဲ့ လေးငါးလကစပြီး ရွှေသွား မယ်တင့် ဆိုတဲ့ ဘိတ်သူမတစ်ယောက်နဲ့ တိတ်တိတ်ပုန်း ညားနေတယ်လို့ ပြော ကြတယ်။ ဒီရွှေသွားမယ်တင့်ဆိုတဲ့ မိန်းမက ခပ်ရှုပ်ရှုပ်ခပ်လည်လည်ထဲ ကပဲ။ အရွယ်ခပ်ငယ်ငယ်တုန်းကတော့ အရာရှိတွေ၊ အင်္ဂလိပ်တွေ၊ သူဌေး တွေကို ပိုင်းလာတာ။ ဘိတ်မှာ သူ့အရှုပ်ဇာတ်တွေ ခြေရာချင်းထပ်နေလို့ ထားဝယ်ကို ရွှေ့ လာတာ လေးငါးနှစ်လောက် ရှိဦးမယ်။ ခုတော့ သူ့ အလုပ်က လူကုန်ကူးတယ်၊ ဘိန်းကုန်၊ အရက်ကုန်ကူးတယ်၊ ကစားဝိုင်းတွေ၊ ကလပ်တွေလည်း တိတ်တိတ်ပုန်းထောင်ထားတယ်။ ဒီအလုပ်တွေ နဲ့ စီးပွားဖြစ်ပြီးနေတော့ သူ့တစ်ကိုယ်လုံး စိန်တွေရွှေတွေ ညွှတ်ညွှတ်ကျိုး ကျအောင် အမြဲဝတ်ဆင်ထားတယ်။ “ဒီကောင်ကလေးဟာ ဒီမိန်းမရှုပ်ရဲ့ ထောင်ချောက်ထဲ ဘယ်လိုသွားမိသလဲ မပြောတတ်ဘူး”
“ကဲလေ .. ဒီလူရဲ့ အကြောင်းက အရေးမကြီးဘူး။ သူဌေးမရှိခိုက် ဒီလိုအရေးပေါ်လာတော့ ကျုပ်တို့ ဘယ်လိုလုပ်ရမလဲ။ ပုလိပ်ကိုခေါ်ပြီး သူဌေးကတော် အပ်ရမှာလည်း အခက်။ ဒီရာဇဝတ်မှုကြီး လျှို့ဝှက်ထားလို့ လည်း မတော်ဘူး”
“ကျုပ်တို့လည်း မကြံတတ်ဘူးလေ။ သူဌေးသွားရာကိုသာ မြန်မြန် လိုက်ခေါ်ကြပေတော့။ သူဌေးရောက်မှ သူ့ဟာသူ ကြည့်စီမံဖို့ပဲ ရှိတော့ တယ်”
ထိုစကားများကာ သူတစ်မျိုးငါတစ်စုံ တစ်ယောက်တစ်ပေါက် ပြောနေကြခြင်းဖြစ်လေရာ ထိုလူစုထဲမှ အကြီးအကဲဖြစ်သော မန်နေဂျာလူကြီး ဦးထွန်းသာနှင့် အင်ဂျင်နီယာ ကိုသက်ဖေတို့သာလျှင် ခေါင်းဆောင်ပြုလာ ရပြန်လေ၏။ ထို့ကြောင့် ဦးထွန်းသာက
“ကဲ ကိုသက်ဖေ ... သူဌေးရှိရာ ခင်ဗျား လိုက်ခေါ်ပေတော့။ ကျုပ်က ဒီမှာ စောင့်ကြည့်နေရစ်မယ်လေ”
“ကောင်းပါပြီ ဦးထွန်းသာ။ ဒါထက် သူဌေးကို ဘယ်လိုက်ခေါ်ရ
မှာလဲ”
“တစ်မြန်နေ့မနက်စောစောကပဲ ထားဝယ်ကို ဆင်းသွားတယ်။ ဟိုမှာ သုံးလေးရက် နေမယ်လို့ ပြောသွားတာပဲ”
“ဘယ်အိမ်မှာ တည်းမလဲ”
“ခါတိုင်း သူဌေးကတော်နဲ့အတူတူ အစေခံတွေပါ ခေါ်သွားတော့ ဖြင့် ဟိုမှာ သူတို့လာတဲ့အခါ နေဖို့ ဆောက်ထားတဲ့ ကိုယ်ပိုင်အိမ်မှာ နေတာပဲ။ ခုလို သူ့တစ်ယောက်တည်းဆိုတော့ သူဌေးရဲ့ သူငယ်ချင်း ဝတ်လုံကြီး ဦးတိုးမောင်အိမ်မှာ တည်းခိုတတ်တာပဲ”
“ကောင်းပြီလေ ... ဒါဖြင့် ကျွန်တော် ခုပဲ ကားနဲ့ဆင်းသွားမယ်” ဟုဆိုကာ ကိုသက်ဖေ ထွက်သွားလျှင် ဦးထွန်းသာလည်း လူအချို့တို့ကို လူသေအလောင်းအား နေရာမပျက်စောင့်ရှောက်ရန် စီစဉ်မှာထားခဲ့ပြီး နောက် သူဌေးကတော် နွဲ့နွဲ့ရီရှိရာ အိမ်ပေါ်သို့ တက်လာခဲ့လေရာ ဘာအကြောင်းမှမသိဘဲ ပြူးကလူပျောကလာဖြစ်နေသော အစေခံခမျာ များမှာလည်း ဦးထွန်းသာနောက်မှ တိတ်ဆိတ်ငြိမ်သက်စွာ လိုက်ပါလာ ခဲ့ကြလေသည်။ ဦးထွန်းသာကား သူဌေးကတော်ကလေးအား ရုတ်တ ရက် မတွေ့ရချေ။ ဧည့်ခန်းကြီးမှနေ၍ ဟိုအခန်းဒီအခန်း မျက်လုံးဖြင့် စုံစမ်းရှာဖွေမိရာ တစ်ဖက်ရှိ စာကြည့်ခန်းကလေးအတွင်း မမှိန်မလင်း ထွန်းထားသော ဓာတ်မီးတစ်ပွင့်အောက်၌ ခေါက်တုံ့ခေါက်ပြန် စကြံ လျှောက်နေသော သူဌေးကတော် နွဲ့နွဲ့ရီကို တံခါးတရုတ်ကတ်ကြားမှတွေ့မြင်ရလေ၏။
ဦးထွန်းသာသည် အကျိုးအကြောင်းမေးမြန်းရန် တံခါးဆီသို့သွား ၍ တွန်းကြည့်သောအခါ အတွင်းမှ ကလန့်ချထားသောကြောင့် မဝင်နိုင် ရှိလေရာ အလိုက်သိစွာ အပြင်ဧည့်ခန်းကြီးမှာပင် အရိပ်အခြည်ကြည့်၍ နေရလေ၏။ ထိုဧည့်ခန်းကြီးမှာ ယခုအမှု၏ စတင်ပေါ်ပေါက်ရာ နေရာ ဌာနနှင့်တူ၏။ မှန်သားစားပွဲဝိုင်းကလေးပေါ်တွင် ငွေစီးကရက်ဘူး၊ ကြေးဆေးလိပ်ပြာခွက်တွင် သောက်လက်စ တစ်ပိုင်းတစ်စ စီးကရက်တို များ၊ လက်ပြောင်တောက်ပ ချိတ်ဆေးရောင် ဖိတ်ဖိတ်ကြွနေသော ကြမ်း ပေါ်တွင် ဖိတ်စဉ်နေသော ဆေးလိပ်ပြာစ အနည်းငယ်တို့ကိုလည်းကောင်း၊ မှန်သားစားပွဲအနီးရှိ နှစ်ယောက်ထိုင်ဆိုဖာကြီးတွင် နွဲ့နွဲ့ရီ၏ ထိုးခါစ သိုးမွေးဆွယ်တာအကျီခါးပိုင်းကလေးသည် ဆင်စွယ်အပ်များနှင့်အတူထောင့်တစ်ခုတွင် ညပ်ဝင်နေလျက် သိုးမွေးထုံးကလေးမှာမူ နှစ်ကိုက် သုံးကိုက်အကွာတွင် လိမ့်ကျနေသည်ကို တွေ့ရလေ၏။ တစ်ဖန် အခန်း ကြီး၏ အလယ်ဗဟိုလောက်တွင် ခြေလျှောတိုက်၍ ချော်လဲထားသော နေရာတစ်ခုနှင့် တံခါးမကြီးအထွက် အိမ်ရှေ့ အုတ်လှေခါးထိပ်မရောက်မီ ကြွေမြေခင်း သမံတလင်းတွင် ချော်လဲရာ တစ်ချက်နှင့် သွေးကွက်များကို တွေ့မြင်ရသောအခါ အတော်ပင် ရက်ရက်စက်စက်လုပ်လိုက်ကြောင်း ပိုမိုထင်ရှားစွာ စဉ်းစားမိသဖြင့် ဦးထွန်းသာမှာ မိမိဆရာကတော်သည် ဤအမှုကြီးအတွက် ကျရောက်လတ္တံ့သော အစိုးရပြစ်ချက်ကို လေးလေး နက်နက် တွေးပူလိုက်မိပေ၏။
နွဲ့နွဲ့ရီ ဝင်ရောက်နေသော စာကြည့်ခန်းကလေးမှာ အတွင်းအပြင် လေဝင်ပေါက်များများရစေရန် တရုတ်ကတ်တံခါးများ၊ ယင်းများဖြင့် လေး ဖက်လေးတန် ရံဝိုင်းထားခြင်းဖြစ်ရာ အပြင်မှ လပြည့်ကျော် ၅ ရက် လရောင်လေးများသည် အခန်းတွင်းသို့ ထိုးသွင်းရိုက်ဖျန်းလျက် အထက် ပိုင်း မဟူရာအုပ်ဆောင်းအတွင်းမှ ဓာတ်မီးရောင်ကလည်း ဖြန့်ဖြူးထား