ဒဂုန်ခင်ခင်လေး - သိပ္ပံသရဲကြီး
အခန်း (၁)
“မှော်ဝန်း” ဟူသော ကြေးပြား ဆိုင်းဘုတ်ကလေးသည် ကြီးမားခံ့ထည်သော သံတိုင်ဝင်းတံခါးကြီး၏ ဘေးရှိ အုတ်နံရံတွင် အရောင်မထွက် မပြောင်လက်ဘဲ တည်ရှိလေ၏။ ယင်းသို့ ကြေးပြား ဆိုင်းဘုတ်ကလေး၏ အရောင်မှိန် ဟောင်းနွမ်းနေသကဲ့သို့ပင် ခြံဝင်း အတွင်း၌ မပြုမပြင် နှစ်ရှည်လများ ပစ်စလက်ခတ်ထားခဲ့သော သစ်ပင် ပန်းပင်များမှာ ရှည်လျားရှုပ်ထွေးသော အကိုင်းအခက်၊ အရွယ်၊ အနွယ် များဖြင့် လူသွားလမ်းကလေးမျှ မရှိအောင် အုပ်ဆိုင်းလွှမ်းမိုးထားလေ၏။
ရှေးအခါက အလှအပ စိုက်ပျိုးထားခဲ့သည်နှင့် တူသော ထားဝယ် မှိုင်း၊ ဒေါင်းစရစ်၊ တိုက်ပန်းဖြူ စသည့် နွယ်ပင်အမျိုးအစားများမှာလည်း ပြုပြင်ကိုက်ညှပ်ပေးမည့်သူမရှိတိုင်း ခြံအတွင်းရှိ မရန်းပင်၊ သရက်ပင်၊ စံကားဝါပင် စသည့် ပင်မြင့်ကြီးများပေါ်သို့ ကျူးကျော်ဖုံးလွှမ်းကာ ရုပ်လုံးရုပ်ပြောင်ကြီးများအလား ပတ်နွယ်ရစ်လိမ်ထား ရုံမက အချို့မှာ အပင်မြင့်ဆီမှ တစ်ဖန် မြေပြင်သို့ပြန်ဆင်းရန် တွဲလိတွဲလောင်း စာဘူး တောင်းကြီးများပမာ တွဲရရွဲကျကာနေသောကြောင့် ခြံကြီးတစ်ခြံလုံးမှာအုပ်ဆိုင်းမည်းမှောင် အလင်းရောင်မရှိ တောကြီးမျက်မည်းအတိ ဖြစ်နေလေတော့၏။
ထိုခြံအို ခြံရိုင်းကြီး၏ အလယ်ဗဟို၌မူကား အလွန်ဟောင်းနွမ်း လျက် ကြီးမားရှေးကျလှသော ဆင်ဝင်အုတ်ခံ နှစ်ထပ်အိမ်ကြီး တစ်လုံး ကိုလည်း သစ်ပင်ရိုင်းများအကြားမှ တစ်စိတ်တစ်ဒေသအားဖြင့် တွေ့မြင် နိုင်လေ၏။
ထိုအိမ်အိုနှင့် ခြံဟောင်းပိုင်ရှင်ကား ဂျာမနီပြန် ဆရာဝန်ကြီး ဦးဘခက်ဆိုသည့် အဘိုးကြီးတစ်ဦး ဖြစ်လေသည်။ ဦးဘခက်မှာ ဂျာမနီပြည်မှ ဆရာဝန်ဘွဲ့ ကို ယူခဲ့သူဖြစ်သည့် အားလျော်စွာ ဆေးပညာ အတတ်တွင် တစ်ဖက်ကမ်းခပ် တတ်မြောက်ကျွမ်းကျင်လာသူ ဖြစ်၍ ခပ်ငယ်ငယ် အရွယ်ကောင်းစဉ်က မန္တလေး-ရန်ကုန် စသော စည်ကားသော မြို့ကြီးတို့တွင် ကိုယ်ပိုင်ဆေးဆိုင်ကြီးဖွင့်ကာ လူနာတို့ကို လက်ခံ ကုသခဲ့ခြင်းဖြင့် မြို့ပေါ်တွင် အကျော်ဇေယျ နာမည်ဂုဏ်ထူး ရခဲ့လေ သည်။
အဘယ်ဆရာဝန်က လက်လျှော့သည်ဖြစ်စေ ဆရာဝန်ကြီး ဦးဘခက်လက်သို့ ရောက်လာလျှင် မျက်ဖြူဆိုက်နေသော လူနာဖြစ်လင့် ကစား အသက်ချမ်းသာရာရသည်ဟု လူနာရှင်တို့ အယူရှိကာ အထူး ခေတ်ကောင်းခဲ့သလောက် ဦးဘခက်တွင် ငွေပဒေသာပင်ကြီးတွေ ပေါက် နေသကဲ့သို့ ဒီရေအလား ထားစရာမရှိအောင် စီးပွားတက်ခဲ့ပြီးမှ ဆရာဝန် ကြီးဦးဘခက်မှာ “မမှားသောရှေ့နေ မသေသောဆေးသမား”ဆိုသော စကားအရ ဦးဘခက်၏ ချစ်လှစွာသော ဇနီးမယားမှာ သမီးငယ်ကလေး တစ်ယောက်နှင့် လင်သည် ဦးဘခက်ကို ပစ်ခွာလျက် သေမင်းရွာသို့ လိုက်ပါသွားရသော အချိန်မှစ၍ ဦးဘခက်မှာ စိတ်ပျက်လက်ပျက် ဖြစ်ကာ လောကကြီးနှင့် ထွေးလုံးလား မနေတော့ဘဲ မြို့ထဲရွာထဲမှ ခွာဖယ်ကြဉ်ရှောင်ကာ မေမြို့နှင့် အနီး စခန်းဘူတာအကြား မော်တော် ကားလမ်းဘေးရှိ အဆိုပါ “မှော်ဝန်းသိ” ခေါ် ခြံကြီးတွင် အဖော်မနှီး ရိပ်ကြီးမှီသော တပသီရသေ့အလုပ်ပင် မဟုတ်စေကာမူ လူသူဆိတ်ကင်း ရာ ထိုဌာန ထိုအရပ်တွင် မိမိတတ်မြောက်သည့် ဆေးပညာရပ်အရပ် အမျိုးမျိုးမှ ကောင်းနိုးရာရာ အညွှန်းအသားများကို လက်တွေ့ စုံစမ်း လျက် တစ်ဖက်တစ်လမ်းမှ ပညာစွမ်းနှင့်လမ်းစရှာ၍နေရခြင်းဖြင့်သာ မိမိဘဝကို ပျော်ရွှင်သမှုပြု၍ နေရှာတော့သည်ဟု ၎င်း၏ နောက်နောက် က ရင်းနှီးခဲ့သော အသိမိတ်ဆွေတို့ ပြောသံကို တစ်ဆင့်စကားကြားရ လေတော့သည်။
ဦးဘခက်ကိုယ်တိုင်ကား အပြင်အပသို့ သွားလာခြင်း အမှုဆို၍ လုံးလုံးမပြုသလောက် နည်းပါးလေ၏။ အိမ်ကြီးတွင်မူ အပြင်ကဟောင်းနွမ်းနေသလောက် အတွင်း၌ ခိုင်ခံ့သစ်လွင်သော အခန်းကြီး နံရံကြီးများ၊ ပြတင်းတံခါးပေါက် အထပ်ထပ်များနှင့် ခမ်းနားသော ဆေးခန်းကြီးများ၊ လှပသော ဧည့်ခံခန်းကြီးများကို အံဝှက် တံခါးဝှက် များနှင့်တကွ စိတ်တိုင်းကျ ပြုပြင်ဆောက်လုပ်ထားလေရာ အစေခံ တစ်ယောက်၊ ထမင်းချက်သမားတစ်ယောက်နှင့်သာ ထူးဆန်းသော ဆေးပညာနည်းဆန်းတစ်ခုကို စမ်းသပ်ရှာဖွေနေသောကြောင့် ဦးဘခက် ၏ ရည်ရွယ်ချက်ကို မည်ကဲ့သို့ ဝေဖန်ချက်ပေးရန်ပင် ခက်ခဲလျက် ရှိလေတော့သည်။
ဦးဘခက်၏ အတွင်းကျသော လက်ရင်း လူယုံတော်ကြီး တစ် ယောက်မှာကား မန္တလေးမြို့ရှိ ရှေးကျ၍ ကြီးကျယ်ခမ်းနားသော ဦးဘခက်ပိုင် ဆေးတိုက်ကြီး၌ လက်ထောက်ဆရာဝန်ကြီး ဦးရွှေတင် ဆိုသူ ဖြစ်လေရာ ဦးဘခက်သည် ၎င်း၏ တပည့်လည်းတပည့်၊ လက် ထောက်ဆရာဝန်လည်းဖြစ်၍ ဆေးတိုက်ကိုယ်စားလှယ်ကြီး သစ္စာရှိသော အဆွေခင်ပွန်းလည်းမည်၊ ညီရင်းအစ်ကိုတမျှလည်း ချစ်ကြသော ဦးရွှေတင်အား သူ၏လုပ်ငန်း အရပ်ရပ်နှင့် အကြံအစည် အမျိုးမျိုးတို့ အပြင် သားရေး၊ သမီးရေး၊ စီးပွားရေးကအစ လုံးဝ ဦးရွှေတင်ကိုသာလျှင် တာဝန်လွှဲအပ်ထားခဲ့သည်ဖြစ်ရာ ဆရာဝန် ဦးရွှေတင်မှာ အနီးစခန်းရှိ “မှော်ဝန်းသိ” ခေါ် ခြံသို့ အရေးကိစ္စကြီးငယ်ရှိတိုင်း သူ၏ ကား ကလေးနှင့် မကြာခဏ အပြေးရောက်လာကာ ဦးဘခက်အလိုရှိသမျှ အရာရာတို့ကို သေသပ်ကျိုးနွံစွာ ဆောင်ရွက် လုပ်ကိုင်ပေးရရှာလေသည်။
ဦးဘခက်၏ သမီးပျိုကလေးဖြစ်သော မေနွဲ့ရီသည်ပင် ကျောင်း ပိတ်ရက်များ၌ ပျင်းရိငြီးငွေ့စရာ ကောင်းလှသော ဦးဘခက်၏ မှော်ဝန်း သိဂီဆီသို့ မပြန်ချင်ဘဲ ဆရာဝန်ကြီး ဦးရွှေတင်၏အိမ်တွင်သာ သူ၏ သားသမီးများနှင့်အတူ ပျော်ပျော်ပါးပါး နေခဲ့သည်က များလေ၏။
ဦးရွှေတင်၏ သားအကြီး ကောလိပ်ကျောင်းသားတစ်ဦး ဖြစ်သူ မောင်မောင်မြသည်လည်းကောင်း၊ မေနွဲ့ ရီနှင့် တစ်တန်းတည်း စာသင် ဖက်ဖြစ်သော သမီးငယ် ထွေးထွေးတင်သည် လည်းကောင်း မေနွဲ့ ရီအား အဖေချင်း ရင်းနှီးချစ်ခင်ကြသလောက် ၎င်းတို့ လူငယ်များမှာလည်း တစ်ယောက်နှင့်တစ်ယောက် အထူးသဖြင့် ချစ်ခင်ကြင်နာစွာ နေထိုင်လာ ခဲ့ကြလေသည်။
ဤသည်တို့ကား မှော်ဝန်း” ခေါ် ခြံပိုင်ရှင်ဆရာဝန်ကြီး ဦးဘခက်၏အကြောင်း အတ္ထုပ္ပတ္တိအကျဉ်းချုပ် ဖြစ်လေတော့သည်။
တစ်နေ့သ၌ မေနွဲ့ရီ၊ ထွေးထွေးတင်၊ မောင်မောင်မြတို့သည် ပူအိုက်သော ကျောင်းပိတ်ရက်အတွင်းဖြစ်၍ လေညင်းခံရင်း ဆိုသလို မောင်မောင်မြကိုယ်တိုင် ၎င်းပိုင် မော်တော်ကားကလေးကို မောင်းကာ မေမြို့သို့ ထွက်လာခဲ့ကြလေ၏။
ရင်းနှီးချစ်ခင်သော သူငယ်ချင်းဖြစ်ရုံမက မေနွဲ့ရီနှင့် မောင်မောင်မြတို့မှာ ဖခင်နှစ်ဦးက အသိပေးကာ အချိန်အရွယ်ရောက်က လက်ထပ်ရန်ပြောဆိုထားကြပြီးဖြစ်၍ ၎င်းတို့ကလည်း ထိုကိစ္စကို သိပြီး အချင်းချင်း သဘောကျ ကျေနပ်ချစ်ခင်ကြပြီး ဖြစ်ကြလျက် ထွေးထွေးတင်နှင့်မေနွဲ့ ရီတို့မှာလည်း သူငယ်ချင်းချစ်၊ ယောက်မ ကလေးများ ဖြစ်နေကြ သလောက် ယခုကဲ့သို့ လွတ်လပ်စွာ သွားလာလည်ပတ်နေရသောအခါ အပျော်ကြီးပျော်၍ နေကြရှာလေ၏။ သို့နှင့် လမ်းခရီး အနီးစခန်းရှိမှော်ဝန်းသိဂီခြံကြီးအနီးသို့ ရောက်ကြသောအခါ ထွေးထွေးတင်က စတင်ကာ
“မမရီရေ..၊ လမ်းကြုံလို့ရှိမှ ရီတို့ဖေဖေကြီးဆီ ဝင်ကြဦးစို့လား” “တင် ဝင်ချင်ဝင်လေ၊ ရီတော့ ဖေဖေ့ဆီသွားရတာ ပျင်းစရာ ကောင်းလွန်းလို့ တယ်မဝင်ချင်ဘူး၊ ဖေဖေကလည်း တစ်နေ့တစ်နေ့ ဆေးခန်းထဲမှာ ကုပ်ကုပ်ကုပ်ကုပ်နဲ့ ဘာတွေလုပ်နေမှန်းမသိဘူး၊ ကိုယ့် သမီးလေး တစ်ခါတလေလာလို့မှ စကားကလေး ဘာကလေး ပြောဖော် မရဘူးကွဲ။ ကိုယ့်အခန်းထဲမှာ ကိုယ်နေရတာ သိပ်ပျင်းစရာကောင်းတာပဲ”
“အို.. ဘာဖြစ်လဲ မမရီရယ်၊ လမ်းကြုံလို့ရောက်တဲ့အခါ ခဏဝင် ကြည့်လိုက်တာပေါ့၊ ကဲ... ကိုကို ခြံထဲကိုမောင်းပါ ”
“ဘယ့်နှယ်လဲ ရီ၊ မောင်းရမှာလား”
“မောင်းလေ... မောင်းပါ၊ တင် ဒါလောက်ဝင်ချင်မှ ဝင်ကြတာ ပေါ့”
မောင်မောင်မြသည် ချစ်သူမေနွဲ့ရီ၏ အမိန့်ကျလာမှ ခြံထဲသို့ ကားကိုမောင်းခဲ့လေသည်။ ဆင်ဝင်အောက်ရှိ အမြဲပိတ်ထားသော တံခါး ကြီးကို အပြင်မှနေ၍ ခေါက်ကြလေ၏။ တံခါးခေါက်သံကြောင့် မျက်နှာ တစ်ခုစာမျှ ချောင်းကြည့်ရသော အပေါက်ငယ်တစ်ခု ပွင့်လာပြီးဦးဘခက်၏လူယုံ အစေခံကြီး ဦးသာခေါင်၏မျက်နှာ ပေါ်လာ၏။
“ဪ...ရီရီတို့ပါလား၊ ဒါပေမဲ့ ဆရာကြီး ကနေ့ အရေးကြီးတဲ့ ကိစ္စတစ်ခုရှိလို့ ဘယ်သူလာလာ တံခါးဖွင့်မပေးနဲ့လို့ မှာထားပါတယ်။ ဒါကြောင့် မဖွင့်ပါရစေနဲ့”
ဟု ပြောလေ၏။ မေနွဲ့ရီတို့သည် ထွေးထွေးတင်ဘက်သို့ လှည့်၍ မေးငေါ့ကာ... “ကဲ...
ဒါကြောင့် မမရီ မပြောလား၊ မဝင်ကြပါစို့နဲ့လို့၊ ဖေဖေ့ မှာ ဆေးစပ်တဲ့ကိစ္စတစ်ခုက ဆယ့်နှစ်ရာသီ အမြဲအရေးကြီးနေတာ တင်ရဲ့၊ ကိုင်း.. ကြာပါတယ်၊ လာပါ...သွားကြပါစို့”
ဟုဆို၍ သုံးယောက်သား ကားပေါ်သို့တက်ကြမည်ပြုစဉ် ခြံဝင်း ထဲသို့ အခြားကားကလေးတစ်စင်း ဝင်လာသည်ကို တွေ့ရသောကြောင့် ခေတ္တရပ်တန့်ကြည့်နေမိကြလေ၏။
ဝင်လာသော ကားကလေးမှာ အခြားမဟုတ်၊ မောင်မောင်မြနှင့် ထွေးထွေးတင်တို့၏ ဖခင် ဆရာဝန်ကြီးဦးရွှေတင် စီးလာသော ကား ဖြစ်လေ၏။ ဦးရွှေတင်သည် မျက်မှန်ကြီးကိုတပ်ကာ ကားကလေးကို ကိုယ်တိုင်မောင်းလျက် အခြား မည်သူ့ကိုမျှ ဂရုမစိုက်နိုင်ဘဲ ဆင်ဝင် အောက်သို့ လျှောခနဲထိုးရပ်လိုက်ပြီး ဆယ့်နှစ်လက်မပတ်လည်ခန့်ရှိ သော သားရေလက်ဆွဲသေတ္တာ ကလေးတစ်ခုကို လက်နှစ်ဖက်နှင့် တရိုတသေ ယုယညင်သာစွာပိုက်ကာ တံခါးရှိရာသို့ သုတ်သီးသုတ်ပျာ သွားပြီး တံခါးကိုခေါက်ရာ အတွင်းမှ ဦးသာခေါင်၏ မျက်နှာတစ်ခြမ်း ထွက်ပေါ်လာလေ၏။
ဦးသာခေါင်သည် ဦးရွှေတင်ကိုမြင်လျှင် တံခါးကို အလျင်စလိုဖွင့် ပေး၍ ဦးရွှေတင် အတွင်းသို့ဝင်မိသောအခါ တံခါးကို လေသလပ်ပင် မခံ၊ လျင်မြန်စွာ တံခါးကို ပြန်ပိတ်လိုက်လေ၏။
“ကြည့်စမ်း တင်..၊ မမရီတို့လို သမီးအရင်းလာတာကို တွေ့ မခံနိုင်ပေတဲ့ ဆေးပညာနဲ့ပတ်သက်တဲ့ ကိစ္စဆိုတော့ ဦးသာခေါင်ကြီးက ကျကျနန ဆီးကြိုပြီး တံခါးဖွင့်ပေးရတယ်ကွဲ ၊ ဖေဖေတော့ ဒီကစ်သက် ဒါတွေနဲ့ပဲ အရိုးထုတ်တော့မှာပဲ”
ဟုဆိုကာ ပြုံးလေ၏။ မောင်မောင်မြကလည်း...
" ဒါလောက် အရေးတကြီး အပင်ပန်းခံပြီး ကြံစည်နေတာဟာ ဘယ်လိုထူးခြားတဲ့ ဆေးပညာတွေများ စမ်းသပ်ကြံစည်နေသလဲ မသိရ ဘူးလား ရီရဲ့”
ဟုဆိုလျှင် မေနွဲ့ရီက ပြုံး၍...
“ရီတော့ နည်းနည်းမှ မသိရဘူး ကိုကိုမြရယ်၊ ဖေဖေ့ အလုပ် ကိစ္စဟူသမျှကို ကိုကိုမြတို့ဖေဖေဟာ အသိဆုံးမို့ သိချင်ရင် ကိုကိုမြတို့ ဖေဖေကို မေးကြည့်ပါလား”
“ပြောပါလိမ့်ဗျာ၊ စောင့်သာနေ၊ ကိုယ်တို့ဖေဖေက သာဆိုးသေး၊ ရီတို့ဖေဖေလုပ်တဲ့ အလုပ်ဆိုရင် ကိုကိုတို့ဖေဖေက သူ့အသက် အသေ ခံပြီး ဖုံးဖိထားတော့မလောက်ပဲ”
“ကဲ.. ဒါ ဖြင့် အဘိုးကြီးနှစ်ယောက် သူတို့ဟာသူတို့ ဆေးခန်း ထဲမှာ ထောင်နေနေ၊ ပြားနေနေ ရီတို့အလုပ်မဟုတ်ပါဘူး၊ လာပါ... သွားကြပါစို့”
ဟုဆိုကာ သုံးယောက်သား ကားပေါ်တက်ပြီး ပျော်ပျော်ပါးပါး ခရီးဆက်လက် ထွက်သွားကြလေသည်။