ဒဂုန်ခင်ခင်လေး - ဖေ့သည်းချာမေ့သည်းချာ
ရီလေးသည် ဈေးချိုတော်သို့ အလိုရှိသော ပစ္စည်းကလေးများ ဝယ်ခြမ်းရန် မင်္ဂလာဈေးထိပ်ရှိ ဓာတ်ရထားဆိပ်မှ စောင့်ကာ အဆင်သင့်
ရောက်လာသော ဓာတ်ရထားပေါ်မှ တက်ပြီး နီးရာခုံတန်းတစ်ခုတွင် ဝင်၍ထိုင်လိုက်သည်။ ထိုခဏမှာပင် ဓာတ်ရထားလက်မှတ်ရောင်းသူ သည် အနီးသို့ ရောက်လာ၏။ ရီလေးသည် အကြွေလည်း မပါသဖြင့် ငါးကျပ်တန်တစ်ရွက်ကိုထုတ်ကာ “ဈေးချိုနာရီစင်ထောင့်ကို” ဟု ပြောလိုက်၏။ လက်မှတ်ရောင်းသူသည် ငါးကျပ်တန်ကို မအမ်းနိုင်ကြောင်းပြောပြီး ဓာတ်ရထားမထွက်မီ ပြန်ဆင်းလိုကဆင်းနိုင်ရန် ငွေစက္ကူကို လက်ကမ်း၍ ပေးသောကြောင့် ရီလေးသည် ထိုင်ရာမှ ထတော့မည်အပြုတွင် ခုံချင်းယှဉ်လျက်ရှိသောနေရာမှ လူတစ်ယောက် သည် လက်မှတ်ရောင်းသူကို လက်မှတ်ခစိုက်ပေးပြီး ငွေစက္ကူကို သူ၏ နာရီအိတ်ထဲသို့ ခပ်တည်တည်ပင် ယူ၍ထည့်ထားလိုက်လေ၏။ ရီလေး သည် ထိုသူကို အံ့သြစွာ ကြည့်လိုက်ရာမှ ထိုသူ၏ပြုမူပုံကို မြင်ရသော အခါ သာ၍ အံ့အားသင့်သွားပြန်၏။
ရွှေလက်ပတ်နာရီ၊ ပိုးညွန့်တိုက်ပုံ၊ ဘန်ကောက်လုံချည်မီးခိုးရောင် နှင့် ပြောင်လက်သော ပေတင်ရှူးဖိနပ်ကို စီးထားသော အသက် နှစ်ဆယ်ကျော်အရွယ် အထက်တန်းစားပညာတတ်လူပျိုချောတစ်ယောက် ဖြစ်နေ ပြန်သောကြောင့်တစ်ကြောင်း၊ တစ်ပဲခြောက်ပြားမျှဖြစ်သော ဓာတ်ရထား လက်မှတ်ခကို ခရီးသည်ခြင်း ယဉ်ကျေးမှုအဖြစ်နှင့် ကူညီထားသည့်ကျေးဇူးကြောင့်တစ်ကြောင်း၊ မိမိ၏ ငါးကျပ်တန်ငွေစက္ကူကို သူ၏ အိတ်ထဲသို့ ထည့်လိုက်ပြီး ပြန်၍လည်းမအမ်းနှင့် ခပ်တည်တည်ကြီး လုပ်နေသည့်အတွက် မိမိကပြောဆို၍ တောင်းယူရမည်လည်း ရိုင်းရာကျ နေမည်ဖြစ်သောကြောင့် ဘာမျှမပြောဘဲ ငြိမ်နေလိုက်ရ၏။ သို့ရာတွင် ရီလေး၏စိတ်၌ကား ထိုသူငယ်၏မခိုးမခန့်ပြုမူနေမှုအတွက် မခံချင် လျက်ရှိနေသဖြင့် ထိုသူငယ်၏မျက်နှာကို စူးစိုက်စွာ ကြည့်မိသောအခါ ရီလေးမှာ သာ၍ အံ့အားသင့်သွားမိပြန်တော့၏။
ထိုလူငယ်ပျိုကား အခြားမဟုတ်၊ ရီလေးနေရှင်နယ်ကျောင်းမှ ဆယ်တန်းအောင်ပြီး၍ ကျောင်းထွက်သည့်နှစ်က ကျောင်းက သူငယ်ချင်းမ ကလေးများနှင့် ဝါဆိုပန်းခူးထွက်စဉ်၊ ရန်ကင်းတောင်တောစ၌ နှစ်ဦး နှစ်ဝဘုကျခဲ့ဖူးသော မန္တလေးဥပစာကောလိပ်ကျောင်းသားတစ်ဦးဖြစ် ကြောင်း ရုတ်တရက် သတိရလာလေ၏။
ရီလေးတို့အသိုက်မှ မိန်းမပျိုများသည် မိုးစိမ့်စိမ့်တွင် ကျောက်ပန်း များကို တောင်ဆင်ခြေလျှောရှိ ကျောက်တုံး ကျောက်ခဲကြီးများအကြား တွင် သီချင်းတကြော်ကြော်နှင့် တဲ့ ခူးယူနေကြခိုက် အထက်ဆီမှ ဝါဆိုပန်းခူးလာကြသောကျောင်းသားတစ်သိုက်၏ ဖိုသံပေးသီချင်းနှင့် တကွ ဆူကြ၊ ပူကြ၊ မြူးကြ၊ ခုန်ကြသံများကို ကြားရပြီးနောက်ကျောင်းသား အချင်းချင်း နောက်ပြောင်ကျီစယ်ကာ တွန်းလား၊ ထိုးလား လုပ်ကြရင်းမှ ကျောင်းသားနှစ်ယောက်သုံးယောက်မှာ မိုးရေနူးပွလျက်ရေညှိများတက်နေသည့် ကျောက်တုံးများပေါ်မှ အားလွန်ခြေချော်ကာ ဆင်ခြေလျှောအတိုင်း မဟန်နိုင်အောင် ဖင်တရွတ်တိုက်၍ လျှောကျလာ လျက် ရုတ်တရက် လူချင်းတိုက်ကာ လဲကျပြန်၏။ လျှောကျလာသော ယောက်ျားပျိုနှစ်ယောက်သုံးယောက်နှင့် ကျောက်ပန်းခူးနုတ်နေသော မိန်းမပျိုတစ်သိုက် ထိခိုက်မိကြရာတွင် ရီလေးနှင့် ထွေးလားလုံးလား ဖြစ်နေသူမှာ ယခုဓာတ်ရထားပေါ်တွင် တွေ့မြင်ရသည့်သူဖြစ်သည်။ ရီလေးသည် လိမ့်လျှောလာသော အဆိုပါ ယောက်ျားပျို၏ ရင်ခွင်တွင် ဖင်ထိုင်လျက်လဲရာမှ အားယူ၍ ထလိုက်ကာ ဒေါသထွက်ရမည်အခက်၊ ရယ်ရမည်အခက်နှင့် ရှိနေစဉ် ဒေါသစိတ်က ပိုမိုဝင်ရောက်လာ၏။
“ဟင်... ဒီမှာ လူတွေရှိမှန်းသိရက်နဲ့ အကန်းလိုပဲ”
နှုတ်ခမ်းစူကာ ရေရွတ်လိုက်မိ၏။ အခြားမိန်းမပျိုတို့လည်း ရီလေး နည်းတူ နှုတ်ခမ်းစူကာ ရန်ထောင်ကာနှင့် ရှိသောအခါ လဲနေသော ယောက်ျားပျိုမှာ ဖင်နှိပ်ခါးနှိပ်နှင့် ဖုတ်ဖက်ခါ၍ ထရင်း..
“မတော်လို့ ချော်ကျတာအသိသားနဲ့ဗျာ၊ ခင်ဗျားတို့ကို တမင် တကာလုပ်တာမှ မဟုတ်ဘဲ”
အောက်ကလိအာ လေသံခပ်အေးအေးနှင့် ပြောလိုက်လျှင် နှုတ်သီး ကောင်းမကလေးတစ်ယောက်ကမူ၊
“ဟင်း... မတော်တဆမှန်းသိလို့သာပေါ့။ နို့မိုရင် အစိမ်းလိုက် ဝါးစားမှာ”
ပြောလိုက်စဉ် တစ်နေရာဆီမှ ဘိန်းစားသံကလေးနှင့်၊
“တစ်ကိုယ်လုံးတော့ မစားလိုက်ပါနဲ့ခင်ဗျာ၊ ကျွန်တော် အသည်း ယားတတ်ပါတယ်”
ထိုစကားသံပေါ်လာပြန်သောအခါ ရီလေးနှင့်တကွသော မိန်းကလေး တစ်သိုက်မှာ ပို၍ ဒေါပွသွားပြန်သည်။
ရီလေးကား မိမိနှင့် ထိခိုက်မိသူယောက်ျားပျိုကို ပိုမိုဒေါပွလျက် ရန်တွေ့ဦးမည်ဟု လှည့်ကြည့်လိုက်သောအခါ အဆိုပါသူငယ်မှာ ခွေခွေ ကလေးလဲနေရာမှ အခြားလူများလို ကုန်းရုန်း၍ မထနိုင်သေးဘဲ မျက်လုံး ကလေးကို မှေးမြဲနှေးနေသည်ကို တွေ့ရပြီးလျှင် ရန်တွေ့ခံနေရသော အခြားလူငယ်များမှာ အထိတ်တလန့်နှင့်
“ဟောဗျ၊ ကိုသန့်ဇင် မေ့နေပြီ ထင်ပါရဲ့” သည်။
ဆိုကာ သူငယ်ချင်းကို ဝိုင်းဝန်းပွေ့ထူကြည့်သောအခါ ရီလေးတို့ မိန်းမတစ်သိုက်မှာ အံ့အားသင့်သွားပြီး သနားရမလို၊ ကူညီပြုစုရမလိုနှင့် အမ်းတန်းတန်းဖြစ်နေသည်။
“အို... လုပ်ကြပါဦးဗျ။ ဒီမှာ သေမလား ရှင်မလား.. မသိရဘူး”
ပွေ့ထားသော ယောက်ျားပျိုတစ်ယောက်က ပြောလိုက်သောအခါ ရီလေးမှာ အနီးသို့ကူညီရန် တိုးလာမိသည်။ သို့သော် မေ့နေသူ၏ လက်တစ်ဖက်သည် ပွေ့ထားသော လူငယ်၏ခါးကို အချက်ပေးသကဲ့သို့ လက်တို့လျက်ရှိသည်ကို တွေ့မြင်လိုက်ရပြန်သဖြင့် ပရိယာယ်ဆင်နေကြောင်း သိရသောအခါ ခပ်ချဉ်ချဉ်နှင့် ကျိတ်ပြုံးလိုက်လျက် ရုတ်တရက် အနီးရှိ ဓာတ်ဘူးကိုယူပြီး အထဲမှ ရေခဲရေများနှင့် မျက်နှာကို မွန်းအောင် လောင်းချလိုက်ကာ “မေ့နေတဲ့လူဆိုတာ ဟောဒီလို ရေနဲ့လောင်းရတယ်”
ပြောကာ ချာခနဲလှည့်ထွက်လာလျှင် မေ့ချင်ဟန်ပြုနေသူ မောင်သန့်ဇင် မှာ သူငယ်ချင်းများ၏ ရင်ခွင်ကြား၌ ဝူးဝါးဝူးဝါးဖြစ်လျက် ကျန်ရစ်ခဲ့သည်။
ရီလေးသည် အထက်ပါ ရှေးဟောင်းအဖြစ်အပျက်ကလေးကို ရုပ်ရှင်ပြသလို အစအဆုံး ထင်မြင်လာသည်။
“အင်း... လက်စသတ်တော့ သူကိုး”
ကျိတ်၍ပြုံးကာ ပို၍ အော့နှလုံးနာသွားပြန်သည်။ သို့နှင့် ဓာတ်ရထားကား သွားမြဲသွားလျက်ရှိရာမှ နောက်ဆုံးတွင် ဈေးချိုနာရီစင် ထောင့်သို့ ရောက်ခဲ့သည်။ သည်။
“ဒီမှာ ခင်ဗျာ၊ ငွေစက္ကူ အမ်းရအောင်”
ဆို၍ သန့်ဇင်သည် ရှေ့ကဆင်းသွားသောကြောင့် ရီလေးလည်း ငွေစက္ကူ သံယောဇဉ်ကြောင့် နောက်မှ လိုက်ပါသွားရတော့လေသည်။
သန့်ဇင်သည် အနီးရှိကုန်တိုက်ကြီးတစ်ခုအတွင်းသို့ ဝင်သွားသော အခါ ရီလေးမှာ ကုန်တိုက်အဝသို့ရောက်ခဲ့ပြန်၏။ သန့်ဇင်မှာ ကြော့ကြော့ မော့မော့နှင့် ဆိုင်တွင်းသို့လျှောက်ကာ ဝယ်ယူမည့်ပစ္စည်းများကို ကြည့် စပြုစဉ် ကုန်ရောင်းစားရေးသည် အဝတွင် ရပ်နေသော ရီလေးအနီးသို့ လောကွတ်ကျေသောမျက်နှာနှင့် ရောက်လာပြီး
“အထဲကိုကြွပါခင်ဗျာ၊ ဘာများအလိုရှိပါသလဲ။ ကြည့်ပါခင်ဗျာ၊ ကုန်အသစ်တွေရောက်နေပါတယ်”
ဆိုသောအခါ ရီလေးမှာ ခပ်ကြောင်ကြောင်ရပ်နေရခြင်းထက် ဟန်မပျက် ကုန်ပစ္စည်းများ လျှောက်ကြည့်နေရခြင်းက ကောင်းလိမ့်ဦး မည်ဟု စိတ်ကူးရသည့်အတိုင်း အလှခင်းပြထားသော မိန်းမအသုံး အဆောင်များကို ကြည့်ရှုနေရာ ကုန်အရောင်းစာရေးသည် သန့်ဇင်ကို တစ်လှည့်၊ ရီလေးကိုတစ်လှည့် မဝယ်ချင်ဝယ်ချင်အောင် အသုံး အဆောင်အမျိုးမျိုးတို့ကို ပြ၍နေသည်။
“ဪ... ယူလေ...၊ လိုချင်တာယူ”
သန့်ဇင်သည် ခပ်တည်တည်လှည့်၍ပြောလိုက်ရာ ရီလေးမှာ ပိုင်စိုး ပိုင်နင်း သားမယားပြော ပြောရပါမည်လားဟု တစ်ချက်မျက် စောင်းထိုး လိုက်ကာ
“ဘာမှမယူဘူး၊ ပိုက်ဆံသာ မြန်မြန်လဲပါ” စိတ်နှင့်မာန်နှင့် ပြောသည်။
သန့်ဇင်သည် ခပ်ပြုံးပြုံးလုပ်လိုက်ကာ လက်တွင်းမှ ကိုင်ထားသော စပရင်ကို ကုန်ရောင်းစာရေးလက်သို့ ထိုးပေးရင်းပင်၊
“အင်း... ဖြည်းဖြည်းပေါ့၊ ကိုယ်လိုချင်တာကလေးတွေ ဝယ်လိုက် ပါရစေဦး။ ကဲ.. ဟောဒါ ထုပ်လိုက်ပါ”
ဆိုရင်း ရီလေးဘက်သို့လှည့်ပြီး၊
“ဘာမှမဝယ်တော့ဘူးလား၊ ကြုံကြိုက်တဲ့အခါ လိုတာကို ယူဦး မှပေါ့”
ပြောပြန်သည်တွင် ကုန်ရောင်းစာရေးကလည်း စပရင်ကို စက္ကူ သေတ္တာနှင့်ထည့်၍ ထုပ်နေရာမှ လင်မယားဟု အထင်ရှိသည့်အတိုင်း
“ဟုတ်ပါတယ်ခင်ဗျာ၊ လာတဲ့အခါ ဝယ်ပါဦး။ ဟောဒီဇာဘော်လီပုံ သစ်တွေဟာ မနေ့ကမှ ရန်ကုန်တိုက်ကြီးက ပို့လိုက်တာပါ။ ဟောဒီ ပိုးဇာလုံချည်ကလေးဟာလည်း ခင်ဗျားမစ္စက်နဲ့ သိပ်တော်ပါတယ်”
ပြောလိုက်လျှင် ရီလေးမှာ ရုတ်ခန် မျက်နှာတွေ ညိုမည်း၍ပူထူ သွားသည်။ စာရေးအား ပက်ပက်စက်စက်ဆိုရန်လည်း အခက်၊ တစ်ဖက် မှ ပြုံးစိစိနှင့် ကျေနပ်သလိုဖြစ်နေသော သန့်ဇင်၏မျက်နှာထား ကို စိတ်တိုနေသည်ကတစ်ဖုံ၊ ထိုကြောင့် လက်တွင်ကိုင်ထားသော ပိုက်ဆံအိတ်ကလေးကို အငြိုးနှင့်ဖွင့်ချည်ပိတ်ချည်လုပ်နေမိလေ၏။ လျှာသွက်သော ကုန်ရောင်းစာရေးမှာ လင်မယားစိတ်ကောက်လာသည် ဟု ထင်မိပြန်သောကြောင့် သန့်ဇင်ကို ပြုံးချိုသောမျက်နှာနှင့် တစ်ချက် ကြည့်ကာ ရီလေး၏အနီးသို့ ရောက်လာပြီး၊
“ပေါင်ဒါ၊ ရေမွှေး၊ အလှဆီကရင်း အစုံရှိပါတယ်။ လိုတာကို အမိန့်ရှိပါခင်ဗျာ။ အစ်ကိုကြီးကဝယ်ပြီး ဒီကအစ်မက ဘာမှမယူဘူး ဆိုရင် အတိုင်အဖောက်မညီဘဲ ချွေတာစေးနှဲလွန်းရာကျနေပါပြီ။ ကျွန်တော်တို့ကလည်း အစ်မအတွက် နည်းနည်းရောင်းပါရစေ”
ပြောပြန်၏။ ရီလေးကား ဒေါသဖြစ်နေသလောက် စိတ်ဆိုးရမှာ ရှက်စနိုးဖြစ်ပြီးလျှင် စာရေးအထင်မှားမှုကိုလည်း မဖြေရှင်းဘဲ မနေသာ အောင်ရှိနေရာမှ အနားက
“ဘာဖြစ်ဖြစ် တစ်ခုခုဝယ်ပါလေ၊ ခုလောက်ပြောနေမှ အားနာ စရာကြီး၊ ကဲကဲ.. ယူလိုက်..” ။
ပိုင်ပိုင်နိုင်နိုင်ဝင်ပြောလိုက်ပြန်သော သန့်ဇင်၏စကားကို နားကြား ပြင်းကတ်သည်ထက် ကတ်လာကာ မိမိနှင့်သန့်ဇင် ဘာမျှမဆိုင်၊ တခြားစီ လာမှန်းသိလေအောင် ဇာဘော်လီတစ်ထည်၊ ရေမွှေးတစ်ပုလင်း၊ ပေါင်ဒါ တစ်ဘူး၊ ကရင်းတစ်ဘူး... စသည်ဖြင့် နီးရာမိန်းမ အသုံးအဆောင် များကို စာရေးလက်သို့ ထိုးပေးပြီး
“ဒါတွေ လုပ်လိုက်ပါ”
ဟု ဆို၍ မိမိသားရေအိတ်တွင်းမှ ပိုက်ဆံ ထုတ်ပေးရာ၊ ပြည်
“အို.. နေလေ၊ ဒီက တစ်ခါတည်း အမ်းလိုက်တာပေါ့”
ဆိုကာ စာရေးလက်သို့ သွက်လက်စွာ ငွေထိုးပေးလိုက်သော သန့်ဇင်၏ လျင်မြန်မှုကြောင့် ရီလေးမှာ အသား ကြောင်နေရပြန် သည်။
ထိုနောက် မျက်နှာလိုအားရများလှသော ကုန်ရောင်းစာရေးလည်း အထုပ်နှစ်ထုပ်ကို ဘောက်ချာတစ်စောင်တည်း ရေး၍ သန့်ဇင်၏ လက်သို့ အမ်းငွေနှင့်တကွ ရိုသေစွာ ပေးအပ်လာပြန်လျှင် သန့်ဇင်မှာ ပြုံးနိုင်သလောက် ရီလေးသည် ရှက်ကြောက်ဒေါပွဖြစ်ကာ၊
“အို... အထုပ်တစ်ခုက ဒီကဟာပဲ၊ ဒီကိုပေးမှပေါ့” ဆိုလိုက်သည်တွင် အလိုက်သိလွန်းသည့် စာရေးကိုပြာရာက၊ “ဪ... ဪ... မသိလို့ပါခင်ဗျာ”
ဆိုကာ စက္ကူသေတ္တာ အထုပ်နှစ်ထုပ်အနက်မှ တစ်ထုပ်ကို ရီလေးဆီသို့ ကပျာကယာလှမ်းပေးလိုက်သည်တွင် ရီလေးသည် အထုပ်ကို ယူကာ သန့်ဇင်နှင့် တခြားစီဖြစ်အောင် ရှေ့မှအလျင်အမြန် ထွက်ခဲ့သည်။
သို့ရာတွင် ကုန်တိုက်လှေကားအလယ်ထစ်သို့ ခြေနင်းမိသည်နှင့် တစ်ပြိုင်နက်၊ “နေဦးလေ.. နေဦး..၊ ဒီမှာငွေ”
ဆိုဆိုပြောပြောနှင့် ငါးကျပ်တန်စက္ကူကိုလှမ်းပေးရင်း.. အနီးသို့ ရောက်ခဲ့သော သန့်ဇင်ကို တွေ့မြင်ရ၏။
“ဟင့်အင်း... နေပေစေ၊ ဒီက ဝယ်ထားတာ ၄ ကျပ် ၁၅ ပဲ။ ဓာတ်ရထားခက တစ်ပဲ၊ ငါးကျပ်စေ့ရောပေါ့”
ခပ်ချဉ်ချဉ်မျက်နှာနှင့် ပြောပစ်ခဲ့ပြီး နီးရာမြင်းရထားတစ်စီးကို တက်စီးလျက် ဈေးချိုအလယ်ပေါက်သို့ ရှေ့ရှုထွက်ခဲ့သောအခါ သန့်ဇင် မှာ အုတ်လှေကားပေါ်တွင် ယောင်ချာချာကျန်ရစ်ပြီး ကုန်တိုက်အတွင်းမှ စာရေးကလည်း တစ်ချက်လှမ်းကြည့်ကာ... ။
“ဒီလင်မယားဟာ သွားရင်း လာရင်း ဘုကျနေတာပဲ”
တွေးမိနေရာမှ စိတ်ဒွိဟဖြစ်လာပြီး မိမိအထင်မှား၍ လောကွတ် များမိသည်ကို ရှက်ကြောက်အားနာကြီးဖြစ်၍ နေမိလေတော့သတည်း။