Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ဒဂုန်ခင်ခင်လေး - ချစ်အဏ္ဏ၀ါနှင့်မိန်းမဘ၀

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out
ချစ်အဏ္ဏဝါ
(၁)

          ကျောင်းတက်ခေါင်းလောင်းထိုးပြီးနောက်၊ ကျောင်းခန်းမကြီး အတွင်းဝယ် ကျောင်းသားကြီးငယ်အပေါင်းတို့မှာ တစ်ဦးမကျန်စုရုံး မိကြလေ၏။ ကျောင်းဆရာကြီး ဦးဘိုးလွင်သည် သုန်မှုန် အောက်သိုး၊ ရွာတော့မည့် မိုးကဲ့သို့ ဆိုးဝါးသောမျက်နှာထားကြီးနှင့် ကျောင်းသား များ စုရုံးမိရာ အခန်းမကြီးသို့ ပြင်းထန်သော ခြေသံနှင့်အတူ လျှောက် လာလေ၏။

          လူပျိုကြီးဖားဖားကအစ လေးနှစ်သား ချာတိတ်ကလေးအဆုံး၊ ခန်းလုံးပြည့်မတ်တတ်ရပ်နေသော ကျောင်းသားများမှာ မိမိတို့ဆရာ ကြီးမျက်နှာကို မြင်ရုံနှင့်ပင် ကျောင်းသားတစ်ဦးတစ်ယောက်အပေါ်၌ တစ်စုံတစ်ခု အပြစ်ပေးစရာရှိလေပြီဟု အတပ်သိကာ ဖိမ့်ဖိမ့်တုန်၍ နေရှာကြပြီဖြစ်ရကား ဆရာကြီး၏ရှေးဦးစွာ ဖွင့်ဟလိုက်မည့်စကား သံကို မိုးကြိုးထစ်သံ ကြားရတော့မည့်အလား တုန်လှုပ်ချောက်ချား စွာ နားစွင့်လျက်ရှိကြလေသည်။

          ဆရာကြီးဦးဘိုးလွင်သည် ကျောင်းအုပ်ဆရာကြီးတို့၏ ဂုဏ်အင်္ဂါ နှင့် လိုက်လျောညီညွတ်သော ရုပ်လက္ခဏာရှိရာတွင် စူးရှထက်မြက်လှသော မျက်လုံးကြီးများကို လှန်ကာ မျက်မှန်ပေါ်မှကျော်၍ ကြည့် လိုက်သည့် တစ်ခဏ၌ အကြည့်ခံကြရသူ ကျောင်းသားများမှာ မိမိတို့ အူအသည်းကိုပင် ဖောက်ခွဲတွေ့မြင်သွားတော့မလောက် ကြောက်ရွံ့ လျက် အသက်မရှူဝံ့အောင် အနေကျုံ့၍ သွားကြလေ၏။ မူလက တိတ်ဆိတ်ငြိမ်သက်နေသော အခန်းမကြီးမှာ အူမြူကလေးချင်း ထိခိုက် သံကိုပင် ကြားရတော့မလောက် ပိုမိုတိတ်ဆိတ်လျက်ရှိတော့သည်။

          ဆရာကြီးသည် မိမိ၏ကျောင်းသားများကို သိမ်းကျုံး၍စူးစိုက် ကြည့်လိုက်ပြီးနောက် ခံ့ညားအောင်မြင်သော အသံကြီးနှင့်

          “မင်းတို့အထဲက ငါတို့ကျောင်းကို နာမည်ဖျက်တဲ့ကျောင်းသား တစ်ယောက်ရှိတယ်။ မနေ့ညက ငါ့ကို ပုလိပ်တွေ လာတိုင်ထားတယ်။ ဒါကြောင့် ကျောင်းကြီးဂုဏ်ပျက်အောင် လုပ်တဲ့လူကို အမိဖမ်းရမယ်”

          ဟုပြောလိုက်သောအခါ နဂိုက ရွံ့နေသော ကျောင်းသားများမှာ ကြောက်ရာမှာ ကြောင်နှင့်တို့သလိုဖြစ်သွားကြလေရာ နောက်ပိတ်ဆုံး တန်းမှရပ်ကာ တစ်ယောက်ဖင် တစ်ယောက် ဆိတ်နေကြသော နီတွတ် နှင့် ငခွေးတို့ပင် စိတ်မအေးယောင်နှင့် ကြောင်တွေဝေနေရှာကြ လေ၏။ ဆရာကြီးလည်း ဆက်လက်ကာ

          “ပုလိပ်တွေ လာတိုင်တဲ့ အဖြစ်အပျက်ထဲက ဖြစ်သမျှအကြောင်း ကို အသေးစိတ်ပြောရမှာ ရှက်စရာကောင်းတဲ့အတွက် မပြောတော့ဘူး ဟေ့။ အတိုချုပ်လောက်ပြောလိုက်မယ်၊ မင်းတို့အားလုံး နားထောင် "

          ဟု ထပ်ပြောလိုက်ပါသည်။ ကျောင်းသားများမှာ ကြောက် ကြောက်နှင့်ပင် ပြောမည့်စကားကို ကြားချင်နေကြလေသည်။ ဆရာ ကြီးက ဆက်လက်ကာ...

          “ ဒီကျောင်းနဲ့ နှစ်လမ်းကြားမှာရှိတဲ့ မိန်းကလေးကျောင်းက ဘော်ဒါနေတဲ့ ကျောင်းသူကလေးတစ်ယောက်နဲ့ ဒီကောင်ဟာ ည အချိန်မှာ ခဏခဏချိန်းပြီး လာတွေ့တယ်လို့ အရပ်ထဲက သိကြတယ်။ ဒီလိုသိလို့ မနေ့ညကတော့ ကျောင်းစောင့် ဒရဝမ်နှစ်ယောက်က ချောင်းပြီး ဖမ်းသတဲ့၊ ဖမ်းတော့ ဒီကောင်က ခုခံရိုက်နှက်ပြီး ထွက် ပြေးတယ်။ သူတို့ မရအရ လိုက်ဖမ်းတော့ နောက်ဆုံး ဒီကျောင်း ဝိုင်းထဲ ဝင်ပြေးပြီး ပျောက်သွားတယ်တဲ့။ ဒါနဲ့ ချိန်းချက်တွေ့တဲ့ ကျောင်းသူကလေးကို ဆရာမများက စစ်ဆေးမေးမြန်းတော့ ကလေးမ ကလည်း ဒီကောင်ရဲ့နာမည်ကိုထုတ်မပြောဘူးတဲ့။ ဒီတော့ ဘာပဲဖြစ်ဖြစ် ဒီကျောင်းဝိုင်းထဲမှာ ပျောက်သွားတယ်ဆိုတော့ ဒီကျောင်းသားထဲက တစ်ယောက်ယောက်ဖြစ်ရမယ်၊ အခုဒီကောင်ဟာ ဒီအထဲမှာရှိမှာပဲ။ ဒရဝမ်နှစ်ယောက်အနက် တစ်ယောက်မှာ အပရိက ထိခိုက်မိပေမဲ့ ကျန်တဲ့တစ်ယောက်မှာတော့ ဒဏ်ရာတော်တော်များတယ်။ ပုလိပ်က လည်း အရေးမယူပါဘူးလို့တော့ ပြောသွားပေမဲ့ ဒီကောင်ကို ငါဆုံးမဖို့ ဝတ္တရားရှိတယ်...”

          ဟု ဆိုကာ ဆရာကြီးသည် ကျောင်းသားပရိသတ်အတွင်းသို့ စူးရှသော မျက်လုံးနှင့် ဖောက်ထွင်းကြည့်လိုက်ပြန်လေ၏။

          ကျောင်းသားများကား အသက်မှန်မှန်ပင် မရှူဝံ့သလောက် ရွံ့ ကြောက်စိုးရိမ်နေရှာကြလေသည်။ ဆရာကြီးသည် တစ်ဖန်ဆက်လက် ကာ•••

          “အဲဒါ- ခုစောစောတည်းက ကျွန်တော်ပါပဲလို့ ဖွင့်ပြီးဝန်ခံလိုက် ရင် ကောင်းမယ်။ ကိုယ်လုပ်မိတဲ့အပြစ်ကို ဖွင့်ပြီးဝန်မခံဘဲ မြုံနေမယ် ဆိုရင် အပြစ်ကျူးလွန်တဲ့အကောင်ဟာ တစ်ခါက နှစ်ခါထပ်ပြီး ကျူး လွန်သလိုဖြစ်နေမယ်။ ဒီလိုမေးနေတာဟာ မသိလို့ မေးနေတာ မဟုတ် ဘူး၊ မနေ့ညက ဘယ်သူအပြင်ထွက်လည်တယ်ဆိုတာ ငါ့ကို ဘော်ဒါ အုပ်က အစီရင်ခံပြီးသားဖြစ်လို့ ဘယ်သူဟာ ဒီအပြစ်ကျူးလွန်လာ တယ်ဆိုတာ ငါသိပြီးသားပဲ။ သို့သော်လည်း ခုနေဖွင့်ပြီး ဝန်ခံမယ် ဆိုရင် အချိန်ရှိသေးတယ်”

          ကျောင်းသားများသည် နားရွက်မခတ် ဆိတ်ငြိမ်လျက်ရှိကြ၏။ ကိုယ်စီ ကိုယ်စီမှာ အပြစ်ရှိတဲ့လူက ထုတ်ဖော်ဝန်ခံလိုက်ပါစေတော့ ဟု တာဝန်ပေါ့သွားလိုခြင်းဖြင့် အတွင်းကျိတ် ဆုတောင်းမိကြလေ၏။ ဆရာကြီးလည်း ကျောင်းသားထဲမှ အပြစ်ရှိသူက ဖွင့်ဟဝန်ခံနိုးနိုးနှင့် ခေတ္တစောင့်ဆိုင်းလျက်ရှိရာ အချိန်အတန်ကြာသည်တိုင်အောင် မည်သူ မျှ မလှုပ်ရှားကြခြင်းဖြင့် အတော်စိတ်ဆိုးလာလေ၏။

          “ဟေ့... ငါပြောတာ ကြားကြတယ်မဟုတ်လား။ အပြစ်ရှိတဲ့ အကောင်ဖွင့်ပြီး ဝန်ခံလိုက်နော်၊ (သို့မဟုတ်) ငါကိုယ်တိုင် နာမည် ထုတ်ခေါ်လိုက်ရရင် မသက်သာတော့ဘူး ပေါ့”

          ထိုအခါမှာလည်းထူးမခြားနား၊ ကျောင်းသားများမှာ တစ်ယောက် မျက်နှာ တစ်ယောက်မသိမသာ လှည့်ကာလှည့်ကာ အကဲခတ်နေကြ ရုံသာ ရှိလေ၏။ ဆရာကြီး၏မျက်နှာကား ဒေါသရောင်လွှမ်းသဖြင့် နီမြန်းလာလေပြီ၊ စားပွဲခုံကြီးဆီမှ ကျောင်းသားအုပ်စုထဲသို့ မျက်လုံးကြီး အားကုန်ဖြဲ၍ လှမ်းကြည့်လိုက်ကာ...

          “ထွန်းရွှေ”

          ဟု အောင်မြင်ခံ့ညားသော အသံကြီးနှင့် ထုတ်ဖော်ခေါ်ယူလိုက် ရာ တစ်ခန်းလုံးရှိ ကျောင်းသားများမှာ အတော်အံ့အားသင့်သွားကြတော့သည်။ အကြောင်းမူကား ထွန်းရွှေမှာ ကျောင်းတွင်အတော်ဆုံး၊ သဘောအကောင်းဆုံး၊ အရိုးသားဆုံး၊ ကျောင်းသားကြီးငယ်၊ ကျောင်း ဒရဝမ်၊ ကျောင်းထမင်းချက်မှစ၍ လက်ထောက်ဆရာအသီးသီးနှင့် ဆရာကြီးဦးဘိုးလွင်၏ ချစ်တော်၊ လူတော်တစ်ဦး ဖြစ်ခြင်းကြောင့် မထင်သည့်မဲက ပေါက်သွားသည်ကို အံ့အားသင့်၍ မဆုံးနိုင်ကြခြင်း ဖြစ်ပေ၏။

          အားလုံးပင် ဆယ့်ရှစ်နှစ်အရွယ်ရှိ ဆယ်တန်းကျောင်းသား ထွန်း ရွှေအား ဝမ်းနည်းသောမျက်နှာထားများနှင့် စူးစိုက်ကာကြည့်နေမိကြ လေသည်။ ထွန်းရွှေကား တစ်စုံတစ်ရာ ထူးထွေတုန်လှုပ်ခြင်းမရှိ မဟုတ်မခံ မျက်နှာထားနှင့်သာ ဆရာကြီးအနီးသို့ ရောက်လာလေ၏။ ဆရာကြီးသည် ခက်ထန်သောမျက်နှာထားနှင့် ထွန်းရွှေအား ခြေဆုံး ခေါင်းဆုံး ကြည့်လိုက်ကာ...

          “မင်း ဘာပြောချင်သေးသလဲ” ထွန်းရွှေသည် အဖြေမပေး၊ ဆရာကြီးကား ပိုမိုဒေါပွသွား၏။

          “ဟေ့... မေးနေတာ မကြားဘူးလား၊ မင်း ညက ကိုးနာရီနဲ့ ဆယ်နာရီအကြားမှာ အပြင်ထွက်လည်တာ အမှန်ပဲ မဟုတ်လား”

          “ဟုတ်ပါတယ်” “ဒါဖြင့် ကျောင်းသူကလေးနဲ့ သွားစကားပြောတာ မင်းပဲပေါ့”

 ထွန်းရွှေသည် အဖြေမပေး၊ ဆရာကြီးစိတ်တိုစွာနှင့်

          “ဟေ့.. မေးနေတာ မကြားဘူးလား၊ ပြောပါလား ဟုတ်ရင် ဟုတ်တယ် မဟုတ်ရင်မဟုတ်ဘူး...”

          “ဆရာကြီးက ကျွန်တော့်ကိုအတပ်စွဲနေမှ မဟုတ်ပါဘူး ငြင်း လို့ကော ရဦးမှာလား ...”

          ဆရာကြီး ဦးဘိုးလွင်သည် ဒေါနှင့် ခပ်ဆတ်ဆတ်ကလေး ပြန် ပြောလိုက်သော စကားကိုကြားရသောအခါ ထောင်းခနဲဒေါသထွက် ပြီး စားပွဲပေါ်မှကြိမ်လုံးကိုဆွဲကာ ထွန်းရွှေအား ဆယ့်လေးငါးချက် ခပ်ပြင်းပြင်း တအားလွှဲ၍ ရိုက်လိုက်လေ၏။

          ထွန်းရွှေကား ရင်အုပ်သားကြီးတောင့်ကာ အံကြိတ်လျက် တင်းခံ ထား၏။ ထွန်းရွှေ၏ သန်မာထွားကြိုင်းသော ကိုယ်လုံးကိုယ်ပေါက်ကြီး မှာ ဆရာကြီးထက် တစ်ဆလောက်သာ၍နေလေရာ ကျောင်းသားများ မှာ ထွန်းရွှေ ဆရာကြီးကို ပြန်များချလေမလားဟု တထင့်ထင့်နှင့် အသည်းယားနေကြလေ၏။ သို့ရာတွင် ထွန်းရွှေကား ထွက်နေသော အမျက်ကို ချုပ်တည်းထားလိုက်သကဲ့သို့ ဟင်းခနဲသက်ပြင်းချပြီး တွေ တွေကြီးလုပ်လိုက်မှ စိုးရိမ်သူများ စိတ်အေးသွားသကဲ့သို့ ရှိလေ သည်။ ထို့နောက် ဆရာကြီးက ထွန်းရွှေကို ရှုတ်ချသောမျက်နှာနှင့် စိုက်ကြည့် ကာ•••

          “သွား... သွား... မင်းအခန်းထဲသွားတော့...”

          ဟု အာဏာနှင့် အော်ငေါက်ခါလွှတ်လိုက်ရာ ထွန်းရွှေသည် ခေါင်းအောက်စိုက်နှင့်ပင် လေးလံသောခြေလှမ်းဖြင့် အခန်းထဲမှ ထွက် ခွာသွားလေ၏။ ဆရာကြီးလည်း ကျန်ရစ်သော ကျောင်းသားများအား မိမိတို့ဆိုင်ရာ စာသင်ခန်းများသို့ သွားကြရန် အခွင့်ပြုလိုက်လျှင် ကျောင်း သားများသည် တိတ်ဆိတ်ငြိမ်သက်စွာ ထွက်ခွာသွားကြရင်း အချင်း