ဒဂုန်ခင်ခင်လေး - ကျွန်းဘိုညို
အခန်း ၁
တအိအိ ကြွလျက်ရှိသော လှိုင်းလုံးကြီးများမှာ ပြာလဲ့လဲ့ မိုး ကုပ်စက်ဝိုင်းကြီးအောက်တွင် တစ်လျှောက်လုံးလုံး မျှော်မဆုံးနိုင်အောင် ရှိလေ၏။ အပြောကျယ်စွာသော သမုဒ္ဒရာ သီတာရေပြင်တစ်ခိုတွင် အလျှိုလျှို လှည့်လည်ကျက်စားနေသော ပင်လယ်စင်ရော်ကြီးများသည် လှိုင်းလုံးကြီးများအကြားတွင် သခွာခွံကလေးကဲ့သို့ နိမ့်တုံ မြင့်တုံ ခုတ်မောင်းလျက်ရှိသည့် ပင်လယ်ကူးမော်တော်သဘောကလေး တစ်စင်း၏ ဝဲယာ ရှေ့နောက်၌ အတောင်တဖျပ်ဖျပ်ခတ်ကာ ပင်လယ် ရေသတ္တဝါ အထူးအဆန်းတစ်ကောင်ကို ကြည့်ကြသည့်ပမာ ဝိုင်းအုံ လိုက်ပါ၍နေကြလေ၏။
ထိုနေရာကား ပင်လယ်ကူးသင်္ဘောကြီးများ မကြာခဏ ကူး သန်းသွားလာကြသည့်ရေကြောင်း နယ်ပယ် အဝင်အပါမဟုတ်သော ချောင်ကျရာ အပိုင်းဖြစ်ရုံမက ပစိဖိတ်ကျွန်းစုများတည်ရာဌာန အဝင် အပါဖြစ်လေရာ၊ များစွာသော ကျွန်းကြီး ကျွန်းငယ်၊ ကျွန်းရွယ်၊ ကျွန်း လတ်များနှင့်တကွ ကျောက်တုံးကျောက်မြှောင် ကျောက်ဆောင်၊ ကျောက်ကမ်းပါးများမှာလည်း အဏ္ဏဝါရေပြင် အနှံ့အပျံ့ ပေါများလျက်ရှိ၏။
ကြည်လင်ပြာလဲ့သော ကောင်းကင်တိမ်သားအောက်၌ ဘော် ဖြူငွေရွက်လွှာကြီးကို ဖြန့်ကျင်းထားဘိအလား၊ လှိုင်းဘောင်ဘင်ခတ် နေသည့် ရေပြင်ကြီးထက်တွင် ဖောင်ဖွဲ့လျက် မျောအပ်သော မြသား ပြာသာဒ်ကြီးများအလား စိမ်းလန်းစိုပြည်သော ကျွန်းကြီး ကျွန်းငယ် များကို မော်တော်သင်္ဘောငယ်အပေါ်မှ လူများသည် ပင်လယ်ရေလှိုင်း တို့ အကြားတွင် ဘွားခနဲ ဘွားခနဲ မကြာမတင်တွေ့မြင်ကြရပြီးလျှင် အချို့ အချို့ ညိုညိုမည်းမည်းဖြစ်သော ကျောက်ဆောင်ကျောက်တန်း ကြီးများမှာလည်း ရေထဲတွင်တစ်ပိုင်းငုပ် တစ်ပိုင်းပေါ်နှင့်ရှိကြလျက် အချို့ ကျောက်ဆောင်၊ ကျောက်တန်းများမှာလည်း ရေပေါ်သို့ အလျဉ်း မပေါ်ဘဲ၊ ရေအောက်မှ လုံးဝပုန်းအောင်း၍ ရန်မူရန် ချောင်းမြောင်းနေ တတ်ကြသောကြောင့် ထိုလမ်းကြားသို့ တမင်စွန့်စွန့်စားစားသော်လည်းကောင်း၊ မျက်စိလည်လမ်းမှား၍သော်လည်းကောင်း၊ မယောင်မလည် ရောက်လာတတ်သော သင်္ဘောငယ်သမ္ဗာန်ငယ်များမှာ ကျားရှေ့ ချော်လဲ သည့်ပမာ သေမင်းထောင်ချောက်နှင့်တူသော ကျောက်ဆောင်များနှင့် မကြာခဏ ထိခိုက်နစ်မြုပ်ခံကြရတတ်သဖြင့် မော်တော် သင်္ဘောငယ် ပေါ်တွင် ခရီးသည်အဖြစ် ပါဝင်လိုက်လာကြသူများအတွက် ဘေးရန် မတွေ့ကြစေခြင်းငှာ သင်္ဘောသားများသည် သတိကြီးစွာနှင့် မောင်းနှင် လာခဲ့ရလေ၏။
အဆိုပါ မော်တော်သင်္ဘောကလေးတွင် စီးနင်းလိုက်ပါလာ သူတို့တွင် ပရော်ဖက်ဆာဆရာကြီး ဒေါက်တာ ဒါဝင်သည် သူ၏ တပည့်များအပေါ်တွင် ခေါင်းဆောင်လျက် လိုက်ပါလာသူဖြစ်လေ၏။ ပရော်ဖက်ဆာဆရာကြီး ဒေါက်တာဒါဝင်သည် မိမိတပည့်များနှင့်အတူ ရုက္ခဗေပညာများကို လက်တွေ့ ဆည်းပူးရှာဖွေရန်အရေးနှင့် ပတ်သက်၍၊ကမ္ဘာပေါ်တွင် ထူးဆန်းသော သစ်ပင်မျိုးအစုံဆုံး၊ အပေါများဆုံးဟု အထူးကျော်ကြားလှသော ရှေးမြန်မာခေါ် မာလာယုကျွန်း၊ ယခုခေတ် ခေါ် စူမတ္တရနှင့် ဘိုညိုကျွန်းများသို့ ခရီးထွက်လာခဲ့ကြခြင်း ဖြစ်လေ ၏။
ထိုနေ့အဖို့မှာ ပရော်ဖက်ဆာ ဆရာကြီး ဒေါက်တာ ဒါဝင်သည် ပထမ စခန်းချ၍ ရုက္ခဗေဒပညာများ စုံစမ်းရာဖြစ်သော စူမတ္တရ ကျွန်းမှ ဘိုညိုကျွန်းကြီးဆီသို့၊ မိမိတပည့်များနှင့်အတူ ပညာဆည်းပူးရန်အတွက် ဒတ်ချ်လူမျိုး တစ်ဦးပိုင် မော်တော်သင်္ဘောကလေး တစ်စင်းလုံးငှားယူ ကာ အထူးခရီးထွက်လာခဲ့ကြခြင်းဖြစ်လေ၏။ ထိုအရပ်ဒေသမှာ ကျောက်တုံး ကျောက်ဆောင်တွေပေါများသဖြင့် ရေလမ်းခရီးသွားရာ တွင် အန္တရာယ်များတတ်သော်လည်း ထိုအရပ်ဒေသတွင်ရှိသော သင်္ဘောသားများမှာ ထိုသင်္ဘောငယ်ကလေးနှင့် ကျွန်းကြို ကျွန်းကြားသို့ ကူးသန်းသွားလာနေကျ ကျင်လည်ပြီးသူများဖြစ်သည်ဟု စိတ်ချကာ အေးအေးလူလူ အပူအပင်မရှိ ထွက်ခွာလာခဲ့ကြသူများ ဖြစ်လေ၏။
ဆရာကြီးဒေါက် ဒါဝင်မှာ မော်တော်သင်္ဘောဦးပိုင်းတွင် ပက် လက်ကုလားထိုင်တစ်ခုနှင့် ထိုင်လျက် စာအုပ်တစ်အုပ်ဖတ်ရင်းမှ တစ်ခါတစ်ခါ စာအုပ်ကိုချကာ လွယ်ထားသော မှန်ပြောင်းနှင့် အဝေးသို့ ကြည့်မျှော်လိုက်၏။ တစ်ခါတစ်ခါလည်း ရေမြှုပ်ရေပန်းများနှင့် လှပ ဆန်းကြယ်သော ပင်လယ်ရေလှိုင်းများကိုလည်းကောင်း၊ ငါးဖျံများကို ထိုးသုတ်စားသောက်လျက်ရှိသည့် စင်ရော်များကိုလည်းကောင်း၊ မျက်စိအာရုံခံစားကာ အချိန်ဖြုန်းရင်းလိုက်ပါလာခဲ့လေ၏။
တပည့်ကျောင်းသားများမှာမူကား မိမိတို့ရောက်ခဲ့ပြီးသော ဒေသများ အကြောင်းကိုလည်းကောင်း၊ ရှေ့သွားရဦးမည့်ခရီးစဉ်များ အကြောင်းကိုလည်းကောင်း၊ အလျဉ်းသင့်သလို ပြောဆိုနေကြလျက်၊အချို့မှာလည်း ပင်လယ်ရှုမျှော်ခင်းနှင့် တစ်ခါတစ်ခါ အဝေးတွင် မသဲ မကွဲမြင်ရသည့် ကျွန်းညိုညိုများကိုလည်းကောင်း၊ ကျောက်တောင် ကြီးများကိုလည်းကောင်း၊ ကြည့်ရှုမျှော် သီချင်းသံကြွေးကြော်ရင်း လိုက်ပါလာခဲ့ကြပေ၏။ သို့ရာတွင် အဆိုပါ ရုက္ခဗေဒပညာကို ဆည်း ပူးရန် လိုက်လာကြသောသူများအနက်မှ မြန်မာလူမျိုး မောင်တင်လတ် ခေါ် မစ္စတာတင်လတ်ဆိုသူ တစ်ဦးမှာ ဝါသနာပါလှသော ပညာရပ် ဖြစ်၍သာလိုက်ပါ လာခဲ့ရငြားလည်း တစ်ခါတစ်ခါ၌ စိတ်မသက်မသာ ဖြစ်ပေါ်ရသော အတွင်းရေးကလေးကြောင့် ရင်လေးပြီး အဆွေးပိုမိရှာ သဖြင့် အခြားအဖော်များနှင့် များစွာမရောနှောလှဘဲ အားအားရှိတိုင်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မိမိ၏မကျေနပ်မှုကလေးကို အတွေးနှင့် စိတ်ဝင်စား၍ လွမ်းအားဖြေနေရရှာမြဲဖြစ်သည့် အားလျော်စွာ သင်္ဘော ဝမ်းခေါင်းအတွင်း အခန်းငယ်တစ်ဆူရှိ ခုတင်တစ်ခုတွင် အတွေးနယ်ချဲ့ ရာမှ အိပ်ပျော်သွားလေ၏။
မောင်တင်လတ်နှင့် အတူပါသော အဖော်တစ်ခုကား ဂျပန် နှစ်ယောက်ကုလားနှစ်ယောက် အင်္ဂလိပ်ငါးယောက်နှင့် ပြင်သစ်လူမျိုး နှစ်ယောက်ဖြစ်ရာ မောင်တင်လတ်မှာ စကားနည်း၍ ဣန္ဒြေကြီးသူ ဖြစ်သည်ဟူ၍လည်းကောင်း၊အမျိုးတူအဖော်မပါဘဲ မြန်မာတစ်ယောက် တည်းဖြစ်နေသောကြောင့် သူ့ဘာသာ နေတတ်ရှာသည်ဟူ၍လည်း ကောင်း၊ အယူအမှတ်ထားကာ လွတ်လပ်စွာနေခွင့် ပေးထားကြသော ကြောင့် ထိုအချိန်၌ မောင်တင်လတ်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မော ကျလျက်ရှိလေ၏။
မောင်တင်လတ်သည် ရုက္ခဗေဒပညာကို ဆည်းပူးရန် ပရော် ဖက်ဆာ ဆရာကြီး ဒေါက်တာဒါဝင်နှင့် စကားကမ်းလှမ်းပြီး၍ ခရီး ထွက်ရန် နိုင်ငံကူးလက်မှတ် ယူထားပြီးမှ မမျှော်လင့်ဘဲ လာ၍တွေ့ရသော ချစ်သူရည်းစားကလေးအား မိမိခရီးမထွက်လာရမီ လက်ထပ်ထားခဲ့မည့်ဆဲဆဲ တေ့လွဲကလေးဖြစ်ကာ ဒေါက်တာ ဒါဝင်၏ ခေါ်ယူ ချက်အရ ထားပြီးသော ကတိတစ်လုံးကို အပျက်မခံလိုသော ဆန္ဒကြောင့်၊ မြန်မာပြည်မှ ကြုံရာသင်္ဘောနှင့် အလျင်အမြန်ခွဲခွာထွက်လာခဲ့ရသည် ဖြစ်ရာ၊ ဆည်းပူးရန်ဖြစ်သော ရုက္ခဗေဒပညာကို လက်တွေ့ သင်ကြား နေရသည့် အချိန်နာရီမှ လွဲ၍ အမြဲထင်မြင် သတိရလျက်ရှိခဲ့လေ၏။
ထို့ကြောင့် ယနေ့အဖို့မှာလည်း လှိုင်းမူးခြင်း၊ စိတ်ကူးကြော ရှည်ခဲ့ခြင်းများကြောင့် လူသာအိပ်ပျော်၍သွားစေကာမူ ဦးနှောက်ထဲ တွင် အစွဲအလမ်းကြီးလှသော ချစ်သူကလေးအား အိပ်မက်ထဲ၌ ယုယ ပိုက်ထွေးချစ်သွေးချိုမြ၊ နှစ်ကိုယ်တူနီးကပ်စွာ တွေ့ဆုံလျက်ရှိနေလေ ၏။
အိပ်မက်ထဲတွင် မိမိစီးနေရသည်မှာ စူမတ္တရကျွန်းမှထွက်လာ ခဲ့သော မော်တော်သင်္ဘောကလေးမဟုတ်ဘဲ ကျယ်ဝန်းလှသော ယမုံ သီတာအဏ္ဏဝါပြင်ကျယ်ရေပင်လယ်တွင် သေးငယ်သော ရွက်လှေကလေး ဖြစ်၍ လှေပေါ်၌ချစ်မဝ ရှုမငြီးသော ဇနီးလောင်းချစ်သူကလေးနှင့် ရင်ငွေ့ ပေး၍ အေးအေးလူလူ ကြည်ဖြူနေကြခိုက်ဖြစ်လေ၏။ ထို အချိန် ထိုအခါ၌ မောင်တင်လတ် တကယ်စီးနင်းလိုက်ပါလာသော မော်တော်သင်္ဘောကလေးမှာ စောစောက ကွေ့ရှောင်လာသော ကျောက် ဆောင်ကြီးများကို ပျောက်ကွယ်သွားသည်တိုင်အောင် ကျော်လွန်လျက် ရေပြင်ကျယ်ဘက်သို့ ဦးတည်ခုတ်မောင်းလျက်ရှိလေ၏။ ဤအချိန်ကား ဒီရေထခိုက်ဖြစ်သည်အားလျော်စွာ မူလက မပေါ့တပေါ်ရှိနေသောကျောက်ဆောင်များပင် ရေအောက်သို့ ငုပ်လျှိုးကွယ်ပျောက်နေကြ သောကြောင့် သင်္ဘောသားများမှာ သတိကြီးစွာဖြင့် ခုတ်မောင်းလာ နေရခိုက်ဖြစ်လေ၏။ မာလိန်မှူး၏ ပြောစကားအရမှာလည်း မိမိတို့ထွက်လာချိန် အနည်းငယ်နောက်ကျ၍ ဒီရေအထကလည်း စောနေ သောကြောင့် ကျောက်ဆောင်ပေါ်သောနေရာတွင်မှ လမ်းစရှာမရအောင် ဖြစ်နေကြောင်း မတော်တဆ စိုးရိမ်ရန်အကြောင်းတစ်ခုခုပေါ်ပေါက် ပါက အသင့်ရှိစေရန် လူများကို သတိပေးထားလေ၏။
ကိုယ်အရေးကြုံလျှင် သက်လုံမကောင်းနိုင်ကြသည့်အားလျော် စွာ သင်္ဘောဝမ်းရှိ အခန်းငယ်ကိုအလုံပိတ်၍ အိပ်ပျော်နေသူ မောင်တင် လတ်အား မည်သူမျှ သတိတရ နိုးကြားခြင်းမပြုနိုင်ကြဘဲ တွဲသဗ္ဗာန် ကို တွယ်သူကတွယ် ဆော့ကွင်းကို ကိုင်သူကိုင်နှင့် ထိန်းမနိုင်အောင် တုန်လှုပ်ချောက်ချားနေကြခိုက် သင်္ဘောဝမ်းကို ရေငုတ်ကျောက်ဆောင် စွမ်းတစ်ခုနှင့် ဒိုင်းခနဲ အရှိန်ပြင်းစွာ တိုက်ခိုက်မိပြီး သင်္ဘောကြီးတစ်ခု လုံး သိမ့်သိမ့်ခါတုန်ဟီးလျက် ရှေ့အဖို့ဆက်လက်မခုတ်နိုင်တော့ဘဲ သင်္ဘောနောက်ပိုင်းမှာ တအိအိရေအောက်ရောက်သွားသည်ကို တွေ့ရလျှင် သင်္ဘောသားများသည် ရှိသမျှသော သင်္ဘောစီးများကို သမ္မာန်ငယ် သုံးလေးစီးနှင့် အရေးတကြီး သယ်ယူထွက်ပြေးကြရတော့ရာ သမ္ဗာန် ငယ်များ ကိုက်ငါးရာလောက်သို့ ရောက်သည့်အခါမူ တစ်စ တစ်စ နစ်မြှုပ်နေဆဲ မော်တော်သင်္ဘောကလေးမှာ သုံးပုံတစ်ပုံမျှသော ဦးပိုင်း ကလေးသာ ကျန်ရှိတော့သည်ကို တွေ့ရသောကြောင့် နှမြောဝမ်းနည်း စွာ ငေးကြည့်နေကြရလေ၏။ သို့သော် သင်္ဘောထက် လူအသက်များ က မြတ်တော့သည်။လူတွေအဖိတ်အစင်မရှိသည်ကိုပင် အမြတ်ဟု အောက်မေ့ကာ၊ လူစေ့တက်စေ့ ပါမပါကို စစ်ကြောကြရန် သတိရလာ လေ၏။ သို့နှင့်သဗ္ဗာန်သုံးစင်း ရင်ပေါင်တန်း၍ လူအားလုံးကို စစ်ဆေး သောအခါ သင်္ဘောသားထဲမှတစ်ယောက်၊ ကျောင်းသား ခရီးသည်ထဲမှ မစ္စတာ တင်လတ်ခေါ် မြန်မာတစ်ယောက်မပါလာကြောင်း သိရသော အခါ စိုးရိမ်ကြီးစွာဖြင့် သင်္ဘောရှိရာသို့ ပြန်လှည့်လာကြပြန်လေ၏။
သို့ရာတွင် ထိုအချိန်၌ သင်္ဘောဦးကလေးမှာ တစ်ပေလောက်သာ တွေ့ မြင်လိုက်ရ၏။ ၎င်းတစ်ပေမှာလည်း ကြည့်ရင်း ကြည့်ရင်းပင် မျက်စိ အောက်မှ ပျောက်ခြင်းမလှ ပျောက်ကွယ်နစ်မြုပ်သွားရှာတော့ရာ ဒေါက်တာ ဒါဝင်နှင့် သင်္ဘောသားတစ်စုမှာ ပျောက်ဆုံး သူနှစ်ယောက် အား၊ ရေအောက်မှပေါ်လာလိုပေါ်လာငြား အနီးအနား တစ်ဝိုက်တွင် အတန်ကြာ အားစိုက်၍ရှာနေကြသေးသော်လည်း အချည်းနှီးမျှရှိကြ သဖြင့် ဝမ်းနည်းသော အထိမ်းအမှတ်ကို ပြနေကြစဉ် အနောက်တောင် ဘက်မှ လေနီကြမ်းတစ်ချက်အဆင်တွင် တက်ရွက် ပြင်၍ မိမိတို့ အသက်ဘေးကြောင့် လွတ်ရာလွတ်ကြောင်း ဆုတ်ခွာထွက်ပြေးကြရ လေတော့သတည်း။
ယင်းသို့ဖြစ်၍ သင်္ဘောနစ်နေဆဲ အခန်းထဲတွင် အိပ်မက်နှင့် ကြည်နူးနေသော မောင်တင်လတ်မှာလည်း ချစ်သူနှင့်အတူ ရေပြင်ခရီး တွင် လှေယာဉ်စီးနေခိုက်၊ လေနီကြမ်းကြီးတစ်ချက် ဝှေ့တိုက်လိုက် သဖြင့် လှေကလေးပေါ်မှ ဦးစိုက် ကျွမ်းပြန်ကာရေထဲသို့ထိုးကျသွား၍ တစ်ကိုယ်လုံးစိမ့်ခနဲဖြစ်သွားသည်ဟူသော အိပ်မက်၏အဆုံးတွင် ဗြုန်းခနဲ အလန့်တကြား မျက်လုံးဖွင့်ကြည့်လိုက်သောအခါ လေလုံ ရေလုံဖြစ်သော အခန်းတစ်ခုလုံးမှာ သင်္ဘောဧရာမှ ရေများစိမ့်ဝင်လျက် ခုတင်ပေါ်သို့ပင် ရေများ လက်နှစ်လုံးခန့်တက်နေပြီကိုတွေ့ရသောကြောင့် သင်္ဘောတစ်ခုခုဖြစ်၍ နှစ်ပြီဟု အတပ်သိကာ ကပျာကယာ ထ၍ အပေါ်ထပ်သို့ပြေးတက်လာခဲ့ရလေ၏။ အပေါ်ထပ်သို့ရောက်သောအခါလည်း သင်္ဘောမှာ ဦးပိုင်းတစ်ခြမ်းမျှသာ ကျန်တော့လျက် အပေါင်းအဖော်များကို အရေးတကြီး ဟစ်အော်ကြည့် မျှော်ခေါ် ငင်ပါသော်လည်း ဆူညံသောင်းကျန်းလျက်ရှိသော လှိုင်းသံ၊ ရေသံများ ကြောင့် မောင်တင်လတ်၏အသံမှာ တိမ်မြုပ်ပျောက်ကွယ်နေလျက်