Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

တိုက်စိုး၊မင်းယု၀ေ - စန္ဒကိန္နရီနှင့်၅၅၀ဇတ်ဝထ္ထု၂၅ပုဒ်

Regular price 1,200 MMK
Regular price Sale price 1,200 MMK
Sale Sold out

စန္ဒကိန္နရီ

          ဗုဒ္ဓသည် ဘုရားအဖြစ်သို့ ရောက်ပြီးနောက် ခမည်း တော် သုဒ္ဓေါဒနမင်းကြီး၏ နန်းတော်သို့ ဆွမ်းဘုဉ်းပေးရန် ကြွတော် မူသည်။ ဆွမ်းဘုဉ်းပေးတော်မူပြီးသော် ဗုဒ္ဓက မိမိသည် ရာဟုလာ၏ မယ်တော် ယသော်ဓရာထံ ကြွချီလိုသည်ဟု မိန့်တော်မူ၏။

          ထိုအကြောင်းကို ယသော်ဓရာ ကြားသိရသောအခါ ဗုဒ္ဓကိုကြိုဆိုရန် ပြင်ဆင်သည်။ ဗုဒ္ဓ ကြွတော်မူလာသောအခါ ယသော်ဓရာသည် ရိုသေလေးမြတ်စွာ ခရီးဦးကြိုပြုသည်။

          သုဒ္ဓေါဒနမင်းကြီးက ဗုဒ္ဓသည် စည်းစိမ်ဥစ္စာကို စွန့်လျက် သလုံးမြင်းခေါင်းဖြင့် ရင်း၍ရအပ်သော ဆွမ်းဖြင့်သာ အသက် မွေးသော ရဟန်းအသွင်ယူကာ သစ္စာတရားကို ရှာဖွေစဉ် ချွေးမတော် ယသော်ဓရာသည်လည်း ဗုဒ္ဓနည်းတူပင် လက်ဝတ် တန်ဆာ ရတနာအားလုံးကို စွန့်ခဲ့သည်။ နံ့သာတို့ကို စွန့်ခဲ့သည်။ ဖန်ရည်စွန်းသော အဝတ်တို့ကို ဝတ်ခဲ့သည်။ “ယသော်ဓရာသည် အရှင်ဘုရားအပေါ် အလွန်သစ္စာရှိခဲ့ပေ သည်တကား” ဟူ၍ ဗုဒ္ဓအား လျှောက်ထား၏။

          ထိုအခါ ဗုဒ္ဓက ယသော်ဓရာသည် ယခုဘဝတွင်သာ မိမိအပေါ် ချစ်မြတ်နိုး၍ သစ္စာရှိခဲ့သည်မဟုတ်၊ ရှေးအတိတ် ဘဝကလည်း ချစ်မြတ်နိုး၍ သစ္စာရှိခဲ့သည်ဟူ၍ မိန့်တော်မူ လေသည်။

          လွန်လေပြီးသောအခါ ဘုရားလောင်းသည် ကိန္နရာမျိုး၌ဖြစ်၍ စန္ဒ အမည်တွင်၏။ ထို စန္ဒကိန္နရာသည် ခင်ပွန်းဖြစ်သူ စန္ဒကိန္နရီနှင့်အတူ ဟိမဝန္တာအရပ်ရှိ စန္ဒပဗ္ဗတ (လမင်းတောင်) မည်သော ငွေတောင်၌နေ၏။

          သူတို့ မောင်နှံသည် မိုးရာသီအချိန်တွင် တောင်ပေါ်၌နေကြ၏။ မိုးရာသီကုန်ဆုံး၍ နွေရာသီသို့ ရောက်လာသောအခါတွင်ကား တောင်ခြေ သို့ ဆင်းကြသည်။ ယင်းသို့ ဆင်းသက်သည်မှာ ထိုတောင်ခြေရှိ သစ်ပင် များ၊ မြက်ပင်များအကြားဝယ် ကစားနိုင်သောကြောင့် ဖြစ်သည်။ ထို တောင်ခြေရှိ စမ်းချောင်းများ၌ ရေချိုးနိုင်သောကြောင့် ဖြစ်သည်။

          ပူအိုက်သောနွေရာသီ၏ နေ့တစ်နေ့တွင် စန္ဒကိန္နရာသည် နံ့သာကို လိမ်းကျံ၏။ ပန်းဝတ်မှုန်တို့ကို စား၏။ ပန်းပုဆိုးကို ဝတ်ဆင်၏။ ပြီးသော် ပျော်ရွှင်စွာသီချင်းဆိုကာ စမ်းချောင်းအနီးတွင် ပေါက်လျက်ရှိသော နွယ်ပုခက်ကိုစီး၍ ကစား၏။

          ထို့နောက် စန္ဒကိန္နရာသည် စန္ဒကိန္နရီနှင့်အတူ စမ်းချောင်းတွင်းသို့ ဆင်း၍ ရေချိုး၏။ သူတို့သည် ရေထဲတွင် အချင်းချင်း ကျီစယ်လျက် ရေ၌ ပန်းတို့ကိုကြဲလျက် ရေကစားကြ၏။

          သူတို့သည် အားရအောင် ရေကစားကြပြီးသော် ရေမှ တက်ကြ၏။ သူတို့၏ ပန်းဝတ်တန်ဆာတို့ကို တစ်ဖန် ဆင်မြန်းကြ၏။ ထို့နောက် ငွေပြားအဆင်းရှိသော သဲသောင်ပြင်၌ ပန်းမွေ့ရာခင်းကာ ပျော်ရွှင်ချမ်းမြေ့စွာ လျောင်းစက်၏။

          ခဏကြာသော် စန္ဒကိန္နရာသည် ဝါးလုံးကိုတီး၏။ စန္ဒကိန္နရီက က၏။ ဆိုင်းချက်နှင့်အညီ စန္ဒကိန္နရီသည် ညင်သာစွာ ကခုန်လေသည်။ ဤသာယာချမ်းမြေ့သော နေရာဌာနသို့ လူသားတစ်ယောက် ရောက်လာခဲ့ တော့သည်။

          မကြာမြင့်မီကပင် ဗာရာဏသီမင်းသည် ထီးနန်းကို ခေတ္တ စွန့် ခွာလျက် ဟိမဝန္တာသို့ သွားရောက်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက် အတိုင်း သူသည်လာခဲ့ရာ ကိန္နရာ ကိန္နရီမောင်နှံတို့ ကစားမြူးထူးရာ သည်နေရာ သည်စမ်းချောင်းသို့ ရောက်လာခြင်းဖြစ်သည်။ ဗာရာဏသီမင်း သည် ဝါးလုံးတီးခတ်သံကို ကြားသဖြင့် ခြေသံမကြားစေဘဲ အနီးသို့ ချဉ်းကပ်သွား၏။

          မင်းသည် စန္ဒကိန္နရီကို မြင်လျှင်မြင်ချင်း ချစ်ခင်တပ်မက်သောစိတ် ဖြစ်ပေါ်လာ၏၊ သို့ဖြင့် သူသည် စန္ဒကိန္နရီကို ရယူသိမ်းပိုက်ရန် လေးကို တင်၍ လင်ဖြစ်သူကိန္နရာဖိုကို မြားဖြင့် ပစ်လေသည်။

          စန္ဒကိန္နရာသည် မြားဒဏ်ကြောင့် အော်ညည်းကာ စန္ဒကိန္နရီကို ကျောခိုင်းလျက် မြေသို့ လဲကျသွားရှာသည်။ စန္ဒကိန္နရီသည် ချစ်လင်၏ အော်သံကြားသဖြင့် အနီးသို့ လျင်မြန်စွာ ပြေးသွား၏။ အဘယ်သို့ ဖြစ် လေသနည်းဟု စုံစမ်း၏။ ထိုအခါ ချစ်လင်ကိုယ်၌ မြားဒဏ်ရာကို တွေ့ ရှိသည်။ ရှေ့နောက်ဝဲယာကို ကြည့်ရှုရှာဖွေသည်တွင် ဗာရာဏသီမင်းကို မြင်လေသည်။

          ဤတွင် စန္ဒကိန္နရီသည် ဗာရာဏသီမင်း၏ အနီးမှပြေးကာ တောင်ထိပ်ပေါ်ကနေပြီးလျှင် မင်းကို ကျိန်ဆဲလေတော့သည်။

          ဟယ်-သူယုတ်မာမျိုး၊ ရာဇာဆိုးတဲ့//

မြတ်နိုး ချစ်ကြင်၊ ငါ့ ချစ်လင်သည်

အသင် ရက်စက်၊ မြားဒဏ်ချက်ဖြင့်

ခက်လက် ဝေဆာ၊ သစ်ရိပ်မှာဝယ်

 ကြည်သာရွှင်စွာ၊ မြူးပျော်ရာမှ ၊

ခုခါ လဲကျ၊ မြေဝယ်ခ၍

သောက ငါ၌ ရောက်ရပြီ။

 

အသင် မင်းတရား၊ သင် ရမ်းကား၍

သနားဖွယ်ရာ၊ ငါ့သက်လျာမှာ

သေရွာသို့ဆီ၊ မြန်းရပြီမို့

ငါသည် ပူဗျာ၊ သောကဖြာသို့

သင့်မှာ ချစ်ခင်၊ သင့် မိခင်လည်း

ပူပင်သောက ရောက်စေသော်။

 

အသင်မင်းတရား၊ သင် ရမ်းကား၍

သနားဖွယ်ရာ၊ ငါ့ သက်လျာမှာ

သေရွာသို့ဆီ၊ မြန်းရပြီမို့

ငါသည် ပူဗျာ၊ သောကဖြာသို့

သင့်မှာ သက်ထား၊ သင့် မယားလည်း

 ကြီးမားသောက ကြုံစေသော်။

 

တဏှာရာဂ၊ သင် ထကြွ၍

ငါ့ကို လိုချင်၊ ပြစ်မဲ့စင်သည့်

ငါ့လင်ကိုသာ၊ သင်သတ်ပါ၍

 

 သင့်မှာ ချစ်ခင်၊ သင့် မိခင်လျှင်

သူ့လင် သူ့သား၊ သူ့သက်ထားတွက်

ကြီးမားသောက ကြုံစေသော်။

တဏှာရာဂ၊ သင် ထကြွ၍

ငါ့ကိုလိုချင်၊ ပြစ်မဲ့စင်သည့်

ငါ့လင်ကိုသာ၊ သင် သတ်ပါ၍

သင့်မှာ သက်ထား၊ သင့် မယားလျှင်

သူ့ သား သူ့လင်၊ သူ့ ချစ်ကြင်တွက်

 ပူပင်သောက ကြုံစေသော်။

 

စန္ဒကိန္နရီ၏ အကျိန်ဆဲရပ်သော တစ်ခဏတွင် ဗာရာဏသီမင်း သည် ဤသို့ ဆိုလေသည်။

 

အိုဘဲ့ အလှ၊ ချစ်နှမငဲ့

သောက ထွေကာ၊ မငိုပါနှင့်

မယ့်မှာ ခိုးဝါး၊ အမြင်မှားထင့်

မယား ကိန္နရာ၊ ဘဝမှာလျှင်

ဘယ်မှာ ကြီးကျယ်၊ ဂုဏ်တင့်တယ်လိမ့်

မယ်တို့ နေရာ၊ သည်တောမှာလည်း

သာဖွယ် ကင်းစွ၊ သွေ့ခြောက်လှ၏

အလှဝေဖြာ၊ ရွှေနန်းမှာဝယ်

တောင်ညာဒေဝီ၊ မဟေသီလျှင်

ငါသည် မယ့်အား၊ နှင်းအပ်ထားမည်

ပျော်ပါးပါ တော့ ကြည်ရွှင်လော့။