Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

တိုက်စိုး - မင်းနှင့်စာဆို

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

ကင်းဝန်

          ကင်းဝန်မင်းကြီးဦးကောင်း၏အမည်ကို ကြားလိုက်ရလျှင် စာပေ မွေ့သူများက “နေမိရကန်မှ နန်းတွင်းသူဘွဲ့ ကို နှစ်နှစ်သက်သက် အာရုံထင်မိ ကြလိမ့်မည်။ ဥပဒေသမိုင်းသုတေသီများက သုံးဆယ့်ခြောက်စောင်တွဲ ဓမ္မ သတ်ကြီးကို တလေးတစား သတိရမိကြလိမ့်မည်။ ရှေးဟောင်းပစ္စည်းလိုက် စားသူများက ဥရောပဗိသုကာပုံစံဖြင့် (ဦးကောင်းဆောက်လုပ်)လှူဒါန်းခဲ့သောသာကဝန်ကျောင်းတိုက်ကို တအံ့တသြ ပြေးမြင်မိကြလိမ့်မည်။ သို့ သော် ဦးကောင်း၏အမည်သည် ရာဇဝင်တွင် အကောင်းဘက်လိုလို အဆိုးဘက်လိုလို နှင့် အငြင်းထွက်စရာဖြစ်နေသည်။

         "  ဦးကောင်းလိမ်ထုတ်၊ မင်းဆက်ပြုတ်”

          ဆိုသောစကားနှင့် ရောထွေးယှက်တင်ဖြစ်လျက်ရှိသည်။ ။

          ထိုစကားသည် အဓိပ္ပာယ် ၂ ချက်ထွက်နေ၏။ အဓိပ္ပာယ်တစ်ချက် မှာ နေ့နံသင့်တွက်ပုံအရ မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ် (ခရစ် ၁၈၈၅ခုနှစ်) တွင် အင်္ဂလိပ်လက်သို့ နောက်ဆုံးမင်းဆက်ဖြစ်သော သီပေါမင်း ပါရသည် ဟူ၍ဖြစ်သည်။ ဒုတိယအဓိပ္ပာယ်မှာ ဦးကောင်းလိမ်လည်ကောက်ကျစ်လေ သောကြောင့် ဤသို့ ပါရသည်ဟူ၍ဖြစ်သည်။

          အင်္ဂလိပ်လက်သို့ မြန်မာမင်းပါရပုံပါရနည်းသည် ၃ ဆင့်ဖြစ်လေ သည်။ ၁၈၂၄ ခုနှစ်မတိုင်မီကာလအထိ မြန်မာနိုင်ငံမှာ တစ်ထီးတစ်နန်းနှင့် လွတ်လပ်သောနိုင်ငံဖြစ်လေသည်။ သို့ သော် ဘကြီးတော်လက်ထက်တွင်အင်္ဂလိပ်နှင့်စစ်ဖြစ်၍ မြန်မာကရှုံးသဖြင့် တနင်္သာရီနှင့် ရခိုင်နယ်များကို စွန့် လွှတ်ခဲ့ရသည်။ ပုဂံမင်းလက်ထက်တွင် ဒုတိယအကြိမ်စစ်ဖြစ်၍ ရှုံးပြန်သဖြင့် တောကျောင်းသရက်မြို့ အထိ မြန်မာ့ပိုင်နက်ကို စွန့်လွှတ်ခဲ့ရသည်။ ပုဂံမင်း နောက် စိုးစံသော မင်းတုန်းမင်းလက်ထက်တွင် မင်းတုန်းမင်း၏ အမြော်အ မြင်ကြီးမှုကြောင့် အင်္ဂလိပ်နှင့်ဆက်ဆံရေး သင့်တင့်တန်သရွေ့ သင့်တင့်သည်။ နောက်ဆုံးမင်းဆက်ဖြစ်သော သီပေါမင်းလက်ထက်တွင်မူ တတိယစစ်ဖြစ်ပြီး နောက် သီပေါမင်းလည်းစစ်ရှုံး၊ မြန်မာ့လွတ်လပ်ရေးလည်း လုံးဝကွယ်ပျောက် လေတော့သည်။

          ဦးကောင်းသည် (မြန်မာဘက်မှ)မင်းတုန်းမင်းနှင့် သီပေါမင်း နှစ် ဆက်တိုင်တိုင် အမှုထမ်းခဲ့လေသည်။ မင်းတုန်းမင်းလက်ထက်မှစတင်၍ အလုပ်တာဝန်တွင် တစ်စတစ်စ တိုးမြှင့်လာခဲ့ရာ သီပေါမင်းနန်းတက်စအချိန်၌ အထွတ်အထိပ်သို့ ရောက်ခဲ့သည်ဟု ဆိုရလိမ့်မည်။ အလွန်လည်း အရာရောက် ခဲ့သည်ဖြစ်လေသည်။ သို့ သော် အင်္ဂလိပ်လက်သို့ သီပေါမင်းပါရပုံအကြောင်း နှင့်စပ်၍ကား ဦးကောင်း၏ ဆောင်ရွက်ချက်တို့သည် အစွန်းအထင်းရှိနေသည်။

          ထို့ကြောင့် “

          " ဦးကောင်းလိမ်ထုတ်၊ မင်းဆက်ပြုတ်”

          ဆိုသောစကား ယုတ္တိတန် သည် မတန်သည်ကို သူ့ဘဝလမ်းစဉ်ကို ပြန်ကြည့်ပါက အကြောင်းပြည့်ပြည့် စုံစုံ တွေ့နိုင်စရာရှိလေသည်။

          ဦးကောင်း၏ အဖ ဦးမှိုသည် မုံရွာနယ်၊ ဗန့်ကျီတိုက်အဝင်မုန်တိုင်မင် (မင်းတိုင်ပင်)ရွာတွင် နေထိုင်သူဖြစ်လေသည်။ အသည်(သား)ကားမဟုတ်။ နတ်သျှင့်ရွေး သေနတ်စုထဲမှဖြစ်လေသည်။ သို့သော် စစ်မက်မရှိသည့်အခါ၌ ဖြစ်စေ၊ မင်းနေပြည်တွင် တာဝန်မကျသည့်အခါ၌ဖြစ်စေ၊ ထိုအစုသားသည် ကိုယ့်ရပ်ရွာတွင် အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်နိုင်သည်ဖြစ်၍ ရက် ကန်းသုံး ယင်သွားများကို လုပ်ကိုင်ရောင်းချ၍လည်းကောင်း၊ ဓာတ်ဆရာအဖြစ် ဖြင့်လည်းကောင်း အသက်မွေးသူဖြစ်သည်။ သားဖြစ်သူ ဦးကောင်းမှာလည်း ထိုရွာတွင်ပင် ၁၈၂၂ ခုနှစ်၌ မွေးဖွားလာရလေသည်။ ဤတွင် အဖဖြစ်သူက အစုသားဖြစ်၍ သားဖြစ်သူသည် မြန်မာ့အုပ်ချုပ်ရေးထုံးတမ်းအရ အချိန်တန် အရွယ်ရောက်လာသည့်အခါ ထိုအစုတွင် သာမန်အားဖြင့် အမှုထမ်းရမည်ဖြစ် လေသည်။ ဤသို့ ကား အစုသားရိုးရိုးမဖြစ်။ သူက စာတတ်၍ မင်းပါးစိုးခွင်ရောက်ကာ မင်းတိုင်ပင်အမတ်အထိဖြစ်လာသည်။ အမှန်စင်စစ် သူ့ရွာတွင်ကျောင်းမည်မည်ရရမရှိ။ မရှိသော်လည်း ပညာလိုလားသော ဦးကောင်းသည် အနီးအပါးမှကျောင်းရှိသော ငှက်ပျောတောရွာ၊ စစ်ကုန်းရွာ၊ ငါးရံ့ အိုမြစ်စုတ် ရွာ၊ ပဒူးရွာ အသီးသီးတွင် စာလိုက်၍သင်သည်။ ကျောင်းသားဘဝ၊ ကိုရင် ဘဝ၊ ရဟန်းဘဝ အဆင့်ဆင့်ဖြင့် သဒ္ဒါ၊ သဂြိုဟ်၊ ဆန်း၊ အလင်္ကာ၊ ဗေဒင်၊ ဆေး စသည်တို့ကို သင်သည်။ ထိုမျှဖြင့်အားမရမတင်းတိမ်သေးဘဲ အမရပူရ မင်းနေပြည်ရှိ ဗားကရာကျောင်းသို့ တက်၍ စာဆက်သင်သည်အထိ ဇွဲကောင်း လေသည်။

          ဤတွင် ဦးကောင်းအတွက် တက်လမ်းပေါ်လာလေသည်။ ပေါ်လာ ပုံမှာ ပဒူးရွာကျောင်းတွင်နေစဉ်က သူသည် ဦးရန်ဝေးဆိုသူ ဦးပဉ္စင်းနှင့် သိကျွမ်းခင်မင်ခဲ့ဖူးသည်။ ထိုဦးပဉ္စင်းသည် ယခုအခါတွင် ဗားကရာကျောင်း အနောက်ဘက် ရွှေရေးကျောင်း၌ ကျောင်းထိုင်လည်းဖြစ်၊ မင်းတုန်းမင်းသား၏ အကိုးကွယ်ခံဆရာလည်း ဖြစ်နေသည်။ ထိုအခါ မင်းတုန်းမင်းသားက “ပညာ ဗဟုသုတအရာလေ့လာသူများကို လိုချင်ပါသည်”ဟူ၍ ဦးရန်ဝေးထံ လျှောက် ထားလေရာ၊ ဦးရန်ဝေး၏ အမအစဖြင့် ဦးကောင်းသည် မင်းတုန်းမင်းသား၏ မင်္ဂလာအိမ်တော်သို့ အမှုထမ်းရန် ရောက်လာခဲ့ရသည်။ မင်းတုန်းမင်းသား သည် ပညာလိုလားသူဖြစ်သည့်အတိုင်း နောင်အခါ ယောအတွင်းဝန်ဖြစ်လာ မည့် ဦးဖိုးလှိုင်ကဲ့သို့ ပုဂ္ဂိုလ်များသည် သူ့ထံတွင် ဝင်ထွက်သွားလာနေကြသည် ဖြစ်လေသည်။ ဦးရန်ဝေးပင်လျှင် မကြာမီ လူဝတ်လဲ၍ မင်းတုန်းမင်းသား၏ အကြီးတော်အဖြစ်သို့ ပြောင်းခဲ့လေသည်။

          ထိုအခါကာလသည် ပုဂံမင်းစိုးစံနေချိန်ဖြစ်လေသည်။ ထိုမင်းသည် ပြည်သူအများ၏ကြည်ညိုမှုကို ကောင်းစွာရခဲ့ဟန်မရှိ။ သူ့အိမ်တော်ပါအမှုထမ်း ဖြစ်သူ မြို့ဝန်ဦးဘိုင်ဆတ်သည် သားပျို သမီးပျိုများကို ဖျက်ဆီးနှိပ်စက်သည်။ ပြည်ထဲရေးကို ဘုရင့်ယောက်ဖဖြစ်သူ မင်းသားဦးကျောက်လုံးနှင့် ကျီဝန် ဦးပွား တို့ ခြယ်လှယ်နေသည်။ ထိုအပေါ်တွင် ပုဂံမင်းကိုယ်တိုင်က ညီလာခံမှန်မှန် မထွက်ဘဲ ကြက်တိုက်၊ လက်ဝှေ့ပြိုင် စသည့်အလုပ်တွေကိုသာ လိုက်စားနေ ပြန်လေသောကြောင့် ပြည်သူများက နှလုံးနာနေကြသည်။ ထို့ကြောင့် အကျင့် သိက္ခာရှိသော မှန်မှန်လွှတ်တက်သော (ပုဂံမင်းနှင့်အဖတူအမိကွဲ ညီတော်သူ) မင်းတုန်းမင်းသားကို ပို၍ကြည်ညိုနေကြသည့်လက္ခဏာရှိသည်။ အခြေအနေ က မဟန်ရသည်တွင် ပုဂံမင်းအဖို့ ကံဆိုးချင်သောကြောင့် ပေထင့်၊ အင်္ဂလိပ်နှင့် မြန်မာစစ်ဖြစ်ရပြန်လေသည်။ ထိုအရေးတွင် ပုဂံမင်းဘက်က အလွန်မရှိ၊ သို့သော် အင်္ဂလိပ်က ကဲ၍သာလာသဖြင့် စစ်တိုက်ခဲ့ရခြင်းဖြစ်လေသည်။ မင်းတုန်း မင်းသားမှာမူ အင်္ဂလိပ်၏လက်နက်အားကို မြန်မာက မယှဉ်နိုင်မှန်း စဉ်းစားမိ ပြီးဖြစ်၍တစ်ကြောင်း၊ နဂိုကလည်း ငြိမ်းချမ်းစွာနေတတ်လေ၍ တစ်ကြောင်းကြောင့် စစ်ကိုတစ်နည်းနည်းဖြင့် တားဆီးလိုသည်ဖြစ်လေသည်။ ထိုအတွင်း သူနှင့် သူ့ညီရင်းဖြစ်သူ ကနောင်မင်းသားတို့၏ အိမ်တော်သားများသည် ဓားပြမှုတွင် ပါဝင်သည်ဆိုကာ ပုဂံမင်း၏ ကျေးကျွန်များက စွပ်စွဲအပြစ်ရှာ ကြလေရာ၊ သူသည် ညီ၏တိုက်တွန်းချက်ဖြင့် နောင်တော်ကို ပုန်ကန်လေတော့ သည်။ ၁၈၅၃ ခုနှစ်တွင် ရမည်းသင်းသေနတ်ဗိုလ် (နောင်ရေနံချောင်းဝန်ကြီး) ဦးစို စသော သစ္စာရှိနောက်လိုက်များ၏ အကူအညီဖြင့် မင်းတုန်းမင်းသားကနောင်တော်ကိုအနိုင်ရပြီးလျှင် အမရပူရကိုသိမ်းပိုက်နန်းထိုင်နိုင်ခဲ့၍ ညီဖြစ်သူ ကနောင်မင်းသားကို အိမ်ရှေ့အရာထားလေသည်။ စစ်ကိုလည်း ရပ်စဲလိုက် လေသည်။

          အရှင်မြင့်က ကျွန်တင့်ရမည်မှာ ဓမ္မတာပေတည်း။ ဦးစို၊ ဦးရန်ဝေး၊ ဦးဖိုးလှိုင်၊ ဦးကောင်းစသော မင်းတုန်းမင်းဘက်သားများသည် အရည်အသွေး အလျောက် အချီးအမြှောက်ခံကြရလေသည်။ ဦးကောင်းအတွက် သက်သက်မည်ဆိုလျှင် မင်းတုန်းမင်းသား၏ အိမ်တော်တွင်ရှိစဉ်ကလည်း သူ၏အလျှောက်အပြု ကောင်းမှု၊ သတ်ပုံသတ်ညွှန်းမှန်ကန်မှုကြောင့် အမှုထမ်း၍မှ မကြာခင် ဘဏ္ဍာစာရေးအရာတွင် တိုးမြှင့်ခန့်ထားခြင်း ခံရဖူးသည်။ ဤတွင် မက မင်းတုန်းမင်းသားကပင် ကြပ်မတ်၍ ဘကြီးတော်လက်ထက်၌ မှန်နန်း အပျိုတော်ဖြစ်ခဲ့သော ဆင်ကြန်သခင်နှင့် လက်ဆက်ပေးသည်အထိ ဂုဏ်ရည် တင်ခြင်းခံခဲ့ရသည်။ ခုတစ်ဖန် မင်းတုန်းမင်းသားက အထွတ်အထိပ်သို့ ရောက် လာသည့်အခါ သူကလည်း အလုပ်တွင် ကြိုးစားလေသည်နှင့်အမျှ ရွှေတိုက် စိုး၊ နောက် လွှတ်တော်အမှာစာရေး၊ နောက် လွှတ်တော်စာရေးကြီး၊ နောက် အလုံမြို့ဝန်၊ နောက် တောင်ငူ၊ ရမည်းသင်းနှစ်မြို့ အခွန်ဝန်၊ နောက် လွှတ် တော်ဝန်ထောက်၊ နောက် ရေ၊ ကြည်းနှင့်ဆိုင်ရာ ကင်းခွန်များကို ကြီးကြပ်အုပ်ချုပ်ရသော ကင်းဝန်ထောက်ဖြစ်ရသည်အထိ ရာထူးဂုဏ်သိန်ကြီးမြင့် တိုးတက်လာလေသည်။

          ကြီးမြင့်လာရအောင်လည်း သူဆောင်ရွက်ခဲ့ပုံတို့ကို သာဓကပြရဦး မည်။ ၁၈၅၇ ခုနှစ်တွင် မင်းတုန်းမင်းသည် အမရပူရကိုမကြိုက်၍ မန္တလေး မြို့သစ်တည်ရန် ကြံရွယ်သည့်အခါ ဦးကောင်းသည် မြတောင်ဝန်ကြီးဦးမှို၏ ဆင့်ဆိုချက်အရ ကျုံး၊ မြို့ရိုး၊ နန်းတော် စသော ခုနစ်ဌာနနှင့်တကွ တည်ထား လုပ်ဆောင်ရန် အဆောက်အအုံပုံစံစနစ်ကို အခါမပြတ်ရေးပေးနိုင်ခဲ့သည်။ မန္တလေးပတ်ဝန်းကျင်၌ သာယာစိမ်းလန်းရအောင် ဥယျာဉ်နှစ်ဆယ်လုပ်ဆောင် ရန် မင်းအမိန့်ရှိရာတွင် ဝေပုံကျဖြစ်သော မဟာသီရိဟေမဝန်ဥယျာဉ်ကို ပန်း သစ်ပင်မြိုင်မြိုင်ဖြင့် ဖန်တီးပေးနိုင်ခဲ့သည်။ အလုံမြို့ဝန် တာဝန်ယူရစဉ်က သုံးနှစ်အတွင်း မြို့ရွာနယ်ပယ်ကို အေးချမ်းစည်ပင်အောင် လုပ်ဆောင်နိုင်ခဲ့ သည်။ တောင်ငူရမည်းသင်းဘက်ရှိ သစ်အလုပ်အဆောင်နေရာမကျ၍ အခွန် ဘဏ္ဍာ ယုတ်လျော့နေသည်တွင် အမှန်ဖြစ်အောင် စီမံပေးနိုင်ခဲ့သည်။ နောက် ဆုံး ၁၈၆၆ ခုနှစ်တွင် မင်းတုန်းမင်း၏ သားများအထဲမှ မြင်ကွန်း မြင်းခုံတိုင် မင်းသားနှစ်ဦးက အိမ်ရှေ့ ကနောင်မင်းသားကိုသတ်၍ သူပုန်ထသည့်အခါ (ပခန်းမင်းကြီးဖြစ်လာခဲ့သော) ဦးရန်ဝေးနှင့် အတူ လွှတ်တော်မှ ရပ်တည် ဆင့်ဆိုစည်းကြပ်ကာ သူပုန်ရန်ကို ခုခံနိုင်ခဲ့သည်။

          ဤမျှပင်လော၊ ရှိပါသေး၏။ ဦးကောင်းသည် မင်းမှုရေးရာတို့တွင် ကိုယ်အား စိတ်အားဖိ၍ ဆောင်ရွက်ရုံဖြင့် မတန်သေး၊ စုဆောင်းပြီး ဗဟုသုတ၊ ကျွမ်းကျင်ပြီး ကဗျာပညာဖြင့် မင်းတုန်းမင်း၏ စာဝါသနာကို ဖြည့်နိုင်ခဲ့ပြန် သည်။ မင်းတုန်းမင်းသည် ဘာသာရေး၌ ကိုင်းရှိုင်းသူပီပီ ဘာသာရေးကဲသော စာများကို ကြားနာတတ်သူဖြစ်လေသည်။ အထူးသဖြင့် ကဗျာလင်္ကာများကို ကြားနာသည့်အခါ ကိုးခန်းပျို့မှ မင်းသားလေးပါး တောထွက်ခန်းကို ကြိုက် တတ်သည်။ ငွေတောင်ရကန်၊ ရာမရကန်တို့မှာ သာယာနာပျော်ဖွယ် ကောင်း ပါ၏၊ သို့ သော် သမ္ဖပ္ပလာပစာမျှသာဟု ထင်လေ့ရှိသည်။ ထို့ကြောင့် သူ့ဆန္ဒ အလျောက် ဦးကောင်းကို ကဗျာဖွဲ့ ခိုင်းသည်။ ဦးကောင်းကလည်း တိဏ္ဍကပျို့၊ နေမိရကန်လိုစာမျိုးကို ရေးဖွဲ့ ပေးလေသည်။ တိဏ္ဍကပျို့မှာ ကဗျာသဘော ထက် စာသဘောကဲနေသည်မှန်သော်လည်း မင်းကျင့်တရားမဲ့သော ပဉ္စာ