Skip to product information
1 of 2

Other Websites

တာရာမင်း‌ဝေ - အမှတ်တရစာစုများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

ကျနော်နဲ့ ကဗျာရေးသော လူတယောက်အကြောင်း (သို့မဟုတ်) ရွှေဘုန်းလူ (သို့မဟုတ်)

တာရာမင်းဝေ

အောင်ဒင်

(၁)

ကျနော့်ကိုမွေးပြီး ၄ နှစ်လောက်အကြာမှာ မေမေက ကျနော့်အတွက် ညီငယ်လေးတယောက် ထပ်မံမွေးဖွားပေးပါတယ်။ ၁၉၆၆ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်၊ အင်္ဂါနေ့မှာပါ။ သူ့ကို မွေးဖွားတော့ ငလျင်မလှုပ်ပါဘူး၊ လေကြီးမိုးကြီး မကျပါဘူး၊ မိုးကြိုးတွေလည်း မပစ်ပါဘူး၊ အရာခပ်သိမ်းက ပုံမှန် အတိုင်းပါပဲ။ ကျနော်တို့မိသားစုမှာ လူကလေးတယောက် တိုးတာကလွဲလို့ပေါ့။ မြန်မာနိုင်ငံကတော့ ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ စစ်အုပ်စိုးမှုအောက်ရောက်တာ ၄ နှစ်ကျော်ခဲ့ပါပြီ။

          ကျနော့်မိဘများက အမဝမ်းကွဲတယောက်ရဲ့ စကားကိုနားယောင်ပြီး ကျနော့်ကို “ ချစ်ကိုကို” လို့ အမည်ပေးထားတာမို့ သူ့ကိုလည်း လွယ်လွယ်ကူကူပဲ “ချစ်ညီညီ” လို့ အမည်ပေးလိုက်ကြပါတယ်။ မေမေက ကျနော့်ကို "သာကြီး”လို့ခေါ်ပြီး သူ့ကိုတော့ “သားငယ်လေး”လို့ ခေါ်ပါတယ်။ ဒီလိုနဲ့ သူ့ရဲ့ အိမ်နာမည်က အငယ်လေး ဖြစ်လာပါတယ်။ သူကလည်း စကားပြောရင် သူ့ကိုယ်သူ"ငယ်ငယ်”လို့ သုံးလေ့ရှိပါတယ်။

          နောက် ၂ နှစ်အကြာ ညီမအငယ်ဆုံးကိုမွေးတော့ ကျနော်က ၆ နှစ်သားရှိပြီဝတ္ထုစာအုပ် တွေ စဖတ်နေပါပြီ။စာရေးဆရာ မိုးဝေ ရဲ့ စုံထောက်ဝတ္ထုတွေဖတ်ပြီး အလွတ်စုံထောက် တင်မောင်ဆွေနဲ့ သူ့ရဲ့ လက်ထောက် မိုးစန္ဒာတို့ကို သဘောကျနေချိန်မို့ ညီမလေးကို “ခင်စန္ဒာမိုး” လို့ အမည် ပေးလိုက်နိုင်ပါတယ်။ ကျနော်များလက်ဦးမှုမရခဲ့ရင်ဖြင့် ညီမလေးခမျာ “ချစ်မမ” ဖြစ်လာစရာအကြောင်း ရှိပါတယ်။

          သားသမီး ၃ ယောက်ရှိရင် အကြီးဆုံးနဲ့ အငယ်ဆုံးက မိဘမေတ္တာပိုရပြီး အလတ်က မိဘမေတ္တာ ချို့တဲ့တယ်လို့ပြောကြတာ ကြာဖူး၊ တွေ့ဖူးပါတယ်။ ကျနော်တို့မိသာစုမှာတော့ အဲဒီလို မဟုတ်ပါ။ အလတ်ဖြစ်တဲ့ သူဟာ မိဘနှစ်ပါးစလုံးရဲ့ အချစ်ဆုံး နဲ့ အလိုလိုက် အခံရဆုံးပါ။ အကြီးဆုံး ကျနော်နဲ့ အငယ်ဆုံး ညီမတို့ကတော့ အဆူခံရဆုံးနဲ့ မိသားစုတာဝန်တွေကို အများဆုံး မျှဝေယူရသူတွေ ဖြစ်ခဲ့ပါတယ်။

ကျနော်တို့မောင်နှမ ၃ ယောက်စလုံး တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက်က အမှတ် (၁၀) အခြေခံပညာ မူလတန်းကျောင်းမှာ သူငယ်တန်းကနေ လေးတန်းအထိ ပညာသင်ကြားခဲ့ရပါတယ်။ ကျနော်က ငါးတန်းတနှစ်ကို တောင်ဥက္ကလာပမြို့နယ် အခြေခံပညာ အလယ်တန်းကျောင်း အမှတ် (၃)မှာနေခဲ့ရပြီး ၆ တန်းကနေ ၁ဝ တန်းအထိ ရန်ကင်း အထက ( ၂ ) စိန့်မိုက်ကယ်မှာ တက်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကျနော် ညီနဲ့ ညီမပါ ရန်ကင်း အထက (၂) ကျောင်းသားတွေ ဖြစ်လာခဲ့ကြပါတယ်။

ရွှေဘုန်းလူဟာ ငယ်ငယ်တုန်းကတော့ စာတော်တဲ့ ကျောင်းသားတယောက်ပါ။ အတန်းထဲမှာ ထိပ်ဆုံးမှာရှိပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုတွေ စာမေးပွဲတိုင်းမှာ ရခဲ့တာပါ။ တတန်းပြီး တတန်း မှန်မှန်အောင်ခဲ့ပေမယ့် ၁၀ တန်းမှာ တစ်နေပါတော့တယ်။ ၁၀ တန်းစာမေးပွဲကို လေးကြိမ်၊ ငါးကြိမ်

လောက်ဖြေရပြီး၊ နှစ်ကြိမ်ဖြေရတဲ့ ညီမလေးထက် တနှစ်နောက်ကျပြီး ၁၉၈၆-၈၇ စာသင်နှစ်ကျမှပဲ ၁၀ တန်းကို မြန်မာစာဂုဏ်ထူးနဲ့ အောင်ပါတယ်။ ၁၉၈၈ မတ်လအရေးအခင်းဖြစ်ချိန်မှာ ကျနော်က ရန်ကုန်စက်မှုတက္ကသိုလ်မှာ စက်မှုအင်ဂျင်နီယာ နောက်ဆုံးနှစ်၊ ညီမလေး က ဓာတုဗေဒ အဓိက ဒုတိယနှစ်နဲ့ ရွှေဘုန်းလူ က အင်္ဂလိပ်စာ အဓိကနဲ့ ပထမနှစ် ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေမှာ ကျောင်းတက်နေကြတာပါ။

အဲဒီလို ၁၀ တန်းစာမေးပွဲ တဖုန်းဖုန်းကျရတာနဲ့ပတ်သက်ပြီး ဖေဖေ က မှတ်ချက်ချပါတယ်။ “ကဗျာ ရေးလို့ ....”တဲ့။ ဒါလည်း မှန်နိုင်ပါတယ်။ သူ အလယ်တန်း ကျောင်းသားဘဝမှာကတည်းက ကဗျာတွေ ရေးနေပါပြီ။ ရေးတော့လည်း မြန်မာစာ ကဗျာညွန့်ပေါင်းကျမ်းကြီးတွေကို အသေအချာ ဖတ်ရှုလေ့လာ ရေးတာပါ။ ရှေးကဗျာ ရေးဟန်များကိုအတုယူပြီး လေးမျိုးတွေ၊ ဒွေးချိုးတွေ၊ အိုင်ချင်း တွေ၊ ရတုတွေ ရေးနိုင်ပါတယ်။ အဲဒီခေတ်က လူကြိုက်များတဲ့ သုံးကြောင်း ကဗျာလေးတွေ ရေးပါတယ်။

ခေတ်က ရုပ်ရှင်ကြေးမှုံ တို့၊ ဂီတပဒေသာ တို့၊ ယုဝတီ၊ ဂီတ သတင်းစဉ်စတဲ့ ဂျာနယ်တွေမှာ ဖော်ပြခံရပါတယ်။ စာမူခ မရပါ။ စာစောင်ကို ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်ရပါတယ်။ အဲဒီတုန်းက သူ့ကလောင်နာမည်က “မီးခိုးဖြူ” ပါ။ ၁၉၈၂ မှာ သူ့ရဲ့ “မိုးခိုးဖြူ” နာမည်နဲ့ ပထမဆုံး မဂ္ဂဇင်းကဗျာ "စစ်ပြန်” မဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြပါတယ်။ အဲဒီကဗျာကလည်း လေးချိုးရှည်ကြီးပါပဲ။

မြန်မာစာကို နိုင်နင်းကျွမ်းကျင်လွန်းလို့ အတန်းထဲမှာ သူ့ရေးသားတဲ့ စာစီစာကုံးတွေဟာ အမှတ် အများဆုံးပြီး ဆရာ ဆရာမများရဲ့ အသိအမှတ်ပြုခြင်း၊ ချီးကျူးခြင်းခံရပါတယ်။ မြို့နယ်အဆင့်။ တိုင်းအဆင့် စာစီစာကုံးပြိုင်ပွဲတွေမှာ ကျောင်းကို ကိုယ်စားပြုပါဝင်ရပြီး ဆုတွေလည်း ရခဲ့ပါတယ်။ သူ့ရဲ့ အဓိကအားနည်းချက်ကတော့ သိပ္ပံဆိုင်ရာ ရူပ၊ ဓာတုဗေဒ သင်္ချာ တို့ကို စိတ်မဝင်စားတာပါပဲ။ ဒါကြောင့်လည်း ဝိဇ္ဇာ၊ သိပ္ပံ ဘာသာစုံရတဲ့ ၁ဝ တန်းကို တော်ရုံနဲ့မအောင်တာပါ။ နောက်ပိုင်း ၁၀ တန်းကို ၀ိဇ္ဇာ သတ်သတ်၊ သိပ္ပံ သတ်သတ်၊ ခွဲလိုက်တဲ့အခါကျမှပဲ ၀ိဇ္ဗာတွဲသက်သက်ကိုယူပြီး စိတ်ကြိုက်မြန်မာစာ ဂုဏ်ထူးနဲ့ အောင်ပါတော့တယ်။ အင်္ဂလိပ်စာမှာလည်း ဂုဏ်ထူးမှတ်နီးပါးရလို့ ရန်ကုန်တက္ကသိုလ်ကို အင်္ဂလိပ်စာ အဓိကနဲ့ တက်ရောက်ခွင့်ရပါတယ်။ ဒါပေမယ့် ၁၉၈၈ မတ်လ အရေးအခင်ဒကစခဲ့တဲ့ လူထုအရေးတော်ပုံကြီးက သူ့ရဲ့ ပညာရေးလမ်းကြောင်းကို အဆုံးသတ် လိုက်ပါတယ်။ ဘဝတက္ကသိုလ်က ကျောင်းပြီးခဲ့ပေမယ့် ရန်ကုန်တက္ကသိုလ်ကတော့ ကျောင်းမပြီးခဲ့ပါ။

၁၉၈၈ လူထုအရေးတော်ပုံကြီးဟာ မြန်မာနိုင်ငံက သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ ဘဝတွေ ကို အကြီးအကျယ် ရိုက်ခတ်ပြောင်းလဲစေခဲ့ပါတယ်။ အဲဒီထဲမှာ ကျနော်တို့မိသားစုကလည်း ပါခဲ့ တာပေါ့။ ဖေဖေက နိုင်ငံရေးသမားဟောင်း၊ သတင်းစာဆရာဟောင်းကြီးဖြစ်ပြီး သားသမီး ၃ ယောက် စလုံးက တက္ကသိုလ်ကျောင်းသားတွေ ဖြစ်နေတဲ့အခါ ကျောင်းသားလှုပ်ရှားမှုကစခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ လှုပ်ရှားမှုကြီးမှာ ကျနော်တို့မိသားစုတစုလုံး ကျရာနေရာကနေ တာဝန်ထမ်းဆောင်ခဲ့ကြတာပေါ့။ ကျနော်တို့ ညီအကိုနှစ်ယောက်စလုံး ကျောင်းသားခေါင်းဆောင် မောင်မောင်ကျော်နဲ့တွဲဖက်ပြီး “ဗမာပြည် ပြည်သူ့လွတ်မြောက်ရေး လူငယ်တပ်ဦး” (Bamar Youth Liberation Front) ကို ရန်ကုန် တက္ကသိုလ် ဇွန်အရေးအခင်း တပတ်ကြာဆန္ဒပြမှုတွေအပြီးမှာ မြေအောက် အဖွဲ့အစည်းတခုအဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့ကြပြီး နယ်စပ်ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များနဲ့စတင် ဆက်သွယ်ခဲ့ ကြပါတယ်။ မောင်မောင်ကျော်ကတော့ ဇွန်လကုန်မှာ ထိုင်း-မြန်မာ နယ်စပ်ကို လျှို့ဝှက်ထွက်ခွာသွား ပါတယ်။ အဲဒီ နောက် ဩဂတ်စ် ၈ ရက် လူထုအုံကြွမှုကြီး ပေါ်ပေါက်လာရေးအတွက် ကျနော်တို့အားလုံး မြန်မာနိုင်ငံတနံတလျား ခရီးတွေထွက်ပြီး ပြည်သူတွေ ကျောင်းသားတွေကြားထဲမှာ လျှို့ဝှက်စွာ စည်းရုံး ရေး ဆင်းကြပါတယ်။

၁၉၈၈ ဒီဇင်ဘာ၊ ဗကသများအဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်းကြတဲ့အခါ ကျနော်က ဒု-ဥက္ကဋ္ဌ  ( ၂ )ဖြစ်လာပြီး ရွှေဘုန်းလူ က ဗဟိုကော်မီတီဝင် တယောက်ဖြစ်လာခဲ့ပါတယ်။ ၁၉၈၉၊ မတ်လ ၂၃ ရက် နေ့မှာ ဥက္ကဋ္ဌ မင်းကိုနိုင် အဖမ်းခံရ ပြီ ၂၃ ရက်နေ့မှာ ကျနော် အဖမ်းခံရပြီးတဲ့နောက်မှာတော့ ရွှေဘုန်းလူတယောက် သူ့ရဲ့ “ကျောင်းဖွင့်ချိန်” ကဗျာနဲ့ထင်ရှားလာပြီး ဗကသများအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင် တယောက်လည်း ဖြစ်လာပါတယ်။ ဒီနောက် သူ အိန္ဒိယ နယ်စပ်ဘက်ကို ထွက်ခွာသွားပြီး လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ ကြိုးစားပါသေးတယ်။ အဆင် မပြေမှုတွေများလွန်းတာနဲ့ မြန်မာနိုင်ငံထဲ ပြန်လည်ဝင်ရောက်လာပြီး ၁၉၉၀ ဖေဖော်ဝါရီမှာ အဖမ်းခံ ရပါတယ်။ စစ်ထောက်လှမ်းရေးရဲ့ စစ်ကြောရေးစခန်းမှာ ရက်ရက်စက်စက် ညှိင်းပန်းနှိပ်စက်ခံရပြီးနောက် စစ်ခုံရုံးက သူ့ကို အလုပ်ကြမ်းနဲ့ ထောင် ၅ နှစ် ချလိုက်ပါတော့တယ်။

ကျနော်က အင်းစိန်ထောင်ထဲမှာ ၁၉၈၉ ဧပြီလကနေ ၁၉၉ဝ မေလအထိ ၁၃ လ၊ ပုဒ်မ ၁၀ (က) နဲ့ အထိန်းသိမ်းခံခဲ့ရပြီး ၁၉၉၀ မေလ ၂၃ ရက်နေ့၊ ရွေးကောက်ပွဲလုပ်ဖို့ ၄ ရက်အလိုမှာမှ အင်းစိန်

ထောင်တွင်း စစ်ခုံရုံးတင်ပြီး ပြစ်ဒဏ်ချခံရတာပါ။ ၁၃ လလုံးလုံး မိသားစုနဲ့ အဆက်အသွယ် မရခဲ့ပါ။ ပြစ်ဒဏ် ၄ နှစ်ကျခံရပြီးမှ တရားဝင် အကျဉ်းသာဖြစ်လာပြီမို့ နှစ်ပတ် တခါ ထောင်ဝင်စာ တွေ့ခွင့်ရပါ တယ်။ ပထမဆုံး ထောင်ဝင်စာမှာပဲ ဖေဖေနဲ့ မေမေကပြောလို့ ရွှေဘုန်းလူတယောက် ထောင် ငါးနှစ် ကျပြီး ၅ ဆောင်မှာ ရောက်နေတယ်ဆိုတာ သိရပါတယ်။

စတွေ့တွေ့ချင်း မေမက ကျနော့်ကို “သားကြီးရယ် ....... မင်းညီလေးကို မင်အနား ခေါ်ထားနိုင်ဖို့ ကြိုးစားကြည့်ပါကွယ်” တဲ့။ အဲဒီ အချိန်မှာ ကျနော်တို့ ထောင်ဝင်စာတွေ့ရတဲ့ အချိန်၊ နေ့ရက်ကလည်း မတူလို့ ဖေဖေနဲ့မေမေများ တပတ်ကို နှစ်ကြိမ်လာရပါတယ်။

အဲဒါနဲ့ ထောင်ပိုင်တန်းစီလှည့်တဲ့အချိန်မှာ ကျနော်က ကျနေညီကို ကျနော်နဲ့အတူထားပေး ဖို့တောင်းဆိုတော့ ထောင်ပိုင်က ခွင့်ပြုပါတယ်။ ဒီလိုနဲ့ ရွှေဘုန်းလူတယောက် ကျနော်ရှိရာ ၅ တိုက် (တိုက်အမှတ် ၅ ကို ရောက်လာပါတော့တယ်။ အဲဒီတုန်းက ကျနော်က ၅ တိုက်၊ အခန်းအမှတ် ၁၉ မှာပါ။ အခန်းတွေက ကိုတင်မြင့် (ဦးရဲထွန်း အမှုတွဲ)၊ သာကေတ NLD က မြင့်သောင်း နဲ့ လှသန်း တို့ပါ။ ရွှေဘုန်းလူ ရောက်လာတော့ ၈ ပေ။ ၁၂ ပေ အခန်းကျဉ်းကလေးထဲမှာ ကျနော်တို့ ၂ ယောက် အတူနေကြရပါတယ်။

သူ ရောက်မလာခင်က ကျနော် စိတ်ပူခဲ့ရတာရှိပါတယ်။ သူနဲ့ ကျနော်က ညီအကိုအရင်းတွေ ဖြစ်ပေမယ့် သိပ်ပြီးတည့်လှတာ မဟုတ်ပါဘူး။ သူက ၄ ဂဏန်းသမာဖြစ်ပြီး ကျနော်က ၈ ဂဏန်း သမားဖြစ်နေလို့လားတော့ မသိပါဘူး။ မကြာခဏ ငြင်းခုန် စိတ်ဆိုး၊ ဒေါသထွက်၊ ရန်ဖြစ်နေကျပါ။ ဒီ အခန်းကျဉ်ကလဝထဲမှာ ထပ်ပြီးအဆင်မပြေကြရင်ဖြင့် ကျနော်တို့နှစ်ယောက်တင်မက ကျန်တဲ့ အခန်းဖော်တွေပါ အကြီးအကျယ် စိတ်ညစ်ကြရမှာပါ။

ဒါပေမယ့် ကျနော် မျှော်လင့်ထားသလောက် ပြသနာ များများစားစား မရှိခဲ့ပါ။ ထောင်ဝင်စာ တွေ့ဖို့လည်း အတူထွက်ခွင့်ရခဲ့လို့ ဖေဖေနဲ့ မေမေလည်း အတန်အသင့် စိတ်ချမ်းသာခဲ့ကြရပါတယ်။ သိပ်မကြာပါဘူး။ ညီအကိုနှစ်ယောက် တခန်းထဲအတူရှိနေတာကိုမကြိုက်တဲ့ ထောင်မှူးတယောက်က သူ့ကို ကျနော့်အခန်းထဲကနေ သုံးခန်းကျော် အခန်းအမှတ် ၂၂ ကို ရွှေ့ပြောင်းလိုက်ပါတယ်။

၁၉၉၁၊ စက်တင်ဘာ ၂၆ ရက်နေ့ကတော့ အင်းစိန်ထောင်မှာ သမိုင်းဝင်တဲ့ နေ့တနေ့ပါ။ ရွေးကောက်ပွဲအပြီး အာဏာလွှဲပြောင်းပေးဖို့ငြင်းဆန်နေတဲ့ နဝတ စစ်အုပ်စုကို အင်းစိန်ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေက တညီတညွတ်တည်း ဆန္ဒပြခဲ့ကြတာပါ။ ၂ တိုက်နဲ့ အမျိုးသမီးဆောင်တွေ ကစတင်ခဲ့ပြီး ကျန်တဲ့တိုက်အားလုံးက နိုင်ငံရေးအကျဉ်းသားအားလုံး ပါဝင်ဆင်နွှဲပြီး နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေးနဲ့ အာဏာလွှဲပြောင်းရေး အော်ဟစ် တောင်းဆိုခဲ့ကြတာပါ။ တိုက်ခန်းကျဉ်းကလေးရဲ့ သံတံခါးကိုမျက်နှာအပ်ပြီးဒီမိုကရေဆီကြွေးကြော်သံတွေအသံကုန်အော်ဟစ်

ခဲ့ကြတာပါ။ အာဏာပိုင်တွေဘက်ကလည်း ရက်ရက်စက်စက် အကြမ်းဖက် တုံ့ပြန်ခဲ့တာပါ။ တိုက်ခန်း တွေထဲက အကျဉ်းသားတချို့ကိုဆွဲထုတ်ပြီး ပြင်းပြင်းထန်ထန် နံပါတ်တုတ်တွေ၊ ခါးပတ်တွေ။ လက်သီး တွေ၊ စစ်ဖိနပ်ကြီးတွေနဲ့ ရိုက်နှက်ခဲ့ပါတယ်။ အဲဒီထဲ ရွှေဘုန်းလူလည်းပါသွားခဲ့ပြီး ပြင်းပြင်းထန်ထန် ရိုက်နှက်ခံရပါတယ်။ အဲဒီနောက်မှာတော့ ရွှေဘုန်းလူကို ထောင်အာဏာပိုင်တွေက တိုက်ကနေ အဆောင် ၅ ကို ပြောင်းရွှေ့လိုက်ပါတော့တယ်။ တိုက်အားလုံးက နိုင်ငံရေးအကျဉ်းသားအားလုံးကို လည်း ထောင်ဝင်စာ ၂ လ ပိတ်လိုက်ပါတယ်။ လူသတ်မှုတွေနဲ့ထောင်ကျတဲ့ နှစ်ကြီး ရာဇ၀တ်အကျဉ်း သားတွေကို တိုက်တန်းစီးတွေခန့်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ကြမ်းကြမ်းတမ်းတမ်း အုပ်ချုပ်ပါ တော့တယ်။

ဒီလိုနဲ့ ရွှေဘုန်းလူနဲ့ကျနော် ထောင်ထဲမှာ ကွဲကွာသွားပြီးတဲ့နောက် နောက်တကြိမ် ပြန်ဆုံကြ ရပြန်ပါတယ်။ ဒီတခါတော့ အင်းစိန်ထောင်မှာ မဟုတ်တော့ပါဘူး။ ရန်ကုန်ကနေ မိုင် ၂၀၀ ကျော် ကွာဝေးတဲ့ မကွေးတိုင်းအတွင်းက သရက်ထောင်မှာပါ။

ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတယောက်ဟာ တနေရာတည်းမှာ ကြာကြာနေရလေ့ မရှိပါ ဘူး။ အာဏာပိုင်တွေက အကြောင်းအမျိုးမျိုးပြပြီး တနေရာက တနေရာ ပြောင်းရွေ့နေတာပါ။ ကျနော်လည်း ၁၉၉၀ အကုန်လောက်မှာ ၅ တိုက်ကနေ ၄ ဆောင်ကို ရွှေ့ပြောင်းခံရပါတယ်။ အဲဒီ အဆောင်မှာလည်း ၆ လလောက်ပဲနေလိုက်ရတယ် ထင်ပါတယ်။ ဆောင်းတွင်ကြီး အေးစက်စက် တညမှာ အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသား ၉၉ ယောက်ကို သရက်ထောင်ကို ရုတ်တရက် ရွှေ့ပြောင်းလိုက်ပါတယ်။ မနက် ၂ နာရီလောက်မှာ လက်နက်အပြည့်အစုံနဲ့ အကျဉ်းထောင်ဝန်ထမ်း တွေက အဆောင်တွေကို၀ိုင်းပြီး အကျဉ်းသားအားလုံးကို အိပ်ရာကပြီး ပုံစံထိုင်ခိုင်းပါတယ်။ ပြီးတော့မှ

ထောင်အရာရှိတွေက ထောင်ပြောင်းစာရင်းမှာပါသူတွေကို နာမည်ခေါ်ပြီး ရှိတဲ့ပစ္စည်းယူပြီး ထွက်လာ ခိုင်းပါတယ်။ တကယ်တော့ ဘာပစ္စည်းမှ ယူချိန်မရပါ။ ကိုယ်အိပ်ရာလိပ်တောင် ပြည့်စုံအောင် မလိပ်နိုင် ခဲ့ပါ။ အသားလွတ်ကြီး ကြိမ်းမောင်းနေတဲ့ ဝန်ထမ်းတွေက ကျနော်တို့ကို နွားအုပ်ကြီးမောင်းသလိုမောင်းပြီး ထောင်ဘူး၀ကို ခေါ်သွားကြပါတယ်။ ထောင်ဘူး၀မှာတော့ အဆောင်ပေါင်းစုံနဲ့ တိုက်ပေါင်းစုံက ရွေးချယ်ထုတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၉၉ ယောက်နဲ့ ကျနော်တို့ကိုထိန်းဖို့ ရည်ရွယ်ပြီး ကျနော်တို့နဲ့အတူ ထောင်ပြောင်းလိုက်ရမယ် နှစ်ကြီး ဝါရင့်ရာဇ၀တ်အကျဉ်းသား စိုးမြတ်တို့ ဆုံကြရပါ တယ်။ ဒီ ထောင်ပြောင်းအုပ်စုထဲ ကျနော်က ၄ ဆောင်ကပါလာပြီး ရွှေဘုန်းလူ က ၅ ဆောင်ကနေ ပါလာပါတယ်။ ထောင်မှာ ကျနော်တို့ အားလုံးကို ပုံစံဆံပင် ညှပ် ခြေကျင်း ရိုက်။ ပြီးတဲ့နောက်

အင်းစိန်ဘူတာကို ကားကြီး နှစ်စီးနဲ့ ခေါ်ဆောင်သွားပါတော့တယ်။ အင်းစိန်ကနေ ပြည်ကို လော်ကယ် ရထား အချုပ်တွေနဲ့ ခေါ်သွားပြီး ပြည် ထောင်မှာ တညအိပ်ရပါတယ်။ နောက်တရက်မှာ ပြည်ဆိပ်ကမ်း ကနေ သင်္ဘောနဲ့ သရက်ကိုခေါ်ဆောင်သွားပြီး အင်မတန်မှနာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ သရက်တောင်ကြီးထဲကို ကျနော်တို့ ရန်ကုန်က နိုင်ငံရေးအကျဉ်းသားတွေကို ပစ်ထည့်လိုက်ပါတော့တယ်။ သရက်ထောင်ရဲ့ ငရဲခန်းများအကြောင်းတော့ တနေ့ကျမှ ရေးပါဦးမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ ညီအကိုနှစ်ယောက် သရက်ထောင်၊ အဆောင် ၂ မှာ ပြန်ဆုံစည်း ကြရပြန်ပါပြီ။

သရက်ထောင်မှာ ကျနော်တို့မရောက်ခင်ကတည်းက နိုင်ငံရေးအကျဉ်းသားတချို့ ရှိနေပါတယ်။

ရှေ့နေ ဦးဇော်မျိုးဝင်း တို့၊ မကသ ဥက္ကဋ္ဌ မင်းဇေယျ တို့ပါ။ ၁၉၉၁ စက်တင်ဘာ ၂၆ ထောင်တွင်း ဆန္ဒပြမှုကြီးကို ထောင်အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွဲအပြီးမှာ ရက်ရက်စက်စက် ရိုက်နှက်ပြီး သူတို့ကို ထောင်ပြောင်းလိုက်တာပါ။ သူတို့အားလုံး တိုက်ထဲမှာနေရပါတယ်။ ရောက်ရောက်ချင်း ကျနော်တို့အုပ်စုထဲက ၁ဝ ယောက်ကို တိုက်ထဲပို့လိုက်ပြီး ကျန်တဲ့လူတွေကို အဆောင် ၂ ဆောင်မှာ ရာဇ၀တ်အကျဉ်းသားတွေနဲ့ အတူထားပါတယ်။ သရက်မြို့ဟာ ခရိုင်မြို့ဖြစ်ပြီး ရန်ကုန်ကနေ မိုင် ၂၅ဝ

ကျော် ကွာဝေးပါတယ်။ ရန်ကုန်ကနေလာဖို့ဆိုရင် ပထမ ပြည်အထိ ကားနဲ့ဖြစ်စေ၊ ရထားနဲ့ဖြစ်စေ လာရပါတယ်။ အဲဒီနောက် ပြည်ကနေ အောင်လံ ကို ကားထပ်စီး၊ အောင်လံ ဆိပ်ကမ်းကနေ သင်္ဘော (သို့မဟုတ်) ကူးတို့သမ္ဗာန်ပြီး ဧရာဝတီမြစ်ကြီးကိုဖြတ်ကူးပြီးမှ သရက်ကို ရောက်ပါတယ်။ ဧရာဝတီ မြစ်ကြီး လှိုင်းကြီးချိန်မှာ မြစ်ကိုဖြတ်ဖို့မဖြစ်နိုင်လို့ ရေငြိမ်တဲ့အချိန်ထိ စောင့်ကြရတတ်ပါတယ်။

ကျနော်တို့ အများစုက ရန်ကုန်သားတွေဖြစ်ကြပြီး မန္တလေးနဲ့ ပဲခူးတိုင်များက လူတချို့လည်း ပါပါတယ်။ ဧရာဝတီတိုင်းနဲ့ ကရင်ပြည်နယ်က ဖထီးကြီးတွေလည်း ပါပါတယ်။ အင်းစိန်ထောင်မှာတုန်း ကတော့ မိသားစုတွေက ၂ ပတ်တခါ ထောင်ဝင်စာလာနိုင်ကြပေမယ့် သရက်ထောင် ပြောင်းလိုက်တဲ့ အမှာတော့ ပုံမှန် မလာနိုင်တော့ပါဘူး။ ခရီးက၀ေးတဲ့အပြင် ကုန်ကျစရိတ်ကများလွန်းတော့ မိသားစု တွေ အတော်ဒုက္ခရောက်ကြရပါတယ်။ တချို့က ၃ လမှ တခါလောက်၊ တချို့က ၆ လမှ တခါလောက်ပဲ လာနိုင်ပါတော့တယ်။ ဒီတော့ မိသားစုကထောင်ဝင်စာလာတွေ့ရင်း ထောက်ပံ့တဲ့အစားအသောက် နဲ့ ဆေးဝါးတွေကိုသာ အားကိုးအားထားပြုနေရတဲ့ ကျနော်တို့အတွက်လည်း အဆင်မပြေမှုတွေ ပိုပြီး များလာတာပါပဲ။

ကျနော်တို့ရောက်တဲ့အချိန်မှာ သရက်ထောင်ပိုင်က ဗိုလ်ကြီး သောင်းညွန့်ပါ။ ရှေ့တန်းတင်မျက်နှာ မှာ ကျောင်းသားတပ်တွေနဲ့တိုက်ခဲ့ဖူးပြီး အရေးနိမ့်ခဲ့ပြီးတဲ့နောက် သူ့ဆရာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် ဘုန်းမြင့်ရဲ့ စောင်မကြည့်ရှုမှုနဲ့ ထောင်ပိုင်ဖြစ်လာတာပါ။ ဒါကြောင့် သူက ကျောင်းသားတွေ၊ ကရင် တော်လှန်ရေးသမားတွေ၊ နိုင်ငံရေးသမားတွေကို မုန်းပါတယ်။ ပြီးတော့လည်း ကျနော်တို့ကို အင်းစိန်

ထောင်က ဆိုးလွန်းလို့ ထောင်ပြောင်းလိုက်တာလို့လည်း နားလည်ပါတယ်။ ဒါကြောင့် သူက ကျနော်တို့အားလုံးကို သံမဏိစည်းကမ်းတွေနဲ့ တင်းတင်းကျပ်ကျပ် အုပ်ချုပ်ပါတယ်။ သူကစပြီး ရန်လို နေမှတော့ သူ့လက်အောက်က အရာရှိတွေ ဝန်ထမ်းတွေကလည်း ကျနော်တို့အပေါ် အနိုင်ကျင့် ဆက်ဆံကြမယ်ဆိုတာ အထူးရှင်းပြဖို့လိုမယ်မထင်ပါ။ ကျနော်တို့နဲ့အတူနေရတဲ့ရာဇ၀တ်အကျဉ်းသား တွေကိုလည်း လျော့ရက်တွေ ဆုချမယ်လို့မြူဆွယ်ပြီး ကျနော်တို့အပေါ် အနိုင်ကျင့်ခိုင်း၊ အပြစ်ရှာခိုင်း၊

ထောက်လှမ်းခိုင်းကြပါတယ်။ ရေဆွဲ၊ ဆန်အိပ်ထမ်း၊ တောင်ယာ စတဲ့ အလုပ်ကြမ်းတွေကိုလည်း နေပူ ကျဲကျဲမှာ လုပ်ကြရပါတယ်။

ဒီလိုနဲ့ပဲ ကျနော်တို့အားလုံးဟာ မကြာဏ ထောင်တွင်းမှာပဲ ရုံးတင်ခံရ အပြစ်ပေးခံရ၊ အရိုက် အနှက်ခံနေကြရတာပါ။ အဲဒီလို ဖိနှိပ်နေရတာကိုမှအားမရသေးလို့ နောက်တမျိုး ထပ်ထွင်ပြန်ပါသေး တယ်။ ဒီလိုပါ..။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)