တာရာမင်းဝေ - စောင်းကြိုးပြတ်ရွာ မွန်းတည့်အလွန်(၄)နာရီ
အခန်း ( ၁ )
“ပြဿနာပဲ...” နွေချို စိတ်ညစ်သွားတယ်။
သူမကို မြင်မြင်ချင်း အင်္ဂဝိဇ္ဇာကိုကိုအောင်ကသူ့အခန်းထဲက ကသောကမျောထွက်လာပြီး….
“အဟမ်း အဟမ်းနွေချို ဘယ်သွားမလို့လဲ”
“ ဪ...ကျွန်မ ပြန်တော့မလို့ပါ”
“ဒီနေ့ပြန်တာ စောလှချည်လား”
“ဟုတ်တယ်၊ ကိစ္စလေးရှိလို့ ဒီနေ့ စောစောပြန်မလို့”
“ ဪ.အင်း"
အင်္ဂဝိဇ္ဇာကိုကိုအောင်က သူ့ဆိုင်ခန်းကို တစ်ချက်ပြန်ငဲ့ကြည့်လိုက်တယ်သူ့တပည့်လေးကို အဓိပ္ပါယ်ပါ ကြည့်လိုက်ပြီး နေ့ချို့ဘက် မျက်နှာ ပြန်လှည့်တယ်။
"အတော်ပဲ...ဆရာလည်း အဲဒီဘက်ကို သွားစရာရှိလို့ လိုက်ခဲ့မယ်။ အဖော်ရတာပေါ့ မဟုတ်ဘူးလား၊ ဟဲ..ဟဲ..ဟဲ”
ဘာပြန်ပြောရမလဲမသိ အဖော်က လိုမှမလိုတာ တစ်ခါ တစ်ခါမှာ ခရီးတချို့ကို သွားရတာ အဖော်မပါတာဟာ အဖော်တာထက်ပိုကောင်းပါတယ်။ နောက် သူလိုက်လုပ်မယ့် အဖော်ဆိုတာကလည်းသွေးရိုးသားရိုးဟုတ်ပုံမရ။ ငြင်းလိုက်ရင်လည်းရိုင်းရာကျဦးမယ်။
ဘာမှ ပြောမနေတော့ဘဲ ကိုယ့်လမ်းကိုယ် ဆက်လျှောက်လိုက်တယ်။ အင်္ဂ၀ိဇ္ဇါကိုကိုအောင်ကလည်း အနားက ကပ်လိုက်လာတယ်။
“နွေချို”
“ရှင်”
တစ်ခါတစ်ခါ သူခေါ်တဲ့အသံက နွေချိုကိုမပီသလို ဖြစ်နေ တယ်။ မာလကာသီးနဲ့ တို့စားဘို့ နွယ်ချိုလိုမျိုး ဖြစ်ဖြစ်နေတယ်။ ဒါပေမယ့် အဲဒါကိုတော့ စောဒကတက်မနေတော့ပါဘူ။ စကားမြန်မြန် ပြတ်ရင် မြန်မြန်ပြီးရောဆိုတဲ့ သဘောနဲ့
“...ဆရားတစ်ခု စဉ်းစားမိလို့”
"ဘာများ စဉ်းစားမိတာလဲ”
"အခုလို နွေချိုတစ်ယောက်တည်း လျှောက်လျှောက်သွားနေရတာ အထီးကျန်မှာပဲနော်”
“အို...ကျွန်မက မိန်းကလေးပဲရှင်၊ အထီးအဖြစ် ကျန်စရာ မလိုပါဘူး”
သူစကားကြောင့် အင်္ဂ၀ိဇ္ဇါကိုကိုအောင်က တဟဲဟဲရယ်တယ်။ တဆက်တည်းမှာပဲ နွေချိုက ဆက်ပြောလိုက်တယ်။
**အဖို အမ သဘောအရဆိုရင်တော့ ကျွန်မက အမလေ ကျွန်မတစ်ယောက်တည်းလမ်းလျှောက်လာတယ်ဆိုတော့ အထီးကျန် ခဲ့တာ ဟုတ်တာပေါ့။ ဒါထက် ရှင်လည်း အမကျန်ခဲ့တယ်နော်””
“ဟောဗျာ"
အင်္ဂ၀ိဇ္ဇါကိုကိုအောင်က ခေါင်းကို တစ်ချက်ပွတ်သပ်တယ် သေသေသပ်သပ်ထားတဲ့ ဆံပင်ပုံစံမပျက်အောင်ကလည်း ဂရုစိုက်ရသေးတယ်လေ။
နွေချိုလမ်းလျှောက်က နေပူကျဲထဲမှာ ထုံးစံအတိုင်း မိန်းကလေးပီသစွာ ဘယ်တော့မှ ထီးမဆောင်း။ အင်္ဂဝိဇ္ဇာ ကိုကိုအောင် လည်း ဘေးက ထီးမဆောင်းဘဲ လိုက်လာတယ်။
သူဝတ်ထားတဲ့ တိုက်ပုံအင်္ကျီအနက်ကြီးက နေပူထဲမှာ မျက်စိကျိမ်းစရာဖြစ်နေတယ်။ တစ်နေရာအရောက်မှာ အင်္ဂဝိဇ္ဇာကိုကိုအောင်က သူ့ လေသံကို ပုံမှန်မဟုတ်တော့သလို တိုးလျော့ချရင်း
“နွေချို”
"ဘာလဲ "
"ဟို...ဟိုဒင်းလေ။ ဆရာပြောထားတဲ့ စကားလေး ဘယ်လိုများ. . . “
“ဘာလဲ”
“ဟို ဟိုတစ်ခါ နွေချို့ကို ဆရာပြောထားတဲ့ ရင်ထဲက တဲ့ စကားလေးတွေ အဲဒါလေးတွေကို နွေ ဘယ်လိုမြင်သလဲ
နွေချိုလျှောက်လက်စခြေလှမ်းကို တုံ့ရပ်တယ်။ အင်္ဂ၀ိဇ္ဇါကိုကိုအောင်ကလည်။ အယောင်ယောင် အမှားနဲ့ လိုက်လုပ်တယ်။ လန့်ဖျန့်အူ၀ေသွားတဲ့ မျက်နှာနဲ့ နွေချို့ကို ကြည့်နေတယ်။ နွေချိုက
"ဒီမယ်”
“ခင်ဗျာ”
“တစ်ခု ကြိုပြီးတော့ မေတ္တာရပ်ခံချင်သေးတယ်”
“အင်း... ပြောပါ နွေချို ပြောပါ..."
“အခု ရှင် ကျွန်မကို ရည်းစားစကား လိုက်ပြောနေတာလား”
အင်္ဂဝိဇ္ဇာကိုကိုအောင်က ရှက်ကိုးရှက်ကန်းမျက်နှာနဲ့...
"အဟဲ...ဟုတ်တယ်လို့ ဆိုကြပါစို့ နွေချိုရယ်"
“အဲ ဟုတ်ပြီ ဟုတ်ပြီ ရှင် ဆက်မပြောနဲ့တော့ ကျွန်မပြောမယ်”
"အင်း..ပြောပါ နွေချို”
အင်္ဂဝိဇ္ဇာကိုကိုအောင်ရဲ့ အသံက နည်းနည်းတော့ ကသောင်းကနင်းဖြစ်စ ပြုလာတယ်။
အခြေအနေမဟန်တာကိုလည်း ရိပ်မိသလို ရှိနေတယ်။
“ရှင် ကျွန်မကို ရည်းစားစကားပြောတယ်ဆိုလို့ရှိရင်လည်း .."
“ဟုတ်ကဲ့..."
“ခင်ဗျား ကျွန်တော်နဲ့ပဲပြောပါ ကိုယ့်ကိုကိုယ် ဆရာ ဆရာ မပြောပါနဲ့ သူများကို ရည်းစားစကားလည်း လိုက်ပြောသေးတယ် သူ့ကိုယ်သူလည်။ ဆရာ ဆရာနဲ့ ဘာမှန်းလဲ မသိဘူး"
“သြော်..အင်း...အဲ ဟုတ်ကဲ့ ဆရာ...အဲ ကျွန်တော်ကလေ” အင်္ဂ၀ိဇ္ဇါကိုကိုအောင် အိုးနင်းခွက်နင်းဖြစ်သွားတယ်။ နွယ်ချို လည်း ပြောရင်းက ရယ်ချင်လာမိတယ်။ ဒါပေမယ့် မျက်နှာမှာတော့ ဘာအရိပ်အရောင်မှ မပေါ်စေရ။ ခပ်တင်းတင်းပဲ နေလိုက်တယ်။
အဲဒီနောက်မှာ ဆက်လျှောက်လာကြရင်း အင်္ဂဝိဇ္ဇာကိုကိုအောင် က နေခဲ့မလို လုပ်ပြီးမှ ဆက်လိုက်လာတယ်။
“နွေချို”
သူ ဘာဆက်ကြဦးမလဲမသိ ဒါမယ့် နွေချိုလျောက် ဆဲခြေလှမ်းကို မလျှောက်ဘဲ ရပ်လိုက်ပြန်တယ်။ အင်္ဂဝိဇ္ဇာကိုကိုအောင် လည်း ဆက်လျှောက်ရတော့မလို ရပ်ရတော့မလိုနဲ့ တိုက်ပုံအင်္ကျီအိတ် လက်နှစ်ဘက်နှိုက်ရင်း အူကြောင်ကြောင် ဖြစ်သွားရပြန်တယ်။
နွေချိုက လမ်းဘေးကို လှည့်လိုက်တယ်။ သူမရဲ့ မျက်နှာချင်းဆိုင်မှာတော့ ဂမ္ဘီရထွန်းထွန်းဆိုတဲ့ ဗေဒင်ဆိုင်ခန်းလေးတစ်ခန်း ရှိနေတယ်
“ကိုထွန်းထွန်းရှိလား" သူမ ဆိုင်ထဲကို လှမ်းမေးလိုက်တော့ ဂမ္ဘီရထွန်းထွန်းရဲ့ စာရေးမလေးက
"မရှိဘူး၊ အခုပဲ ကားတစ်စီးနဲ့ အိမ်ကို လာပင့်သွားတယ် နာရီဝက်လောက်ကြာမှ ပြန်ရောက်မယ်လို့ပြောတယ်”
“ဟုတ်ပြီ..ဟုတ်ပြီး သူ့ကို ဒီလက်ပုံစံကလေး ပေးခဲ့ချင်လို့”
“ဪ..ဟုတ်ကဲ့ရှင့်၊ ရပါတယ်”
နွေချိူက ဆိုင်ခန်းမထဲမဝင်တော့...စာရေးမလေးကပဲ အောက် ဆင်းလာပြီး ယူရတယ်။ ဂမ္ဘီရထွန်းထွန်က လက္ခဏာဆရာ။ နွေချိုက ခုလို လက်ပုံစံပေးတာတွေ့တော့ အဝိဇ္ဇာကိုကိုအောင်ရင်ထဲ
ခံပြင်းသလို ဖြစ်သွားတယ်။ ဂမ္ဘီရထွန်းထွန်း၏ စာရေးမလေး လက်ပုံစံဆင်းယူ
ပြီး ဆိုင်ခန်းထဲ ပြန်ဝင်သွားတဲ့အထိ သူ လမ်းမပေါ်ကနေ ကြည့်နေမိသေးတယ်။ နောက်မှ ဘောက်ဆတ်ဘောက်ဆတ်နဲ့လျောက်သွားတဲ့ နွေချိုနောက်ကို ကမန်းကတန်း လိုက်သွားတယ်။
“နွေချို”
နွေချိုက တစ်ခါခေါ်ရုံနဲ့ ဘယ်တော့မှ မထူး။ ဒါကြောင့် အင်္ဂ၀ိဇ္ဇာကိုကိုအောင် ထပ်ခေါ်ပြန်တယ်။
“နွေချို”
"ဘာလဲ ဘာဖြစ်လို့လဲ”
နွေက စိတ်မရှည်သလို လှည့်ပြောတယ်။
"ကိုယ်ပြောတဲ့ စကားလေးကို ဖြေပေးပါဦးကွယ် ကိုယ် ပွင့်ပွင့်လင်းလင်းပြောရရင်တော့ နွေချို့ကို သဘောကျတယ်။ ဟိုလေ ချစ်တယ်လို့စိုကြပါစို့။လက်ထပ်ချင်တယ်။ နွေချိုက ပြန်ပြီးတော့မေတ္တာမျှမယ်ဆိုရင် နွေချို့အိမ်မှာ လူကြီးမိဘတွေနဲ့ လာပြီးတောင်းရမ်းချင်တယ်။ အဲဒါ နွေချို ဘယ်လိုမြင်သလဲလို့ပါ"
နွေချိုက ခေါင်းကို တွင်တွင်ခါယမ်းလိုက်တယ်။
“အဲလို မလုပ်ပါနဲ့ နွေချိုရယ်သေသေချာချာ စဉ်းစားပါဦး။"
နွေချိုကတော့ ခေါင်းကိုခါမြဲခါလျက် ဘာမှလည်းတုံ့ ပြန်မပြော။ အင်္ဂ၀ိဇ္ဇာကိုကိုအောင်မရိုးမရွဖြစ်လာတယ်။
“ ကိုယ့်ကို တစ်ခုခုတော့ ပြန်ပြောပါဦးကွာ”
နွေချိုက အောက်နှုတ်ခမ်းလေးကို ကိုက်ပြီး စဉ်းစားသလို တယ်။
“ရှင် ကျွန်မကို ချစ်တယ်... ဟုတ်လား”
“ဟုတ်တယ်"
သူက ဆက်ပြောချင်သေးပုံပဲ။ ရင်ထဲကစကားတွေကို လျှာဖျားကဖွင့်ချရတာအချိန်နည်းနည်းစောင့်ရသလိုဖြစ်နေတယ်။ ဆက်တော့
ထွက်လာမှာသေချာတဲ့ စကားတွေပါ။