တာရာမင်းဝေ - ကျွန်တော်နှင့်အရုပ်မြို့တော်
ဟိုရှေ့ကလူတွေ ရုံးစု ရုံးစုနဲ့၊
ကျွန်တော်သွားမယ့် လမ်းတူရူမှာ
သူတို့တွေ လူးလွန့်စီးဆင်းနေကြတာပါ။
ခေတ်ကြီးကလည်း မြန်ဆန်နေပြီ။
“ဟိုရှေ့က ဆူဆူညံညံ၊ ဘာသံလဲမေး"ရတဲ့ခေတ် မဟုတ်တော့ဘူး။
ကိုယ်တိုင်ထသွားပြီး ကြည့်တဲ့ခေတ်။
ဝေဖန်စရာရှိရင် ကိုယ်ထူကိုယ်ထ ဝေဖန်ကြတဲ့ခေတ် ဖြစ်နေပြီ။
ကျွန်တော်လည်း လမ်းဆက်လျှောက်ရင်း
အဲဒီလူအုပ်ရှေ့ အရောက်မှာ သူတို့ထဲကို တိုးဝှေ့ဝင်ရောက်လိုက်ပါတယ်။
ဘာများလဲလို့...
လက်စသပ်တော့ ပန်းချီ၊ ပန်းပု ပြပွဲတစ်ခု ဖြစ်နေတယ်။
အင်မတန်အဆင့်အတန်းမြင့်တဲ့ လက်ရာတွေပါ။
ဒါကြောင့်လည်း လူတွေ ဒီလောက် အသည်းအမည်းကြည့်ရှုနေကြတာပါ။
ပန်းပုရုပ်တစ်ရုပ်ရှေ့မှာ လူတွေအုံနေတယ်။
အရင်တုန်းက ပန်းပုဆိုတာ ပန်းပင်ပုပုလေးတွေကို ပြောတာလား..လို့ ဇဝေဇဝါဖြစ်ဖူးတဲ့ လူတွေလည်း အဲဒီအထဲမှာ ပါနေတယ်။
ထားပါတော့..။ လက်ရာကောင်းတဲ့ ပန်းပုရုပ်မို့လို့ ကျွန်တော်လည်း သူတို့ထဲမှာ ပါဝင်ငေးမောနေရတယ်။
ပန်းပုရုပ်ရဲ့နာမည်က
ဆိုခရေးတီး တဲ့..။
တစ်ယောက်တစ်ပေါက် ဝေဖန်သံတွေက ပန်းပုရုပ်ရှေ့မှာ ညံနေတယ်။
“ဆိုခရေးတီးဆိုတာ ဂရိက တွေးခေါ်ပညာရှင်ကြီး မဟုတ်လား”
“ဟုတ်တယ်လေ...
အမှန်တရားအတွက် အဆိပ် ခွက်ကို မော့သောက်လိုက်တယ်ဆိုတာ သူပေါ့..”
"ဪ.. အင်း၊ အဆိပ်က အတော်ပြင်းပုံ ရတယ် - နော်...။
တစ်ခါတည်း လူပုံစံပျောက်ပြီး ဒီလိုပုံစံ ကြီး ဖြစ်သွားတယ်"
"အဲ " မဖြစ်တော့ဘူး.......။ အဲဒီနေ့က ကျွန်တော် ခွာခဲ့ရတယ်။
နောက်တစ်နေရာမှာ “ဗင်းနစ်မြို့ ရဲ့ ညနေ” ဆိုတဲ့ ပန်းချီကားတစ်ချပ်ကို တွေ့ရတယ်။
အတော်ဆွဲဆောင်မှုရှိတဲ့ ပန်းချီကားပါပဲ။
အောက်ကို ငုံ့ကြည့်နေတဲ့လူက ပတ်ဝန်းကျင်တစ်ခုလုံးကို မေ့လျော့နေတဲ့ ပုံရတယ်။
ကျွန်တော်လည်း ငယ်ငယ်က အဲဒီလိုပဲ ကြည့်ဖူးတယ်။
ကျွန်တော် အဲဒီလို့ကြည့်တာတွေကတော့ ငရဲပြည် ကို လိုက်ရှာတာပါ။
သူကကော ဘယ် လိုမျိုးများလဲ။
မနေနိုင်မထိုင်နိုင် ကျွန်တော်က လှမ်းဆွေးနွေးလိုက်တယ်။
“ဟေ့ ခင်ဗျား ဘာကိုကြည့်နေတာလဲ”
သူက ကျွန်တော့်ကို လှည့် မကြည့်ဘဲ ပြန်ဖြေတယ်။
ဖြေပုံကလည်း အကြမ်းဖျင်းဆန်လိုက်တာ။
"အောက်ကိုကြည့်နေတာ”
“အောက်က ဘာကိုကြည့်နေတာလဲ”
“ရေကိုကြည့်နေတာ”
“ရေထဲက ဘာကိုကြည့်တာလဲ”
“ရေထဲက ကိုယ့်အရိပ် ကိုယ်ပြန်ကြည့်နေတာ”
“ဟုတ်ပြီ..၊ ကိုယ့်ကိုယ်ကိုမှာ ခင်ဗျား ဘာကိုပြန်ကြည့်နေတာလဲ”
ဖြေသံပြန်မကြားရဘူး။ သူ့ ဘက်က တိတ်ဆိတ်သွားတယ်။
လူဆိုတာ ကိုယ့်ကိုယ်ကို ပြန် ကြည့်တတ်ဖို့တို့၊
ကိုယ့်ကိုယ်ကို ပြန်မြင် တတ်ဖို့တို့ အရမ်းအရေးကြီးတယ်မဟုတ် လား။
အခု သူ့ကိုယ်သူ ပြန်ကြည့်နေ ပြီဖြစ်တဲ့ ပန်းချီကားထဲကလူကို
ကျွန်တော် လေးစားပါတယ်။
ဘာတွေ ပြန်မြင်တယ် ဆိုတာကတော့ သူ့ဘာသာ သူ အသိဆုံးပဲ နေမှာပေါ့။
သူ့အဖြေကို ကျွန်တော် စောင့် မနေတော့ဘူး။
လှည့်ထွက်လာခဲ့တယ်။
နောက်ထပ် ပန်းချီကား တစ်ချပ်ရှေ့မှာတော့ လူ သိပ်မရှိပါဘူး။
အဖေက ကလေးကို ချီထားတယ်။ ဘယ်သွားမလို့လဲ မသိဘူး.......။
ကျွန်တော်က စပ်စုလိုက်တယ်
“ခင်ဗျား ချီထားတာ ခင်ဗျားရဲ့ ကလေးလား”
“ဟုတ်တယ်”
ကျွန်တော်က သူ့ကို ရိုးရိုးမေးတာပါ။
သူက ဇဝေဇဝါဖြစ်ပြီးမှ တုံ့ဆိုင်းဆိုင်း ပြန်ဖြေတာ။
ကျွန်တော် ရယ်ချင်သွားတယ်။
"ခုလို ကလေးကို ပွေ့ချီထားတော့ ဖခင်တစ်ယောက်ရဲ့ ဘဝကို ခင်ဗျား အပြည့်အဝခံစားရမှာပဲနော်”
“အင်း.....ဟုတ်တယ်၊ ခံစားရတာပေါ့ ”
ပြတ်ပြတ်သားသားနဲ့ ဝံ့ဝံ့ကြွားကြွား သူ ပြန်ဖြေပါတယ်။
ပြီး ... သူက တွေးတွေးဆဆဟန်နဲ့ ဆက်ပြောသေးတယ်။
“ဖခင်တစ်ယောက်ရဲ့ ဘဝကို အပြည့်အဝ ခံစားရရုံတင် မဟုတ်ဘူး၊ သားတစ်ယောက်ရဲ့ ဘဝကိုပါ အပြည့်အဝ
ပြန်ခံစားရတယ်ဗျ”
“ဘာဖြစ်လို့ပါလိမ့်...”
"ဪ...ငါ ငယ်ငယ်ကလည်း ငါ့အဖေက ငါ့ကို ဒီလို ပွေ့ချီဖူးမှာပါ။
အဖေ့ရင်ခွင်ထဲမှာ ငါ ဒီလိုလိုက်ခဲ့ဖူးမှာပဲလို့
တွေးမိရင်း ရင်ထဲမှာ တစ်မျိုးဖြစ်လာတယ်”
“ကောင်းလိုက်တာဗျာ”
ကျွန်တော် သဘောကျသွားတယ်။
သူ့လိုမျိုး ကိုယ်မတွေး ခဲ့မိဖူးဘူး။ ကိုယ့်မှာလည်း ကလေး မရှိဘူးလေ...။
ထားပါတော့.....။
အဖေ့ကို ကျွန်တော် ပြန်သတိရလာတယ်။