တင်မိုး - ခွပ်ဒေါင်းအလံခေါ်ရာသို့လွပ်မြောက်ရေးကဗျာများ
စာပေကောင်းကျိုး
ဆရာဇော်ဂျီ၊ ငါမျှော်ရည်၍
အဉ္စလီ မျက်ကြုတ်၊ ချီ လက်အုပ်။
ဆရာဇေယျ၊ ငါ ဦးချ၍
အေးမြဓာတ်ခံ၊ စာပေသံကို
ရောင်ပြန်ဆင့်ကူး၊ လက်စုံဖူး။
ဆရာမင်းသုဝဏ်၊ စာပေမွန်ကို
ဝန္ဒနာဦးခိုက်၊ လက်ကိုပိုက်။
စာပေပညာ၊ ရိုသေစွာလျှင်
လိုက်နာမှတ်သား၊ ဉာဏ်ဆင့်ပွားလျက်
တတ်အားသမှု၊ ငါပြုစုခဲ့
ဉာဏ်နုပါသေး၊ ငါ့အရေးကို
ငါတွေး၍ပြင်၊ ငါသုတ်သင်ခဲ့
မစင်မကြယ်၊ မဖွယ်မရာ
တွေ့ရှိပါက၊ ပညာရစေ
ညွှန်ပြလေလော့..
စာပေကောင်းကျိုး၊ တို့မျှော်ကိုး။
၁၀၊ ၄၊ ၂၀၀၀။
တနင်္လာ နံနက်ခင်း
တင်မိုး
အမှန်သာ အောင်ပွဲ
အများအကျိုး၊ ဆောင်သယ်ပိုးခိုက်
လူဆိုးလူမိုက်၊ ဒုစရိုက်တို့
ရိုက်ပုတ်ငြင်းဆန်၊ အကျောက်အကန်
သည်းခံ သည်းခံ၊ သည်းညည်းခံ။
အမှန်တရား၊ မထွန်းကားအောင်
တားလိုက်ဆီးလိုက်၊ စွမ်းကုန်ပိုက်ကြ
မိုက်သူမရဲ၊ ဗုန်းဗုန်းလဲလိမ့်
ရဲသူအောင်ပွဲ၊ လက်မှာမြဲလိမ့်
ဇွဲသန်ရဲမာန်၊ မလဲနိုင်တဲ့ တို့အောင်လံ။
လူ့သမိုင်းသည်၊ ခရီးရှည်၏
ရေရှည်တွေးရှု၊ စိတ်ရှည်မှုနှင့်
လူထုကောင်းအောင်၊ ဉာဏ်အရောင်ကို
တန်ဆောင်ဆီမီး၊ ထွန်းညှိပြီးနောက်
ခရီးမပျက်၊ ဆက်ချီတက်မှ
လက်နက်မမှန်၊ ပက်လက်လန်
အမှန်သည်သာ အောင်ပွဲခံ။
၂၃၊ ၁၁၊ ၁၉၉၉။
အင်္ဂါ နံနက်ခင်း
ခွပ်ဒေါင်းအလံခေါ်ရာသို့
မနိုးသူတို့ပျောက်တဲ့ မိုးသောက်ရှုခင်း
မနက်တိုင်း
ကြယ်ကလေးတလုံး ပေါ်သည်။
မနက်တိုင်း
ကြယ်ကလေးကို မျှော်သည်။
ပေါ်လိုက်ပျော်လိုက်နှင့်
တိမ်တိုက်အောက်
တခါတလေ ပျောက်သွားတတ်သည်။
မိုးသောက်ချိန်ဆိုတာ အမြဲရှိသည်။
မိုးသောက်ချိန်နှင့် ငှက်ကလည်း
တွဲဖက် ဖြစ်သည်။
အရုဏ်တက်တိုင်း ငှက်တို့သီချင်း ဆိုသည်။
မနက်မိုးလင်းပေမဲ့
နိုးကြားပျင်းသူတို့မှာ
ဤရှုခင်း အမြဲပျောက်လိမ့်မည်။
၆၊ ၄၊ ၂၀၀၀။
ကြာသပတေး နံနက်ခင်း။
သက္ကရာဇ် ၂ဝဝဝ မှာ
ယုံကြည်ချက်ဟာ
ထက်မြက်တဲ့ ငါတို့လက်နက်။
မြင့်မြတ်မြင့်မား၊ ဝင့်ကြွားတဲ့ စိတ်ဓာတ်ဟာ
မနားမရပ်၊ တရစပ်ပစ်ခတ်နေတဲ့
ငါတို့သေနတ်။
မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးဟာ
ငါတို့အရေး၊ ငါတို့ပန်းတိုင်။
သက္ကရာဇ် ၂၀၀၀ မှာ
ဖက်ဆစ်တွေကို အောင်ရမယ်
အောင်ပန်း အောင်ဖူး၊ အောင်ညွန့်ခူးကြမယ့်
တပ်ဦးက ရဲဘော်တွေ
ငါတို့ရဲ့အောင်သပြေ။
၂၄၊ ၁၊ ၁၉၉၉။
ဗုဒ္ဓဟူးနံနက်ခင်း။