Skip to product information
1 of 1

Other Websites

တင်နိုင်တိုး - အ၀ေးမြို့၀န်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

အမှာစာ

ကုန်းဘောင်ခေတ် အ ဝေးမြို့ဝန်စာအုပ်ကို ရေးသားပြုစုသူ တင်နိုင်တိုးသည် လုပ်ငန်းအတက်ပညာအရပြောလျှင် အင်ဂျင်နီယာတစ်ဦး ဖြစ်သည်။ စိတ်ဝင်စားမှုဝါသနာအရပြောလျှင် သူသည် သမိုင်းသာရပ်ကို စိတ်ဝင်စားသည်။ အထူးသဖြင့် မြန်မာ့သမိုင်း ကုန်းဘောင်ခေတ်၏ မြန်မာ မင်းများ အုပ်ချုပ်မှုအကြောင်းအရာကို ပိုမိုစိတ်ဝင်စားစွာ လေ့လာသည်။ ရရှိ နိုင်သမျှသော အထောက်အထားမှတ်တမ်းများကို စုဆောင်းလေ့လာခဲ့သည်။

နောက်ဆုံး သူ၏တွေ့ရှိချက်အထောက်အထားများကို စာဖတ်သူများအတွက် ဗဟုသုတဖြစ်စေရန် စာအုပ်အဖြစ် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

တင်နိုင်တိုးပြုစုရေးသားသော ကုန်းဘောင်ခေတ်အဝေးမြို့ဝန်စာအုပ် တွင် အပိုင်းသုံးပိုင်းပါဝင်သည်ကို တွေ့ရပါသည်။ ပထမပိုင်းတွင် ရခိုင်နှင့် တနင်္သာရီဒေသများ၌ ခန့်အပ်သော မြို့ အုပ်ချုပ်ရေးအရာရှိများပါဝင်ပြီး၊ ဒုတိယပိုင်းတွင် အထက်မြန်မာပြည်ဒေသရှိ မြို့ကြီးများတွင် ခန့်အပ်သောအရာ ရှိများအကြောင်းနှင့် တတိယပိုင်းတွင် အောက်မြန်မာပြည်ဒေသမှ မြို့ ကျေး အုပ်ချုပ်သူများအကြောင်း ပါဝင်သည်။

ကုန်းဘောင်ခေတ် မြန်မာမင်းအုပ်ချုပ်မှုနှင့်စပ်လျဉ်း၍ အတော်များ များ သုတေသနပြုရေးသားကြသည်ကို တွေ့ရသည်။ သို့သော် ထိုခေတ် ဒေသအသီးသီးရှိ မြို့ကြီးများသို့ မြို့ဝန်အဖြစ် ရွေးချယ်ခန့်အပ်ပြီး မြန်မာ့ အုပ်ချုပ်မှုယန္တရားကို လည်ပတ်အကောင်အထည်ဖော်ရန်နှင့် စပ်လျဉ်း၍ သီးခြားပြုစုထုတ်ဝေခြင်းမရှိသလောက် ရှားသည်။ ဤစာအုပ်ငယ်သည် မြို့ နယ်အုပ်ချုပ်ရေးသမိုင်း ပြုစုရေးသားရာတွင် စိတ်ဝင်စားသူများအတွက် များစွာအထောက်အကူပြုမည်ဟု ယုံကြည်သည်။ ထို့အပြင် ကုန်းဘောင်ခေတ် မြန်မာမင်းအုပ်ချုပ်မှုသမိုင်း၏ ကွက်လပ်ကိုလည်း ပြန်လည်ဖြည့်စွက်ပေး လိုက်ခြင်းပင်ဖြစ်သည်။

ကုန်းဘောင်ခေတ် မြန်မာ့ကျေးလက်ဒေသ အုပ်ချုပ်ရေးယန္တရား လည် ပက်အကောင်အထည်ဖော်ရာ၌ မြို့သူကြီး၊ ရွာသူကြီးများသည် အဓိကအခန်း ကဏ္ဍကပါဝင်ကြောင်း အများသိပြီးဖြစ်သည်။ မြို့သူကြီး၊ ရွာသူကြီးများကို မျိုးရိုးအလိုက် ဆက်ခံပိုင်ခွင့်ရှိကြောင်းကိုလည်း တွေ့မြင်ရပြီးဖြစ်သည်။ သို့သော် အဝေးမြို့ဝန်ရာထူးများကိုမူ အရည်အချင်းကောင်းရှိမှု၊ သီလသမာဓိ ရှိမှု၊ သမာသမတ်ရှိမှု၊ ရိုးသားဖြောင့်မတ်မှု၊ ဆင်ခြင်တုံတရားရှိမှု၊ သစ္စာရှိမှု တို့အပေါ်တွင် အခြေခံ၍ ရွေးချယ်ခန့်အပ်ကြောင်း တွေ့မြင်ရမည်။ မြို့နယ် တစ်မြို့နယ်၏ တိုးတက်ဖွံ့ဖြိုးမှု၊ အေးချမ်းသာယာမှုသည် အုပ်ချုပ်ရေး ယန္တရားကို ကိုင်တွယ်ကျင့်သုံးသူ မြို့ ဝန်များပေါ်တွင် တည်မီလျက်ရှိသည်။ ဖော်ပြပါအရည်အချင်း၊ အရည်အသွေးရှိသူသည်သာလျှင် ထိုရာထူးများကို ရရှိကြသည်။ ယင်းအရည်အချင်းမပြည့်ဝသူသည် ကြာရှည်စွာ အမှုတော် မထမ်းနိုင်သည့်အပြင် ရာထူးမှ ထုတ်ပယ်ချထားခြင်းခံရသည့် သာဓကများ လည်း တွေ့မြင်ရသည်။ အရည်အချင်းပြည့်ဝပြီး မြို့ရွာတိုးတက်ရေးနှင့် အေးချမ်းသာယာရေးကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်သူမြို့ဝန်သည် ဝန်ဆောက်၊ အတွင်းဝန်၊ ဝန်ကြီး အစရှိသည့် ရာထူးကြီးများ တိုးမြှင့်ခန့်ထား ခြင်းခံရသည့် အစဉ်အလာကောင်းတွေကိုလည်း တွေ့မြင်နိုင်သည်။

ကုန်းဘောင်ခေတ်၏ အကောင်အထည်ဖော်မှုကို လေ့လာကြည့်သည့် အခါ ရာဇဌာနီအုပ်ချုပ်ရေးနှင့် အဝေးမြို့ အုပ်ချုပ်ရေးဟု ၂-ပိုင်းတွေ့မြင်နိုင် သည်။ ရာဇဌာနီအုပ်ချုပ်ရေးကဏ္ဍတွင် ဘုရင်၏ သြဇာအာဏာသက်ရောက်မှု သည် အလွန်အရေးပါပြီး ထိရောက်မှုရှိသည်။ အဝေးမြို့များ အုပ်ချုပ်ရေးကဏ္ဍ တွင် မြို့ဝန်များအခရာကျပြီး သူတို့သည် အုပ်ချုပ်ရေးအာဏာ၊ တရားစီရင် ရေးအာဏာများကို အပြည့်အ၀ကျင့်သုံးနိုင်ခွင့်ရှိကြောင်း လေ့လာတွေ့ရှိရ

သည်။ မြို့ဝန်များ၏ အုပ်ချုပ်ရေးယန္တရား အောင်မြင်စွာလည်ပတ်နိုင်စေရန် | ဘုရင်၏ ပံ့ပိုးကူညီမှုရရှိကြောင်း လေ့လာတွေ့ရှိရသည်။ နှစ်ပေါင်းများစွာ မြန်မာ့မြေပေါ်တွင် လည်ပတ်အကောင်အထည်ဖော်ခဲ့သည့် မြန်မာ့အုပ်ချုပ် ရေးယန္တရားမှ ကောင်းနိုးရာရာများ ကောက်နုတ်ထုတ်ယူပြီး ယခုမျက်မှောက် အုပ်ချုပ်မှုယန္တရားနှင့် ပေါင်းစပ်ကာ မြန်မာ့အမျိုးသားအုပ်ချုပ်ရေးယန္တရား ရုပ်လုံးဖော်နိုင်ရေးအတွက် လေ့လာဖတ်ရှုသင့်ပါကြောင်း။

 

ဦးစိုင်းအောင်ထွန်း

မြန်မာ့သမိုင်းအဖွဲ့

၁ - ၁ - ၉၉

 

 

နိဒါန်း

ကုန်းဘောင်ခေတ်သည် မြန်မာ့ပဒေသရာဇ်ခေတ်၏ ရှည်လျားသော သမိုင်းစဉ်အရ နောက်အကျဆုံးခေတ်ဖြစ်ပါသည်။ ပဒေသရာဇ်ခေတ် သမိုင်း ၏ နောက်ဆုံးစာမျက်နှာဖြစ်သည့်အားလျော်စွာ ပျူခေတ်၊ ပုဂံခေတ်၊ စစ်ကိုင်း၊ ပင်ယ၊ အင်းဝခေတ်များနှင့်စာလျှင် ကုန်းဘောင်ခေတ်သမိုင်းကို ယမန်နေ့က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များဟု ဆိုနိုင်ပါသည်။ သို့သော် ဤယမန်နေ့ သမိုင်းဖြစ်စဉ်ကိုပင် သက်ရှိထင်ရှား သိမီလိုက်သူမရှိတော့၊ ကုန်းဘောင်ခေတ် နှင့်ပတ်သက်သည့် ပေ၊ ပုရပိုဒ်အများစုမှာလည်း နယ်ချဲ့ ဗြိတိသျှတို့၏ ဖျက်ဆီးမှုကြောင့် မြန်မာနိုင်ငံ ကျွန်ဘဝသို့ကျရောက်စအချိန်ကပင် ပျက်စီး

ပျောက်ကွယ်ခဲ့ရလေပြီ။ အမြတ်တနိုး စုဆောင်းထားသူအချို့ကြောင့်သာ မပြည့်စုံသောမှတ်တမ်းများအဖြစ် ကြွင်းကျန်ရစ်ခဲ့၏။

ကုန်းဘောင်ခေတ် အဝေးမြို့ဝန်စာအုပ်ပြုစုရန် ကုန်းဘောင်ခေတ်နှင့် ပတ်သက်သည့် ရရှိသမျှစာအုပ်စာတမ်းများ၊ လက်ရေးပေမူများကို ရှာဖွေစု စောင်း ဖတ်ရှုရပါသည်။ သို့သော် အမြို့ ဝန်အကြောင်း သီးခြားရေးမှတ်ထား သော ပေ၊ ပုရပိုဒ် စာအုပ်စာတမ်းများကို မတွေ့ရ၊ စာအုပ်အချို့နှင့် လက် ရေးပေမှုများတွင်သာ ကြိုကြားကြိုကြားတွေ့ရသည်။ ထို့ကြောင့် မပြည့်စုံ

သောအကြောင်းအရာများကို ရသမျှအထောက်အထားများနှင့် ရေးသားပြုစု ရပါသည်။ ရံဖန်ရံခါ မြို့ဝန်များ၏ သက်ရှိထင်ရှားရှိနေသူ မျိုးရိုးဆက်နွယ်

တို့ကို ရှာဖွေမေးမြန်းစုံစမ်းရပါသည်။ ပညာရပ်ဆိုင်ရာကျွမ်းကျင်သူ ဆရာကြီး၊ဆရာမကြီးများထံမှ အကြံဉာဏ်များရယူရပါသည်။ သာသနာပြုကိစ္စ၊ စစ်ရေး၊ သံတမန်ရေးကိစ္စ စသည့် အကြောင်းအမျိုးမျိုးဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိ

သူ နိုင်ငံခြားသားများ၏ ခေတ်ပြိုင်မှတ်တမ်းများကို ယှဉ်တွဲလေ့လာကြည့် ရှုရပါသည်။ ဤသို့ဖြင့် ကုန်းဘောင်ခေတ်အဝေးမြို့ ဝန်စာအုပ်ကို ရေးသား ပြုစုဖြစ်ပါသည်။

အဝေးမြို့ဝန်ရာထူးသည် ကုန်းဘောင်ခေတ်သမိုင်းတွင် အရေးပါသော အခန်းကဏ္ဍမှ ရပ်တည်နေ၏။ နိုင်ငံတော်တိုးတက်သာယာဝပြောမှု၊ နယ်မြေ

အေးချမ်းတည်ငြိမ်မှု စသည်တို့သည် သက်ဆိုင်ရာနယ်မြေကို ကြီးကြပ်အုပ် ချုပ်ရသူမြို့ ဝန်အပေါ်တွင် များစွာ တည်မှီနေပေသည်။ ထို့ကြောင့် အဝေး မြို့ရွာအုပ်ချုပ်ရေးသည် ရာဇဌာနီအုပ်ချုပ်ရေးခေါ် မင်းနေပြည်တော်အုပ်ချုပ် ရေးကဲ့သို့ပင် အရေးပါလှ၏။ နယ်မြေဒေသအသီးသီးကို အုပ်ချုပ်စီရင်ခဲ့ကြ သည့် အဝေးမြို့ဝန်များ၏ အတ္ထုပ္ပတ္တိအကြောင်းအရာများကို ရှာဖွေလေ့လာ ရာတွင် အခက်အခဲများစွာ ကြုံတွေ့ ရပါသည်။ အချို့မြို့ဝန်များကို ဘွဲ့မည်သာလျှင် တွေ့ရှိရ၏။ အမည်ရင်းကိုမသိရ။ အချို့ ဘွဲ့မည်ရည်ကိုပင် အမှတ်အသားမရှိတော့ပါ။ မည်သည့်မြို့ ဝန်ဟူ၍သာ ယေဘုယျအားဖြင့်

ဖော်ပြထားပါသည်။ နောင်နှစ်အတန်ကြာလျှင် ရှာဖွေပြုစုရန် ပိုမိုခက်ယဉ်း သွားပေလိမ့်မည်။ ထို့ကြောင့် အမြို့ဝန်များအကြောင်းကို ရရှိသမျှ အထောက်အထားများဖြင့်သာလျှင် ရှာဖွေစုဆောင်းတင်ပြလိုက်ရပါသည်။ ဤစာအုပ်သည် ကုန်းဘောင်ခေတ်အုပ်ချုပ်ရေးသမိုင်းတွင် လိုအပ်နေသည့် ကွက်လပ်တစ်ခုကို ဖြည့်ဆည်းပေးရာရောက်သည်ဆိုပါက စာရေးသူအနေဖြင့် ရေးသားပြုစုရကျိုးနပ်ပြီဖြစ်ပါ သည်။

ကုန်းဘောင်ခေတ်အဝေးမြို့ဝန်

ကုန်းဘောင်ခေတ်အုပ်ချုပ်ရေးတွင် ရာဇဌာနီအုပ်ချုပ်ရေးနှင့် နယ်ပယ် အုပ်ချုပ်ရေးဟူ၍ နှစ်ပိုင်းခွဲခြားအုပ်ချုပ်ခဲ့သည်။ နယ်ပယ်အုပ်ချုပ်ရေးတွင် မြို့ရွာနယ်ပယ်များ၌ အဓိကအုပ်ချုပ်ရေးတာဝန်ယူရသူမှာ အဝေးမြို့ဝန်ဖြစ် သည်။ အဝေးမြို့ ဝန်များသည် “ပြန်တမ်းကြီးခံ” ခေါ် လွှတ်တော်မှ ပြန်တမ်းဖြင့် တိုက်ရိုက်ခန့်ထားခြင်းခံရသူများဖြစ်၏။ မြို့ဝန်ခန့်ပြန်တမ်းတွင် “ဘုန်းတော် အလွန်ကြီးမြတ်တော်မူလှသော ရေမြေ့အရှင် ဆဒ္ဒန်ဆင်မင်းသခင် ဆင်ဖြူများရှင် လက်နက်စကြာသခင် ဘဝရှင်မင်းတရားကြီးဘုရားအမိန့်တော်” အရ မြို့ဝန် အဖြစ်ခန့်အပ်ကြောင်းနှင့် စစ်ရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကိစ္စအဝဝတွင် အရေးအာဏာကုန် လွှဲအပ်ထားကြောင်း ဖော်ပြပါရှိ၏။

အဝေးမြို့ဝန်အဖြစ် ခန့်ထားခြင်းခံရသူများသည် မြို့ဝန်နှင့်လျော်ညီ သည့်အဆောင်အရွက်၊ အစီးအနင်းများကို ရရှိပေသည်။ ယင်းတို့အနက် အချို့မှာ “ပေါင်းကတ္တီပါ ရွှေသား ၉၊ တမာရွက်ထောင် ၉၊ ဘွဲ့ သင်းကျစ်တပ် ရွှေနားတောင်းကြက်ရင်အနားဆုံး ၂ထပ်၊ ကတ္တီပါဝတ်လုံဘဲရံရွှေဖျင် ဒိတစ်ဆင့် တပ်၊ ဘွဲ့ဖြူရွှေမြိတ်ဂံ ရွှေစလွယ် ၁၂ သွယ်”စသည်တို့ဖြစ်ကြ၏။

အဝေးမြို့ဝန်ရုံးတွင် မြို့ဝန်၏လုပ်ငန်းတာဝန်များကို ကူညီဆောင်ရွက် ရန် စစ်ကဲ၊ နာခံ၊ မြို့စာရေး၊ သေနတ်ဗိုလ်၊ သေနတ်စာရေး စသည့်ဝန်ထမ်း များ ခန့်ထားလေသည်။ ၎င်းဝန်ထမ်းများကို လွှတ်တော်မှ တိုက်ရိုက်ခန့်ထား သော်လည်း အုပ်ချုပ်ရေးပိုင်းဆိုင်ရာ မြင်းစီး၊ မြင်းခေါင်း စသည့်ရာထူးငယ် များကိုမူ မြို့ဝန်မှ မိမိစိတ်တိုင်းကျ ခန့်ထားခွင့်ရှိလေသည်။ သို့သော် ရာထူး ခန့်ထားရာ၌ မြို့ဝန်အချို့၏ မရိုးသားမှုများကြောင့် နောက်ပိုင်းတွင် ဤ လုပ်ပိုင်ခွင့်များကို လွတ်တော်မှ ပြန်လည်ရုပ်သိမ်းခဲ့၏။

မင်းတုန်းမင်းလက်ထက် ၄ ဇန်နဝါရီ ၁၈၇၅ နေ့ နာခံတော်မျိုး မင်းထင်ကျော်ထုတ်ပြန်သည့် အမိန့်တော်တွင် “အဝေးမြို့ဝန်များ မိမိတို့ သဘောအတိုင်း မြို့ရွာသူကြီး၊ မြင်းစီး၊ မြင်းခေါင်း၊ ဒိုင်းခေါင်းအစုအငန်း၊ သေနတ်တပ်မှူးသွေးသောက်၊ ရွှေမှူးသံမှူး၊ ငွေခွန်မှူး စသည်တို့အား ခန့် ထားခြင်းမပြုရ။ ဆင့်ဆိုပညတ်သည့်အမိန့်ကို မတည် ခန့်ထားလျှင် ခန့်ထား သူအား ရာထူးမှနုတ်ပယ်မည်။ မောင်းကျော်၍ ရာဇဝတ်အပြစ်ဒဏ်ပေးမည်” ဟု ဖော်ပြပါရှိ၏။

အဝေးမြို့ဝန်လက်အောက်၌ မြို့သူကြီးများ ခန့်ထားအုပ်ချုပ်စီရင်လေ သည်။ မြို့သူကြီးရာထူးသည် ရိုးရာအလိုက်ခန့်ထားခြင်းဖြစ်သော်လည်း အများ ကျေနပ်နှစ်သက်မှုမရှိပါက မြို့ဝန်က လွှတ်တော်သို့တင်ပြ၍ အများကြည်ညိုလေးစားသူ အခြားတစ်ဦးဦးကို မြို့သူကြီးအဖြစ် ပြောင်းရွှေ့ခန့်ထားနိုင်၏။ ( ၃၁ ဩဂုတ် ၁၈၇၂နေ့ နာခံတော်နေမျိုးသင်္ခယာပြန် အမိန့်တော်တွင် အလုံ

မြို့ဝန် မင်းကြီးမဟာသမိန်ဘရမ်းက မုံရွာသူကြီးဦးချစ်စုသည် ရွာနေလူတို့နှင့် မသင့်မတင့် မငြိမ်မသက်ရှိ၍ အများသဘောကြိုက်ညီသူ ဦးသာအူကို အစားထိုး ခန့်ထားပေးပါရန် တင်ပြချက်ကို လွှတ်တော်မှ လက်ခံအတည်ပြုပေးခဲ့၏။

တစ်ခါတစ်ရံ အကျင့်ပျက်ဆိုးသွမ်းသည့် မြို့ဝန်အကြောင်းကို လက် အောက်ခံမြို့သူကြီးက ဒေသအတွင်း ကိုးကွယ်ဆည်းကပ်သည့် ဂိုဏ်းအုပ်၊ ဂိုဏ်းထောက်ဆရာတော်များမှတစ်ဆင့် သက်ဆိုင်ရာသို့ ကြားသိပေသည်လည်း ရှိ၏။ ၁၇ ဒီဇင်ဘာ ၁၈၈၁ နေ့ မြေဒူးမြို့သူကြီး၏ မြေဒူးမြို့ဝန်နှင့်ပတ်သက် သည့် လျှောက်ထားချက်အရ “မြေဒူးမြို့ဝန်သည် ထန်းရေအရက်သောက်၊ အမဲနွားသားစားသောက်ကြောင်း၊ သူခိုးဓားပြတို့ကို မွေးထားကြောင်း၊ သမီး ပျိုတစ်ဦး အတင်းသိမ်းယူဖျက်ဆီး၊ ကြေးငွေပိုမို ၇၀၀၀-ကျော် စားယူကြောင်း၊ အရိုးသားမြေးမဟုတ်သူတို့ကို ကြေးငွေယူပြီးလျှင် တစ်ဖက်လှည့်အမိန့် တော်ခံယူကြောင်း”သိရှိရလေသည်။

မြို့သူကြီးရာထူးမှာ ရိုးရာအလိုက်ခန့်ထားခြင်းဖြစ်ပြီး မြို့ဝန်ရာထူးကို မူ အရည်အချင်းပေါ်မူတည်၍ ခန့်ထားလေသည်။ တစ်ခါတစ်ရံ မြို့သူကြီး ကိုပင် မြို့ဝန်ရာထူးနှင့် တွဲဖက်ခန့်ထားသည်လည်းရှိ၏။ ထိုအခါ ခန့်ထား ခြင်းခံရသူ မြို့သူကြီးကို အခြားမြို့သူကြီးများထက် ပိုမို၍ အဆောင်အယောင်

များ ပေးအပ်ရလေသည်။ ၄ စက်တင်ဘာ ၁၈၄၆ နေ့ ရက်စွဲဖြင့် ထုတ်ပြန် သည့်အမိန့်တော်တစ်ခုတွင် “သာယာဝတီမြို့သူကြီးမြို့ဝန် မဟာမင်းလှ သမန္တကျော်ထင်ကို သာယာဝတီမြို့သူကြီးမြို့ဝန်အရာနှင့် အမှုတော်ကို ထမ်းရွက် သည့်အတွင်း ရွှေထီးသနားတော်ခံစေ”ဟု ဖော်ပြထား၏။

ပဒေသရာဇ်ခေတ်ဖြစ်သည့်အားလျော်စွာ အဝေးမြို့ဝန်ရာထူးသည် ဘုရင် မင်းမြတ်ပေါ်တွင် များစွာမူတည်နေ၏။ မြို့ဝန်ကို ဘုရင်က ကျေနပ်မှုမရှိလျှင် ရာထူးမှထုတ်ပယ်နိုင်၏။ ဗဒုံမင်းလက်ထက်တွင် ပုသိမ်မြို့ ဝန်နှင့် ရွှေပန်းတန် လှေတော်ပဲ့နင်းတို့ အမှုအခင်းဖြစ်ပွားခဲ့ရာ မြို့ဝန်ကို ရာထူးမှထုတ်ပယ်ခဲ့ပြီး ဘုရင်အမျက်ပြေမှ ပြန်လည်ခန့်ထားခဲ့လေသည်။ တစ်ခါတစ်ရံတွင် ဘုရင်မင်း မြက်ကြည်ညိုလေးစားသည့် လွှတ်တော်အရာရှိကြီးများမှ မြို့ဝန်ရာထူးအတွက် ကန့်ကွက်သည်ကိုလည်း တွေ့ရ၏။ မင်းတုန်းမင်းလက်ထက် အဝေးမြို့ဝန် လစ်လပ်ရာထူးနှစ်နေရာအတွက် ခန့်ထားသည့် ဘုရင့်အမိန့်တော်စာချွန်ကို ပုခန်းဝန်ကြီးက သဘောမတူ၍ ပယ်ချခဲ့လေသည်။ ။

အဝေးမြို့ဝန်များသည် နယ်မြေအုပ်ချုပ်ရေး၊ အခွန်ကောက်ခံရေး၊ တရားစီရင်ရေးနှင့် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေရသူများဖြစ် သောကြောင့် အများအားဖြင့် စိတ်ချယုံကြည်ရသူများကိုသာ စေလွှတ်ခန့်ထား လေ့ရှိ၏။ ထို့ပြင် မိမိတာဝန်ကျရာမြို့ရွာနယ်ပယ်တွင် သြဇာအာဏာကျယ်ပြန့် မလာစေရန်လည်း အဝေးမြို့ဝန်များကို တစ်နေရာတည်းတွင် ကြာရှည်စွာ မထားဘဲ မကြာခဏ ပြောင်းရွှေ့ခန့်ထားလေ့ရှိပါသည်။ ထို့ကြောင့်လည်း "မန်ကျည်းတစ်ခါနု၊ ဝန်တစ်ယောက်လဲ” ဟူ၍ပင် အဆိုရှိခဲ့လေသည်။ ကုန်းဘောင်ခေတ်နှောင်းကာလတွင် အဝေးမြို့ဝန်ရာထူးရရှိရေးအတွက် လွှတ်တော်မှ လာဘ်စားမှုများပင်ရှိခဲ့၏။ အဝေးမြို့ဝန်ရာထူးသည် အလွန် လူကြိုက်များသောရာထူး ဖြစ်ခဲ့လေသည်။ သီပေါမင်းလက်ထက်တွင် မြို့ဝန် ရာထူးအတွက် ကျပ်ငါးထောင်၊ မြို့လတ်ဝန် ရာထူးအတွက် ကျပ်နှစ်ထောင်မှ သုံးထောင်အထိ လာဘ်ပေးရကြောင်းသိရှိရ၏။ သီလသမာဓိနှင့်ပြည့်စုံသော မြို့ဝန်များရှိသကဲ့သို့ အချို့ လောင်းကစားဝိုင်းထောင်၍ အကောက်ကောက်ခါ အပိုဝင်ငွေရှာသော မြို့ဝန်များကိုလည်း တွေ့ရှိရလေသည်။ မိုးကောင်းမြို့ဝန် သည် ဤကဲ့သို့ပြုကျင့်ကြောင်း ဗိုလ်ကြီးဟန်နေး (Carainfunny)ကိုယ်တိုင် တွေ့ခဲ့ဖူးသည်ဆို၏။ ကစားဝိုင်းတွင် ရန်ဖြစ်၍ အချင်းများသည့်အခါ၌လည်း ဒဏ်ငွေရိုက်ခြင်းဖြင့် ငွေကြေးအမြောက်အမြားရရှိနိုင်သေးသည်။

ကုန်းဘောင်ခေတ် ဝန်စုနယ်မြေများကို ယေဘုယျအားဖြင့် ရခိုင်နှင့် တနင်္သာရီဒေသ၊ အောက်မြန်မာပြည်ဒေသနှင့် အထက်မြန်မာပြည်ဒေသများ ဟူ၍ သုံးပိုင်းခွဲခြားနိုင်ပြီး စုစုပေါင်းဝန်စုနယ်မြေများမှာ အကြမ်းအားဖြင့် (၇၀)ခန့်ရှိ၏။ ၎င်းဝန်စုနယ်မြေများတွင် အချို့မြို့ငယ်များကိုပေါင်းစု၍ မြို့ ဝန်တစ်ဦးတည်း ခန့်ထားသည်လည်းရှိ၏။ ဥပမာ- (ပင်း၊ နတ်မောက်၊

ကျောက်ပန်းတောင်း ၃မြို့ဝန်)၊ မြို့ဝန်အစား မြို့အုပ်မျှသာ ခန့်ထားသည် လည်းရှိလေသည်။ -

အချုပ်အားဖြင့်ဆိုရလျှင် ကုန်းဘောင်ခေတ်တွင် ရာဇဌာနီအုပ်ချုပ်ရေး နှင့် နယ်ပယ်အုပ်ချုပ်ရေးဟူ၍ နှစ်ပိုင်းရှိပါသည်။ ရာဇဌာနီအုပ်ချုပ်ရေးတွင် ဘုရင်သည် အချုပ်အခြာ အာဏာပိုင်ဖြစ်သကဲ့သို့ မြို့ရွာနယ်ပယ်အုပ်ချုပ် ရေးတွင်လည်း အဝေးမြို့ဝန်သည် အုပ်ချုပ်ရေး၊ အခွန်ကောက်ခံရေးနှင့် တရားစီရင်ရေးအာဏာ သုံးရပ်လုံးကို ပြည့်ဝစွာရရှိထားပေသည်။ အဝေးမြို့ဝန် ရာထူးသည် ဂုဏ်သိက္ခာအရလည်းကောင်း၊ အဆင့်အတန်းအရလည်းကောင်း၊ လစာရိက္ခာနှင့် အစီးအနင်းအဆောင်အရွက်များအရလည်းကောင်း မက်မော ဖွယ်ရာအနေအထားတွင် ရှိခဲ့ပေသည်။ သို့ကြောင့်လည်း မြို့ဝန်ဖြစ်လိုသူများ သည် အာဏာရလူတန်းစားတို့ထံ ချဉ်းကပ်၍ ရာထူးရရှိရေးအတွက် ကြိုး ပမ်းမှုများရှိခဲ့ပေသည်။

 

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)