Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

တင့်တယ် - ဝထ္ထုရေးနည်းအခြေပြ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out
ဝတ္ထုရေးပုံ နည်းမျိုးစုံ
စာရေးသူ၏ အမှာ

          ဝတ္ထုရေးစရာ အကြောင်းရပ်များသည် ဤလောကကြီး တစ်ခွင် လုံးတွင် မရေမတွက်နိုင်လောက်အောင်ပင်လျှင် များပြားစွာ ရှိ၍ နေကြလေသည်။

          ဤမျှ များပြားလှစွာသော ဝတ္ထုရေးစရာ အကြောင်းရပ် များအနက်မှ ကောင်းနိုးရာရာနှင့် အဆင်သင့်ရာတို့ကို ရွေးချယ် ကာ ဝတ္ထုဖတ်သူအား ဝတ္ထုရေးသူက စာဖြင့် ရေးသားတင်ပြ သော စာအစုတစ်ခုသည် ဝတ္ထုပင် ဖြစ်လေသည်။

          ဝတ္ထုဖတ်သူအား ဝတ္ထုရေးသူက ကောင်းနိုးရာရာ ဝတ္ထုရေး စရာ အကြောင်းရပ်များကို ဝတ္ထုအဖြစ်ဖြင့် ရေးသားတင်ပြရာ၌ ဝတ္ထုရေးစရာအကြောင်းရပ် (ဝါ) ဝတ္ထုဇာတ်လမ်းများကလည်း မရေမတွက်နိုင်လောက်အောင်ပင် များပြားနေ၏။ သို့ များပြား နေသလောက်ပင်လည်း ဝတ္ထုရေးဟန်များကလည်း နည်းမျိုး ပေါင်းစုံ များစွာပင် ရှိ၍ နေကြပေသည်။ ထို့ကြောင့် ဝတ္ထုရေးလိုကြသော ကလောင်သစ်လွင်များအတွက် များပြားလှစွာသော ဝတ္ထုရေးဟန်များ၏ အကြောင်းကို လက်တွေ့ ကျင့်သုံးရေးသားရာ၌ အသုံးချနိုင်ကြစေရန် ဤနေရာ တွင် အလှမ်းမီသမျှ စုံလင်စွာ အသေးစိတ် တင်ပြလိုပေသည်။

          ဝတ္ထုရေးစရာ အကြောင်းအရာ

          လောကကြီး တစ်ခွင်လုံးတွင် ဝတ္ထုရေးစရာအကြောင်းအရာ တွေ အပြည့်အနှက် ရှိ၍နေ၏။ ထိုအကြောင်းအရာတို့သည်ပင် လျှင် ဝတ္ထုရေးရာ၌ ထိုက်သင့်သလို အကွက်ကျ တစ်မျိုးစီ ပါဝင် ကြရစမြဲဖြစ်၏။ နေအကြောင်း၊ လေအကြောင်း၊ ညောင်ပင်ကြီး ၏အကြောင်း၊ ဒန့်ကျွဲပင်၏အကြောင်းများမှအစ ခွေးအကြောင်း၊ ကြောင်အကြောင်းများအထိပါ ဝတ္ထုရေးနိုင်ကြပေသည်။

          ထို့ကြောင့်ပင်လည်း ဝတ္ထုရေးစရာအကြောင်းရပ်များသည် ပတ်ဝန်းကျင် လောကကြီးတစ်ခွင်လုံး၌ အနမတဂ္ဂရှိ၍နေသည် ဟု ဆိုရခြင်းဖြစ်၏။

          သို့သော်လည်း လူသည် လူ၏အကြောင်းကိုသာလျှင် အသိ ချင်ဆုံးဖြစ်၏။ ထို့ကြောင့် ဝတ္ထုရေးရာတွင် လူတို့၏အကြောင်း ကို အများဆုံးရေး၍နေကြရခြင်းဖြစ်၏။ ဝတ္ထုရေးပြီ.. ဟု ဆိုပါ လျှင် လူ၏အကြောင်း မပါလျှင်မဖြစ်ချေ၊ အများဆုံး သိချင်နေသော လူ၏အကြောင်းကို ရေးလျှင် အများဆုံး ဖတ်ချင်သော ဝတ္ထုစာမျိုးဖြစ်လာရလေသည်။ ထို့ကြောင့် ဝတ္ထုရေးချင်သော သူတစ်ဦး၏အဖို့၌ လူ့အကြောင်းကိုပင် ဝတ္ထုရေးရပေလိမ့်မည်။ သို့မှသာ ဖတ်ချင်သူ အများဆုံးနှင့် တွေ့ထိရပေလိမ့်မည်။

          ဝတ္ထုနှင့် ငါ-သင်-သူ

          လူသည် လူ့အကြောင်းကို အသိချင်ဆုံးဖြစ်သည်ဟု ဆိုခဲ့ ၏။ လူက သိချင်သော အကြောင်းများမှာကား

၁။ ငါ့ အကြောင်း။

 ၂။ သင့်အကြောင်းနှင့်။

၃။ သူ့အကြောင်းတို့ပင် ဖြစ်ကြပေသည်။

          မြန်မာသဒ္ဒါ စကားအားဖြင့် ပြောဆိုရမည် ဆိုပါလျှင်...

၁။ အမှ ယောဂ- ငါ၊ ကျွန်ုပ် စသဖြင့် ပထမပြောသူ။

၂။ တုမှ ယောဂ- သင်၊ မင်း စသဖြင့် ဒုတိယ အပြောခံရသူနှင့်။

၃။ နာမ ယောဂ- သူ၊ သူမ၊ သူတို့ စသဖြင့် တတိယ ပြောခြင်းခံရသူ။

ဟူသော သုံးမျိုးတို့ပင်ဖြစ်ကြလေသည်။

          ဝတ္ထုရေးသော ကလောင်ရှင်တိုင်းသည် အထက်ပါ လူ သုံးမျိုးတို့၏ အကြောင်းများကိုသာ ရေးသား၍နေကြရ၏။ ၁။ ကိုယ့်အကြောင်းကို ကိုယ်ရေး၏။ ၂။ ချစ်သော သူငယ်ချင်း၏ အကြောင်း။

          သို့မဟုတ် ညီအစ်ကိုတစ်ယောက်၏အကြောင်းကို ရေး ၏။ ၃။ မိမိကိုယ်တိုင်၏ အကြောင်းလည်းမဟုတ်၊ မိမိနှင့် နီးစပ်သော ဆွေမျိုးသားချင်း သူငယ်ချင်းမိတ်ဆွေများ၏ အကြောင်းလည်းမဟုတ်၊ မိမိတို့နှင့် သက်ဆိုင်ခြင်း မည်သို့ မျှမရှိသော ပဲပြုတ်သည်ကလေး၏အကြောင်း၊ ဆိုက်ကား ဆရာတစ်ဦး၏အကြောင်း၊ ပင်စင်စား အရေးပိုင်ကြီး တစ် ယောက်၏အကြောင်း၊ ကောလိပ်ကျောင်းသူတစ်ယောက်၏အကြောင်း၊ ငါးပိသည်တစ်ယောက်၏အကြောင်း၊ ပြည့် တန်ဆာတစ်ယောက်၏အကြောင်း၊ အရူးတစ်ယောက်၏ အကြောင်း၊ သုဘရာဇာတစ်ဦး၏ အကြောင်း၊ ခွေး အကြောင်း၊ မြင်းအကြောင်း၊ သစ်ပင်တစ်ပင်၏အကြောင်း စသည်တို့အထိပင် ရေးသား၏။

          တစ်နည်းဆိုရပါသော်...

၁။ မိမိကိုယ်တိုင် တွေ့ကြုံခံစားရသော အဖြစ်အပျက်များကိုရေးသား၏။

၂။ မိမိနှင့်နီးစပ်ရာ ဆွေမျိုးမိတ်သင်္ဂဟ အပေါင်းအသင်း ပတ်ဝန်းကျင်တို့၏ တွေ့ကြုံခံစားကြရပုံများကို ရေးသား၏။

၃။ မိမိနှင့် ဘာမျှတော်စပ်ခြင်းလည်းမရှိ၊ ရင်းနှီးဆက်စပ်မှုလည်း မရှိသော လောကတစ်ခွင် ဘုံအပြင်ဝယ် နေထိုင် လျက် ရှိကြသော “အစိမ်းသက်သက်”များ၏အကြောင်း တို့ကိုလည်း ရေးသား၏။

          ယင်းသည်တို့မှာကား ဝတ္ထုရေးစရာ အကြောင်းရင်းခံ သုံးပါးတို့ပင် ဖြစ်ကြလေသည်။

          ထိုသို့သော ဝတ္ထုရေးစရာ အကြောင်းရင်းခံ သုံးပါးတို့ အနက်မှ တစ်ခုခုကို အခြေခံထားကာ ဝတ္ထုကို ရေးကြရ၏။

          ယင်းသို့ ဝတ္ထုများကို ရေးသားကြသောအခါ၌ ဘာတွေကို ရေးကြလေသနည်း။

          ဤနေရာတွင် ကျမ်းပြုသူက ကိုယ်တွေ့တစ်ရပ်ကို တင်ပြ လိုက်ပေသည်။ ထိုကိုယ်တွေ့မှာကား အခြားမဟုတ်။

          ဝတ္ထုရေးသားလိုကြသောသူများသည် ကျမ်းပြုသူ အား မေးခွန်းတစ်ရပ်ကို လွယ်လွယ်ကလေးဖြင့် မေးလေ့ရှိကြ၏ ။

          ထိုမေးခွန်းကို အမေးခံ၍ လာခဲ့ရသည်မှာလည်း နှစ်ပေါင်း ၂ဝ ကျော် ကြာမြင့်၍ လာခဲ့ပြီဖြစ်၏။

          ယင်းသည် မေးခွန်းမှာကား- “ဝတ္ထုကို ဘယ်လိုရေးရမလဲ” ဟူသော မေးခွန်းပင်ဖြစ်၏။

          ထိုမေးခွန်း၏ ပထမဦးဆုံး လက်မွန်အဖြေသည်ကား ဤ “ဝတ္ထုရေးနည်း အခြေပြကျမ်း”ပင်လျှင် ဖြစ်ပေသည်။ ဤကျမ်း ငယ်သည် “ဝတ္ထုကို ဘယ်လိုရေးရမလဲ” ဟူသော မေးခွန်းကို စည်းစနစ်ကျနစွာ အဖြေပေးရန် ကြိုးစားပြုစု၍ထားအပ်သော ကျမ်းငယ်ပင်လျှင် ဖြစ်ပေသည်။

          သို့ဖြစ်သောကြောင့် တကယ်တမ်း ဝတ္ထုရေးသားလိုကြ သော ကလောင်သစ်လွင် မောင်မယ်များသည် ဤနေရာမှ စတင် ကာ နှစ်ပေါင်း ၄၀ ကျော်မျှ ကိုယ်တွေ့ ဗဟုသုတ ရှာမှီးလေ့လာ ပြီး ကိုယ်တိုင်လည်း ဝတ္ထုတိုရှည်များကို ထောင်ဂဏန်းထက် ပင် ကျော်လွန်ကာ ရေးသားခဲ့ဖူးပြီးပြီဖြစ်သော ကျမ်းပြုသူ၏ အကြံပေးတင်ပြချက်များကို သာမန်ကာလျှံကာမျှဖြင့် လေ့လာ ဆည်းပူးခြင်းမပြုဘဲ နက်နက်နဲနဲ မှတ်ယူတွေးတော စဉ်းစား ဆင်ခြင်ကာ ဤကျမ်းငယ်က အဆိုပြုတင်ပြ၍ ထားအပ်သော (အခြေခံ) အချက်အလက်များကို အထပ်ထပ် လေ့လာကာ ဆည်းပူးနည်းယူနိုင်ကြလိမ့်မည်ဟု မျှော်လင့်ထားမိပေသည်။

          ဝတ္ထုနှင့် ရသ ကိုးပါး

ဝတ္ထုရေးရာတွင် (၁) ငါ၊ (၂) သင်နှင့် (၃) သူတို့၏ အကြောင်းကို ရေးရသည်ဟူ၍ အဆိုပြုထားခဲ့ပေသည်။

          ယင်းသည် (၁) ငါ၊ (၂) သင်နှင့် (၃) သူတို့၏ အကြောင်း