တင့်တယ် - အဏ္ဏ၀ါနှင့်အဘိုးအို
အဏ္ဏဝါနှင့် အဘိုးအို
အဘသည် ဖေအိုကြီးတစ်ယောက် ဖြစ်သည်။ ရေပူစီးကြောင်းထဲ၌ လှေငယ်တစ်စင်းဖြင့် အထီးကျန်နိုင်လှစွာ သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ငါးရှာရသည်သာဖြစ်သည်။ လေးဆယ့်ရှစ်ရက်တိုင်သော ကာလတို့ သည် ကုန်ဆုံးခဲ့လေပြီ။ သို့သော် ငါးတစ်ကောင်မျှ မရသေး။ အော်... ကံမှေးလေစွ အဘအို..။ ပထမရက်ပေါင်း လေးဆယ်တုန်းကဆိုလျှင် ဖေအိုကြီးမှာ အပျင်းဖြေစရာ ဖော်သဟာ၊ ကူညီညာသော သူငယ်တစ်ယောက်နှင့် နှစ်ယောက်ပေါင်းကာ လောင်းကျော်ခဲ့ရသည်။ တိုးတိုးဖော် ရခဲ့သေးသည်။ ယခုမူ ဤကဲ့သို့ မဟုတ်ချေတော့ပြီတကား။
ငါးတစ်ကောင်တစ်မြီးမျှမမိ မဖမ်းမဆီးနိုင်သောအခါ၌ တိုးတိုး ဖော်ကလေး၏ မိဘများသည် သူတို့ သားကလေးကို ကံမွဲ အဖေအိုကြီး ထံ၌ ဆက်၍အလုပ်မလုပ်စေတော့ဘဲ အခြားသော တံငါလှေတစ်စင်း ဝယ် အလုပ်ဆင်းစေသည်။ ယင်းတံငါလှေသည် သီတင်းတစ်ပတ် အတွင်း၌ အဆီရွှမ်းသော ငါးကြီးသုံးကောင်တို့ကို ဖမ်းမိလေတော့သည်။
ဖေအိုကြီး နေ့စဉ်နေ့တိုင်း ဝမ်းနည်းစိတ်ပျက် လှေခွက်ချည်း သက်သက်နှင့် ပင်လယ်မှ ပြန်လာရသည်ကို မြင်ရသောအခါတိုင်း တိုးတိုးဖော်ကလေးသည် နုန့်နီနုန့်နဲ့ အင်အားချည့်ပဲ့နေသော ဖအေအို ကြီး၏ ငါးဖမ်းလှေပေါ်မှ ကြိုးခွေများကိုလည်းကောင်း၊ ငါးထိုးမှိန်းကို လည်းကောင်း၊ မှိန်းအိမ်ကိုလည်းကောင်း ကူညီ၍ သယ်ချပေးရသည်မှာ ထာဝစဉ် ဝတ္တရားတစ်ခုဖြစ်၍ နေခဲ့ပေသည်။ ရွက်တိုင်ခွင်တွင် ပတ်၍ ထားသော ရွက်ကို ရွက်ရော တိုင်ပါထမ်း၍ ကမ်းနားသို့ သယ်ပို့ရလေ သေးသည်။ ဖအေအိုကြီး၏ ရွက်ကိုဖြန့်ကာ ကြည့်မည်ဆိုပါက ဂျုံမှုန့် အိတ်များနှင့် ဖာ၍ထားသည်ဖြစ်သောကြောင့် အောင်လံမဟုတ်၊ ထာဝရ အရှုံးကို သာဓကထုတ်၍ပြနေသော အလံစုတ်တစ်ခုနှင့်သာ တူ၍နေ သည်ကို တွေ့ကြရမည်ဖြစ်လေသည်။
ဖေအိုသည် ကြုံ၏။ လှိ၏။ ကုပ်ပိုး၌ပင်လျှင် ဇရာ၏ နိမိတ်ဖြစ် သော အရေးအကြောင်း အတွန့်အလိပ်တို့သည် မင်းမူ၍နေကြပေပြီ။ သေမင်းအောင်လံ ထူဘိသကဲ့သို့တည်း။ ထိုမျှမကသေး အဖေအိုကြီး၏ တွန့်လိပ်သော ပါးရေပြားပေါ်၌ ကြွပ်တက်၍နေသော အရေပြားသည် ပြင်းထန်လှသော နေရောင်ခြည်၏ဒဏ်ကို ခံနိုင်ရည်ရှိအောင် ထူလပျစ် အပြင်ကြီးဖြစ်၍ နေကြပေသည်။ ယဉ်စွန်းတန်း နေ၏အပူရှိန်သည် ပြင်းထန်လွန်းလှသည်တကား။ နုနယ်သော လူ့အသားကိုပင် အသားမာ တက်၍ ကျစ်စေခဲ့ပေပြီ။ အသားမာများသည် မျက်နှာ၏ အထက်ပိုင်းမှ အောက်ပိုင်းအထိ နေရောင်ခြည်၏အစွမ်းကြောင့် ဖုံးလွှမ်းစိုးမိုး၍ လာကြ ၏။ ငါးကြီးများဆွဲရာသို့ ပါသောကြိုးများက ရှလွန်းသဖြင့် အဖေအို၏ လက်များမှာ ကြိုးပွန်းသောဒဏ်ရာများကို မရှုမလှခံရကာ နက်ရှိုင်းသော အနာရွတ်ကြီးများသည်လည်း ပင်ပန်းဆင်းရဲလှစွာသော အဖေအိုကြီး၏ ဘဝကို သက်သေခံ၍ နေကြလေသည်။ ထိုဒဏ်ရာများကို ရခဲ့ပြီးနောက်ထိုဒဏ်ရာများဖြစ်ပေါ်၍ လာခဲ့ကြသော အချိန်များမှာ နှောင်းခဲ့သော အချိန်များက ဖြစ်သည်။ ဒဏ်ရာသစ်များ မဟုတ်ကြချေ။
ပုံပမာပြုသော်... ထိုဒဏ်ရာဒဏ်ချက်များသည် ခေါင်းပါးလှစွာသော ပင်လယ်အို ၏ ကြမ်းပြင်အောက်တွင် ဖြစ်ပေါ်နေကြသည့် ပပ်ကြားအက်ကြီးများ နှင့်ပင် ပမာနှိုင်းစရာဖြစ်၍ နေလေတော့သည်။ ငါးမရှိသော ပင်လယ်ပြင် ကြီးများ၏ ပပ်ကြားအက်ကြီးများသည် ငါးမရသော လက်များ၌ရှိသည့် ပပ်ကြားအက်ကြီးများနှင့် တူလှချေသည် တကား...။
အဖေအိုကြီးသည် ဘယ်နေရာကပင်ကြည့်စေ...၊ အကဲခတ်စေ ကာမူ ဇရာရိပ်အတိ ပြွမ်းသည်။ သို့သော် ဖေအိုကြီး၏ မျက်လုံးများမှာ ကား ရှင်သန်လျက်ပင် ရှိသေးသည်။ ပြုံးရွှင်တတ်သေးသည်။ အနိုင်မခံ အရှုံးမပေးသော စိတ်ဓာတ်၏ အစွမ်းပေတကား...။
တစ်ခါတစ်ခါ၌ တပည့်ဖြစ်သူက လဟာပြင် အထက်ပိုင်းသို့ လှေကိုဆွဲ၍တင်ကြရင်း “အဘ စန်တီယာဂိုရေ... ကျွန်တော်တော့ အတော်ကလေး ငွေရှာလို့ရပြီ။ ပင်လယ်ထဲကို အတူတူထွက်ကြဦးစို့” ဟု အဖော်ညှိတတ်သည်။ သူငယ်ကလေးအား ဖအေအိုသည် ပင်လယ် နှင့်စပ်၍ တတ်သင့်တတ်ရာသော ပညာများကို အကြွင်းမဲ့ သင်၍ပေးခဲ့ လေသည်။ ထို့ကြောင့်ပင် ထိုမြေသည် အဘိုးကိုခင်မင်၍နေခြင်း ဖြစ် လေသည်။
အဘတံငါအိုက “ငါနဲ့အတူတူ မသွားပါနဲ့ကွယ်... မင်း အခု သွားနေတဲ့လှေနဲ့ မင်းဟာ ကံကောင်းတယ်မဟုတ်လား..... သူတို့နဲ့သာ တူတူသွားပေါ့ကွဲ” ဟု ပြော၏။
သို့ တိုင်အောင် မြေးငယ်က “မဟုတ်ပါဘူး အဘိုးရယ်...။ ကျွန်တော်နဲ့ အဘိုးဟာ ရက်ပေါင်းရှစ်ဆယ့်ခုနစ်ရက်ကြာသော် ငါး တစ်ကောင်မှ ဖမ်းမမိခဲ့ကြဘူး။ ဒါပေမဲ့ နောက်သီတင်း သုံးပတ်ဆက်ပြီးတော့ ကျွန်တော်တို့ ငါးကြီးတွေရခဲ့ကြတယ် မဟုတ်လား” ဟု ဖြေ၏။
အဘအိုက “အေးကွယ်... အဲဒါကိုတော့ ငါကောင်းကောင်း မှတ်မိပါတယ်။ အဲဒီကိစ္စပြီးတဲ့နောက်မှာ မင်း ငါ့ လှေကခွာပြီး တခြား မှာ အလုပ်သွားလုပ်တာကတော့ ငါ့ကံကြမ္မာကို ယုံမှားသံသယရှိလို့ မဟုတ်တာမှန်းကို ငါသိပါတယ်ကွယ်” ဟု ပြန်၍ ဖြေလေသည်။
“အဲဒီတုန်းကတော့ အဘရယ်... ကျွန်တော်က အသက်ခပ် ငယ်ငယ်ပဲရှိသေးတယ် မဟုတ်လား။ ဒီတော့ အဖေ့စကားကို ကျွန်တော် နားထောင်ခဲ့ရတာပေါ့”
“အေးကွယ်... ငါနားလည်နိုင်ပါတယ်” ။
အဘိုးအိုက ဤသို့ဖြေလိုက်လေသည်။
“အဖေဟာ... ကံကြမ္မာကို ယုံကြည်တဲ့လူ မဟုတ်ဘူး အဘိုးရဲ့”
“အေး.. အဲဒါမှန်တယ်။ ဒါပေမဲ့ တို့ဟာ ကံကြမ္မာကို ယုံတယ် မဟုတ်လားကွယ်...”
“ဟုတ်ပါတယ် အဘိုး..၊ ကဲပါအဘိုးရယ်.. ကျွန်တော် အဘိုး ကို ဘီယာတိုက်မယ်။ ပြီးတော့မှ ကျွန်တော်တို့ လှေပေါ်က ပစ္စည်းတွေ ကို ကုန်းပေါ်တင်ကြတာပေါ့ ဟုတ်လား...”
“အေး.. ဟုတ်တာပေါ့”
ခဏကြာသောအခါတွင် အဘိုးနှင့်မြေးတို့သည် ဘီယာဆိုင်သို့ ရောက်သွားကြလေသည်။ အခြားသော တံငါများက အဘိုးကိုနောက်ကြ ပြောင်ကြသည်။ အဘိုးကလုံးဝ စိတ်မတိုချေ။ အချို့သော တံငါများကမူ အဘိုးကိုကြည့်ကာ သနား၍နေကြလေသည်။ သို့သော် အဘိုးက မဖြူ ချေ။ အခြားတံငါများသည် အဘိုးကို သနားသောအားဖြင့် ရေစီးကြောင်း များ၏ အကြောင်း၊ မည်မျှနက်ရှိုင်းသည်အထိ သူတို့ကာ လိုက်ရ သည့်အကြောင်း၊ ရာသီဥတုဆက်လက်ကောင်းမွန်ရန်အကြောင်း၊ သူတို့အဘယ်ပုံတွေ့မြင်ခဲ့ရသည်ဆိုသော အကြောင်းများကို တခုတ်တရ လုပ်၍ပြောဆိုနေကြလေသည်။ ထိုနေ့က ပင်လယ်ပြင်တွင် ပျော်ပွဲ ဆင်၍လာခဲ့ကြသော တံငါသည်တို့သည် ဆိပ်ကမ်းသာသို့ ပြန်လည် ရောက်ရှိလာခဲ့ကြသောအခါ၌ လှေများကို ကြက်ဆူးပန်းရိုက်နှက် ဆိုက်ကပ်ကြပြီးလျှင် သူတို့ ဖမ်းမိခဲ့သော ငါးကြီးများကို ဇီဝိန်ခြွေ၍ ပြီးကြသည့်နောက်ပိုင်း၌ ငါးအသေကောင်များကို ကုန်းပေါင်နှစ်ချပ် ယှဉ်၍ထိုးကာ ကုန်းဘက်သို့ သယ်ယူပို့ဆောင်လျက်ရှိနေကြလေသည်။ ကုန်းပေါင်နှစ်ချပ်ပေါ်တွင် ငါး၏အလေးချိန်ကို ဒယီးဒယိုင် သယ်ဆောင် ၍နေကြသော တံငါများသည် ငါးကိုအပိုင်းပိုင်းဖြတ်ပြီးနောက် ရေခဲ ရိုက်ပေးသည့် မော်တော်လော်ရီနှင့် ဟာမာနမြို့သို့ ငါးအတစ်လိုက်ကြီး များကို သယ်ဆောင်ရန် အားခဲလျက်ရှိနေကြပြန်လေသည်။ ဆိပ်ကမ်း သာ၏ တစ်ဖက်တွင် ငါးများကိုသာလျှင် သီးခြားပြုပြင်သော ရုံတစ်ရုံ ရှိသည်။ ငါးမန်းဖမ်းမိသော တံငါသည်တို့သည် ဖမ်း၍ရမိသော ငါးများ ကို ထိုစက်ရုံဆီသို့ ယူဆောင်သွားနေကြသည်။ ရောက်သောအခါ၌ ငါးမန်းအတစ်များကို စက်သီးကြိုးများနှင့် ဆွဲတင်ကာ လှေပေါ်မှ ကုန်း ပေါ်သို့ ပို့ဆောင်လျက်ရှိကြသည်။ အချို့က ငါးမန်းတို့၏ အသည်း နှလုံးများကို ထုတ်ယူကာ သီးခြားထား၍နေကြ၏။ အချို့ကမူ ငါးမန်း ဆူးတောင်များကို ဈေးကောင်းကောင်းနှင့် ရောင်းချရန် ဖယ်၍ထားနေ ကြသည်။ အချို့ကမူ ငါးမန်းရေများကို အသေအချာ ဆုတ်ခွာ၍ ယူကြ ပြီးနောက် ငါးမန်းသားများကို ဆားပက်၍ ငါးမန်းခြောက်လုပ်ရန် ကြိုးစား၍ ပြုပြင်နေကြလေသည်။
လေသည် အရှေ့ဘက်မှနေ၍ တိုက်ခတ်လာသောအခါ၌ ဆိပ်ကမ်းရိပ်ငြိမ်၏ စက်ရုံတည်ရာဘက်မှ ငါးမန်းစက်ရုံဆီတွင် ထူးခြား သော အနံ့တစ်မျိုးသည် ပေါ်ထွက်၍လာ၏။ ထိုအနံ့မှာကား ငါးမန်းဆီအနံ့ပင် ဖြစ်လေတော့သည်။ ဤနေ့အဖို့တွင်မူကား လေသည် အတန် ငယ် ဆော့ကစားပြီးသည့်နောက်တွင် မြောက်ဘက်သို့ ပြန်၍ ဝန်းဝိုက်ကွေ့ လည်သွားပြန်လေသည်။ ပြီးလျှင် လေသည် ငြိမ်၍သွားပြန်၏။ ထို့ကြောင့် ကုန်းပေါင်တစ်လျှောက်တွင် သာယာပြန့်ပြူးလျက် နေရောင် ခြည်ကလည်း ရွှင်ရွှင်ပျပျ၊ ဖြစ်၍နေလေသည်။
“ဆန်တီယာဂို” ဟု လူငယ်က ခေါ်လိုက်ပြန်လေသည်။
“ဘာတုံးကွ” ဟု အဘိုးအိုက ပြန်၍ထူးလိုက်ပြီးလျှင် သူ၏ အရက်ခွက်ကိုကိုင်ရင်း အဘိုးအိုသည် ရှေးဟောင်းနောက်ဖြစ်များကို တွေးတောနှစ်ခွကြံဒွိဟဖြင့်... သတိအစပျောက်၍ နေဘိသကဲ့သို့ ဖြစ်နေ လေသည်။ လွန်ခဲ့သော နှောင်းနှစ်ကာလတို့အပေါ်၌ သူ၏အာရုံတို့ သည် ကျက်စားလျက်ရှိနေကြပေသည်။
“နက်ဖြန်ခါကြရင် အလုပ်လုပ်ဖို့လိုမယ့် ဆာဒင်းကြီးငါးတွေကို ကျွန်တော်သွားပြီး ယူထားလိုက်မယ်နော်”
လူငယ်က အဘိုးအိုကို ပြော၏။
“နေပါစေကွယ်...၊ မင်းသွားပြီးတော့ ဘောလုံးကစားပါလား။ ငါ့ဘာသာငါ ငါးဖမ်းထွက်နိုင်ပါသေးတယ်...။ ပြီးတော့ ရှိဂယ်လီယို ကလည်း ငါနဲ့တူတူလိုက်ပြီးတော့ ကွန်ပစ်နိုင်ပါသေးတယ်ကွေ့”
အဘိုးအိုက ဤသို့ပြန်၍ပြောလိုက်လေသည်။
“မဟုတ်ပါဘူး အဖေအိုရယ်...။ ကျွန်တော်လေ... အဖေအိုကြီးနဲ့ သာ ငါးဖမ်းထွက်ချင်တဲ့လူပါ...၊ အဖေအိုကြီးနဲ့ မလိုက်ရရင်တောင်မှ ဖေအိုကြီးကို ကူချင်တဲ့လူတစ်ယောက်ပါ”
“အေးလကွာ.. မင်းလူလားမြောက်နေပြီဆိုတာကို ဖေကြီး သိပါ တယ်ကွာ..၊ မင်းအခုအဖေကြီးကိုတောင် ဘီယာတိုက်နေပြီ မဟုတ်လား”
“နေပါဦး... အဖေအိုကြီးရ..၊ ကျွန်တော် အဖေအိုကြီးနဲ့စပြီး လှေလိုက်ရတုန်းက ကျွန်တော်အသက် ဘယ်လောက်ရှိပြီလဲ”
“အံမာ... မင်းကလည်း မမှတ်မိဘဲ နေနိုင်ရန်ကော...၊ ဖေကြီး လှေနဲ့ မင်းလက်ဦးလိုက်တဲ့ အခေါက်တုန်းက.. မင်းဟာ အသက်ငါးနှစ် ပဲ ရှိသေးတယ်...။ အဲဒီ.. အခေါက်တုန်းက... ငါးကြီးတစ်ကောင် တို့ ရတယ်လေ... မှတ်မိသေးရဲ့လား...၊ ငါးက မသေမရှင်ကြီးမြို့ ရုန်းလိုက် ကန်လိုက်တာ မပြောပါနဲ့တော့ကွာ... လှေတောင်ကွဲပြီး ထွက်တော့မယ့် အတိုင်းပဲ မင်း မှတ်မိသေးရဲ့ လား”
“ဟာ... မမှတ်မိဘဲရှိပါ့မလား အဖေကြီးရ... ငါးကြီးက မသေ မရှင်နဲ့... လှေပေါ်မှာ လူးလိုက်လွန့်လိုက်တာမှ မပြောပါနဲ့တော့... သိမ့် သိမ့်ကို ခါနေတာပဲ...။ အဲဒီငါးကြီးကို ခေါင်းကိုမနည်းထုပြီးတော့ သတ်ကြရတယ် မဟုတ်လား... ငါးခေါင်းကိုထုတုန်းက... ဖေကြီးက ကျွန်တော့်ကို လှေဦးပိုင်းမှာ အနေခိုင်းခဲ့တယ် မဟုတ်လား..။ လှေဦးပိုင်း မှာလည်း... ရေစိုနေတဲ့ ကြိုးခွေတွေကလည်း တစ်ပုံကြီးပေါ့...။ ပြီးတော့ ငါးကြီးရဲ့ ခေါင်းကို ဖအေကြီးထုနေတုန်းကများဆိုရင် တစ်လှေလုံးကို တုန်နေတာပဲ...။ ငါးခေါင်းကို ဖအေကြီး ထုနေတာဟာ သစ်ပင်တစ်ပင် ကို.. အရင်းကချိုင်ပြီးတော့ လှဲချနေသလိုပဲ... သွေးနံ့တွေကလည်း ညှိလိုက်တာဟောင်လို့ ပေါ့”
“အံမာ... မင်းကတကယ်... အမှတ်ရတာဟုတ်ရဲ့လား...၊ ငါပြော ဖူးတာတွေကို ပြန်ပြီးပြောနေတာ ထင်ရဲ့.. ဟုတ်စ...” ။
“ကျွန်တော်နဲ့ အဖေကြီး... ပထမဆုံးအကြိမ်... တူတူထွက်တဲ့ ငါးဖမ်းခရီးကို ကျွန်တော်မမှတ်မိဘဲ နေပါ့မလား အဖေကြီးရယ်..၊ အဲဒီတုန်းကဟာတွေကို ကျွန်တော်သေသေချာချာကြီး မှတ်မိပါတယ်”
အဘိုးအိုသည် လူငယ်အား ချစ်စနိုးကြည့်လိုက်လေသည်။ သူ၏