Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

တင့်တယ် - လွပ်လပ်ရေးမော်ကွန်း

Regular price 700 MMK
Regular price Sale price 700 MMK
Sale Sold out

          လွတ်လပ်ရေးရနိုင်စေရန် ဖန်တီးခဲ့သော အကြောင်း တို့မှာကား... ၁၂၄၇ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့တွင် သီပေါအရှင် ပါတော်မူသည်မှစ၍ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ပါတော်မူပြီး သည့်နောက် ၅ နှစ်အတွင်းတွင် ဗိုလ်ချုပ်အောင်ဆန်း ၏ အဘိုး ဗိုလ်မင်းရောင် အစရှိသော မျိုးချစ်မြန်မာ ပုဂ္ဂိုလ်ကြီးတို့သည် နယ်ချဲ့လာသော ဗြိတိသျှတို့အား လက်ရုံးအားပြိုင်ကာ အနိုင်အထက် ခုခံတိုက်ခိုက်ခဲ့ ကြသည်။ ထို့နောက်မူ လက်လွတ်ရလေပြီးသော လွတ်လပ်ရေးအတွက် အုပ်ချုပ်ရေး ဥပဒေစည်းမျဉ်း များ၏ အတွင်းမှနေ၍ အနုနည်းဖြင့် နိုင်ငံရေး အသင်း အပင်းများကို ဖွဲ့စည်းကာ ကြိုးပမ်းခဲ့ကြပြန်သည်။ အကြမ်းနည်းကို မစွန့်လွှတ်နိုင်သော မင်းလောင်း အမည်ခံသူ ပုဂ္ဂိုလ်ကြီးတို့သည်လည်း ပေါ်ပေါက်ခဲ့ဖူး သေးသည်။

          တစ်ဖန် အကြမ်းနည်းကိုစွန့်၍ အနုနည်းသက် သက်ဖြင့် ဘိလပ်အထိ မြန်မာ့ကိုယ်စားလှယ်တော် ကြီးများကို စေလွှတ်ကာ မြန်မာ့လွတ်လပ်ရေးကို ပြန် ၍ရရန် အရေးဆိုခဲ့ကြသည်။ ထို့နောက်တွင်ကား ပထမတက္ကသိုလ်သပိတ်အရေးတော်ပုံ၊ ဆရာစံအရေး တော်ပုံ၊ ၁၉၃၆ ခုနှစ်၊ ၁၉၃၈ ခုနှစ် ကျောင်းသားတို့သွေးမြေကျအရေးတော်ပုံကြီးများ၊ ရေနံမြေသပိတ် အရေးတော်ပုံကြီး၊ ရဲဘော်သုံးကျိပ်ဦးစီးသော အရေးတော်ပုံ၊ ဂျပန်တော်လှန်ရေးအရေးတော်ပုံ၊ ဖ-ဆ-ပလ နှင့် ဗြိတိသျှတို့၏ လွန်ပွဲ အစရှိသည်ဖြင့် အရေးတော်ပုံ မီးတောက်ကြီးများသည် တစ်ခုပြီးတစ်ခု ထ၍ ထ၍သာ တောက်ခဲ့ကြသည်။

          ရှုမဝ ပရိသတ်ကြီးအထဲ၌ အများအားဖြင့် အဆိုပါအရေးတော်ပုံကြီးများကို ကိုယ်တွေ့ကြုံခဲ့ရသူ ချည်းသာ ဖြစ်ကြပါပေသည်။ ထိုအရေးတော်ပုံကြီး များကြောင့် နေမှုထိုင်မှုများမှာ လှုပ်ရှားသင့်သလောက် လှုပ်ရှားသည်ကိုလည်း ကြုံတွေ့ခံစားခဲ့ကြသည်။ ဤ အရေးတော်ပုံကြီးများ၏ အဓိပ္ပာယ်ကား အဘယ် နည်း။

          ဤအရေးတော်ပုံကြီးများသည် မြန်မာတစ်မျိုးလုံး ကို တစ်စထက်တစ်စ သွေးစည်းညီညွတ်စေသော အရေးတော်ပုံကြီးများ ဖြစ်ကြသည်။ မြန်မာတို့၏ နိုင်ငံ ရေးမျက်စိကို ဖွင့်၍ပေးသော အရေးတော်ပုံကြီးများ ဖြစ်ကြသည်။ နိုင်ငံနှင့်အဝန်း လှုပ်ရှားစေသော ထို အရေးတော်ပုံကြီးများသည်ကား စင်စစ်အားဖြင့်ဆိုရ လျှင် အခြားအဓိပ္ပာယ်မရှိ မြန်မာလူမျိုးတို့သည် ကမ္ဘာ နှင့် ရင်ပေါင်တန်းလိုက်နိုင်သော ခေတ်မီလူမျိုးကြီးတစ်မျိုးအဖြစ်သို့ ရောက်ရန် အားယူလှုပ်ရှားနေခြင်း များသာ ဖြစ်ပေသည်။ နိုင်ငံရေး၊ စီးပွားရေးစသော တင်းကျပ်စွာ တုပ်နှောင်ထားသည့် နှောင်ကြိုးကြီးများ ၏အတွင်းမှ လွတ်မြောက်ရေးအတွက် မြန်မာတို့ အပြင်းအထန် ရုန်းကန်အုံကြွခဲ့ကြသည်မှာကား ဤ အရေးတော်ပုံကြီးများပင် ဖြစ်လေတော့သည်။

          အမျက်ဆုံထင်းတုံးကို ပုဆိန်ချက်ပေါင်း များလှ သောအခါတွင် ထင်းတုံးမခံမရပ်နိုင်ဘဲ ကွဲရဘိသကဲ့ သို့ မြန်မာတို့ အကြိမ်ကြိမ် အထပ်ထပ် မရပ်မနား ကြိုးစားအားထုတ်၍ လွတ်လပ်ရေးကို မရအရ ကြိုး ပမ်းမှုအားလုံးတို့သည် နောက်ဆုံးတွင် ယခု ကျွန်တော်တို့ လက်ဆုပ်လက်ကိုင် အပိုင်ရပြီဖြစ်သော လွတ်လပ်ရေးကြီးတွင် လာ၍ အကျိုးကျေးဇူးထင်လေ တော့သည်။ ကမ္ဘာဦးမှစ၍ လွတ်လပ်နေခဲ့သော မြန်မာတို့တွင် သူတစ်ပါးလက်အောက်သို့ ကျရောက် ကြရသော်လည်း လွတ်လပ်ရေးမျိုးစေ့ကား မမြုံခဲ့။ အရေးတော်ပုံကြီးများအတွင်း၌ မြန်မာတို့၏သွေးဖြင့် သွန်းလောင်း၍ ပြုစုခဲ့ရာတွင် လွတ်လပ်ရေးမျိုးစေ့မှ အစို့အညှောက် ပေါ်ထွက်လာခဲ့သည်။ နယ်ချဲ့စနစ် မုန်တိုင်းကြီးသည် လွတ်လပ်ရေးပဒေသာပင်ပျိုကို ဖျက်ရန် အတန်တန် ဖိနှိပ်ကြိုးစားခဲ့၏။ သို့ သော်လည်း မြန်မာတို့သည် လွတ်လပ်ရေး ပဒေသာပင်ပျို ကို ဆတက်ထမ်းပိုး တိုးတက်၍ သွေးဖြင့်သွန်းလောင်း ကာ ပျိုးထောင်ပေးခဲ့ကြရာ ယခုမူ လွတ်လပ်ရေးပဒေ သာပင်ကြီးမှာ သီးပွင့်ဝေဆာ ဆွတ်ခူးသုံးဆောင်ဖွယ် ရာ အသင့်ရှိ၍နေလေပြီ။

          ထို့ကြောင့် ဤလွတ်လပ်ရေးကြီးကို မရလျှင် ရအောင် စီမံဖန်တီးခဲ့သည့် အကြောင်းရင်းများ ဖြစ် ကြသော ထိုထိုသော အရေးတော်ပုံကြီးများကို ဤ လွတ်လပ်ရေးစာစောင်ကြီးတွင် မော်ကွန်းတင်အပ်ပါ သည်။

တင့်တယ်

(ရှုမဝစာတည်းအဖွဲ့ ကိုယ်စား