Skip to product information
1 of 12

စိတ်ကူးချိုချိုစာပေ

တင့်တယ် - ဖြေလျော့ခွေ

Regular price 3,200 MMK
Regular price Sale price 3,200 MMK
Sale Sold out
Type

          " ဘ "

          ပဲခူးရိုးမတောင်တန်းကြီး၏ မြောက်ဘက်စွန်း တောင်လက်တက် တစ်သွယ်ဖြစ်သော ပြည်မြို့-မင်းကြီးတောင်၏ တောင်ထိပ်နံပါတ် ၁၁ ပေါ်တွင် ကြီးမားသော သံပန်းဝင်းတံခါးကြီးများနှင့် ဆေးစိမ်းသုတ် သံဝင်း ခတ်ထားသော တိုက်ခံအိမ်ကြီးတစ်လုံးသည် ကျယ်ဝန်းပြန့်ပြူးလှသော ဝင်းခြံကြီးတစ်ခု၏အတွင်းဝယ် ထီးထီးမားမားကြီး ခံ့ညားထင်ရှားစွာ တည်ရှိ နေလေ၏။ ခြံဝင်းတစ်လျှောက်တွင် ဒန့်သလွန်ပင်၊ သရက်ပင် စသော စားသီးအမြန်ဆုံးရနိုင်သည့် သီးပင်ပျိုတို့မှာ တစ်ပင်နှင့်တစ်ပင် အကွာအဝေး ညီမျှစွာ အလှည့်ကျတည်ရှိနေကြလျက်၊ သံဝင်းအတွင်း ထိုသီးပင်များ၏ အကြားတွင်မူ၊ သော်ကပန်းစည်းရိုးတစ်ခုသည် စိမ်းလန်းညီညာစွာ အိမ်ကြီး ၏ လေးဖက်လေးတန်ကို ပတ်လည်ဝိုင်းကာ၊ သံဝင်းထရံစိမ်းနှင့် မျဉ်းပြိုင် ပြေးလျက်ရှိနေလေ၏။ သော်ကပန်းစည်းရိုး၏ အတွင်းတွင်မူ မြေဝပ် ပန်းခင်းများ၊ နှင်းပန်းပင်များ၊ နှင်းဆီရုံများနှင့် စံပယ်ရုံများမှာ နေ့စဉ်မပြတ် ပြုစုပျိုးထောင်ထားခြင်းအားဖြင့်၊ အကွက်ကျ-အကွက်ကျ၊ ကွတ်ကွတ် ရွတ်ရွတ် သေသပ်စွာ တည်ရှိနေကြပြီးလျှင် မွှေးပန်း၊ ပန်ပန်းများ၏အကြား တွင်မူကား စက်ဖြင့်တိရိတ်ထားသောကြောင့် ညီညာစိမ်းလဲ့နေသော မြက်ခင်း ပြင်ကလေးများကို ထောင့်လေးထောင့်တွင် အသီးသီး ဗုဒ္ဓံသရဏံပင်များက နယ်နိမိတ် သတ်ဘိသို့ စိုလန်းလျက် ပနံရနေသည်ကိုလည်း တွေ့မြင်နိုင်လေသည်။

          ကျယ်ဝန်းပြန့်ပြူး ကြည်နူးဖွယ်ရာ ကောင်းလှသော၊ ထိုခြံဝင်းကြီး အတွင်းရှိ၊ တိုက်ခံအိမ်ကြီးမှာလည်း ခြံဝင်းနှင့်လိုက်အောင်ပင် ကျယ်ဝန်းမြင့်မား စွာ ဆောက်လုပ်ထားသည်ဖြစ်ရာ အဝါရောင် ဆေးသုတ်ထားသော အောက် ထပ်တိုက်နှင့် ရေနံရည်ဝနေသောကြောင့် ညိုညိုကြီးနေသည့် သစ်သား အပေါ်ထပ်နှင့်တကွ နီကြန့်ကြန့်နေသော အုတ်ကြွပ်မိုးတို့ကြောင့် အစိမ်း၊ အနီ၊ အဝါ သုံးဖြာသောအရောင်တို့ဖြင့် ထိုခြံဝင်းကြီး၏ ရှုခင်းမှာ ရှုတိုင်း သာလျက် ရှိတော့လေ၏။ ထို့အပြင် အိမ်ကြီး၏နောက်ဖေးဘက်ဆီ၌ ကား ထားသောရုံ၊ အစေခံတန်းလျား၊ မီးဖိုစသည့် အုတ်အဆောက်အဦပုပုပြားပြား ကလေးများသည်လည်း ကြီးမားကျယ်မြင့်သော အိမ်ကြီးအား ပို၍ ထည်ဝါ ခံ့ညားအောင် အသရေဆောင်လျက် ရှိကြပြန်ပြီးလျှင် ဝင်းကြီး၏နံဘေးသော်ကပန်းစည်းရိုးနှင့်ကပ်လျက် တန်းထားသော ကြိုးတန်းကြီးနှစ်တန်းတို့ တွင် တစ်တန်း၌ ဖြူဖွေးသော ရှပ်အင်္ကျီစွပ်ကျယ်များကို တသီတတန်းကြီး မြင်နေရလျက် အခြားတစ်တန်းတွင်မူ မဲနယ်ရောင်ဖြင့် နေရောင်တွင် ပြာလဲ့ စွာဝင်းနေသော မိန်းမဝတ် ပဒုမ္မာအကျီများနှင့် ဇာဘော်လီအင်္ကျီများကို လှမ်းမျှော်၍ မြင်နိုင်ပြန်လေရကား၊ ထိုအိမ်ကြီးတွင် နေထိုင်လျက်ရှိသူ အိမ်ကြီးရှင်မှာ များစွာ ကြွယ်ဝချမ်းသာလျက်၊ အိမ်သူမိသားစု အတော်ပင် ကြီးမားများပြားသည် ဟူသောအချက်ကို သက်သေခံဘိသကဲ့သို့ ရှိနေ လေ၏။

          ထိုအခြင်းအရာများကို သံဝင်းတံခါးကြီး၏ ပြင်ဘက်မှနေ၍ မိန်းမပျို တစ်ယောက်သည် တွေဝေငေးမောကာ ကြည့်ရှုနေလေ၏။ ပြီးမှ လူသူ အရိပ်အယောင်မျှ မမြင်ရသောကြောင့် သံဝင်းတံခါးကြီး၏ သံပန်းများ အကြားတွင် မျက်နှာလေးအပ်ကာ မြင်လိုမြင်ရငြားဖြင့် ဟိုဟိုဒီဒီ ကြည့်ရှု ရှာဖွေပြန်လေ၏။ သို့သော်လည်း မည်သူ့ကိုမျှ မမြင်ရသောကြောင့် မိန်းမပျို သည် မြင့်မားလှသော သံဝင်းတံခါးကြီးကို မော်၍ကြည့်ပြီးလျှင် တစ်ဖန် ကြီးမားလှသော ကြေးသော့ခလောက်ကြီးအတွင်းမှ ချိတ်ထားသော ဝင်း တံခါးကန့်လန့်ကြီးကိုကြည့်ပြီးနောက်၊ ကြေးသော့ခလောက်ကြီးကိုပင် ရွံ့ရ တော့မလို၊ စိတ်ပျက်ရတော့မလို၊ အမူအရာကလေးများ ပေါ်လာကာ ..။

          ဖြေလျော့ခွေ နဖူးပေါ်သို့ ဝဲဆင်းနေသော ဆံနွယ်ကလေးတစ်ခွေနှစ်ခွေကို ပင့်တင်ရင်း သက်ပြင်းကလေးတစ်ချက် ချလိုက်ရှာလေ၏။

          ခံ့ညားမြင့်မားလှသောအိမ်ကြီးကို လှမ်းမျှော်၍ ကြည့်ရှုနေရှာသူ ထိုမိန်းမပျိုမှာကား ... ထိုအိမ်ကြီးတွင် နေထိုင်သူ မိန်းမပျိုတစ်ဦးတစ်ယောက် အလျဉ်းမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် မိန်းမပျိုမှာ သရက်မြို့ထွက် ခုံဖိနပ်ရိုးရိုးကိုစီးလျက် ခါးတွင်မူ သရက်ထည်လုံချည် တစ်ရေကျလောက်ကို ဝတ်ဆင်ထားကာ ကိုယ်တွင်လေထီးဖျင်ကို ချုပ်ထားသဖြင့် ရင်ဖုံးဘက် က အဆက်ပါသောအင်္ကျီကို ဝတ်ထားသည်သာမက လက်တွင်လည်း အိမ်တော်ရာထီး ခပ်နွမ်းနွမ်းကို မဟတဟပိတ်ကာ ခရိုင်ဆုံလည်မှ ကိုင်ထား သောကြောင့်၊ မည်သူမျှပင် ထိုမိန်းမပျိုသည် ထိုအိမ်ကြီး၌ နေထိုင်သူ ဖြစ်သည်ဟု ယူဆနိုင်ဖွယ်ရာ မရှိချေ။

          သို့သော် ... အတန်နွမ်းပါးသော အဝတ်အစားများ၏ အောက်မှ ချောမောတင့်တယ်သည့် မိန်းမပျို၏ ရုပ်ရည်ရူပကာယသည်၊ ဂွမ်းညစ်ညစ် ဖြင့် ထွေးထားသည့်တိုင်အောင် အရောင်မပျက် တဖျတ်ဖျတ်လက်၍နေသော မီးကောင်းလှသည့် စိန်စစ်ရတနာပမာကဲ့သို့ ဝင်းဝင်းကြီး ဇွတ်ပေါ်လွင်လျက် ရှိနေ၏။

          ထိုအခိုက်တွင် မိန်းမပျိုနားထဲသို့ ခပ်လှမ်းလှမ်းမှနေ၍ တချပ်ချပ် မြည်နေသော အသံတစ်ခုသည် ရုတ်တရက်ဝင်၍လာလေရာ မိန်းမပျိုလည်း ဝင်းတံခါးကြီး၏ သံပန်းများအကြားမှ ခေါင်းကိုငုံ့ကာစောင်းကာဖြင့် အသံ လာရာသို့ တစ်စုံတစ်ယောက်ကို မြင်ရနိုးနိုးကြည့်ရှာလေ၏။ သို့သော်လည်း ဝင်းတံခါးကြီး၏အတွင်းဘက်တွင် ဝင်းတိုင်များ၏ နောက်၌ တိရိစွာလာ၍ ဆုံးနေသော သော်ကပန်းစည်းရိုးများ တစ်ဖက်တစ်ချက်၏ထိပ်၌ ကြီးမားလှသော ရွက်လှပင်ကြီးများ အုံကြီးစွာ စိုက်ပျိုးထားသောကြောင့် မိန်းမပျိုမှာ တချပ်ချပ်မြည်သံကို နားဖြင့်သာမှန်းဆရသော်လည်း ထိုအသံကို ဘာသံ မှန်းပင်မသိ၊ အသံရှိလျှင် လူရှိရမည်ဟူသော အသိတစ်ခုတည်းဖြင့်သာ မြင်ရနိုးနိုးလှမ်း၍ ကြည့်နေမိခြင်း ဖြစ်လေ၏။

          တချပ်ချပ်မြည်သံသည် ချပ်ချပ်ချင်းဆက်၍သာ ပေါ်နေလေရာ မိန်းမပျိုသည် သံဝင်းအပြင်ဘက်ရှိ လူသွားလမ်းကလေးအတိုင်း အသံလာရာဆီသို့ လျှောက်ခဲ့လေ၏။ ချပ်ချပ်မြည်သံသည် တဖြည်းဖြည်းနီး လာခဲ့ရာ၊ နောက်ဆုံး၌ မိန်းမပျိုသည် အသံပေါ်ထွက်နေရာနှင့် မျက်နှာချင်း ဆိုင်နေရာသို့ပင် ရောက်ခဲ့သဖြင့် သံဝင်းအကြားမှနေ၍ အသံထွက်ပေါ်ရာ နေရာဆီသို့ ချောင်း၍ကြည့်ရှာပြန်လေ၏။

          မိန်းမပျို၏ရှေ့တည့်တည့်သံဝင်း၏ အတွင်းဘက်၌ကား သော်က ပန်းစည်းရိုးသည် လူ့ပခုံးခန့်မြင့်အောင် ထူထပ်ညီညာစွာ ရှိနေလေ၏။ ထိုခဏ၌ ချပ်ချပ်အသံများမှာ ထပ်၍ပေါ်လာကာ သော်ကစည်းရိုးမှာ တလှုပ်လှုပ်တရွရွဖြစ်နေပြီးနောက်၊ ချပ်ချပ်သံများ ပျောက်သွားပြန်သည့် အခိုက်တွင်၊ “အင်း” ခနဲ ခါးဆန့်လိုက်သော အသံနှင့်အတူ၊ နှုတ်ခမ်းမွေး များပင် ဖြူကြောင်ကြောင်ဖြစ်နေသော ခပ်နွမ်းနွမ်းပုဆိုးတစ်ထည်ကို ဦးရစ် ပတ်ထားသော အဘိုးကြီးတစ်ယောက်၏ဦးခေါင်းသည် သော်ကပန်း စည်းရိုးပေါ်ကိုကျော်၍ပေါ်လာသဖြင့် မိန်းမပျိုသည် ဝမ်းသာအားရဖြင့် ....။ “ဘ ” ဟု တစ်လုံးချင်းလွှတ်၍ ခေါ်လိုက်မိလေ၏။

          “ဘ ” ဟု လုံးချင်းခေါ်လိုက်သံကို ကြားရသည်နှင့်တစ်ပြိုင်နက် အဘိုးကြီးသည် သော်ကပန်းစည်းရိုးကိုကျော်ကာ ဝင်း၏အပြင်ဘက်သို့ ကြည့်လိုက်ရာ မိန်းမပျိုအား မြင်ရသည်၌ “ဘာတုံး မိန်းကလေး ..” ဟု မေးလိုက်သဖြင့် မိန်းမပျိုလည်း “ဒီအိမ်ကြီးဟာ ... သစ်သူဌေး ဦးရွှေဇံအောင် ရဲ့ အိမ်ကြီးလားရှင်” ဟု မျှော်လင့်ခြင်းကြီးလှသောအသံဖြင့် မေးလိုက်ရှာ လေ၏။

          “အေး .. ဟုတ်တယ် .. ဘာကိစ္စရှိလို့လဲ”

          “ဒီအိမ်က ဒေါ်ရွှေစုက ကျွန်မကို ဒီနေ့လာခဲ့ဖို့ မှာလိုက်လို့ပါရှင်”

          “ဪ ... အေး .. ဒီအိမ်မှာ အလုပ်လုပ်ဖို့ ရွှေစု ခေါ်ထားတဲ့ မိန်းကလေးဟာ မင်းပဲကိုး၊ နာမည်ဘယ်သူတဲ့”

          “လုံမ .. ပါတဲ့ အဘရယ်”

          “အေး ... အေး ... ဟုတ်ပြီ ...၊ ညကတောင် ရွှေစုက မင်း လာမှ လာပါ့မလားမသိဘူးလို့တောင် ပြောသေးတယ်၊ လာ .. လာ .. ဝင်းပေါက် ဟိုဘက်မှာကွဲ...”

          အဘိုးကြီးသည် ဝင်းတံခါးကြီးဘက်သို့ လျှောက်ခဲ့လေရာ လုံမ ဆိုသူမိန်းမပျိုမှာလည်း ယခင်က မိမိချောင်းမြောင်းကြည့်ရှုခဲ့သော ဝင်းတံခါးကြီး ဆီသို့ ပြန်၍လျှောက်ကာ လိုက်လာခဲ့လေ၏။

          နှစ်ယောက်သား ဝင်းတံခါးတွင် ဆုံမိခဲ့ကြသည်၌ မိန်းမပျိုသည် အဘိုးကြီး၏လက်တွင် ကတ်ကြေးကြီးတစ်လက်ရှိ၍ ကတ်ကြေးအသွားများ တွင် သော်ကရွက်အပြတ်အသတ်များ ကပ်ရပ်ပေရေနေသည်ကို မြင်ရ လေရာ၊ “ဪ ... လက်စသတ်တော့ ဟိုချပ်ချပ်လို့ မြည်တဲ့အသံဟာ သော်ကပင်တွေကို ကတ်ကြေးနဲ့ညှပ်ပြီး ညှိတဲ့အသံပါကလား ...” ဟု တွေးလိုက်ပြီးလျှင် အဘိုးကြီးအတွင်းမှနေ၍ ဝင်းသော့ခလောက်ကြီးကို ဖွင့်ပေးမည်ကို စောင့်နေရှာလေ၏။

          အဘိုးကြီးလည်း “လာ ... ကလေးမ” ဟုပြောပြီး စေ့ရုံမျှသာစေ့ထား သော ဝင်းတံခါးကြီးကို အလွယ်တကူပင် ဖွင့်ပေးလိုက်ရာ၊ လုံမသည် “အမယ်လေး ... ငါ့နှယ် ... သော့ခလောက်ကြီးမြင်လို့ သော့ခတ်များထား သလားလို့” ဟုတွေးကာ ပြုံးလိုက်မိရှာရင်း၊ ဟနေသော တံခါးရွက်ကြီးနှစ်ခု အကြားမှ ခြံကြီးအတွင်းသို့ ဝင်လိုက်ရလေ၏။ ထိုခဏ၌ ကျယ်ဝန်းကြီးမား လှသော ခြံကြီးနှင့်တကွ၊ ထည်ဝါခံ့ညားလှသော အိမ်ကြီး၏ အရှိန်အဝါ တို့သည် လုံမ၏စိတ်ကိုလွှမ်းမိုးလာကြပြန်လေရာ၊ အိမ်ကြီးဆီသို့ကြည့်ရင်း ကပင် လုံမမှာ ထိုအိမ်ကြီးအထဲသို့သွားရမည်ကို ကြောက်ရွံ့ သလို ဖြစ်လာ သောကြောင့် ခပ်တွေတွေကလေး ရပ်နေလိုက်မိပြန်လေ၏။ ဤတွင် အဘိုး ကြီးက “ကဲ ... သွားလေ ... မိန်းကလေး .. ဟောဟို ညာဘက် ကျောက် စရစ်လမ်းကလေးအတိုင်းလိုက်သွား .. ပြီးတော့ ဟို နှင်းဆီရုံတွေအနား ရောက်တော့ ညာဘက်ကိုကွေ့ ... မီးဖိုဆောင်ကို ရောက်သွားလိမ့်မယ်။ အဲဒီကျတော့ ရွှေစုကို တွေ့လိမ့်မယ်။ ခုနကပဲ ဘလာတုန်းက မီးဖိုထဲမှာ စီမံရင်း ကျန်ရစ်လေရဲ့ ..” ဟုပြောလိုက်သဖြင့် လုံမလည်း စိတ်ကိုတင်းကာ အဘိုးကြီး၏အပါးမှ ခွာခဲ့ပြီးလျှင် ညွှန်ကြားလိုက်သည့်အတိုင်း ရင်ထဲ၌ တဒိတ်ဒိတ်သွေးတိုးလျက် လျှောက်လာခဲ့ရလေ၏။

          နှင်းဆီရုံများတွင် စွင့်စွင့်ကားကား ပွင့်နေကြသော ကရမက်၊ စကော၊ နှင်းဆီပွင့်ကြီးများမှ သင်းပျံ့သောရနံ့သည်၊ အနီးမှဖြတ်လျှောက်သွားရသူ လုံမ၏ နှာဝကို ချူ၍မြူ၍ နေကြလေ၏။ သို့သော်လည်း လုံမမှာ နှင်းဆီရနံ့