Skip to product information
1 of 5

Other Websites

တက်တိုး - အချစ်နှင့်စိတ်ပညာ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

မေတ္တာစကားဆိုမယ် 

          စာရေးဆရာ သန်းဆွေက တစ်နေ့ ညနေပိုင်းတွင် လာစဉ် Home Before Dark (မမှောင်ခင် အိမ်အရောက်) အင်္ဂလိပ် ရုပ်ရှင်ကား အကြောင်းနှင့်စပ်၍ “ကျွန်တော်တော့ မျက်တောင်မခတ်ဘဲ ရင်မပြီး ကြည့်နေမိတာပဲ”ဟု ချီးကျူး လေသည်။

          ထိုရုပ်ရှင်ကားမှာ အတော်ပင် ကောင်းလှပါ၏။ အလွန် လေးနက်သောအဓိပ္ပာယ်လည်း ရှိသဖြင့် ကျွန်တော် တို့၊ ကိုသန်းဆွေတို့ အလွန်အမင်း နှစ်သက်နေကြရ လေသည်။

          ဇာတ်လမ်းမှာ မထူးဆန်း၊ သို့ရာတွင် အသည်းတွင် စွဲကျန်ရစ်လောက်အောင်ပင် ဘဝ၏ အဓိပ္ပာယ်လေးလေး နက်နက် ပါရှိသည်။ စိတ်နောက်သွားသော မိန်းမ တစ်ယောက်ကို ရောဂါပျောက်လောက်ပြီဟု ဆရာဝန်များက ဆိုသဖြင့် သူ့ခင်ပွန်းသည်က စိတ္တဇဆေးရုံ၊ အိမ်သို့ ပြန်ခေါ်လာသည်။ အိမ်အပြန်တွင် ခင်ပွန်းသည်က မော်တော်ကားမောင်းရင်း သူ့ဘေးတွင်ရှိသော ဇနီးသည်ကို “မမှောင်ခင် အိမ်ပြန်ရောက်မှာပါ”ဟု ဆိုသည်။

          အိမ်သို့ရောက်သောအခါ ဇနီးသည်သည် သူ့မိထွေးပါ သမီးကို ရောဂါထစဉ်က ဆိုးမိခဲ့သမျှအတွက် တောင်းပန်သည်။ ဂျုံးက ခွင့်လွှတ်ပါသည်ဟု ဆို၏။ ဇနီးသည်သည် သူ့ခင်ပွန်း၏ အပြုအစု အယုအယကို ခံလိုသော်လည်း သူ့ခင်ပွန်း ကျောင်းဆရာက သူနှင့်အတူ လာမအိပ်ဘဲ စာကြည့်ခန်းထဲတွင် အိပ်သည်။ ကျောင်းအလုပ်များကို ညတိုင်း စာကြည့်ခန်းထဲ၌သာ လုပ်နေစဉ် ဂျုံးက ကူညီ လုပ်ပေးသည်။ ဇနီးသည်မှာ အိမ်သို့ပြန်လာခဲ့ရသော်လည်း သူ့ခင်ပွန်း၏ အယုအယ မခံရဘဲ နေရရှာသည်။ ဇနီးသည် မှာ အိမ်ထောင်မကျခင်က သူ့ကို ချစ်သူတစ်ယောက် ရှိသည်။ သူက ထိုသူကို ပစ်ပယ်ပြီးလျှင် ကျောင်းဆရာ ဘရောင်းနှင့် အိမ်ထောင်ပြုလိုက်သည်။ ပစ်ပယ်ခံရသူ ဟင်းမ်မှာ အရက်အတော်သောက်ပြီးလျှင် အိမ်ထောင်မှု မချမ်းသာဘဲနောက်သုံးနှစ်လောက်အကြာတွင် သူ့ဇနီးနှင့် ကွဲလေသည်။

          ဇနီးသည်သည် လင်သား၏ အပြုအစု ခံချင်ရာလွန်း၍ သူ့လင်အိပ်ရာတွင် သူ့လင်နှင့် ဂျုံးတို့ ထွက်နေခိုက်ဝင်၍ အိပ်နေသည်။ အချိန်မတော်တွင် ရောက်လာသော သူ့ အိမ်တွင် ခေတ္တတည်းခိုနေသော သူ့လင်၏ မိတ်ဆွေနှင့် ဆုံတွေ့လေရာ ဧည့်သည်၏ အယုအယကို ခေတ္တခံလိုက်ရသည်။

          သူသည် သူ့လင်က ဂျုံးကိုသာ ဂရုစိုက်၍ သူ့ကို ဂရုမစိုက်သဖြင့် စိတ်ညစ်သူလာလေရာ သူ့လင်ကလည်း “သတိထားပါ”ဟု ဆိုလိုက်သဖြင့် သူက သူ့ကို ရောဂါ ပြန်ထလာပြီ ဆိုပြီးလျှင် စိတ္တဇဆေးရုံသို့ပြန်ပို့ရန် ဟန်ပြင် သည်ဟုပင် ထင်မိသည်။ နောက်ဆုံး၌ သူသည် သူ့ခင်ပွန်း က ဂျုံးကိုသာ ချစ်၍ သူ့ကိုမချစ်ကြောင်း သိလာသဖြင့် လင်ကိုပစ်ပြီးလျှင်သူ့ကိုချစ်သော ဟင်းမ်ထံသို့ ထွက်သွား လေသည်။

          ဇာတ်လမ်းအကျဉ်းချုပ်မှာ ဆိုလောက်လှသည် မဟုတ်။ သို့သော် ဇနီးသည်၏ စိတ်အခြေအနေကို ဖော်ပြရာ၌ အလွန်သိမ်မွေ့လှပေသည်။ အချစ်၏ အဓိပ္ပာယ် ကို ဖော်ပြရာ၌ ထူးခြားသော ထိမိချက်ကို ပေါ်ထွက်လာစေသည်။

          "ဒီဇာတ်လမ်းဟာ အလွန်ကောင်းတဲ့ အချစ်ဇာတ်လမ်း ပဲ၊ အချစ်အကြောင်းကို လူသုံးဦးနဲ့ ဖော်ပြထားတယ်။ အဲဒါကို မြင်ရဲ့လား”ဟု ကျွန်တော်က သန်းဆွေကို မေး လိုက်သည်။

'ဘယ်လိုလဲ”

'ဂျိန်းဆင်းမွန်းက သူ့ယောက်ျားကို တကယ်ချစ်တာ သူ့ယောက်ျားကတော့ ဂျုံးကိုချစ်တာ၊ ဟင်းမ်က ဂျိန်းကို တကယ်ချစ်တာ၊ အဲဒီလို တစ်ယောက်က တစ်ယောက်ကို ချစ် တစ်ယောက်က နောက်တစ်ယောက်ကိုချစ်၊ အယင့် လိုက် ချစ်နေတယ်လေ”

          “ဟုတ်သားပဲ”

          “အချစ်ဆိုတာ တစ်ဖက်သတ်ပဲ ဖြစ်ရမယ်ကွ၊ နှစ်ဖက် ပြန်ချစ်တဲ့ အချစ်ဟာလဲ အချစ်စစ် ဖြစ်နိုင်ပါရဲ့၊ ဒါပေမယ့် အချစ်ချင်း ပြိုင်လို့ ရနိုင်ခဲတယ်၊

          “အချစ်ဆိုတာ အလွန် သိမ်မွေ့တဲ့ အဓိပ္ပာယ်ရှိတာမို့ တော်တော်တန်တန် လူတွေနားလည်တာ မဟုတ်ဘူး မောင်ရင်ရဲ့ ၊ အခုလူတွေ အများသိနေကြတဲ့ အချစ်ဟာ စင်စစ်တော့အချစ် မဟုတ်ဘူး။ အကြိုက်တွေပဲကွ၊ အချစ်နဲ့ အကြိုက် ခွဲခြားသိဖို့ လိုတယ်၊ လူလောက အချစ် အချစ် လို့သာ ဆိုနေကြတယ်၊ အများသိတဲ့အချစ်က ငါ ဆိုခဲ့သလို ပဲ အကြိုက်သာ ဖြစ်ကြတယ်။

          “အချစ်နဲ့အကြိုက်ဟာ အသွင်ပြင်ချင်း ဆင်တူပေမယ့် အလွန်ကွဲပြား ခြားနားတယ်၊ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တယ်ဆိုရင် အဓိပ္ပာယ်က ဘယ်လိုလဲဟင်"

          “ချစ်တယ်ဆိုတာ အဲဒီမိန်းမကို လိုချင်တာပေါ့”

          “ဟုတ်တယ်၊ အခုဆိုနေကြတဲ့ အချစ်ဆိုတာ ယူဖို့ ရည်ရွယ်ချက်ပေါ်မှာ တည်နေတယ်၊ လိုချင်တယ်ဆိုတဲ့ ဆန္ဒအပေါ်မှာ တည်တဲ့ဟာကို အချစ်လို့ မခေါ်သင့်ဘူး။ အကြိုက်လို့သာ ခေါ်ရပေလိမ့်မယ်။

          'အချစ်လို့ ခေါ်ချင်ရင်လဲ အဓိပ္ပာယ်ရှိတဲ့ အချစ်လို့ ခေါ်စေချင်တယ်”

          “ဘာဖြစ်လို့လဲ” “အဓိပ္ပာယ်ရှိတဲ့ အချစ်ဆိုတာက ဒီလိုပါ၊ ဥပမာ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တယ်ဆိုရင် ဘာကြောင့်ချစ်သလဲလို့ မေးလိုက်တဲ့မေးခွန်းကို ဖြေနိုင်တယ်၊ ဒီမိန်းမဟာ ရုပ်ချောလို့၊ ပစ္စည်းပေါလို့၊ ဂုဏ်ရှိလို့၊ လိမ္မာလို့၊ ပညာတတ်မျက်နှာကြီးမို့လို့ အဲဒီလို အကြောင်းပြချက်မျိုး ပေးနိုင်တယ်။

          “တစ်ခါ မိန်းမတစ်ယောက်က ယောက်ျား တစ် ယောက်ကို ချစ်တယ်ဆိုရင်လဲ ဘာဖြစ်လို့ချစ်ရတာလဲလို့ မေးရင် အဲဒီ ယောက်ျားဟာ ရုပ်ဖြောင့်တယ်။ ဒါမှ မဟုတ်ရင် ပညာတော်တယ်၊ ပိုက်ဆံပေါတယ်။ ဂုဏ်ရှိတယ် ဆိုတဲ့ အကြောင်းတွေကို ဖွင့်ပြောချင်ပြောမယ်၊ ဖွင့်မပြောဘဲ နေချင်နေမယ်၊ ဒါပေမယ့် အဲဒီလို အဓိပ္ပာယ်မျိုး ထွက်တယ်၊ အဲဒါကို အဓိပ္ပာယ်ရှိတဲ့ အချစ်လို့ခေါ်တယ် ။

          'အဲဒီလိုဆိုတော့လဲ အဓိပ္ပာယ်ရှိတဲ့ အချစ်နဲ့ချည်း အိမ်ထောင်ပြုကြတာ များမှာပေါ့။ အိမ်ထောင်ပြုတယ်ဆို ကတည်းက စဉ်းစားပြီးမှ ယူကြတာများတယ်၊ မစဉ်းစားဘဲ ယူရင် အပြစ်ဆိုကြတယ်” ကိုသန်းဆွေက ဆိုသည်။

          'အိမ်ထောင်ပြုတယ်ဆိုတာ စီးပွားရေးလုပ်ငန်းမှာ စပ်တူစာချုပ်သလိုပါပဲ၊ ချစ်တာ မချစ်တာဟာ တကယ် ဆိုတော့ မဆိုင်လှပါဘူး။ အိမ်ထောင်ရေး အောင်မြင်တယ် ဆိုရုံနဲ့ လင်နဲ့မယားဟာ တကယ့် အချစ်နဲ့ချစ်ကြတယ် လို့ မဆိုသာဘူး၊ အိမ်ထောင်ရေး သာယာတယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ ဘာလဲ၊ လင်နဲ့မယား စိတ်သဘောထား ညီညွတ်ပြီး စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေးတွေမှာ ဝတ္တရားမပျက် လုပ်ကိုင်ဆောင်ရွက်နေကြရင် အိမ်ထောင် သာယာတယ်လို့ ဆိုကြတယ်။ သူတို့ လင်မယား ဘယ်လောက်ကောင်းသလဲ၊ အိမ်ထောင်ကျကတည်းက တစ်ခါမျှ ရန်မဖြစ်ကြဘူးလို့ ချီးမွမ်းခံရတာနဲ့ပဲ အိမ်ထောင်ရေး သာယာရောလား”

          'ဟုတ်တယ် ဆရာ၊ ကျွန်တော် အဲဒါကို တွေးမိပါ တယ်၊ ဝတ္ထုတစ်ပုဒ် ရေးမလို့တောင် မှန်းထားသေးတယ်၊ အသက်လေးဆယ်ကျော်လာရော ယောက်ျားက တက်ကြွတဲ့ စိတ်တွေ ရှိသေးတယ်၊ ခေတ်မီနေတယ်၊ မိန်းမက နဂို ကတည်းက ဗဟုသုတနည်းတော့ ယောက်ျားကို မမီတော့ဘဲ ကျန်ခဲ့တယ်၊ ဒါနဲ့ ယောက်ျားက ကိုယ့်ထက် အနှစ်နှစ်ဆယ် လောက်ငယ်တဲ့ ခေတ်မီမိန်းကလေးတစ်ယောက်ကို ပြုစုချင် လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ အရွယ်လောက် မိန်းကလေးမျိုးနဲ့မှ သူနဲ့ ခေတ်မီတာချင်း တူနေတယ်။ မိန်းကလေးကလဲ အသက်ကြီးတဲ့ ယောက်ျားရဲ့ အပြုအစု အယုအယကို သာယာလာတယ်၊ ပြီးတော့ အိမ်ထောင်ရေး အရှုပ်အထွေးတွေ ဝင်လာတာပေါ့၊ အဲဒီဝတ္ထု ရေးချင်တာ မရေးရဲလို့”ဟု သန်းဆွေက ရယ်၍ပြောသည်။

          'ဘာဖြစ်လို့လဲကွ၊ ဒီအတွေးမျိုး ဘယ်လိုပေါ်လာသလဲ"

          “ကိုယ်တွေ့လို ပေါ့ဆရာရယ်၊ ဒီဝတ္ထုရေးရင် မသန်းစိန်က အိမ်က ရိုက်ထုတ်မှာကြောက်လို့”ဟု ပြောကာ ရယ်ပြန်လေသည်။

          'အင်း ရေးရင် သတိနဲ့ရေးနော်၊ အိမ်က ရိုက်ထုတ်ခံ ရမှာထက် အရေးရခက်တာလဲ ထည့်တွက်ဦး၊ အတော် ကြိုးစား ရေးရလိမ့်မယ်၊ နို့မို့ရင် စာဖတ်သူ နားလည်မှာ မဟုတ်ဘူး၊ ယောက်ျားက ဆတ်ဆော့သလို ဖြစ်သွားဦးမယ်"

          'ဆိုပါဦး ဆရာ၊ မေတ္တာစကားလေး'ဟု သန်းဆွေက ကျွန်တော့်အား စကားဆက်ရန် တောင်းပန်သည်။

          'အဓိပ္ပာယ်ရှိတဲ့ အချစ်အကြောင်း နည်းနည်းလောက် တော့ သိရောပေါ့နော်။ အဓိပ္ပာယ်မရှိတဲ့ အချစ်အကြောင်း နည်းနည်း ပြောပြဦးမယ်၊ အဓိပ္ပာယ်မရှိတဲ့ အချစ်ကတော့ အလွယ်ကလေးပဲ။ တစ်ယောက်က တစ်ယောက်ကို ချစ်တယ်။ ဘာကြောင့်ချစ်သလဲ။ ဘာကြောင့်ရယ်လို့ မဟုတ်ဘူး၊ ချစ်ကို ချစ်တယ်၊ ဘာမှ မမျှော်လင့်ဘူး၊ ဘာကိုကြိုက်လို့ ရယ်တော့ မဟုတ်ဘူး။ အချစ်စိတ်ဟာ သူ့ရင်ထဲမှာ ကိန်းအောင်းနေတယ်။ ဘယ်အခါ ဘယ်ဒေသမှာ ဘာကို အကြောင်းပြုလို့ ကိန်းအောင်းပါသလဲလို့ မေးရင် ခေါင်းကလေး ယမ်းကာယမ်းကာနဲ့ မသိဘူးလို့ ဖြေရရုံပဲ ရှိမယ်၊ ဒီလိုဆိုတော့ ဘာလုပ်ချင်သေးတာလဲ၊ အချစ်စိတ် အစစ်ဟာ ပြုစုပျိုးထောင်ယူလို့ဖြစ်တာ မဟုတ်ဘူး၊ စားချင်တဲ့ ဆန္ဒ၊ အိပ်ချင်တဲ့ဆန္ဒတွေဟာ လုပ်ယူလို့ ရတာလား၊ မစားချင်ဘဲနဲ့ စားတာ၊ မအိပ်ချင်ဘဲနဲ့ အိပ်တာနဲ့ တခြားစီနော်'

          'အနောက်တိုင်း ယထာဘူတ ဆရာကြီးဟစ်ယောက် ကတော့ အချစ်ဆိုတာဟာ အတွေ့အကြုံတွေထဲက ပေါက်ဖွားလာတယ်လို့ ဆိုတယ်။ အဲဒါ ဟုတ်တယ် မဟုတ်လား ဆရာ”

          'အချစ်ဆိုတာ ရုပ်ဝတ္ထုပေါ်မှာ တည်တာတော့ အမှန်ပေါ့၊ ဒါပေမယ့် အချစ်နဲ့ဆန္ဒ ကွာခြားတယ်၊ ရုပ်ဝတ္ထု တစ်ခုခုပေါ်မှာ အာရုံကျရောက်ပြီး အဲဒီ ရုပ်ဝတ္ထုကို မိမိက ပိုင်ချင်လိုချင်တယ်ဆိုတာကတော့ ဆန္ဒပဲ၊ ဆန္ဒကတောင်းဆိုခြင်းပြုတယ်၊ အချစ်ကတော့ ပြောင်းပြန်ပဲ၊ မတောင်းဘူး ပေးတယ်။ ဥပမာဆိုဖို့ ယောက်ျားတစ်ယောက် က မိန်းမတစ်ယောက် ချစ်တယ်ဆိုရင် ချစ်တဲ့လူက အချစ်ခံရတဲ့လူရဲ့ လိုသမျှကို ဖြည့်ဆည်းပေးတယ်၊ သူ့အဖို့ ဘာကိုမျှ ပြန်မတောင်းဘူး၊ ဆန္ဒရှိရင်တော့ ကိုယ်က မပေးဘူး၊ သူ့ကိုသာ ကိုယ်က အရယူဖို့ ကြိုးစားတယ်။ ဒါကြောင့် ငါပြောခဲ့တယ် မဟုတ်လား၊ အကြိုက်နဲ့ အချစ် ကွဲပြားပါတယ်လို့၊ အိမ်ထောင်ပြုကြတာတွေဟာ အကြိုက် ပေါ် မူတည်ကြတာပဲ များတယ်၊ အကြိုက်ဟာ အဓိပ္ပာယ် ရှိတဲ့ အချစ်၊ အချစ်စစ်ကတော့ အဓိပ္ပာယ်မရှိတဲ့အချစ်လို့ ခေါ်ရလိမ့်မယ်” ။

          'အချစ်စိတ် ပေါ်ပေါက်လာပုံ နည်းနည်း လောက် ပြောပြစမ်းပါဦး ဆရာ'

          “အချစ်စိတ်ဟာ ရင်ထဲမှာ ကိန်းအောင်းနေတတ် တယ်၊ အဲဒါကို အစကတော့ သိချင်မှ သိမယ်၊ ဒါပေမယ့် တစ်ချိန်ချိန် တစ်ခါခါမှာ အကြောင်းတစ်ခုခု ကြုံနေလို့ အဲဒီ အချစ်စိတ်ဟာ ဘွားဘွားကြီးပေါ်လာတတ်တယ်။ အဲဒီလို ပေါ်လာလို့ အချစ်ဆိုတာ မုန်တိုင်းကျသလို ဖြုန်းခနဲ ကျရောက်လာတာပဲလို့တော့ မထင်လိုက်လေနဲ့၊ ရင်ထဲမှာ ကိန်းအောင်းနေတာ အကြာကြီးပဲဆိုတာကိုလဲ သတိမူသင့် တယ်၊ ဒါနဲ့ မောင်ရင် ဂျိန်းဟစ်လ်တန်ရေးတဲ့ We are not alone ဆိုတဲ့ ဝတ္ထုဖတ်ဖူးသလား၊ ရုပ်ရှင်ကော ကြည့်ဖူးသလား၊ စစ်မဖြစ်ခင်ကလေးတွင်ဘဲ ရန်ကုန်မှာ ပြသွားတယ်၊

          “အဲဒီ ဝတ္ထုရဲ့ ဇာတ်လမ်းအချဉ်းချုပ် ပြောပြမယ်၊ အင်္ဂလန်ပြည် တောမြို့ကလေး တစ်မြို့မှာ ဆရာဝန် တစ်ယောက်ရှိတယ်၊ သူ့မှာ အမြဲတမ်းလိုလို မမာနေတဲ့ မယားနဲ့ လူမမည် သားကလေးတစ်ယောက်ရှိတယ်။ ဆရာဝန်က အင်မတန်ရိုးတယ်၊ သူ့မယားကတော့ မမာကလဲမမာ၊ နဂိုကလဲ ဆူဆူပူပူ မိန်းမမျိုးပဲ၊ ဒါပေမယ့် ဆရာဝန်က ခပ်အေးအေးပဲ၊ သူတို့အိမ်မှာ ဂျာမန်မကလေး တစ်ယောက် အိမ်ဖော်အဖြစ်နဲ့ ရှိတယ်၊

          “ပထမကမ္ဘာစစ်ကြီးဖြစ်လာတော့ အင်္ဂလန်ပြည်မှာ ရှိတဲ့ ဂျာမန်တွေကို လူတွေက ဝိုင်းပြီး ခဲနဲ့ပေါက်ကြတယ်၊ ဆရာဝန်အိမ်ကိုလဲ ဝိုင်းကြတာပေါ့၊ ဂျာမန်မကလေးကို ထုတ်ပေးရမယ်လို့ တောင်းကြတယ်၊ ဆရာဝန်ကကောင်မလေးကို ဝှက်ထားတယ်၊ လူလစ်တော့မှ နောက်ဖေး ပေါက်က ခိုးထုတ်ပြီး သူကိုယ်တိုင် စက်ဘီးနင်းပြီးကောင်မလေးကို နောက်က ထိုင်ခိုင်းပြီး ခပ်လှမ်းလှမ်းက ဘူတာရုံကလေးဆီကို သွားကြတယ်၊

          “လူတွေ စုရုံးစုရုံး လုပ်နေတုန်းမှာ သားကလေးက သကြားလုံးဘူးကို မမီမကမ်း လှမ်းနှိုက်တာ ပုလင်းကွဲသွား တယ်၊ ဒီတော့ စင်ပေါ်မှာရှိတဲ့ ပုလင်းတစ်လုံးထဲက ဆေးလုံးတွေကို အနားကပုလင်းထဲသွန်ထည့်ပြီး သကြား လုံးတွေကို လွတ်သွားတဲ့ ပုလင်းထဲထည့်ပြီး ဟန်မပျက် ထားလိုက်တယ်၊

          “မိန်းမကြီးက အချိန်တန်တော့ သူယူနေကျ ပုလင်း ထဲက ဆေးလုံးကိုယူပြီး စားလိုက်တာ အဆိပ်ဆေးလုံးကိုစားမိပြီး သေသွားပါရော၊ ဂျာမန်မကလေးနဲ့ ဘူတာရုံကို ထွက်ပြေးခိုက်မှာဖြစ်လို့ အိမ်မှာ အမှိုက်လှည်းတဲ့ မိန်းမ ကြီးက ပုလိပ်ကို တိုင်တယ်။ ဆရာဝန်က သူ့မယားကို အဆိပ်ကျွေးသတ်ပြီး ဂျာမန်မကလေးနဲ့ ထွက်ပြေးတယ်လို့ ထွက်ဆိုတယ်၊

          'အမှုစစ်တဲ့အခါ အစိုးရရှေ့နေက ဆရာဝန်ကို “ခင်ဗျား ဒီသူငယ်မကို ချစ်နေတယ်မဟုတ်လား”လို့ ခပ် ဆတ်ဆတ်မေးလိုက်တော့ ဆရာဝန်က အတော်ကြာ တွေတွေကြီး လုပ်နေပြီး “ဟုတ်ပါတယ်”လို့ ရိုးရိုးအေးအေးပဲဖြေလိုက်တယ်၊

          'အဲဒီလို ရိုးရိုးသားသားဖြေတာကို ကြည့်ပေတော့၊ သူ့ရင်ထဲမှာ ဒီဂျာမန်မလေးကို ချစ်နေတဲ့အချစ်စိတ် ကိန်းအောင်းနေတာ သူ မသိခဲ့ဘူး၊ ရှေ့နေက မေးလိုက်တောမှ သတိရလာပြီး ရိုးရိုးသားသား ဝန်ခံလိုက်တယ်၊ ဒါကြောင့်မို့ အချစ်စိတ်ဟာ ရုတ်တရက် မုန်တိုင်းကျသလို ပေါ်လာတာ မဟုတ်ပေမယ့် ယမ်းပုံကြီးလိုပဲညှိပြီး မီးခြစ်ဆံ ကလေး ချလိုက်တာနဲ့ ဟုန်းခနဲ ထတောက်တာပေါ့”

          'ကဲ ဆရာ၊ အချစ်၏ သဘောတရားကို ဝတ္ထု၏ သဘောတရား ပြောပြသလို ပြောပြစမ်းပါဦး'ဟု ပြုံးလျက် သူမျက်နှာကြီးကို မော့လိုက်ရာ သူ့မျက်မှန်မှာ အခန်းပြင်ပမှ ဝင်လာသော ကျနေ၏ အရောင်တွင် ဝင်းခနဲဖြစ်ကာ မေးလိုက်သည်။